Skip to main content

ထို့ကြောင့် . . . ဤသို့ဆန္ဒမဲပေးကြသည်

မောင်ကမ္ဘာ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အား ထက်သန်စွာ အားတက်သရောမဲပေးမှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများလည်း ပေါ်ထွက်လာပြီဖြစ်သည်။

ပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) တွင် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို လိုလားသည့် မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်စွာ အားတက်သရော လာရောက်ဆန္ဒမဲပေးခဲ့ကြသဖြင့် အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့သည်ဟု ဆိုရ ပါမည်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဖြစ်ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က “ပြည်သူတွေက သူတို့အတွက် ခေါင်းဆောင်၊ မှန်ကန်တဲ့အစိုးရကို လျှို့ဝှက်စွာ ဆန္ဒမဲပေးရွေးချယ်နေကြတယ်။ ကျွန်တော်မြင်ရ တာ ဒီရွေးကောက်ပွဲမှာ ပါတီတွေအများကြီး ဝင်ရောက်ယှဉ်ပြိုင်တာတွေ့ရပါတယ်။ ဒီစနစ်က ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုရင် အင်မတန်ကောင်းမွန်တဲ့စနစ်ဖြစ်ပါတယ်။ ပြည်သူ တွေက အခုလိုစိတ်အားထက်သန်စွာမဲပေးနေတာ နိုင်ငံကို ပိုမိုကောင်းမွန်စေလိုတဲ့ စိတ်ဆန္ဒရှိတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်တွေ ပေါ်လာမယ်၊ အစိုးရအဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ကြမယ်။ နိုင်ငံတည်ငြိမ်အေးချမ်းအောင် အစိုးရသစ်က ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ဒီကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”ဟု သဘောထားမှတ်ချက်ပေးခဲ့သည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် အမြဲတမ်းကောင်စီဝင် Mr. Siarhei MIALESHKIN ကလည်း “မဲပေးဖို့လာတဲ့လူတွေက စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွရှိကြတယ်။ မဲပေးဖို့စီစဉ်ထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကလည်း ဥပဒေနဲ့အညီ စနစ်တကျရှိတာကို တွေ့ရပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ကလည်း “ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရပါတယ်။ နောက်တစ်ချက်က ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ လာရောက်မဲပေးတဲ့သူတွေထဲမှာ လူငယ်တွေ အများအပြား တွေ့ရပါတယ်။ ဒါကလည်း ကောင်းမွန်တဲ့အချက်ဖြစ်ပါတယ်” ဟု ဆိုသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mr. Mario Jose Armengol Campos ကလည်း “မဲဆန္ဒရှင်ပြည်သူတွေက စိတ်လက်အေးချမ်းစွာ၊ လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးနိုင်တာ တွေ့ရတယ်။ အီလက်ထရောနစ်မဲပေးစက်အသုံးပြုပြီး မဲပေးတဲ့စနစ်ကလည်း အင်မတန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အခုလိုအောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်းက မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့အနာဂတ် ဖော်ဆောင်နိုင်မယ်လို့ ထင်မြင်ပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြည်တွင်း ပြည်ပစောင့်ကြည့်လေ့လာသူများ ရှုမြင်သုံးသပ်အကဲဖြတ်ခဲ့သလို ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) သည် အဘယ်ကြောင့် အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါသနည်း။

ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နားလည်သဘောပေါက်ကြသော မဲဆန္ဒရှင်ပြည်သူများက ဒီမိုကရေစီစနစ်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် အကောင်အထည်ဖော်၍ မရနိုင်၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်သာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်ကတစ်ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသည်သာ ငြိမ်းချမ်းသာယာဝပြောသော မြန်မာ့အနာဂတ်ကို ဖန်တီးဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်သည်ကတစ်ကြောင်းကြောင့် ဖြစ်ပေသည်။

ထို့အတူ မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲအလွန် လွှတ်တော်များ ပေါ်ပေါက်လာပါကလည်း “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ။

မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။

နိုင်ငံတော်သည် ပညာထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်။

နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ် စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။” စသည်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နိုင်ငံသား၊ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏ မူလအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိပါက မိမိရွေးကောက်တင်မြှောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် တင်ပြဖြေရှင်းနိုင်၍ ဖြစ်ပေသည်။

ပြည်သူများက ပြည်သူ့ကိုယ်စား ရွေးကောက်တင်မြှောက်လိုက်သည့်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး၊ အစိုးရကို ထိန်းကျောင်းရေးနှင့် မိမိကိုရွေးကောက်တင်မြှောက်ခဲ့သည့် မဲဆန္ဒရှင်များ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးကြရမည်ဖြစ်ပေသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) က ခွဲဝေပြဋ္ဌာန်းခဲ့သည့်ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာသုံးရပ်နှင့်အညီ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေကြမ်းများ ရေးဆွဲတင်သွင်းခြင်း၊ ခေတ်ကာလနှင့် မလျော်ညီသည့်ဥပဒေအချို့ကို ပယ်ဖျက်၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပေသည်။ ဥပဒေ၏ သဘောသဘာဝအရ ခေတ်ကာလနှင့် မလျော်ညီသည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် မအပ်စပ်သည့် ဥပဒေအချို့မှာ အပြီးအပြတ်ပယ်ဖျက်ဖျက်သိမ်းခြင်းမပြုမချင်း အသက်ဝင်တည်ရှိနေဆဲပင်။ ဖတ်ရှုလေ့လာခြင်းမပြုသော ကျမ်းအိပ်များအလား အိပ်ပျော်နေသည့်သဘောသာ ဖြစ်ပေသည်။ တစ်ချိန်တွင် ပြန်လည်သက်ဝင် နိုးထလာပေမည်။ ဥပဒေကြမ်းများရေးဆွဲတင်သွင်း၊ အတည်ပြုခြင်း၊ ခေတ်နှင့်မလျော်ညီသည့် ဥပဒေများကို အပြီးအပြတ် ဖျက်သိမ်းခြင်းများသည် လွှတ်တော်၏ အဓိကပင်မတာဝန်များ ဖြစ်ပေသည်။

ထို့အတူ လက်ရှိရွေးကောက်ပွဲတွင် ရွေးချယ်ခြင်းမခံရသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ အနေဖြင့်လည်း လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်ခြင်း၊ ဥပဒေကြမ်းတင်သွင်းခြင်းများကို မဆောင်ရွက်နိုင်သော်ငြား လွှတ်တော်ပြင်ပနိုင်ငံရေးအဖြစ် လူထုအခက်အခဲကို နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များထံ ပေးပို့ဆောင်ရွက်နိုင်ပေသည်။

ဤသည်မှာ ဒီမိုကရေစီစနစ်၏အနှစ်သာရပင်ဖြစ်ပေသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို လိုလားသောပြည်သူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) တွင် အားတက်သရော ဤသို့ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ်ပေသည်။

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဆိုလျှင် ပါလီမန် (လွှတ်တော်) ရှိရပါမည်။ ထိုလွှတ်တော်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိရပါမည်။ ထိုလွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်နိုင်မည့် ရွေးကောက်ပွဲများရှိရပါမည်။ ထိုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများရှိရပါမည်။ ထိုနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံကြရပါမည်။ ထိုနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ကြရပါမည်။

သို့ဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တို့တွင်လည်း ဒီမိုကရေစီစနစ်ကို လိုလားတောင့်တသည့် မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ အကျိုးစီးပွား၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည့်အနေဖြင့် အားတက်သရော၊ မပျက်မကွက် တစ်ခဲနက်ဆန္ဒမဲ လာရောက်ပေးကြဦးစို့။ ။