အာဇာနည်ဂုဏ်ဒြပ်တို့နှင့် ပြည့်ဝလိုသော် . . .
မိုးကေနိုင်
ယနေ့ခေတ်ကြီးတွင် အာဇာနည်ဟူ၍ ရှားပါးသွားပြီဟု ဆိုနိုင်ပါသလား၊ အာဇာနည်တစ်ဦးတွင် ရှိထိုက်သည့် ဂုဏ်ဒြပ်တို့နှင့် တိုင်းတာလျှင်မူ များစွာလျော့ပါးသွားပြီဟု ဆိုနိုင်ပါမည်။ အမှန်တကယ်လည်း နည်းပါးနေသည်၊ အာဇာနည်ဂုဏ်ပုဒ်များ ဖြည့်ဆည်းရန် ကွက်လပ်တို့သာ များလာနေသည်၊ လိုအပ်ချက်က များလာသည်၊ ယနေ့ခေတ်တွင် အာဇာနည်အမှတ်တံဆိပ်ကို မှန်မှန်ကန်ကန် ခတ်နှိပ်နိုင်မည့် အာဇာနည်များစွာ လိုအပ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
အာဇာနည်ဟူသည်
မိမိလုပ်ရပ်သည် အများအတွက်ဖြစ်ရဲ့လား၊ အတ္တထက် အများအတွက် အကျိုးဖြစ်ရဲ့လား၊ အမှားနှင့်အမှန်ကို ပိုင်းခြားနိုင်သည့် ယုံကြည်ချက်မျိုးရှိကြရဲ့လား၊ အမှားလုပ်ရမှာ တွန့်ဆုတ်လျက်၊ အမှန်ကို ရဲရဲဝံ့ဝံ့လုပ်လျက် အမှားမလုပ်၊ အမှန်သာလုပ်မည်ဆိုသော ခံယူချက်မျိုးထားနိုင်ပါ့မလား။
အမှားကိုအမှားအတိုင်း၊ အမှန်ကို အမှန်အတိုင်း အယူမှန်၊ အမြင်မှန်လျက် တကယ့်အမှန် တရားလက်ကိုင်ထား၊ အများအတွက် မိမိအသက် ပဓာနမထား ပေးဆပ်မည်ဆိုသည့် ခံယူချက်၊ တကယ်လည်း အမှန်တရားဘက်မှရပ်တည်လျက် စွန့်စွန့်စားစား အသက်ကို ပေးဆပ်ရဲသည့်သူမျိုး၊ မိမိအသက်ကို ပေးဆပ်ခဲ့သလောက် လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်လည်း အမှန်တကယ် ကောင်းသွားခဲ့သည်၊ အကျိုးရှိသွားခဲ့သည်၊ ငြိမ်းချမ်းခဲ့သည်၊ တိုးတက်ဖွံ့ဖြိုးသွားသည်မျိုး... ထိုသို့သော လက္ခဏာ၊ ဂုဏ်ထူးဝိသေသများနှင့်အတူ ရင်းနှီးမှုများစွာ၊ ပေးဆပ်မှုများစွာနှင့် ရယူခဲ့သည့် အကျိုးကျေးဇူးများ၊ သက်ရောက်မှုကောင်းများနှင့် ပြည့်စုံမှသာလျှင် အာဇာနည်ဟု ဆိုချင်သည်။ တစ်နည်းအားဖြင့် မြင့်မြတ်သူတို့၏နှလုံးသား၊ ထိုအလှတရားတို့နှင့် ပြည့်စုံသူကိုသာ အာဇာနည်ဟု ဆိုထိုက်သည်။
ဘာကြောင့် အာဇာနည်တစ်ဦးဖြစ်ထိုက်ဖို့ အမှန်တရားကို ထိုမျှအမွှမ်းတင်နေရပါသလဲ၊ အယူမှန်၍ အမှားအမှန်သိသူသည် သစ္စာရှိမှုနယ်ပယ်တွင်ပါ သာလွန်သွားသောကြောင့် ဖြစ်သည်။ မည်သူ့ကို သစ္စာရှိရမည်၊ မည်သည့်အဖွဲ့ကို သစ္စာထားရမည်၊ ဘယ်အရာကို သစ္စာထိုက်သင့်သည်ကို မှန်မှန်ကန်ကန် သိသွားနိုင်သောကြောင့်ဖြစ်သည်။ ထိုမျှ သိသွားသူတစ်ဦးမှာ တွေတွေဝေဝေ ရှိနိုင်ပါဦးမလား၊ ထိုသူသည် မိမိအတွက် ထက် အများအပေါ်မှာ သစ္စာရှိရမည်ကို သိသွားပါပြီ။ နိုင်ငံနှင့်လူမျိုးအပေါ်မှာ သစ္စာရှိရမည်ကိုပါ သိသွားခဲ့ပါပြီ။ ထို့ထက်ပိုလျှင် လူသားအားလုံးအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ ငါဘယ်လောက်ကောင်းအောင် လုပ်ပေးနိုင်မလဲ၊ ဘာလုပ်သင့်သလဲ၊ သစ္စာတရားကို ကောင်းကောင်းသိ၍ ကောင်းကောင်းလုပ်ပေးနိုင်ဖို့ သူကိုယ်တိုင် စဉ်းစားမိပါပြီ။ တွေဝေမှုမရှိ၊ ထုံထိုင်းမှုမရှိ၍ လူမိုက်တစ်ဦး မည်သို့မှမဖြစ်နိုင်၊ ပညာရှိတစ်ဦးပမာ ခံစားနားလည်နိုင်ပါပြီ။ ဤသည်ပင် ပညာထပ်ဆင့်၍ သစ္စာတရားမြှုပ်နှံထားသော အာဇာနည်တစ်ဦးပမာ ခံယူစံထားထိုက်ပါပြီ။
သို့ဆိုလျှင် အာဇာနည်တစ်ဦးဖြစ်ရန်အတွက်မှာ အများအတွက် သစ္စာထားပြီး ပညာရှိဆန်ကာ ပညာဗဟုသုတနှင့် ပြည့်စုံနေရမည်သာဖြစ်သည်။ ထို့အတွက် စာဖတ်များပြီး အသိပညာကြွယ်ဝသူ ဖြစ်နေရမည်။ ထိုသူတို့သည် စာပေများစွာကို ဖတ်နိုင်ရမည်။ အမှားနှင့်အမှန်ကို ပိုင်းခြားသိသည့်အပြင် အကြောင်းနှင့်အကျိုး၊ ထိုအကြောင်းကြောင့် ထိုအကျိုးတရားဖြစ်ရသည်ဆိုသည်ကို ကောင်းစွာသိမြင်သွားသူဖြစ်သင့်သည်။ ပညာအပေါ်မှာ လက်တွေ့ထပ်ဆင့်အသုံးချ၍ ထိုမှတစ်ဆင့် အတွေ့အကြုံရင့်ကျက်သူဖြစ်လာမည်။ ထို့ကြောင့်လည်း အာဇာနည်ဟု ခေါ်ဆိုထိုက်သူများကို လက်ရုံးရည်ရောနှလုံးရည်ပါ ပြည့်စုံပြီး ကျွမ်းကျင်လိမ္မာသူများ ဖြစ်သည်ဟု ဆိုနေခြင်းဖြစ်သည်။ သာမန်ထက် ပို၍ထူးကဲသော အရည်အသွေးများပင်ဖြစ်သည်။
အခြေခံကိုယ်ရည်ကိုယ်သွေး
ထိုသို့သော အာဇာနည်ဟုဆိုထိုက်သည့် ဂုဏ်ထူးဝိသေသများ ပြည့်စုံနေသူတစ်ဦးမှာအခြေခံအားဖြင့် မည်သို့သော ကိုယ်ရည်ကိုယ်သွေးများ ရှိနေပါသလဲ။ ဆန်းစစ်ကြည့်ရအောင်ပါ။ အခြေခံအားဖြင့် ရိုးသားဖြောင့်မတ်မှုပင်ဖြစ်သည်။ အမှားမလုပ် အမှန်သာလုပ်သည့် ကောင်းမွန်သော စာရိတ္တနှင့်အတူ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း လုပ်တတ်၊ ကိုင်တတ်သည့် ဖြောင့်မတ်မှုကပင် ထိုသူကို လူကောင်းတစ်ယောက် ဖြစ်သွားစေမည်ဖြစ်သည်။
ကိုယ်ကျင့်သီလကောင်းသည်ဆိုသော အရာသည် ရိုးသားမှုမှဆင်းသက်ပြီး ထိုသူအတွက် အများ အမြင်တွင် ပုံရိပ်ကောင်းကိုရစေသည်။ ကောင်းတာ လုပ်သည်ဆိုတော့ ကိုယ်တိုင်ပင် မပြတ်အားထုတ်ဖြစ်သည်။ မဆုတ်မနစ်ကြိုးစားရသည်။ ဤသည်ပင် ပန်းတိုင်ရောက်အောင် အားထုတ်ကြိုးပမ်းသည့် ဝီရိယဖြစ်သည်။
