မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရှိထားပိုင်ခွင့် လက်ရောက်ရလိုမှုစွဲဆိုခြင်းနှင့် ဆန့်ကျင်လက်ရှိထားခြင်း
ကျော်ကျော်(တရားရေး)
မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း အများဆုံးဖြစ်ပွားလေ့ရှိသည့် ပြဿနာများဖြစ်ပြီး ယင်းအငြင်းပွားမှုများကို ဥပဒေအရ မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းမရှိပါက တရားမမှုများ ကြန့်ကြာခြင်း၊ ကုန်ကျစရိတ် များပြားခြင်း၊ နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
မြန်မာနိုင်ငံရှိ တရားရုံးများသည် လက်ရှိထားပိုင်ခွင့် (Possessory title) ကို တညီတညွတ်တည်း အသိအမှတ်ပြုခဲ့သည်။ ပိုင်ရှင်အသွင်ဖြင့် မြေလက်ရှိဖြစ်ပြီး ပိုင်ရှင်၏သာမန်အခွင့်အရေးကို သုံးစွဲနေထိုင်သူတစ်ဦးသည် ပိုင်ရှင်အစစ်မှတစ်ပါး “ခပ်သိမ်းကုန်သော သူတို့နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် အခိုင်အမာရှိသည်။ ပိုင်ရှင်မဟုတ်သော အခြားသူက ထိုသို့လက်ရှိထားခြင်းကို အနှောင့်အယှက်ပြုလာလျှင် လက်ရှိထားသူသည် သီးခြားသက်သာခွင့် အက်ဥပဒေအရ လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်သည်။
ပိုင်ဆိုင်ခွင့် တစ်စုံတစ်ရာမရှိဘဲ ပစ္စည်းလက်ရှိဖြစ်သူသည် ထိုပစ္စည်းတွင် ဆိုင်ရေးဆိုင်ခွင့်ရှိ၍ ထိုဆိုင်ရေးဆိုင်ခွင့်ကို အမွေဆက်ခံရရှိသည်။ ထိုဆိုင်ရေးဆိုင်ခွင့်မှာ ပိုင်ဆိုင်အစစ်မှတစ်ပါး ခပ်သိမ်းကုန်သော သူတို့အပေါ်ခိုင်မာသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈ (စ) တွင် “ပိုင်ဆိုင်မှုနှင့်ပတ်သက်သော စာချုပ်စာတမ်း” ဟုပါရှိသည်။ ယင်းကဲ့သို့ ဖော်ပြထားသည့် စကားရပ်တွင် စာချုပ်စာတမ်းအမျိုးအစားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ “ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသည့် စာချုပ်စာတမ်း” နောက်တစ်မျိုးမှာ “ပိုင်ဆိုင်ခွင့်ကို သက်သေခံအထောက်အထားပြုသည့် စာချုပ် စာတမ်း” တို့ဖြစ်သည်။
(၁) လက်လွတ်ဖြစ်သွားခြင်း
အချင်းဖြစ်ပစ္စည်းကို လက်လွတ်ဖြစ်သွားခြင်းသည် လက်ရှိဖြစ်သောသူကို အခြားသူတစ်ဦးက အမှန်တကယ်ဖယ်ထုတ်ခြင်းဖြစ်သည်။ လက်မဲ့ဖြစ်စေသူအနေဖြင့် ပြတ်ပြတ်သားသားနှင်ထုတ်ခြင်း၊ ဖယ်ထုတ်ခြင်းမရှိလျှင် လက်လွတ်ဖြစ်သွားခြင်းမရှိနိုင်ပေ။ ထိုသို့ဖယ်ရှားခြင်း၊ နှင်ထုတ်ခြင်းသည် ပစ္စည်းအပေါ်တွင် သီးသီးသန့်သန့် ထိန်းချုပ်မှုရရန် ရည်ရွယ်ချက်ဖြင့်သာလျှင် ပြုလုပ်ရမည်ဖြစ်သည်။
