လွတ်လပ်ရေးနှင့် ဖွံ့ဖြိုးမှု၏ အနှစ်သာရနှင့်အတူ
ရွှေစင်
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှလွတ်မြောက်ခဲ့ပြီး လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့တိုင်း ဦးတည်ချက်ကောင်းများဖြင့် ကျင်းပလာခဲ့သော နေ့ထူးနေ့မြတ်တစ်ခုသည် ယခုနှစ်တွင် (၇၈)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
လွတ်လပ်ရေးသည် လူမျိုးတစ်မျိုး၏ ရှင်သန်နိုင်စွမ်း၊ ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင်ရေးဆွဲနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများက အသက်ပေး၍ လွတ်လပ်ရေးကို အရယူပေးခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ့အချုပ်အခြာအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ပုံရိပ်များက မြန်မာတိုင်း၏စိတ်ထဲတွင် ယနေ့အချိန်အထိ အားမာန်များအဖြစ် ကိန်းဝပ်နေဆဲဖြစ်ပါသည်။ ရရှိပြီးလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ယနေ့ထိတိုင် အသက်၊ သွေး၊ ချွေး ပေးဆပ်စတေး၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေဆဲလည်းဖြစ်သည်။ ယခုလိုကာလတွင် ထိုကဲ့သို့ ခက်ခက်ခဲခဲရယူခဲ့ရသော လွတ်လပ်ရေးကြီးကို ကျွန်မတို့အားလုံးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးအမြင်များဖြင့် အထူးလုံ့လစိုက်၍ ပညာဉာဏ်ရှိစွာ ထိန်းသိမ်းကာကွယ် တည်ဆောက်သွားရပါ လိမ့်မည်။
လွတ်လပ်ခြင်းနှင့်အတူ ယှဉ်တွဲနေသည့် ဖွံ့ဖြိုးတိုးတက်မှု
လွတ်လပ်ရေး၏အဓိပ္ပာယ်ကို အပြည့်အဝခံစားစံစားနိုင်ရန်အတွက် လူမှုစီးပွားဘဝများ တည်တံ့ခိုင်မြဲစွာဖွံ့ဖြိုးတိုးတက်ရန် အချိန်နှင့်အမျှ ကြိုးပမ်းအားထုတ်ရန် အရေးကြီးလှသည်။ သမိုင်းတစ်လျှောက် စိန်ခေါ်မှုများ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြရသည်။ ယနေ့အချိန်အထိ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေသော်လည်း နှောင့်နှေးမှုများ၊ အခက်အခဲများကား ရှိနေဆဲဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ဖြေရှင်းနေရသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖွံ့ဖြိုးရေးအမြင်ဖြင့် လုပ်ကြကိုင်ကြမှသာ အောင်မြင်နိုင်ပါသည်။ သဘာဝသယံဇာတများစွာရှိနေရုံဖြင့် မလုံလောက်ဘဲ အရည်အသွေးရှိသော လူ့စွမ်းအားအရင်းအမြစ်၊ ကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့က အခရာကျလှသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်သဖြင့် စည်းလုံးညီညွတ်မှုနှင့်လုံခြုံရေးစည်းပျက်ပြားသွားပါက နိုင်ငံ့အနာဂတ်သည်လည်း မသေချာနိုင်တော့သည်ကို အထူးသတိထားရပါမည်။
ထို့ကြောင့် နိုင်ငံသားတိုင်းက မိမိလူမျိုး၊ မိမိဒေသအကျိုး သက်သက်မကြည့်ဘဲ ပြည်ထောင်စုတစ်ရပ်လုံး၏အကျိုးကို ဦးစားပေးစဉ်းစားရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလိုလားသောပါတီ၊ လူ၊ အဖွဲ့အစည်းအားလုံးနှင့်လက်တွဲ၍ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထိုသို့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခြင်းသည် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်ပါသည်။ လွတ်လပ်ရေးသည် အဆုံးသတ်အောင်ပွဲမဟုတ်သေး၊ အစပြုခြင်းအဖြစ်သာ မြင်သင့်ကြောင်းကို မြန်မာ့သမိုင်းက သက်သေပြသလျက်ရှိပါသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်