အောင်မြင်မှုအတွက် ခွန်အားတစ်ခု ဖြစ်လာသည်။ ပညာ၊ ဝီရိယ၊ သီလဆိုသော လက်နက် များဖြင့် မကောင်းသောအရာများကိုပယ်ပြီး ကောင်းသောအရာများကို ဖြစ်ပေါ်စေသောကြောင့် အောင်မြင်မှုကို စဉ်ဆက်မပြတ်ရရှိစေသည်။ လူ့အဖွဲ့အစည်းတစ်ခုအတွက် ဘဝတစ်သက်တာ တည်မြဲသောဖွံ့ဖြိုးမှုနှင့်အတူ ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေသည့် လက်နက်ကောင်းတစ်ခုပင်ဖြစ်သည်။
ထိုသို့သော ကိုယ်ရည်ကိုယ်သွေးများ၊ ဂုဏ်ထူးဝိသေသထူးများနှင့် ပြည့်စုံသောသူများကို လေးစားထိုက်သူ၊ မြတ်နိုးထိုက်သူ၊ ပူဇော်ခံထိုက်သူများအဖြစ် ပုံဖော်နိုင်သည့် အရည်အသွေးများ မိမိတို့ထံ တွင်လည်း ရှိနေဖို့လိုအပ်သည်။ တန်ဖိုးထိုက်သူကို တန်ဖိုးထားရကောင်းမှန်းသိလျှင်ပင် ထိုသူသည် လူတော်ဖြစ်နေပါပြီ။ ထိုအရည်အသွေးများ မိမိတို့ထံမှာ ပြည့်စုံနေဖို့လိုသလို အနာဂတ်မျိုးဆက် လူငယ်များအတွက်လည်း မျှဝေဖြန့်ကြက်ပေးနိုင်ရန်လိုပါသည်။ ထို့ကြောင့်လည်း ထိုအရည်အသွေးများကို ယခုလို အာဇာနည်နေ့အခွင့်အခါကြုံခိုက် မျှဝေနေခြင်းဖြစ်သည်။ ထိုသို့သော ဝိသေသထူးမြတ် ဂုဏ်နှင့်ပြည့်စုံသူများ မြန်မာ့သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်မရှိမဟုတ် ရှိခဲ့ပါသည်။ ယနေ့ခေတ်မှာ ရှားပါးလွန်း၍ မမြင်နိုင်ငြား နိုင်ငံ့သမိုင်းတွင် အမှန်တကယ်ရှိခဲ့သည်။ မမြင်ယောင်ဆောင်၊ မသိဟန်ဆောင်ငြား ခေတ်အဆက်ဆက်ရှိခဲ့ပါသည်။
ပါရမီနှင့် ယှဉ်၍
ဘာသာသာသနာရေးရှေ့တန်းတင်၍ သာသနာဘက်ကို ဦးစွာကြည့်ကြည့်ပါ။ မြတ်စွာဘုရား သာသနာခေတ်တွင် ဘုရားရှင်မှအစ လောဘ၊ ဒေါသ၊ မောဟ ကိလေသာကို စွန့်ခွာသည့် သာသနာ့အာဇာနည်ဟူ၍ အမြောက်အမြားရှိခဲ့သလို ယနေ့ခေတ်တွင်လည်း သာသနာအတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အများအတွက် ဖြည့်ကျင့်သည့် သာသနာ့အာဇာနည်များ ပေါ်ထွက်ဆဲပါ။ ပါရမီရှိသူဟူ၍ တင်စားလောက်သည့် သာသနာဘောင်အတွင်း ရဟန်းသံဃာတော်များမက လူပုဂ္ဂိုလ်အများပင်ရှိပါသည်။
လောဘဟူ၍ နည်းလွန်းစွာဖြင့် အယုတ်အလတ် အမြတ်မရွေး ပေးကမ်းစွန့်ကြဲလှူဒါန်းနေသူများ၊ အတတ်နိုင်ဆုံး သီလစောင့်ထိန်းသူများ၊ ပညာဉာဏ်ရင့်သန်အောင် ကြိုးပမ်းနေသူများ၊ အမှန်တရားအတွက် ဝီရိယကြီးသူများ၊ သည်းခံခွင့်လွှတ် ခန္တီတရားကြီးသူများ၊ ကိုယ့်အတွက်ထက် သူတစ်ပါးအကျိုး ပို၍အလေးထား မေတ္တာကြီးသူများ၊ ချစ်ခြင်း မုန်းခြင်းကင်း အဂတိကင်းအောင် ကြိုးစားနေသူများ၊ ထိုထိုအရာများအားလုံးအတွက် မိမိခန္ဓာကိုယ် အစိတ်အပိုင်းကိုပင် စွန့်လွှတ်ခဲ့သူများ၊ ခန္ဓာကိုယ်ပင်မက မိမိအသက်ကိုပါ ပေးလှူထားသူများ၊ ပေးလှူခဲ့သူများ၊ ထိုထိုပါရမီရှိသူအားလုံးကို အာဇာနည်ပုဂ္ဂိုလ်များဟူ၍ စံပြုလိုက်ကြပါစို့လား။