လက်ရှိဖြစ်သူ၏ ဆန္ဒနှင့်ဆန့်ကျင်၍ လက်ရှိဖြစ်သူကို မောင်းထုတ်ခြင်းကို သက်သေထင်ရှား ပြသရန်မှာ အရေးဆိုသူ၏တာဝန်ဖြစ်သည်။ လက်ရှိဖြစ်ခြင်း၊ စွန့်လွှတ်ခြင်းသည် အချင်းဖြစ်ပစ္စည်းကို တစ်ဦးတစ်ယောက်က စွန့်ပစ်လိုသောကြံရွယ်ချက်ဖြင့် အမှန်တကယ်ထွက်ခွာသွားခြင်း၊ ထိုသို့ထွက်ခွာသွားပြီးနောက် အခြားသူက ဝင်ရောက်နေခြင်းဖြစ်သည်။
(၂) လက်ရှိဖြစ်ခြင်းကို ဆက်လက်မပြုသည့်အခါ ထိုပစ္စည်း လက်ရောက်ရလိုမှု
တရားလိုအဖြစ် တရားစွဲဆိုသူသည် အချင်းဖြစ်မြေကို လက်ရှိထားစဉ် အခြားသူတစ်ဦးက အတင်းဖယ်ရှားလျှင်သော်လည်းကောင်း၊ မိမိ၏သဘောအတိုင်း ထိုလက်ရှိကို စွန့်လွှတ်လိုက်လျှင်သော်လည်းကောင်း ပြန်လည်လက်ရောက်ရလိုမှု တရားစွဲဆိုသည့်အခါ၌ အမှတ်စဉ် ၁၄၂ အရ ဖယ်ရှားခြင်းခံရသည့်နေ့ သို့တည်းမဟုတ် လက်ရှိစွန့်လွှတ်သည့်နေ့မှ (၁၂) နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။
(၃) သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရ စွဲဆိုမှုတွင် အဓိကစဉ်းစားရမည့်အချက်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၉ အရ စွဲဆိုသည့်အမှုတွင် အဓိကစဉ်းစားရန်အချက်မှာ တရားပြိုင်သည် ပစ္စည်းလက်ရှိဖြစ်သူ တရားလိုအား ၎င်း၏သဘောတူညီမှုလည်း မရှိ၊ တရားရုံး၏ အမိန့်အရလည်းမဟုတ်ဘဲ လက်မဲ့ဖြစ်စေခဲ့သလား ဆိုသည့်အချက်ဖြစ်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်နှင့် ခြားနားသည်။ ပုဒ်မ ၈ အရ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ကို ပိုင်ခွင့်ဆိုင်ခွင့်ရှိသူသည် မိမိပိုင်ဆိုင်မှုကို အကြောင်းပြ၍ အဆိုပါပစ္စည်းကို လက်ရောက်ရယူခွင့်ရှိသည်။ ပုဒ်မ ၉ မှာ ပစ္စည်းလက်ရှိဖြစ်ခဲ့သူတစ်ဦး၏ နစ်နာမှုကို အချိန်တိုအတွင်း သက်သာခွင့်ရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
(၄) တရားဝင်ပိုင်ဆိုင်သည့်အနေဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရောက်ရလိုမှုစွဲဆိုခြင်း
သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၈ တွင် သီးခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရောက်ရပိုင်ခွင့်ရှိသူသည် တရားမကျင့်ထုံးဥပဒေတွင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပြန်ရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ လက်ရောက် ရလိုမှုတွင် တရားမစွဲမီ (၁၂) နှစ်အတွင်းက အချင်းဖြစ်ပစ္စည်းမှာ တရားလိုလက်ရှိဖြစ်ကြောင်းနှင့် တရားပြိုင်သည် ယင်းပစ္စည်းကို ဆိုင်ရေးဆိုင်ခွင့်မရှိဘဲ သိမ်းပိုက်ထားကြောင်း တရားလိုကသက်သေထူရန်ဖြစ်သည်။ အချင်းဖြစ်မြေကို လက်ရောက်ရရှိရန် မိမိဝယ်၍ တရားဝင်ပိုင်ဆိုင်သည့်အနေဖြင့် တရားစွဲဆိုသောအမှုမျိုးတွင် တရားစွဲဆိုသူသည် အချင်းဖြစ်ပစ္စည်းကို တရားဝင်ပိုင်ဆိုင်ကြောင်း ပေါ်လွင်အောင်ပြသနိုင်ခြင်းမရှိ၍ တောင်းဆိုသည့် သက်သာခွင့်ကိုရနိုင်ရန် အကြောင်းမရှိပေ။
(၅) အမွေထိန်း သို့မဟုတ် အမွေထိန်းများအဖြစ်ဖြင့် သူတစိမ်းလက်ဝယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ခြင်း
ပစ္စည်းကို လက်ရောက်ရလိုမှုစွဲဆိုရာ၌ လက်ရောက်ရလိုကြောင်း တောင်းဆိုသောပစ္စည်းသည် တရားလိုပိုင်ဖြစ်ကြောင်းထင်ရှားရန် လိုပေသည်။ အမွေဆိုင်ပစ္စည်းများသည် သူတစ်စိမ်း လက်ဝယ်ရှိနေ၍ လက်ရောက်ရလိုကြောင်း စွဲဆိုလိုလျှင် အမွေဆိုင်တစ်ဦးဖြစ်စေ၊ တစ်ဦးထက်ပိုသူတို့ကဖြစ်စေ အမွေပုံပစ္စည်းများကို ထိန်းသိမ်းနိုင်ရန်အတွက် အမွေထိန်းစာ လျှောက်ထားတောင်းယူပြီးနောက် အမွေထိန်း သို့မဟုတ် အမွေထိန်းများအဖြစ်ဖြင့် သူတစ်စိမ်းလက်ဝယ်ရှိ အမွေဆိုင်ပစ္စည်းများကို လက်ရောက်ရလိုကြောင်း စွဲဆိုနိုင်ပေသည်။
(၆) အမွေထိန်းလက်မှတ်စာ ထုတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ကွယ်လွန်သူ၏ပစ္စည်းကို လက်ရောက်ရယူနိုင်ရေး၊ ဆက်ခံသူတစ်ဦးဦးအား ခန့်ထားပေးရန်ဖြစ်ခြင်း
အချင်းဖြစ်ပစ္စည်းနှင့်စပ်လျဉ်း၍ အမွေထိန်းလက်မှတ်စာရခြင်းသည် အမွေဆက်ခံပိုင်ဆိုင်ခြင်းနှင့် သဘောသဘာဝအားဖြင့် မတူ၊ ကွဲပြားခြားနားပါသည်။ အမွေထိန်းလက်မှတ်စာထုတ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ကွယ်လွန်သူ၏ပစ္စည်းကို လက်ရောက်ရယူနိုင်ရေး၊ ကွယ်လွန်သူရရန်ရှိသော ကြွေးမြီများကို ကောက်ခံနိုင်စေရေး၊ ကွယ်လွန်သူ၏ အသုဘစရိတ်နှင့် ကွယ်လွန်သူက ပေးရန်ရှိသည်များကို ပေးဆပ်နိုင်စေရေး၊ ထိုသို့ပေးဆပ်ပြီးနောက် ကျန်ရစ်သောပစ္စည်းတို့ကို ကွယ်လွန်သူ၏ မိသားစုဥပဒေအရ ကွယ်လွန်သူ၏အမွေကို ဆက်ခံထိုက်သူတို့အား ခွဲဝေပေးနိုင်စေရေးအတွက် ကွယ်လွန်သူ၏ အခွင့်အရေးကို ဆက်ခံသူတစ်ဦးဦးအား ခန့်ထား ပေးရန်ဖြစ်သည်။
