နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို အားပေးကြရမည်
စောအောင်လင်း
နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးကဏ္ဍဟာ ပင်မရေသောက်မြစ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်တွေ အများကြီးလိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ပညာတတ်တွေများကြသလို ပညာတတ်တွေများတဲ့ နိုင်ငံတွေဟာ အခြားနိုင်ငံတွေထက် ပိုပြီးတိုးတက်ကြပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ပညာရေးကဏ္ဍကိုအလေးထားပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်နေကြပါတယ်။
ပညာဆိုတာ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်၊ အတတ်လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အလုပ်တိုင်းမှာ ပညာတတ်မြောက်သူတွေက သာမန်သူတွေထက် ပိုပြီးတိုးတက် အောင်မြင်ကြပါတယ်။ ပညာမဲ့တဲ့သူ၊ နိမ့်ပါးသူတွေကတော့ ဘဝကို ပင်ပန်းကြမ်းတမ်းစွာ ဖြတ်သန်းရုန်းကန်ကြရပါတယ်။ ပညာတတ်တွေနဲ့သာ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုပြီးတိုးတက်အောင် ဆောင်ရွက်နိုင်ပါမယ်။ ပညာတတ်တွေနည်းပါးရင် မိမိအပါအဝင်၊ မိသားစု၊ ရပ်ရွာဒေသနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အောင်မြင်အောင် ဆောင်ရွက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဖိုးသုညတွေနဲ့ နိုင်ငံ တည်ဆောက်လို့မရဘူးလို့ ဆိုပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ လူတိုင်းပညာတတ်မြောက်မှုအားနည်းခဲ့ပါတယ်။ စစ်အတွင်း ပညာသင်ကြားဖို့ ခက်ခဲခဲ့ကြပါတယ်။ တချို့က သေစာရှင်စာဖတ်တတ်ရင် တော်လောက်ပြီဆိုတဲ့ မှားယွင်းတဲ့အယူအဆကြောင့် ပညာတတ်တွေနည်းပါးခဲ့ပါတယ်။ အထူးသဖြင့် မြို့ပြနေကြသူတွေထက် ကျေးလက်ဒေသမှာ နေထိုင်ကြသူတွေဟာ ပညာတတ်မြောက်မှုပိုပြီး နည်းပါးကြပါတယ်။ အမြင်ကျယ်သူတွေကတော့ မိမိတို့ရဲ့ သားသမီးတွေကို ပညာတတ်ဖြစ်အောင် ပျိုးထောင်ပေးခဲ့ကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် ပညာတတ်သူနဲ့ ပညာနည်းသူရဲ့ အရည်အသွေးတွေဟာ ကွာခြားနေတာကြောင့် ကျောင်းနေအရွယ်ကစပြီး ပညာတတ်မြောက်အောင် သင်ကြားပေးကြဖို့လိုပါတယ်။
အရင်က ပညာကို အတတ်ပညာနဲ့ အသိပညာလို့ ခွဲခြားနိုင်ပေမယ့် လက်ရှိကာလမှာ နည်းပညာဆိုတာလည်း ပါဝင်လာပါတယ်။ အတတ်ပညာဆိုတာ နှုတ်မှုလက်မှုပညာ၊ အသိပညာဆိုတာ ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှဖြစ်စေ ရရှိတာဖြစ်ပါတယ်။ နည်းပညာဆိုတာကတော့ တိုးတက်ပြောင်းလဲနေတဲ့ အခြေအနေတွေအရ ပေါ်ပေါက်လာတဲ့ အရည်အသွေးမြင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အတတ်ပညာ၊ အသိပညာတွေကို သင်ယူကြရမှာဖြစ်သလို နည်းပညာတွေကိုလည်း လေ့လာသင်ယူကြဖို့ လိုအပ်လာပါတယ်။
