စနစ်သစ်ပညာရေးအစ ၁၉၆၄-၆၈ ကာလက တက္ကသိုလ်ရေကူးပြိုင်ပွဲများနှင့် ရန်ကုန်တက္ကသိုလ် ရေကူးအသင်း၏ အောင်နိုင်မှုများ
ယမန်နေ့မှအဆက်
၁၉၆၆-၆၇ ပညာသင်နှစ်
၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလမှာ တက္ကသိုလ်ဘောလုံးကွင်းမှာ ကျင်းပတဲ့ တက္ကသိုလ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ကျွန်မသွားရောက်အားပေးခဲ့ပြီး RASU က ပြေးခုန်ပစ် တံခွန်စိုက်ဒိုင်း ရရှိခဲ့ပါတယ်။ ပြိုင်ပွဲအပြီး အိမ်ပြန်ဖို့ ကားစောင့်နေစဉ် ဆေး(၁)မှ ကစားသမားတစ်ဦးနဲ့ စကားပြောနေခိုက် ဆရာခလည်း အိမ်ပြန်ဖို့ မော်တော်ကားဆီ သို့အသွား ကျွန်မတို့နှစ်ယောက် အနားမှ ဖြတ်သွားစဉ် “အေးညွန့်ကြည်၊ ဒီနှစ် သူတို့ လက်ထဲက ရေကူးဒိုင်းကို ပြန်ယူရမယ်” ဟု ပြုံးရွှင်စွာ ပြောကြားခဲ့တာကိုလည်း အမှတ်ရနေပါသေးတယ်။
ဒုတိယနှစ်ဝက် ကျောင်းဖွင့်ခါစ တစ်ညနေ၌ ဆရာခက ကျွန်မတို့ အမျိုးသမီးရေကူးသမားများကို ဘွဲ့နှင်းသဘင်ရှိ သူ့ရုံးခန်းသို့ခေါ်တွေ့ကာ အမျိုးသမီးပြိုင်ပွဲအတွက် ပြိုင်ပွဲ ဝင်အသစ်များရရှိအောင် စည်းရုံးရေးဆင်းဖို့ မှာကြားပါတယ်။ ဒါကြောင့်မို့ ကျွန်မနဲ့ ပထမ နှစ်ရူပဗေဒမှ သီရိညွန့်ဝေတို့က သက်လတ် တန်းချန်ပီယံကနေ မြန်မာ့လက်ရွေးစင်ဖြစ် လာသူ ခင်အေးသက် (ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်နဲ့ ကထိက ဒေါ်ခင်ခင်ကြီးတို့ရဲ့ သမီး) အား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်လမ်းရှိ သူတို့ နေအိမ်ကို သွားရောက်စည်းရုံးပါတယ်။ ခင်အေးသက်က တက္ကသိုလ်ဝင်တန်းမှာ ရေကူးလောကကနေ အနားယူထားပြီး ဖြစ်သလို Training နဲ့ ကင်းကွာနေတဲ့အတွက် အတန်တန် ငြင်းဆိုသော်လည်း ကျွန်မနဲ့ သီရိညွန့်ဝေတို့က မိမိတက္ကသိုလ်အတွက် ရေကူးပေးဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံတာမို့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ကူးပေးဖို့ ကတိပေး ခဲ့ပါတယ်။ ဒါနဲ့ပဲ ခင်အေးသက်ဟာ ကျွန်မတို့ နဲ့အတူ သထုံလမ်းကန်ကို လာရောက် Training ဆင်းခဲ့ပြီး ပိုပြီး စိတ်ပါလာကာ ရင်ပေါင်တန်းကူးပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ် ပြိုင်ပေးခဲ့ပါတယ်။ Training ရက်တွေမှာ လည်း အရင်နှစ်တွေလိုပဲ ဆရာခ နဲ့ ဆရာ ဦးစံသာအောင်တို့ နေ့စဉ် လာရောက်အားပေးကြပါတယ်။ သထုံလမ်းကန်မှာ တစ်ဦး ချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း လေ့ကျင့်ကြပါတယ်။ ရေကူးကန်က ကျဉ်းတာမို့ ကျွန်မတို့အသင်းသီးသန့်လေ့ကျင့်နိုင်ဖို့ နေရာကို ဆရာခက စီစဉ်ပေးပါတယ်။ ဘွဲ့နှင်းသဘင် အနောက်ဘက်ရှိ ယခု ရန်ကုန်တက္ကသိုလ် ရေကူးကန်ရှိရာနေရာ အင်းယားကန်ထဲမှာ သင့်လျော်သော ရေအနက်၌ ကိုက် ၅၀ အကွာအဝေးသတ်မှတ်ပြီး သစ်သားတိုင်များ စိုက်၍ ရေကူးရန် နေရာ စီစဉ်ပေးပါတယ်။