တစ်နည်းအားဖြင့် အမွေထိန်းလက်မှတ်စာရခြင်းသည် ထိုလက်မှတ်နှင့် သက်ဆိုင်သည့်ပစ္စည်းကို စီမံခန့်ခွဲပိုင်ခွင့်ရရှိခြင်းသာဖြစ်၍ အမွေဆက်ခံပိုင်ဆိုင်ခွင့်ပေးခြင်းမဟုတ်ပါ။ ဤလျှောက်ထားမှုမျိုးတွင် ပိုင်ရေးပိုင်ခွင့်မျိုးကို အဆုံးအဖြတ်ပေးခွင့်မရှိပေ။ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၃၀၇ (၂) တွင် အမွေထိန်းလက်မှတ်စာကို ထုတ်ပေးသည့် တရားရုံး၏ခွင့်ပြုချက်ရရှိလျှင် အမွေထိန်းတစ်ဦး တစ်ယောက်သည် ယင်းအက်ဥပဒေပုဒ်မ ၂၁၁ အရ ၎င်းအားလွှဲအပ်ထားရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ပေါင်နှံခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲပြောင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်ခွင့်ရှိပါသည်။
အမွေထိန်းလက်မှတ်စာ ရရှိသူတစ်ဦးသည် အမွေဆိုင်အားလုံးကိုယ်စားပစ္စည်းကို စီမံခန့်ခွဲခွင့် ရရှိခြင်းဖြစ်သဖြင့် တရားရုံး၏ခွင့်ပြုချက်ရရှိပါက ၎င်းအားလွှဲအပ်ထားသည့်ပစ္စည်းများကို ပေါင်နှံခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်း သို့မဟုတ် လဲလှယ်ခြင်း ပြုလုပ်နိုင်သည်ဖြစ်၍ ယင်းသို့ပြုလုပ်ခွင့်ရရှိရန်အတွက် ပစ္စည်းကိုပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုခွင့် တောင်းခံရန်မလိုပါ။ အခြားသက်ဆိုင်ရာဌာနများကလည်း အမွေဆိုင်အားလုံး၏ကိုယ်စား အမွေထိန်းလက်မှတ်စာရရှိသူတစ်ဦး၏ စီမံခန့်ခွဲမှုကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်အောင် ဆောင်ရွက်ပေးရမည်သာဖြစ်သည်။
(၇) အစိုးရဂရန်ရရှိထားသူသည် ကျူးကျော်သူအား ဂရန်သက်တမ်းအတွင်းတွင် တရားစွဲဆိုခြင်း
ဂရန်ချထားခြင်းနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်ကို ဥပဒေအရပြဋ္ဌာန်းထားရှိသည်။ အောက်မြန်မာပြည်မှမြေများသည် အောက်မြန်မာပြည်မြို့နှင့် ကျေးရွာများအက်ဥပဒေနှင့် သက်ဆိုင်ပြီး အထက်မြန်မာပြည်ရှိမြေများမှာ အထက်မြန်မာပြည်နှင့် အခွန်တော်စည်းမျဉ်းဥပဒေတွင် အကျုံးဝင်သည်။ အဆိုပါဥပဒေများအရ အစိုးရက