Skip to main content

မွန်ပြည်နယ် ဝန်ကြီးချုပ် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပထမ (၃)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၃၁

မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမတွင် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပထမ()လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက် အမှာစကားပြော ကြားသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကား ပြောကြားရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဆိုတာ အောက်ခြေမှာရှိနေတဲ့ တိုင်းရင်းသား လုပ်သားပြည်သူတွေရဲ့ အခက်အခဲ၊ အကြပ်အတည်း၊ လိုချင်တဲ့ဆန္ဒနဲ့ နစ်နာမှုတွေကို အနီးကပ်ထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှု ကောင်းတွေ ဆောင်ရွက်ပေးရတဲ့ ပြည်သူများရဲ့ အရိပ်ထင်ဟပ်တဲ့ အဖွဲ့အစည်းဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးရဲ့ အသက်ဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်နှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဒါကြောင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများရဲ့ တာဝန်နဲ့ လုပ်ဆောင်ချက်တွေဟာ အတတ်နိုင်ဆုံး အမှားအယွင်း ကင်းဖို့နဲ့ အဂတိတရားကင်းတဲ့ ရိုးသားဖြောင့်မတ်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ ဝန်ထမ်း ကောင်းတွေ၊ လူသား ကောင်းတွေဖြစ်ဖို့ အမှန်လိုအပ်ပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူလူထုအကြား၊ နေထိုင်လုပ်ကိုင် ဆောင်ရွက်နေကြရသည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်နှင့်အညီ ဂုဏ်သိက္ခာမြင့်မားသည့် အစိုးရယန္တရား တစ်ရပ်ဖြစ်ပေါ်လာစေရေး အတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ကိုယ်စီထမ်းဆောင်ခြင်းဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံတော်နှင့် ပြည်သူလူထုက အားထားရသည့် အုပ်ချုပ်ရေး ဌာနကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားနိုင် အောင် စိတ်ဓါတ်ခွန်အားသစ်များ မွေးမြူပြီး ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့  မှာကြားလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက လိုအပ်သည်များကို မှာကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းကို ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် က အမှာစကား ပြောကြားပြီး တက်ရောက်လာသော မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ၂၀၂၀-၂၀၂၁ ခုနှစ် ပထမ()လပတ်တွင် မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြကာ မြို့နယ်များမှ ရှင်းလင်း တင်ပြချက်များအပေါ်  သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)