သင်ခန်းစာများစွာဖြင့်
အာဇာနည်ဆိုသော ဂုဏ်ပုဒ်ကိုတိုင်းတာသည့် ပေတံတစ်ခုနှင့် တိုင်းတာမည်ဆိုလျှင် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဟူသော ရလဒ်ကောင်းတစ်ခုကို အသက်ပေး၍ ရယူခဲ့သည့် သခင်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများကို ဘယ်သောအခါမှ မမေ့သင့်ပါ။ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံရသည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အစွဲပြု၍လည်း တစ်မျိုးသားလုံးအတွက် အာဇာနည်နေ့တစ်ရက်ကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုခေတ် ထိုအခါက အင်္ဂလိပ်ကိုလိုနီအောက် နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ရပြီး နယ်ချဲ့မှန်သမျှ မုန်းတီးရွံရှာသည့် မြန်မာတို့အတွက် လွတ်လပ်ရေးကို အရယူရန်သည် တစ်မျိုးသားလုံးအတွက် အမှန်တရားဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့ရသည့် အသက်သွေးချွေးများ မနည်းခဲ့ပါ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်တည်း ကြိုးစားရုံဖြင့် အရယူနိုင်ခဲ့ခြင်းလည်း မဟုတ်ပါ။ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့သည်နှင့် တစ်ပြိုင်နက် တိုင်းရင်းသားပေါင်းစုံ၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားလူထုလူတန်းစားပေါင်းစုံက ရရာလက်နက်စွဲကိုင်၍ အနုအကြမ်း၊ အတွင်းအပြင် နည်းလမ်းစုံဖြင့် နှစ်ပေါင်းဆယ်ချီ တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ လွတ်လပ်ရေးအတွက် အဓိကရည်သန်၍ တိုင်းရင်းသားများ စုစည်းညီညွတ်မှုကို ရယူတည်ဆောက်ကာ စည်းလုံးမှုအားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖော်ဆောင်ပြီး ဝီရိယထား မပြတ်ကြိုးစားအားထုတ်မှု၏ ရလဒ်၊ အကြောင်းကောင်း၍ အကျိုးကောင်းခဲ့သည်ဆိုသော သင်ခန်းစာများစွာကို ရယူနိုင်မည်ဟု ယူဆပါသည်။