ချထားပိုင်ခွင့်ရှိသည့်မြေများတွင် လူနေထိုင်ရန်အတွက်ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက်ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်အသုံးပြုရန်အတွက်ဖြစ်စေ၊ ဂရန်၊ အငှားဂရန်နှင့် လိုင်စင်များ ချထားပေးသည်။ မြို့မြေအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးသော မြို့များတွင်လူနေထိုင်ရန်နှင့် စက်မှုလုပ်ငန်း များလုပ်ကိုင်ရန် အငှားသက်တမ်း နှစ် ၃၀ ခွင့်ပြုပြီး နှစ် ၃၀ ကုန်ဆုံးတိုင်း နောက်ထပ် နှစ် ၃၀ စီနှင့် စုစုပေါင်း နှစ် ၉၀ အထိ လဲလှယ်လုပ်ကိုင်ခွင့်ရှိသည့် မြေငှားစာချုပ်ကို ဂရန်ဟုခေါ်ဆိုသည်။
အစိုးရဂရန်ရရှိထားသူသည် ကျူးကျော်သူအား ဂရန်သက်တမ်းအတွင်းတွင် တရားစွဲဆိုရာ အမှုအတောအတွင်း ဂရန်သက်တမ်းကုန်ဆုံးသွားစေကာမူ လက်ရောက်ရခွင့်ရှိသည်ဟု ပြဆိုသည်။
အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း ဥပဒေပုဒ်မ ၂၅ (က) ပြဋ္ဌာန်းချက်အရ အစိုးရက ဂရန် ထုတ်ပေးထားခြင်းမျိုးမရှိသော အစိုးရပိုင်မြေပေါ်တွင် နေထိုင်သူသည် အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့်မရှိပေ။ အစိုးရက ဂရန်ထုတ်ပေးမှသာလျှင် ထိုမြေနှင့်စပ်လျဉ်း၍ အမွေဆက်ခံခွင့်၊ လွှဲပြောင်း ပိုင်ခွင့်ရရှိသည်။
(၈) မြေအမည်ပေါက်ပြောင်းလဲခြင်း
မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) တွင် မြေအမည်ပေါက်ပြောင်းလဲရန် လျှောက်ထားသူသည်ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာပူးတွဲလျက်)၊ စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း၊ တရားရုံးအမိန့် ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။
(၉) မြေကိုလက်ရှိထားပိုင်ခွင့်ကို ရလိုပါက လျှောက် ထားနိုင်ခြင်း
မြေကိုလက်ရှိထားသူတစ်ဦးတစ်ယောက်သည် မြေကိုလက်ရှိထားပိုင်ခွင့်ကိုရလိုပါက အောက်မြန်မာပြည်မြို့နှင့် ကျေးရွာများအက်ဥပဒေပုဒ်မ ၁၂ အရ အခွန်အရာရှိထံ လျှောက်ထားနိုင်သည်။ အခွန်အရာရှိက လျှောက်ထားမှုကို လက်ခံရရှိသည့်အခါ ပုဒ်မ ၁၃ အရ ပြဋ္ဌာန်းထားသည့် စည်းမျဉ်းနှင့်အညီ အများပြည်သူသိစေရန် ကြေညာရသည်။
(၁၀) ကာလစည်းကမ်းသတ်ကို အကြောင်းပြု၍ ချေပခြင်းပင် မပြုသော်လည်း ပလပ်ရခြင်း၊ မိမိသဘောဆန္ဒအလျောက် ပြဿနာကိုဖော်ထုတ်ဆုံးဖြတ်ရန် တာဝန်ရှိခြင်း
ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၃ တွင် စည်းကမ်းသတ်ကာလကုန်ဆုံးပြီးမှ စွဲဆိုသည့် တရားမကြီးမှု၊ အယူခံမှုနှင့် လျှောက်ထားမှုတို့ကို ကာလစည်းကမ်းသတ်ချက်ကို အကြောင်းပြု၍ ချေပခြင်းပင် မပြုသော်လည်း ပလပ်ရမည်ဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ် ၁၄၄ အရ အဆိုလွှာတွင် တရားလိုဖြစ်သူသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ ထိုပစ္စည်း၏ အကျိုးခံစားခွင့်ကိုဖြစ်စေရလိုကြောင်း စွဲဆိုရာတွင် တရားပြိုင်ဖြစ်သူ လက်ရှိထားခြင်းအတွက် တရားလိုနှင့် ဆန့်ကျင်လာသည့် အချိန်မှ စ၍ (၁၂) နှစ်အတွင်း တရားစွဲဆိုရပေမည်။
ကာလစည်းကမ်းသတ်ပြဿနာမှာ တရားရုံးရှေ့မှောက်ရှိ ဝန်ခံထားသော သို့မဟုတ် သက်သေ ထင်ရှားပြပြီးဖြစ်သော အကြောင်းခြင်းရာများအရ အဆုံးအဖြတ်ပေးနိုင်သည့် ဥပဒေဆိုင်ရာပြဿနာသက်သက်ဖြစ်လျှင် တရားရုံးသည် ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၃ အရ မိမိသဘောဆန္ဒအလျောက် ပြဿနာကို ဖော်ထုတ်အဆုံးအဖြတ်ပေးရန် တာဝန်ရှိသည်။
ကာလစည်းကမ်းသတ်ပြဿနာသည် အမှုတစ်ခုလုံးဆုံးဖြတ်ရန် အရေးပါသောပြဿနာဖြစ်သည်။ မူလရုံးကဆုံးဖြတ်ရန် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ သို့တည်းမဟုတ် မှားယွင်းဆုံးဖြတ်ခဲ့လျှင်ဖြစ်စေ အမှုတွင်ထင်ရှားပေါ်ပေါက်၍ ဝန်ခံပြီးအချက်ရှိနေလျှင် နောက်ဆုံးအယူခံရုံးက ဆုံးဖြတ်နိုင်သည်။
(၁၁) တရားပြိုင်ဖြစ်သူ လက်ရှိထားခြင်းအတွက် တရားလိုနှင့် ဆန့်ကျင်လာသည့် အချိန်မှစ၍ ၁၂ နှစ်အတွင်း တရားစွဲဆိုခြင်း
မြေကို သာမန်လက်ရှိထားခြင်းနှင့် ပိုင်ရှင်အားဆန့်ကျင်၍ လက်ရှိထားခြင်းမှာ ခြားနားသည်။ ကာလစည်းကမ်းသတ်ပြဿနာနှင့်စပ်လျဉ်း၍ သာမန်လက်ရှိထားခြင်းကို စဉ်းစားရန်မလိုဘဲ တရားလိုအား ဆန့်ကျင်လက်ရှိထားခြင်းမျိုးကိုသာ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ကျူးကျော်သူအား နှင်ထုတ်ပိုင်ခွင့်ကို ကျူးကျော်သည့်နေ့တွင် သက်ဆိုင်ရာမြေရှင် သို့မဟုတ် မြေကိုလက်ရှိထားသူကရရှိသည်။ ကျူးကျော်သူအား ဖယ်ရှားပေးစေရန် တရားစွဲဆိုခွင့် ထပ်တလဲလဲပေါ်ပေါက်သော အခွင့်အရေးမျိုးမဟုတ်၊ ကျူးကျော်သည့်နေ့တွင် စတင်ပေါ်ပေါက်သည့် စည်းကမ်းသတ်ကာလကို ထိုနေ့မှစ၍ စတင်ရေတွက်ရမည်ဖြစ်သည်။
(၁၂) ဆန့်ကျင်လက်ရှိပိုင်ဆိုင်ခွင့်