ရေကူးကန်လောက်အဆင်မပြေတာမို့ သထုံလမ်းကန်မှာပဲ ပြန်လည်လေ့ကျင့်ကြ ရပါတော့တယ်။ အရင်နှစ်တွေတုန်းက ကျွန်မ တို့အသင်းအနေနဲ့ မိမိအစီအစဉ်နဲ့ မိမိ လေ့ကျင့်ခဲ့ရသော်လည်း၊ အခုနှစ်မှာ ကျွန်မ တို့အသင်းကို ဓာတုဗေဒ ဆရာဦးကျော်စိုးနဲ့ ရူပဗေဒဆရာ ဦးမောင်မောင်တင့် (Richard San Tint) တို့က Training မောင်းခဲ့ကြပါတယ်။
တော်လှန်ရေးအစိုးရလက်ထက် ပြည်သူ ပိုင်သိမ်းလိုက်တာမို့ ရေကူးဝတ်စုံနဲ့ Track Suit ဝယ်ယူဖို့ အလွန်ခက်ခဲခဲ့ပါတယ်။ ဆရာခ ရဲ့ ထောက်ခံစာနဲ့ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေမှာ ဝတ်ဆင်ကြတဲ့ Speedo အမှတ်တံဆိပ် ရေကူးဝတ်စုံများ ဝယ်ယူခွင့်ရပါတယ်။ ကျွန်မတို့အသင်း ရေကူးဝတ်စုံနဲ့ Track Suit ရရှိရေးအတွက် ကိုမျိုးတင့် (RASU ရေကူးဆပ်ကော်မတီ အတွင်းရေးမှူး) နဲ့ အပေါင်းပါ ရေကူးသမားတစ်စုက ရန်ကုန်မြို့ထဲ ဟိုပြေးဒီပြေး သွားရောက်ကြိုးစား ဝယ်ယူခဲ့ရပါတယ်။ ထိုနှစ်မှာ ကျွန်မတို့ ဝတ်ဆင်သော Speedo ရေကူးအင်္ကျီစျေးလည်း တက်သွားပြီး ၁၉၆၂ ခုနှစ်က ၂၂ ကျပ် ပြား ၅၀ ကျသင့်နေရာမှ ၁၉၆၇ တွင် ၂၅ ကျပ်နဲ့ ဝယ်ယူခဲ့ရပါတယ်။ ရေကူးဝတ်စုံများကိုတော့ ပြိုင်ပွဲဝင်များမှ မိမိစရိတ်နဲ့သာ ဝယ်ယူဝတ်ဆင်ခဲ့ကြရပြီး Track Suit များကိုတော့ ကျောင်းက အကုန် အကျခံပါတယ်။ ထိုအချိန်က Track Suit ချုပ်ပြီးသားမရှိပါ။ ပြိုင်ပွဲ တနင်္ဂနွေနေ့ဖြစ်သော်လည်း ပြိုင်ပွဲမတိုင်မီ ကြာသပတေးနေ့ မှသာ ကုန်သွယ်ရေး (၅)မှ ခွင့်ပြုမိန့်ကျလာပါတော့တယ်။ Track Jacket သာခွင့်ပြုခဲ့ပြီး ပြိုင်ပွဲအမီ ကုန်သွယ်ရေး (၅) မှ ချုပ်ပေးပါ တယ်။ ဇင်သားနက်ပြာဖြင့် အင်္ကျီရှေ့ ဘယ်ဘက်အခြမ်းမှာ ကျောင်းတံဆိပ်တပ်ဆင် ပြီး နောက်ကျောမှာ ASU (R)ဟူသော စာလုံး ကို ကပ်၍ ချုပ်ထားပါတယ်။ အလားတူ ဆေး(၁) ပါမောက္ခချုပ် ဒေါက်တာဘသန်း ကလည်း သူတို့တက္ကသိုလ် ရေကူးအသင်း အတွက် ရေကူးဝတ်စုံနဲ့ Track Jacket များ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ရေကူး ပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပပါတယ်။
