




နေပြည်တော် မတ် ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်မှုကြောင့် လမ်းတံတားပျက်စီးမှုများအား ယာယီသွားလာနိုင်ရန် လမ်းပြင်ဆင်နေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်သင့်မှုကြောင့် ဆေးရုံထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြ မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြိုကျပျက်စီးခဲ့မှု ကြောင့် ဆေးရုံအတွင်း၌ ပိတ်မိနေသူများအား အမြန်ဆုံးပြန်လည်ဆွဲထုတ်နိုင်ရေးနှင့် အဆောက် အအုံ ထိခိုက်ပျက်စီးမှုအား အမြန်ဆုံး ရှင်းလင်းဖယ်ရှားနိုင်ရေးဆောင်ရွက်သွားရန် တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အတူ တကွ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက် ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားသည်။ အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့တွင် အဖွဲ့ဝင် ၃၇ ဦးပါရှိပြီး အရေးပေါ်ကူညီ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၁၂ စုံနှင့်အတူ မတ် ၂၉ ရက် နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် နေပြည်တော်သို့ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဥတ္တရသီရိ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း ပိတ်မိနေသူ သက်ကြီးအမျိုးသမီးတစ်ဦးကို ယနေ့နံနက် ၄ နာရီခန့် (ငလျင်လှုပ်ခတ်ပြီး ၃၆ နာရီကျော်) ၌ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ အသက်ရှင်လျက် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ ခေမာသီဝံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံတော် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုအား ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ကူညီကယ်ဆယ်ရေးအဖွဲ့များအား အားပေးစကား ပြောကြားသည်။
ထို့နောက် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ဝါရှိပြီဖြစ်သည့် ခေမာသီဝံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇဘဒ္ဒန္တ တေဇနိယအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပျဉ်းမနားမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးနေသည့်အုတ်ပုံ၊ အပျက်အစီးများအား အမြန်ဆုံးဖယ်ရှားဆောင်ရွက်သွားရန်၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများအားလုံး၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး စုပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်