မြေဂရန်ကို သာမန်လက်ရှိထားခြင်းနှင့် ပိုင်ရှင်အားဆန့်ကျင်၍ လက်ရှိထားခြင်းမှာ ခြားနားသည်။ ကာလစည်းကမ်းသတ်ပြဿနာနှင့်စပ်လျဉ်း၍ သာမန်လက်ရှိထားခြင်းကို စဉ်းစားရန်မလိုဘဲ တရားလိုအားဆန့်ကျင်လက်ရှိထားခြင်းမျိုးကိုသာ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ပစ္စည်းလက်ရောက်ရလိုကြောင်း တရားစွဲဆိုရာတွင် ကာလစည်းကမ်းသတ် အက်ဥပဒေအရ ကန့်သတ်ထားသည့် ကာလကုန်ဆုံးသောအခါတွင် ထိုပစ္စည်း၏ ပိုင်ဆိုင်ခွင့်သည် ကုန်ဆုံးပြတ်စဲသွားသည်။ ယင်းပြဋ္ဌာန်းချက်ကိုအကြောင်းပြု၍ ကျူးကျော်သူက ပိုင်ရှင်အားဆန့်ကျင်၍ ဝင်ရောက်နေထိုင်မှုသည် (၁၂) နှစ်ကျော်လွန်သွားပါက ဆန့်ကျင်ဘက် လက်ရှိပိုင်ဆိုင်ခွင့် (Adverse possession) ရသွားသည်။
ကာလစည်းကမ်းသတ် ဥပဒေပထမဇယားအမှတ်စဉ် ၁၄၄ အရ သတ်မှတ်သည့်ကာလ စည်းကမ်းသတ်အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။ ထိုသို့တရားစွဲဆိုရာ၌ မြေလက်ရှိရသူ တရားခံသည်၊ တရားစွဲဆိုသူ တရားလိုအားစတင်၍ ဆန့်ကျင် လက်ရှိနေသည့်ရက်မှ ၁၂ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သည်။
တရားလိုတို့သည် အချင်းဖြစ်မြေကို လက်ရှိမရခဲ့ဖူးသည့်အတွက် တရားလိုတို့စွဲဆိုသည့်အမှုမှာ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယားအမှတ်စဉ် ၁၄၄ နှင့် အကျုံးဝင်မည်ဖြစ်သည်။ အမှတ်စဉ် ၁၄၄ အရ တရားပြိုင်၏ လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့် ဆန့်ကျင်လာသည့်အခါကစ၍ (၁၂) နှစ်အတွင်း အမှုစွဲဆိုရမည်ဖြစ်သည်။ ဆန့်ကျင် လက်ရှိထားသည်ဆိုသည်မှာ အမှန်တကယ်လက်ရှိထားခြင်းရှိရမည့်အပြင် ပိုင်ရှင်ကဲ့သို့ ထင်ထင်ပေါ်ပေါ် ကျူးကျော်လက်ရှိဖြစ်ခြင်းကို ဆိုလိုသည်။ ဆန့်ကျင်လက်ရှိမြောက်ရန် ကိုယ်ထိလက်ရောက် သီးခြားလက်ရှိထားမှုသည် ပွင့်လင်းရမည်၊ ဆန့်ကျင်ရမည်၊ ပိုင်ရှင်အဖြစ် လက်ရှိထားရန် ကြံရွယ်ချက်ရှိရမည်ဖြစ်သည်။
ဆန့်ကျင်လက်ရှိထားသည်ဆိုသည်မှာ အမှန်တကယ် လက်ရှိထားခြင်းရှိရမည့်အပြင် ပိုင်ရှင်ကဲ့သို့ ထင်ထင်ပေါ်ပေါ် ကျူးကျော်လက်ရှိဖြစ်ခြင်းကို ဆိုလိုသည်။ ဆန့်ကျင်လက်ရှိမြောက်ရန် ကိုယ်ထိလက်ရောက်သီးခြားလက်ရှိထားမှုသည် ပွင့်လင်းရမည်၊ ဆန့်ကျင်ရမည်၊ ပိုင်ရှင်အဖြစ် လက်ရှိထားရန် ကြံရွယ်ချက်ရှိရမည်ဖြစ်သည်။
(၁၃) တရားစွဲဆိုရမည့်သူ၌ ပစ္စည်းတွင် အခွင့်အရေး မရှိတော့ခြင်း