ဗိုလ်လုပွဲနေ့မှာ အမျိုးသားရော အမျိုးသမီးတွေပါ အကြိတ်အနယ် ယှဉ်ပြိုင်ရပါ တယ်။ အချို့ပွဲစဉ်တွေမှာ ပန်းဝင်တဲ့အခါ မှာလည်း တစ်ဦးနဲ့တစ်ဦး စံချိန်က စက္ကန့် ပိုင်းသာ ကွာခြားပြီး ပန်းဝင်ခဲ့ပါတယ်။ ဒီနှစ်တော့ ကျွန်မတို့ အမျိုးသမီးများ ပြိုင်ပွဲတိုင်းမှာ ဒုတိယ၊ တတိယချိတ်လာသလို အရင်နှစ်တွေက စတုတ္ထသာရခဲ့သော ကျွန်မတို့ အမျိုးသမီး လက်ဆင့်ကမ်းအသင်းဟာ အခုနှစ်မှာ လေးမျိုးကူးနဲ့ အလွတ်ကူး ပြိုင်ပွဲနှစ်ခုစလုံးမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
အမျိုးသမီးဒိုင်ဗင်ပြိုင်ပွဲကို ရေကူးသမား ရင်ရင်မြင့်နဲ့ နန္ဒာဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ ဝါတာပိုလိုမှာတော့ RASU အမျိုး သားအသင်းက ဒုတိယရရှိပါတယ်။ ပြိုင်ပွဲ အားပေးမှုက အလွန်အားရဖွယ် ကောင်းပါ တယ်။ ရေကူးကန်ဝင်းတစ်ခုလုံး ပရိသတ် အပြည့်နဲ့ တက္ကသိုလ်အသီးသီးမှ အဆောင်နေကျောင်းသားများရော၊ နေ့ကျောင်းသား များပါမကျန် လာရောက်အားပေးကြပါတယ်။ ၁၉၆၆ ခုနှစ်က ဆေး(၁)က ယူသွားတဲ့ ရေကူး တံခွန်စိုက်ဒိုင်းကို ကျွန်မတို့ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးတဲ့ နောက်တစ်နေ့ကနေ စပြီး လူမျိုးရေးအရေးအခင်း စတင်ခဲ့တာမို့ ကျောင်းတွေပိတ်လိုက်ရာ အရင်နှစ်တွေလို ဂုဏ်ပြုပွဲ မကျင်းပနိုင်တော့ပါ။
တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွေမှာ တံခွန်စိုက်ဒိုင်းရရှိတဲ့ တက္ကသိုလ်အသင်းတွေကို အထက်တန်းပညာဦးစီးဌာန (ယခု အဆင့်မြင့်ပညာဦးစီးဌာန)က သြဂုတ်လနောက်ဆုံးပတ် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ဂုဏ်ပြုပွဲကျင်းပလေ့ရှိပြီး ရရှိပြီးတဲ့ ဒိုင်းတွေကို အခမ်းအနားနဲ့ ပြန်လည်ချီးမြှင့်တဲ့ ပွဲဖြစ်ပါတယ်။
ပါမောက္ခချုပ် ဆရာခ၊ တံခွန်စိုက်ဒိုင်း ရရှိကြတဲ့ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနဲ့ အားကစားသမားများဟာ တံခွန်စိုက် ဒိုင်းများနဲ့အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပါတယ်။ ထိုနှစ် ၁၉၆၇ ခုနှစ် က ကျွန်မတို့ရေကူးနဲ့အတူ ကျွန်မ မှတ်မိသလောက်ပြောရရင် ဘောလုံး၊ ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ ကြက်တောင် အားကစားနည်းတွေက လည်း တံခွန်စိုက်ဒိုင်းများ ရရှိခဲ့ကြပါတယ်။ ရေကူးအားကစားအဖွဲ့ သီးသန့် ဓာတ်ပုံမရိုက် နိုင်ကြသော်လည်း အခြားအားကစားအဖွဲ့များ နှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
၁၉၆၇-၆၈ ပညာသင်နှစ်
