Skip to main content

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ

ကျော်သန်း

၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပါသည်။

မြန်မာ့ကာယဗလအားကစားကို တိုးတက်မြင့်မားစေရေးအတွက် အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-

(က) ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (WBPF)၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (ABBF) နှင့် အရှေ့တောင်အာရှ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (SEABPF) တို့၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊

(ခ) နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပခြင်းဖြင့် အာဆီယံဒေသတွင်းနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးရန်၊

(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ငြိမ်အေးချမ်းသော ပကတိအခြေအနေကို ပြိုင်ပွဲဝင်နိုင်ငံအသီးသီးက အမှန်အတိုင်း သိမြင်နားလည်စေရန်၊

(ဃ) နိုင်ငံတော် စဉ်ဆက်မပြတ် တိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင်ပေးရန်။

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများကို ပြန်လည်သုံးသပ်ကြည့်ပါက နိုင်ငံတော်၏ အားပေးမှု၊ ဝန်ကြီးဌာန၏ပံ့ပိုးမှု၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုတို့ဖြင့် မှတ်တမ်းကောင်းများ ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။

ကာယဗလနှင့် ကာယအလှ အားကစားလှုပ်ရှားမှုများကို စတင်ကြိုးပမ်းဆောင်ရွက်

၁၉၉၁ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်ကို သီးခြားဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စိန်လွင်သည် ကာယဗလနှင့် ကာယအလှ အားကစားလှုပ်ရှားမှုများကို စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ နှစ်စဉ် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာ ပြိုင်ပွဲများသို့ ဗလမောင်များ စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါသည်။

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဝင်းက လွှဲပြောင်းယူခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးကျော်ဝင်းသည် ကာယဗလအားကစားကို ငယ်စဉ်ကပင် ရူးသွပ်ခဲ့သူတစ်ဦးဖြစ်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကာယဗလအားကစားကို အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများက လေးစားလောက်သည့်အဆင့် ရောက်ရှိရေးကို ရည်မှန်း၍ အားကစားတိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ဆွေ၊ အတွင်းရေးမှူး ဦးစိုးဝင်းတို့နှင့်အတူ တန်းမြင့် မောင်ပြိုင်ပွဲ၊ မောင်/ မယ်တက္ကသိုလ်ပြိုင်ပွဲနှင့် မောင်မြန်မာ၊ မယ်မြန်မာပြိုင်ပွဲတို့ဖြင့် မြန်မာ့ကာယဗလအားကစားကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာပြိုင်ပွဲများတွင် အတွေ့အကြုံကောင်းများရရှိရေးအတွက် အာရှကာယဗလအဖွဲ့ချုပ်၊ ကမ္ဘာ့ကာယဗလအဖွဲ့ချုပ်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

အာရှကာယဗလအဖွဲ့ချုပ် (ABBF) ကို ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် နိုင်ငံခြောက်နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သဖြင့် ကနဦးကပင် မြန်မာ့ကာယဗလအားကစားမှာ နိုင်ငံတစ်ဝန်း လေ့လာလိုက်စားကစားလျက်ရှိခဲ့ရာမှ ထူးချွန်သည့် အလားအလာကောင်းရှိသူများကို မွေးထုတ်ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။

အာရှကာယဗလအဖွဲ့ချုပ် (ABBF) သည် အရှေ့တောင်အာရှဒေသအတွင်း နှစ်နှစ်လျှင် တစ်ကြိမ် လက်ခံကျင်းပကြသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလအားကစားကို ထည့်သွင်းကျင်းပခြင်းမပြုပါက ကာယဗလကို လေ့လာလိုက်စားသည့် အားကစားသမားများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးပြီး ကာယဗလအားကစားနည်း ကျဆင်းသွားမည်ကို စိုးရိမ်သဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ကာယဗလအားကစားကို အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပခြင်းမပြုသည့်နှစ်များတွင် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲများကို သီးခြားကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းအတွက် ကာယဗလအားကစားမှာ အာရှအဖွဲ့ချုပ်၏အားပေးပံ့ပိုးမှုဖြင့် နှစ်စဉ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲများ ကျင်းပနိုင်ပြီး အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။