ကာလစည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ သည်ဆန့်ကျင်လက်ရှိထားသူ၏ ပိုင်ဆိုင်ခွင့်ရသွားပြီဟု ပြဋ္ဌာန်းထားခြင်းမဟုတ်။ တရားစွဲဆိုရမည့်သူ၌ ပစ္စည်းတွင် အခွင့်အရေးမရှိတော့ကြောင်းသာ ပြဋ္ဌာန်းခြင်းဖြစ်သည်။ ထို့ကြောင့် မူလရုံးက တရားလိုသည် ဆန့်ကျင်လက်ရှိထားခြင်းဖြင့် ပိုင်ရှင်အဖြစ်သို့မရောက်ဟုဆိုကာ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၂ တွင် အကျုံးမဝင်သဖြင့် စွဲဆိုသောအမှုကို ပလပ်ခြင်းမှာမှားသည်ဟု မဆိုနိုင်ပေ။
(၁၄) အမှုကို ပြီးပြတ်စေနိုင်သော အမှန်တရားကို ဆောလျင်စွာ စရိတ်ကျဉ်းကျဉ်းဖြင့် အမြင့်ဆုံးအယူခံအဆင့်အထိ တက်ရောက်၍ အဆုံးအဖြတ်ခံယူနိုင်ခြင်း
တရားမမှုတွင် တစ်ဖက်တစ်ချက် အဆိုအချေတို့မှ ရုံးကကောက်ချက် အသီးသီးတွက်၍ စစ်ဆေး ရသည်။ ယင်းကောက်ချက်တို့တွင် တရားစွဲဆိုပိုင်ခွင့်ရှိ၊ မရှိ ဥပမာကာလစည်းကမ်းသတ်လွန် နေ၊ မနေ စသော ဥပဒေပြဿနာပါလာတတ်သည်။ ယင်းကဲ့သို့သော ပြဿနာကို ပြည့်စုံစွာစစ်ဆေး၍ ဦးစွာဆုံးဖြတ်လျှင် အခြားကောက်ချက်များကို စစ်ဆေးရန်မလိုဘဲ အမှုပြီးပြတ်သွားနိုင်သည်။
အဓိကကျသည့် အခြေခံဖြစ်သော အမှုလုံး၏ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သော ပထမကောက်ချက် ပေါ်တွင် ရုံးကအဆုံးအဖြတ်ပေးလျှင် ယင်းဆုံးဖြတ်ချက်မှ အယူခံဝင်ကာ၊ အယူခံဆုံးဖြတ်ချက်ကို မကျေနပ်သူက နောက်တစ်ဆင့်တက်၍ အခွင့်ထူးအယူခံဝင်ခွင့်ကိုပင် လျှောက်ထားနိုင်ခွင့်ရှိအပ်သည်။ သို့မှသာလျှင် အမှုကိုအမြစ်ရင်းမှ ဖြိုနိုင်စေသော၊ အမှုကိုပြီးပြတ်စေနိုင်သော အမှန်တရားကို ဆောလျင်စွာ စရိတ်ကျဉ်းကျဉ်းဖြင့် အမြင့်ဆုံးအယူခံအဆင့်အထိ တက်ရောက်၍ အဆုံးအဖြတ်ခံယူနိုင်ရန်ဖြစ်သည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းများ၊ အထူးသဖြင့် မြေ၊ အိမ်၊ အဆောက်အအုံများနှင့် ပတ်သက်သော လက်ရှိပိုင်ဆိုင်မှု၊ လက်ရောက်ရလိုမှုနှင့် ဆန့်ကျင် လက်ရှိထားမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ စီရင်ထုံးများကို သိရှိနားလည်လက်ခံကျင့်သုံးခြင်းဖြင့် ပြည်သူအချင်းချင်း ဖြစ်ပွားသော အငြင်းပွားမှုများလျော့နည်းလာကာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို အထောက်အကူပြုနိုင်စေရန် စုဆောင်းတင်ပြအပ်ပါသည်။ ။