ကျွန်မတို့ RASU သို့ မြန်မာ့လက်ရွေးစင် များဖြစ်ခဲ့ကြတဲ့ Terence Thwin (တင်မောင် စိုးသွင်)၊ ချစ်စိုးနဲ့ ဆယ်လီစိုးတို့ မောင်နှမတို့ရောက်ခဲ့ကြသလို သန်းကြည်က ဆေး(၁)၊ မင်းသူက စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိခဲ့ ကြပါတယ်။ အရင်နှစ်ကလိုပင် သထုံလမ်း ကန်မှာ ဆရာကျော်စိုး၊ ဆရာ Richard တို့က Training မောင်းပါတယ်။ ထို့အတူ ခင်အေးသက်ကို ဒီနှစ်မှာလည်း ပြိုင်ပွဲဝင်ဖို့ ထပ်မံ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒီနှစ်ထပ်တိုး အစီအစဉ်အဖြစ် အားကစားသမားများအား အာဟာရပြည့်ဝစေဖို့အတွက် ကြက်ဥနဲ့ နွားနို့သောက်ဖို့ ဆရာခက စီစဉ်ပေးခဲ့တာကြောင့် ကျွန်မတို့ ညနေ Training ပြီးရင် RASU ဝင်းအတွင်းရှိ ဦးချစ်ဆိုင်သို့ သွားကြပြီး တစ်ခါတစ်ရံ ပြည်လမ်းပေါ်ရှိ ကြက်ဆင် မုန့်တိုက်သို့လည်း သွားကြပါသေးတယ်။ ဒီနှစ်အတွက် ပိုမိုပုံပန်းကျစွာ ချုပ်ထားပြီး ခါးနေရာ၌ Elastic ကြိုးတပ်ထားတဲ့ ဇင်သား အနက်ရောင် Track Jacket အသစ်ထပ်ရပါ တယ်။ RASU ဆိုသောစာလုံးကို ပိတ်ဖြူနဲ့ ကျောမှာ ကပ်ချုပ်ထားပါတယ်။
နောက်ဆုံးဗိုလ်လုပွဲကိုတော့ ၁၉၆၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှာ ပြုလုပ်ပါတယ်။ RASU အတွက် အရင်နှစ်များက အမျိုးသမီးတစ်ဦး ချင်းပွဲတွေမှာ ရွှေတံဆိပ်မရဖူးသော်လည်း အခုနှစ်မှာ ဆယ်လီစိုးက ရွှေတံဆိပ် ၃ ခု ရယူခဲ့ပါတယ်။ ကျန်ပွဲစဉ်တွေမှာ ငွေ၊ ကြေး တံဆိပ်များ ရခဲ့ပါတယ်။ အမျိုးသမီး လက်ဆင့်ကမ်း အလွတ်ကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ရပြီး လက်ဆင့်ကမ်းလေးမျိုးကူးမှာတော့ ငွေတံဆိပ်သာ ရရှိပါတယ်။ အမျိုးသား ပွဲစဉ်အများစုမှာလည်း RASU က ရွှေ၊ ငွေတံဆိပ်များ ရရှိခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း ရေကူးတံခွန်စိုက်ဒိုင်း ထပ်မံရရှိပါတယ်။
အခုနှစ် ဝါတာပိုလိုအသင်းအတွက် ဂိုးသမားအသစ် ရရှိခဲ့ပါတယ်။ ဝါတာပိုလို ဂိုးသမားကတော့ ဘတ်စကက်ဘောကစား သမားပါ။ အသားဖြူဖြူ ကိုယ်ခန္ဓာထွားထွားကျိုင်းကျိုင်းရှိပြီး ၁၉၆၈ အလွန် ကာလက တက္ကသိုလ်ကျောင်းသားကျောင်းသူများ မြင်ဖူးကြပါလိမ့်မယ်။ ထိုသူကား RC ထဲမှာ စွပ်ကျယ် တံဆိပ်ရိုက်ဆိုင်ဖွင့်ထားတဲ့ ဥပဒေကျောင်းသား ကိုတက်ယဉ်ပါ။ ဒီနှစ် ဝါတာပိုလိုမှာတော့ ကျွန်မတို့ကျောင်းက ဗိုလ်စွဲပါတယ်။ ၁၉၆၈ ခုနှစ်အတွက် ရေကူးရော ဝါတာပိုလိုပါ ဒိုင်းရရှိခဲ့ပါတယ်။