ထို့အတူ ဗိုလ်ချုပ်တို့ ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့်အတူ ဖြစ်တည်လာသည့် ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တစ်စုတစ်တည်းရှိရမည့် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ နိုင်ငံ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိုအရေးသုံးပါးတို့သည် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားများဖြစ်၍ နိုင်ငံအတွက် အလွန်အရေးကြီးသော အမှန်တရားများလည်း ဖြစ်ပါသည်။ အရေးကြီးသည့် ထိုအရေးသုံးပါးကို ယနေ့ထိတိုင် အသက်ခန္ဓာပေးလှူ စွန့်လွှတ်နေသူများသည်လည်း ယနေ့ခေတ်၏ အာဇာနည်များပင် ဖြစ်ပါသည်။
ထိုစွန့်လွှတ်ရဲသူတို့ကြောင့် ယနေ့နိုင်ငံတော်ကြီး တည်တံ့နေခြင်းဖြစ်သည်။ ပြည်ထောင်စုကြီး ပြိုကွဲမသွားခြင်းဖြစ်သည်။ မြန်မာစကား၊ ဘာသာစာပေသမိုင်း၊ ယဉ်ကျေးမှု အနုသုခုမလက်ရာများ မတိမ်ကောပပျောက်မသွားခြင်းမှာ ထိုအာဇာနည် စိတ်ဓာတ်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နေသူများကို လည်း လေးစားထိုက်သူများ၊ တန်ဖိုးထားရမည့်သူများဟု ဆိုထိုက်ပါသည်။
ယခုအချိန်မှာ ဖော်ပြပါအမျိုးသားအကျိုး စီးပွားများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက် နေခြင်းနှင့်အတူ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးနေသည်ဖြစ်၍ ယခုမျိုးဆက်တင်မက နောင်မျိုးဆက် အဆက်ဆက်အတွက်ပါ စဉ်းစားပြီး ဆောင်ရွက်နေပြီလည်းဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ဝေဖန်သုံးသပ်ဆင်ခြင်ဉာဏ်အားဖြင့် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုကို အရယူနိုင်ရန် ပညာရေးကို အားပေးမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် ကြိုးစားဆောင်ရွက်နေပါပြီ။ ရလဒ်ကောင်းများရဖို့ အကြောင်းတရားကောင်းများ အခြေတည်နိုင်မည့် အခွင့်အလမ်းကောင်းများလည်း ရှိနေပါပြီ။ မလွတ်တမ်း ဆုပ်ကိုင်နိုင်မည့် အာဇာနည်များ ထွက်ပေါ်လာရန်သာ ဖြစ်သည်။
သို့သော် ပို၍အရေးကြီးသည်မှာ အထက်ဖော်ပြခဲ့သော အာဇာနည်စိတ်ဓာတ်၊ အာဇာနည်ခွန်အား များ၏ ဆန့်ကျင်ဘက်၊ လူ့အဖွဲ့အစည်းကို ပြိုကွဲစေသော အတ္တ၊ မာန်မာန၊ အဂတိတရားများ မလွန်ကဲရန်ပင်ဖြစ်သည်။ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းဆဲ လမ်းရှင်းထားသည့် အချိုးအကွေ့တစ်ခုမှာ ကျယ်ပြန့်သောအတွေးများဖြင့် ထိုအချက်သည် အလွန်အရေးကြီးသည်ဟု ယူဆပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