ဘယ်လိုပညာမျိုးကို သင်ယူသည်ဖြစ်စေ သင်ယူသူရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကြိုးစားသင်ယူလိုစိတ်က အရေးကြီးပါတယ်။ ပညာအတူ သင်ယူခဲ့ကြတာမှန်ပေမယ့် တစ်ဦးချင်းစီရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကြိုးစားသင်ယူမှုတွေ မတူညီကြတာကြောင့် ပညာတတ်မြောက်မှုတွေ ကွဲပြားသွားပါတယ်။ ဒါကြောင့် ဥစ္စာရှာတဲ့ ဒုတိယအရွယ်မှာ ပညာတတ်မြောက်မှုအပေါ်မူတည်ပြီး ဆင်းရဲချမ်းသာဆိုတဲ့အလွှာတွေ ကွဲပြားသွားတာဖြစ်ပါတယ်။
ပညာသင်တဲ့အခါ အခြေခံကစပြီး သင်ယူကြတာမှန်ပေမယ့် တစ်ဦးချင်းစီရဲ့ ခံယူနိုင်မှု စွမ်းအား၊ ကြိုးစားအားထုတ်မှုနဲ့ ပြန်လည်အသုံးချနိုင်မှုတွေအပေါ်မူတည်ပြီး အရည်အသွေးတွေ မတူညီကြတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ မူလတန်းပညာ စပြီးသင်ကြတော့ မြန်မာအက္ခရာတွေက အဝိုင်းပုံစံ ဖြစ်တာကြောင့် ဝလုံးကို ဝိုင်းနေအောင်ရေးတတ်ဖို့ အရင်ဆုံး ဝလုံးအက္ခရာရေးတာကို စပြီးသင်ခဲ့ကြရပါတယ်။ အတန်းတွေကြီးလာတဲ့အခါ ခံယူနိုင်မှုနဲ့ပြန်လည်အသုံးချမှုတွေ မတူညီကြတာကြောင့် လက်ရေးလှတဲ့သူနဲ့ လက်ရေးမလှတဲ့သူဆိုပြီး ကွဲပြားသွားပါတယ်။ ဒါကြောင့် ပညာသင်ယူချိန်မှာ သင်ကြားမှုတွေကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင် ကြိုးစားသင်ယူကြရပါမယ်။
နိုင်ငံတော်အနေနဲ့ ပညာတတ်တွေပေါများ လာဖို့နဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ပေးနေပါတယ်။ တစ်ဖက်မှာလည်း မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်းဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နိုင်ငံတော်ရဲ့ ဦးဆောင်မှုနဲ့ မိဘတွေနဲ့ ဆရာတွေကလည်း မိမိတို့ သားသမီး၊ တပည့်တွေကိုပညာတတ်တွေဖြစ်အောင်၊ ထူးချွန်ထက်မြက်သူတွေဖြစ်အောင် ဆောင်ရွက်ပေးကြရပါမယ်။
ပညာတက်ရောက်သင်ယူမှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှုဟာ တဖြည်းဖြည်း လျော့ကျလာတယ်လို့ သိရပါတယ်။ အသက်အုပ်စုအလိုက် ကျောင်းတက် ရောက်မှုမှာ ၁၄ နှစ်နဲ့ ၁၅ နှစ်ကြား အုပ်စုမှာ ၇၆ ရာခိုင်နှုန်း၊ ၁၅နှစ် မှ၂၄ နှစ်ကြား အုပ်စုမှာ ၃၁ ဒသမ ၆ ရာခိုင်နှုန်း နဲ့ ၂၅ နှစ်အထက်အုပ်စုမှာ သုညဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ အနာဂတ်နိုင်ငံအတွက် ကောင်းမွန်တဲ့အလား အလာမဟုတ်လို့ နိုင်ငံတော်အနေနဲ့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနှုန်း တိုးမြှင့်လာဖို့နဲ့ ကျောင်းထွက်နှုန်းကျဆင်းရေး၊ ကျောင်းမနေနိုင်တဲ့အရွယ်တွေကို ကျောင်းပြင်ပပညာတွေ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာအောင် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေကို အလေးထားမြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးအဆင့်အတန်း တိုးတက် မြင့်မားဖို့အတွက် နှစ် ၃၀ အမျိုးသားပညာရေးစီမံ ကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော်နေပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးနဲ့ KG + 9 ပြီးမြောက်ရေး၊ အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူတွေကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွေမှာ တက်ရောက်သင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းအခြေခံတွေ ရရှိနိုင်ဖို့ Grade 10၊ Grade 11 ၊ Grade 12 အတန်းတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုနည်းပညာရပ်များ သင်ကြားနိုင်ရေး၊ အဆင့်မီသူတွေကို သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားနိုင်ရေး အစီအမံတွေကို အကောင်အထည်ဖော်လျက်ရှိတာ တွေ့ရပါတယ်။
အနာဂတ်မှာ ပညာတတ်လူငယ်တွေ များပြားလာစေဖို့ Polytechnic University တွေ ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ အထူးသဖြင့် နေပြည်တော်မှာ Naypyitaw State Academy နဲ့ Naypyitaw State Polytech-nic University တွေကို ဖွင့်လှစ်ပြီး တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
မိဘတွေအပိုင်းမှာ မိဘတွေဟာ လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖဆိုတဲ့ စကားအတိုင်း သားသမီးတွေရဲ့ ပညာရေးကို စတင်ပျိုးထောင်ပေးသူတွေဖြစ်ပါတယ်။ ကျောင်းနေအရွယ်ရောက်တာနဲ့ သားသမီးတွေကို ပညာတတ်တွေဖြစ်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ ဘဝအခြေခံအုတ်မြစ်ခိုင်မာအောင် ကျောင်းအပ်နှံပြီး ပညာစတင်သင်ယူစေကြပါတယ်။ တချို့မိဘတွေဆိုရင် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း သားသမီးတွေရဲ့ အနာဂတ်ဘဝမှာ ပညာတတ်တွေဖြစ်လာအောင် ကြိုးစားပြီး ကျောင်းထားပေးကြပါတယ်။
မိဘဟာ ဥယျာဉ်မှူးဖြစ်ပြီး သားသမီးတွေဟာ ဥယျာဉ်အတွင်းမှာစိုက်ပျိုးထားတဲ့ သစ်သီးဝလံပန်းမန်တွေသဖွယ်ဖြစ်ပါတယ်။ ဥယျာဉ်မှူးရဲ့ ပြုစုပျိုးထောင်မှုဟာ စိုက်ပျိုးထားတဲ့အပင်တွေ ဖြစ်ထွန်းအောင်မြင်မှုတွေက သက်သေပြပါတယ်။ မိမိသားသမီးတွေ ပညာတတ်တွေဖြစ်မှ သူတို့ဘဝလမ်းခရီးကို ဖြောင့်တန်းနိုင်မှာဖြစ်တဲ့အတွက် ဘယ်လိုပဲအခက်အခဲတွေရှိပါစေ အခက်အခဲတွေကို ရင်ဆိုင်ပြီး အနည်းဆုံးအခြေခံပညာအဆင့်တော့ တတ်မြောက်အောင် ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ဆရာများအပိုင်းမှာလည်း ဆရာဆိုတာ ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူတွေဖြစ်ပါတယ်။ တပည့်တွေကို ကျောင်းစာတွေကိုသာမကဘဲ စည်းကမ်းကောင်းအောင်၊ လိမ္မာယဉ်ကျေးအောင်၊ ပညာထူးချွန်ထက်မြက်အောင်၊ အသိပညာတွေတိုးတက်မြင့်မားလာအောင်၊ ရိုးသားကြိုးစားသူတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသူတွေ ဖြစ်ပါတယ်။ ဝါသနာ၊ စေတနာ၊ အနစ်နာတွေနဲ့ တပည့်တွေကို ပညာသင်ပေးရင်း နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနေသူတွေ ဖြစ်ပါ တယ်။
ဆရာတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျတဲ့ပညာရေးကဏ္ဍမှာ သင်ကြားရေးတာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာဆိုတဲ့ ဆရာ့ဝတ္တရားတွေနဲ့အညီ ကျင့်ကြံနေသူတွေဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်မှာ တချို့ဆရာဆိုသူတွေဟာ ကိုယ့်ယုံကြည်ချက်၊ ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းအစွဲအလမ်းတွေနဲ့ ကိုယ်တိုင်မလုပ် သင့်တာတွေလုပ်ခဲ့ကြပြီး တပည့်တွေကိုလည်း လမ်းမှားရောက်အောင် တွန်းပို့ခဲ့ကြတာတွေကို စိတ်မချမ်းမြေ့ဖွယ်ကြားသိရပါတယ်။ ဒီလုပ်ရပ်တွေကြောင့် မိမိရော၊ တပည့်တွေပါ ဆိုးကျိုးတွေ ခံစားကြရပါတယ်။ ဆရာဆိုတဲ့ ဂုဏ်သိက္ခာကို မိမိကိုယ်တိုင်သာ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ ကျဉ်းမြောင်းတဲ့အမြင်တွေစွန့်ပယ်ပြီး နိုင်ငံတော်ရဲ့အကျိုး၊ တပည့်တွေရဲ့ ဘဝရှေ့ရေးကို ဦးစားပေးပြီး ဆင်ခြင်လုပ်ကိုင်သင့်ပါတယ်။
လူငယ်တွေအပိုင်းမှာတော့ လူငယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်ကို ပိုင်ဆိုင်ကြသူတွေဖြစ်ပါတယ်။ လူငယ်တိုင်းက နိုင်ငံကိုဦးဆောင်နိုင်သူ မဖြစ်နိုင်ပေမယ့် နိုင်ငံတော်ရဲ့အနာဂတ်ကို အကောင်အထည်ဖော်ကြမယ့် နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်ပါတယ်။ လူငယ်တွေကိုယ်တိုင်က ကိုယ်ကျင့် တရားကောင်းမွန်သူ၊ စိတ်ဓာတ်မြင့်မားသူ၊ ဗလငါးတန်နဲ့ပြည့်စုံပြီး အရည်အချင်း၊ အရည်အသွေးပြည့်ဝတဲ့သူ၊ ထူးချွန်ထက်မြက်သူတွေဖြစ်အောင် ကြိုးစားနေထိုင်ကြရပါမယ်။ တစ်ဖက်က မိမိဆီကို အချိန်မရွေးရောက်လာနိုင်တဲ့ မှားယွင်းတဲ့ အတွေးအခေါ်အယူအဆတွေ၊ ဆိုးကျိုးဖြစ်နိုင်တဲ့ အလုပ်တွေကို ကိုယ်ပိုင်အသိနဲ့ ဝေဖန်ပိုင်းခြားလုပ်ကိုင် တတ်ဖို့လိုပါတယ်။
အရင်းအနှီးတွေ များများစိုက်ထုတ်နိုင်မှ အကျိုးအမြတ်များများ ခံစားရမယ်ဆိုတဲ့ သဘောအရ မိမိရဲ့ဘဝကို ပညာသင်ယူမှုတွေနဲ့ ထူးချွန်ထက်မြက်သူတွေဖြစ်အောင် အရင်းအနှီးပြုရပါမယ်။ ပညာသင်ရမယ့်အရွယ်မှာ ထူးချွန်ထက်မြက်တဲ့ ပညာတတ်တွေဖြစ်အောင် ကြိုးစားမှုဆိုတဲ့ အရင်းအနှီး တွေစိုက်ထုတ်ပြီး ပညာသင်ယူကြရပါမယ်။
အချုပ်အားဖြင့်ဆိုရရင် ပညာရေးကဏ္ဍဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ဆောင်ရွက်မရဘဲ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံတော်၊ မိဘ၊ ဆရာတွေနဲ့ လူငယ်တွေ ပူးပေါင်းလုပ်ကိုင်ကြဖို့လိုပါတယ်။ နိုင်ငံတည်ဆောက်ကြရာမှာ ပညာတတ်တွေများများနဲ့ တည်ဆောက်မှသာ အဆင့်မြင့်တဲ့၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို ပိုင်ဆိုင်ကြပါမယ်။ ဒါကြောင့် နိုင်ငံတော်၊ မိဘ၊ ဆရာများနဲ့ လူငယ်တွေပူးပေါင်းပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကဏ္ဍကို အားပေးဆောင်ရွက်သွားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