ပြိုင်ပွဲပြီးတဲ့အခါ ညစာကျွေးဖို့အတွက် ဆရာခက ရေကူးဆရာနှစ်ဦးအား မှာကြားပါ တယ်။ ထို့ကြောင့် ကျွန်မတို့အသင်းဟာ ၉မိုင် ပြည်လမ်းရှိ Nam Sim စားသောက်ဆိုင်ကို ညစာစားဖို့အတွက် မော်ကွန်းထိန်း ဒေါ်စိန်စိန် ရဲ့ ရုံးကားရယ်၊ ဆရာကျော်စိုးရဲ့ Opel မီးခိုးရောင် ဃ/၅၄၅၄ ရယ်နဲ့ သွားကြပါတယ်။ လမ်းမအတိုင်း ဖြောင့်ဖြောင့်တန်းတန်း မသွား ကြသေးဘဲ သထုံဆောင်ရှေ့ကနေ ကျောင်း ထဲဝင်ပြီး အဆောင်များကို ပတ်ကာ “RASU RASU ဒိုင်း ဒိုင်း” ဟု ဟစ်ကြွေးပြီးမှ ပြည်လမ်းပေါ်သို့ တက်ကြပါတယ်။ တစ်ဖန် ပြည်လမ်း ခုနစ်မိုင်အနီး (ယခုပါရမီလမ်းအနီး)ရှိ စက်မှု တက္ကသိုလ် ပါမောက္ခချုပ် ဦးရုံမိုးအိမ်ရှေ့မှ ဖြတ်စဉ်လည်း ဟစ်အော်ခဲ့ကြသလို အပြန်မှာ လည်း ကြို့ကုန်းမှာနေတဲ့ Terry ကို အိမ်ပြန် အပို့ RIT ဝင်းထဲမှဖြတ်စဉ်မှာရော၊ တရုတ် တန်းမှာနေတဲ့သူတွေကို ပြန်အပို့မှာ လမ်းမတော်ဆေးကျောင်းသားအဆောင်များရှေ့မှာပါ ထပ်မံပြီး “RASU RASU ဒိုင်းဒိုင်း” ဆိုပြီး ဟစ်အော်ခဲ့ကြပါသေးတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆရာခက ကျွန်မတို့ကို RC ထဲမှာ လက်ဖက် ရည်ပွဲနဲ့ ဂုဏ်ပြုပွဲ ကျင်းပပေးပါတယ်။ ရရှိခဲ့တဲ့ ဒိုင်းဆုကြီး နှစ်ခုကို ဆရာ Richard က ဆရာခထံ အပ်နှံပါတယ်။ ဆက်လက်ပြီး RC အပေါ်ထပ်မှာ ဆရာခ၊ ဆရာဦးစံသာအောင်၊ မော်ကွန်းထိန်းဒေါ်စိန်စိန်တို့နဲ့ ကျွန်မတို့ အဖွဲ့ သားများအားလုံး စုံလင်စွာနဲ့ ဒိုင်းဆုများနှင့် အတူ မှတ်တမ်းဓာတ်ပုံရိုက်ကြပါတယ်။ စက်တင်ဘာလ စာမေးပွဲများအပြီးမှာလည်း သထုံလမ်းကန်တွင် Track Jacket များ ဝတ်ဆင်ပြီး ဒိုင်းဆုများနဲ့အတူ ဓာတ်ပုံထပ်မံ ရိုက်ကြပါသေးတယ်။ သို့သော် RC အပေါ်ထပ် မှာရိုက်သောပုံကဲ့သို့ လူတော့ မစုံတော့ပါ။ ဤ ၁၉၆၈ ခုနှစ်ဟာ ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝနောက်ဆုံးနှစ်လည်း ဖြစ် သလို တက္ကသိုလ်ရေကူးသမားဘဝရဲ့ နောက် ဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ရေကူးပြိုင်ပွဲများကို ပြန်လည် သုံးသပ်ခြင်း
မြန်မာနိုင်ငံအရပ်ရပ်မှနေပြီး ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များ အသီးသီးသို့လာရောက် ပညာသင်ယူကြတဲ့ တက္ကသိုလ်ကျောင်းသား တွေဟာ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်က ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အတွေ့အကြုံရှိပြီးသူများ၊ မြန်မာ့လက်ရွေးစင်များနဲ့အတူ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကူးခတ်ရပါတယ်။ ပြိုင်ပွဲအတွေ့ အကြုံမရှိတဲ့ ကျောင်းသားတွေရဲ့ ရေကူးစွမ်း ရည်ကလည်း ချီးကျူးထိုက်ပါတယ်။ အဲဒီ ကျောင်းသားများဟာ နည်းစနစ်ပုံစံမကျ၊ တောကူးပုံစံနဲ့ပင် လက်ပစ်ကူးပြိုင်ပွဲမှာ ပထမရခဲ့သူများလည်း ရှိခဲ့ပါတယ်။ တောကူး နဲ့ ပြိုင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာလည်း ပြိုင်ပွဲအတွေ့အကြုံရှိတဲ့၊ နည်းစနစ်ကျတဲ့ ရေကူးသမားများရဲ့ နည်းနာများကို အတုယူ ပြီး ၎င်းတို့ ကူးဟန်များကို ပြင်ဆင်ကာ နောင် နှစ်တွေမှာ ဆက်လက်ပြိုင်ပွဲ ဝင်ခဲ့ကြပါတယ်။ ပြိုင်ပွဲအတွေ့အကြုံ မရှိသူများဟာလည်း အချို့ပွဲစဉ်တွေမှာ လက်ရွေးစင်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကူးခတ်ကြပြီး စက္ကန့်ပိုင်းသာခြား၍ ပန်းဝင်ခဲ့ကြပါတယ်။
နယ်ကလာတဲ့ ကျောင်းသားတစ်ဦးထံမှ အတွေ့အကြုံကိုလည်း ပြန်လည်မျှဝေလိုပါတယ်။ ထိုသူက သူတို့ရပ်ရွာမှာ ရေကူးနည်း စနစ်တကျသင်တဲ့ သင်တန်းလည်းမရှိသလို မိဘကလည်း ရေကူးခြင်းကို အားမပေးပါ။ သို့သော် ရေကူးဝါသနာပါတဲ့အတွက် သူ့ရဲ့ မြင်ဆရာ နာမည်ကျော် တာဇံ (Tarzan) ဇာတ်ကားမှ မင်းသား Johnny Weissmuller (အမေရိကန် အိုလံပစ်ရေကူးသမား) ရဲ့ ပုံစံကို ကြည့်ပြီး ကူးခဲ့ကြောင်း ပြောပြဖူးပါတယ်။ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲဖြစ်တဲ့ အလျောက် ကျောင်းသား ကျောင်းသူတွေဟာ မိမိတို့ တက္ကသိုလ်ယှဉ်ပြိုင်နိုင်ရေး၊ တံခွန်စိုက် ဒိုင်းရရှိဖို့ အမှတ်ရရှိနိုင်ရေးအတွက် ကန် တစ်လျားသာ ကူးနိုင်သူများကလည်း သတ္တိရှိရှိပြိုင်ပွဲဝင်ခဲ့ကြပါတယ်။
ပါမောက္ခချုပ် ဆရာကြီးများ ကိုယ်တိုင်ကလည်း တက္ကသိုလ်မှာ ပညာသင်ကြားရုံ သက်သက် မဟုတ်ဘဲ အားကစားကဏ္ဍတွေမှာ ပါ စိတ်ရောကိုယ်ပါ အားပေးချီးမြှောက်ခဲ့ကြ တယ်ဆိုတာလည်း မြင်တွေ့နိုင်ပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း တစ်ဦးချင်းဆုမရရှိနိုင်သည့်တိုင် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ် ဆရာကြီးများ ကိုယ်တိုင် အားပေးမှုကြောင့် ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ဝါတာ ပိုလို ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေမှာ ရေထဲ မှာ အကြိတ်အနယ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတယ်။ အားပေးတဲ့ ကျောင်းသား တွေကလည်း မိမိတို့တက္ကသိုလ် အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ပြိုင်ဘက်တက္ကသိုလ်ကို မခံချိမခံ သာ ဖြစ်အောင် အော်ဟစ် သံချပ်တိုင်ပြီး အားပေးခဲ့ကြပါတယ်။ ပွဲကြည့်ပရိသတ်ကလည်း ရန်များ ဖြစ်ကြတော့မလားဟု စိုးရိမ်ပူပန်မှု များ ရှိခဲ့ကြပါတယ်။ သို့သော်ပွဲပြီးလို့ ကုန်းပေါ် ပြန်တက်ကြတဲ့အခါမှာတော့ ပြိုင်ပွဲဝင် အချင်းချင်း ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက် ကြ၊ ပခုံးချင်းဖက်ကြ၊ မိမိတို့အသင်းစုဝေးရာ ကို အပြုံးမပျက် ပြန်သွားကြပြီး ဆုချီးမြှင့် မယ့် အစီအစဉ်တွေကိုသာ ဆက်လက်စောင့်စားနေကြပါတော့တယ်။ ဒီလို အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ တက္ကသိုလ်နယ်မြေမှာ ကျင်းပတဲ့ တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲတွေကို ကျွန်မတို့ခေတ်က ရေကူးသမားများ ဘယ်တော့မှမေ့နိုင်မည် မဟုတ်ပါ။
ကျွန်မတို့ RASU ရဲ့ လက်ရွေးစင်ရေကူး သမားများဖြစ်ခဲ့ကြတဲ့ ကိုအေးကျော်၊ ကိုမျိုး တင့်နဲ့ ကိုတင်မောင်စိုး၊ ဆေးတက္ကသိုလ်(၂)မှ ကိုသက်လွင်တို့ဟာ ၁၉၆၉ ခုနှစ်မှာ မြန်မာ နိုင်ငံမှာ ကျင်းပတဲ့ ပဉ္စမအကြိမ် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် ဝါတာပိုလို အသင်းသားများ အဖြစ် ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်ပေါင်းစုံရေကူးပြိုင်ပွဲတွေမှာ တက္ကသိုလ်ပေါင်းစုံက ယှဉ်ပြိုင်ခဲ့ကြတဲ့ ရေကူးသမားတွေထဲမှာ ဘက်စုံ အားကစားသမားများလည်း ပါဝင် ခဲ့ကြပြီး၊ အဆိုပါ အားကစားသမားတွေဟာ တက္ကသိုလ်ပေါင်းစုံရဲ့ အခြားအားကစားပြိုင်ပွဲ တွေမှာလည်း ယှဉ်ပြိုင်ခဲ့ကြပြီး ဆုတံဆိပ်များ လည်း ရရှိခဲ့ကြပါတယ်။ RASU ရဲ့ ရေကူးပြိုင် ပွဲတွေနဲ့ တက္ကသိုလ်ပေါင်းစုံရေကူးပြိုင်ပွဲတွေ ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေကိုလည်း ထိုခေတ် က နေ့စဉ်ထုတ်သတင်းစာတွေမှာ ဝေဝေ ဆာဆာ ဖော်ပြခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်နှင့် ဆက်နွှယ်နေသော အခြားတက္ကသိုလ်များမှ ရေကူးအားကစား သမားများ
၁၉၆၄-၆၈ ကာလတုန်းက တက္ကသိုလ်ပေါင်းစုံရေကူးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အခြားတက္ကသိုလ်များမှ အားကစားသမားများအနက် ကျွန်မတို့ ရန်ကုန် တက္ကသိုလ်ဂုဏ်ကို ဆောင်ခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးများရဲ့ သားသမီးများ ပါဝင်ခဲ့ကြပါ တယ်။
၁။ ကိုအုပ်စိုးခ ဆေး(၁) – ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခ၏ သား၊
၂။ မခင်ဆွေမင်း ဆေး(၁) – အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်း၏ သမီး၊
၃။ လင်းအောင်သက် ဆေး(၁) – ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်နှင့် ကထိက ဒေါ်ခင်ခင်ကြီးတို့၏ သား၊ ၁၉၆၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ချယ်ရီသန်းသန်းတင်နှင့် ပူးတွဲပထမ ရရှိသူ၊