ပထမအကြိမ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ

၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် အာရှကာယဗလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Paul Chua ၏ ဦးဆောင်မှုဖြင့် စင်ကာပူနိုင်ငံ ကာယဗလအဖွဲ့ချုပ်က ပထမအကြိမ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အရှေ့တောင်အာရှ ကိုးနိုင်ငံမှ ကာယဗလပြိုင်ပွဲ အတန်း (၇) တန်းတွင် အားကစားသမား ၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက ရွှေ (၁)၊ ငွေ (၁)၊ ကြေး (၁) ရရှိကာ အသင်းလိုက်တံခွန်စိုက်ဆုတွင် မြန်မာနိုင်ငံက တတိယ ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်နေ့အထိ ဒုတိယအကြိမ် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ခမ်းနားအောင်မြင်စွာ လက်ခံကျင်းပခဲ့ပါသည်။ ဤပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ပထမဆုံး အိမ်ရှင်နိုင်ငံအဖြစ် ကာယဗလအားကစားပြိုင်ပွဲကို လက်ခံကျင်းပခြင်းဖြစ်ရာ ထိုစဉ်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးကိုလေး၏ အဓိကပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားရုံ (၁) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ယင်းပြိုင်ပွဲသို့ အရှေ့တောင်အာရှ နိုင်ငံ ကိုးနိုင်ငံမှ အားကစားသမား ၄၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကာယဗလပြိုင်ပွဲ (၇) တန်းတွင် မြန်မာနိုင်ငံက ရွှေ (၂)၊ ငွေ (၃)၊ ကြေး (၁) ရရှိခဲ့ပြီး အသင်းလိုက် တံခွန်စိုက်ဆုရရှိခဲ့ပါသည်။ (၆၀) ကီလိုတန်းအားကစားသမား အောင်နိုင်က အကောင်းဆုံး ကိုယ်ဟန်ပြဆုကို ရရှိခဲ့ပါသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ ကာယဗလတံခွန်စိုက်ပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံက ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် မှ ၂၆ ရက်နေ့အထိ (၅၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလ တံခွန်စိုက်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ အားကစားသမားပေါင်း ၁၁၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အောင်နိုင်နှင့် ဇော်သိန်းနိုင်တို့က ငွေတံဆိပ်ဆု နှစ်ဆု၊ ထွန်းထွန်းအောင်က ကြေးတံဆိပ် တစ်ဆု ရရှိပါသည်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ကမ္ဘာ့အဆင့် ကာယဗလပြိုင်ပွဲဖြစ်သည့်အပြင် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးအမျိုးသားအသင်း ပထမဆုရရှိခဲ့၍ ကာယဗလအားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

အဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့ MCC ခန်းမကြီးတွင် (၁၁) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလအားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး နိုင်ငံ ခုနစ်နိုင်ငံက အားကစားသမား ၄၀ က ကာယဗလပြိုင်ပွဲ (၈)တန်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံက ရွှေ (၃)၊ ငွေ (၂)၊ ကြေး (၂)ဖြင့် အောင်မြင်မှုရရှိခဲ့ပါသည်။

အမျိုးသမီးကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများကိုပါ စတင်ထည့်သွင်းကျင်းပ

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်ကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများကိုပါ ကနဦးစတင်ထည့်သွင်းကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဖွဲ့ချုပ်သည် အမျိုးသားကာယ ဗလပြိုင်ပွဲများအပြင် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲများဖြစ်သည့် Women Athletic Physique၊ Women Model Physique တို့ကိုပါ ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသမီးများ၏ အောင်မြင်မှုများကို ရယူပေးနိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့ရာတွင် ကာယဗလအားကစားကို ထည့်သွင်းကျင်းပခွင့်ရရှိခဲ့ပါသည်။ ပြိုင်ပွဲကို ရန်ကုန်မြို့ MCC ခန်းမကြီးတွင် ၁၄.၁၂.၂၀၁၃ ရက်နေ့မှ ၁၅.၁၂.၂၀၁၃ ရက်နေ့အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံက ရွှေ (၂)၊ ငွေ (၂) ရရှိ အောင်မြင်ခဲ့ပါသည်။ နိုင်ငံတော်က ဂုဏ်ယူစွာ လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကာယဗလအားကစား၏ အောင်မြင်မှုက နိုင်ငံ့ဂုဏ်ကို ထိုက်တန်စွာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ရန်ကုန်မြို့တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံမှ အားကစားသမား ၁၁၃ ဦးက ပြိုင်ပွဲအတန်း (၂၂) တန်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံက ရွှေ (၉)၊ ငွေ (၁၀) နှင့် ကြေး (၁၀)ခုရရှိပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ၏ ကြိုးစားအားထုတ်မှုဖြင့် နိုင်ငံတော်အတွက် အထူးအောင်မြင်မှုရရှိသည့်အပြင် ပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် မြန်မာအမျိုးသား/ အမျိုးသမီးအသင်းများက အသင်းလိုက်တံခွန်စိုက် ပထမဆု အသီးသီးရရှိခဲ့ပါသည်။

မှတ်တမ်းကောင်းများအဖြစ် သမိုင်းတင်ကျန်ရှိနေဆဲဖြစ်

ဤသည်တို့ကား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများ၏ အမှတ်ရစရာ၊ ဂုဏ်ယူစရာ မှတ်တမ်းကောင်းများအဖြစ် သမိုင်းတင်ကျန်ရှိနေဆဲဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ပြုခဲ့သော နိုင်ငံတော်နှင့် မြန်မာ့လက်ရွေးစင် ကာယဗလနှင့် ကာယကြံ့ခိုင်မှုမောင်မယ်များ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် အိမ်ရှင်နိုင်ငံအဖြစ် အောင်ပွဲများရရှိခဲ့သည့်အတွက် အဖွဲ့ချုပ်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်းနှင့် ယခုကျင်းပပြုလုပ်မည့် အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူစွာဖြင့် ကြိုဆိုပါကြောင်း ရေးသားလိုက်ရပါသည်။ ။