၄။ ကိုသိန်းညွန့် ဆေး(၁) - ပါဠိဌာနမှူး ဒေါ်ခင်သိန်း၏ သား၊
၅။ ကိုဉာဏ်စိုး (တိရစ္ဆာန်ဆေးကု) နှင့် ကိုထင်ကျော် (စီးပွားရေး) – ဆရာကြီး မင်းသုဝဏ်၏ သားများ၊
၆။ မဉာဏ်သစ် (ပညာရေး) – သမိုင်းကော်မရှင်မှ ဗိုလ်မှူးဘရှင်နှင့် သတ္တဗေဒ ကထိက ဒေါ်ခင်မကြီးတို့၏သမီးတို့ ဖြစ်ကြပါတယ်။
ကျွန်မတို့တက္ကသိုလ်၏ ဂုဏ်ကိုဆောင်ခဲ့ ကြသည့် ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သားသမီးများဟာလည်း ပညာရေးဘက်မှာ သာမက အားကစားဘက်မှာပါ ထူးချွန်ခဲ့ကြ ပါတယ်။
ဂါရဝပြုထိုက်သူများ
ကျွန်မအား တက္ကသိုလ်ကျောင်းသူဘဝ ရေကူးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ပြုစုပျိုးထောင်ခဲ့သူများမှာ ၁၉၅၇ နှောင်းပိုင်း Mayo Marine ရေကူးကန်၌ ကျွန်မကို စနစ်တကျ ရေကူးသင်ပေးခဲ့သော မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ ဦးထွေးမောင်၊ ဦးဆန်ဒနီသွင်၊ ဦးနေမြင့်၊ ၁၉၆၄ တက္ကသိုလ် ဝင်တန်းဖြေဆိုအပြီး အမျိုးသားရေကူးကန်၌ Training လုပ်ပေးခဲ့သော Lt. Col Smyth ၊ ကျွန်မတို့ ရေကူးအသင်း အောင်နိုင်ရေး အတွက် စိတ်အားထက်သန်စွာဖြင့် အားပေး ခဲ့ကြသော ကျွန်မတို့ RASU ၏ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာမောင်မောင်ခ၊ ရူပဗေဒ ပါမောက္ခဆရာကြီး ဦးစံသာအောင်၊ ရေကူးလေ့ကျင့်နိုင်ရန် စီစဉ်ပေးခဲ့သော မော်ကွန်း ထိန်းဒေါ်စိန်စိန်နှင့် ကျွန်မ၏ မိဘနှစ်ပါးတို့အား ဤဆောင်းပါးဖြင့် ဂါရ၀ပြုပါတယ်။
ဤဆောင်းပါး ရေးသားနိုင်ရန်အတွက် ၁၉၆၄ မတိုင်မီက အချက်အလက်များကို ပံ့ပိုးပေးကြပါသော ဒုတိယဗိုလ်မှူးကြီး အေးကျော် (တပ်မတော်ရေ (ငြိမ်း)၊ ဗိုလ်မှူး စိုးထွဋ် (ခ.လ.ရ-၄၇ (ငြိမ်း)၊ ဦးတင်မောင်စိုး (Sweet Memory Travel & Tour)တို့ အားလည်း အထူးကျေးဇူးတင်ရှိပါတယ်။
နိဂုံး
ကျွန်မနဲ့အတူ တက္ကသိုလ် ရေကူးပြိုင်ပွဲ တွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ RASU နဲ့ တကွ အခြားသော တက္ကသိုလ်များမှ ရေကူးသမား များအားလည်း ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါတယ်။ နောင်လာမယ့် အနာဂတ်တွေ မှာလည်း အမိ ရန်ကုန်တက္ကသိုလ်ကြီးနဲ့ အခြားတက္ကသိုလ်တွေမှာ ကျွန်မတို့ ခေတ်တုန်းကလို ရေကူးပြိုင်ပွဲများ အပါအဝင် အခြားအားကစားပြိုင်ပွဲများလည်း စည်စည် ကားကား သိုက်သိုက်ဝန်းဝန်း ပြန်လည် ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်..... ။ ။
အေးညွန့်ကြည်