ဖွံ့ဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတိုးတက်မှုတစ်ခုတည်း သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ပါ ဘက်စုံပါဝင်ရမည့် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။ ကာလတိုအောင်မြင်မှုကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက်တည်တံ့နိုင်သည့် ရေရှည်ဖွံ့ဖြိုးမှုမျိုးအဖြစ်မြင်ရပါမည်။ ထို့အပြင် နိုင်ငံ၏ အဓိကအခြေခံဒေါက်တိုင်များဖြစ်သော စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အနက် ကဏ္ဍတစ်ခုခု နောက်ကျနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်လည်း အပြည့်အဝမရရှိနိုင်ပါ။
လက်ရှိ မိမိတို့နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်မှာ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်နေသည်။ ငြိမ်းချမ်းရေးမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝအကောင်အထည် မဖော်နိုင်သလို စည်းလုံးညီညွတ်မှုမရှိပါကလည်း ဖွံ့ဖြိုးတိုးတက်ရေးသည် အိပ်မက်အဖြစ်သာ ကျန်ရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ချိတ်ဆက်ထားသည့် ဦးတည်ချက်တစ်ရပ်ကို ချမှတ်ထားခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှုမရှိပါက ပြည်သူများ၏ နေ့စဉ်ဘဝသည် အခက်အခဲများစွာနှင့် ပြည့်နှက်နေကာ မကျေနပ်ချက်များစွာနှင့် ရုန်းကန်နေရမည်သာဖြစ်သည်။
ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး
ဤနေရာတွင် ငြိမ်းချမ်းမှု၊ စည်းလုံးမှုနှင့်ထပ်တူဖွံ့ဖြိုးမှု၏ ဒေါက်တိုင်တစ်ခုဖြစ်သော နိုင်ငံ့စီးပွားရေးတိုးတက်မှုမှအခြေအနေတချို့ကို လှစ်ဟလိုပါသည်။ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကို လုံလောက်သောအရင်းအမြစ်၊ ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်ကာ တိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်နေပုံဖြစ်ပါသည်။ သို့မှသာ နိုင်ငံ့စီးပွားရေးသည် ပုံမှန်တိုးတက်လာမည်ဖြစ်ပြီး ပြည်သူများ၏ ဝင်ငွေမြင့်မားလာမည်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ် အဖြစ်တည်ရှိသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များနှင့်အတူ အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးသည် မဖြစ်မနေ အားထည့်ဆောင်ရွက်ရမည့် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါသည်။
ဒေသအလိုက်ထွက်ရှိသည့် သဘာဝအရင်းအမြစ်များကို ဒေသတွင်းမှာပင် တန်ဖိုးမြင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ခြင်းက ဒေသဖွံ့ဖြိုးရေးကို တိုက်ရိုက်အထောက်အကူပြုပါမည်။ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းစေမှသာ နိုင်ငံတစ်ဝန်း ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေပါမည်။ ထို့အတွက် ဒေသအလိုက်ထွက်ရှိသည့် အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး အကျိုးရှိစွာအသုံးချနိုင်ရန် လိုပါသည်။ သို့မှသာဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝအဆင့်အတန်းလည်း တိုးတက်မြင့်မားလာမည် ဖြစ်ပါသည်။ ဥပမာ- ဝါဂွမ်းအထွက်များသောဒေသတွင် ဝါနှင့်သက်ဆိုင်သည့် စက်ရုံများအပြင် ချည်မျှင်၊ ချည်ထည်၊ ရက်ကန်းစက်ရုံများ၊ အထည်အလိပ်စက်ရုံများ စသည့်ကုန်ချောစက်ရုံများအထိ တည်ဆောက်မှသာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်အပြင် အလေအလွင့် အပျက်အစီးနည်းပြီး အခြားကုန်ကျစရိတ်များလည်း လျော့နည်းနိုင်မည့် သဘောကို ဆိုလိုပါသည်။
ထို့ပြင် ကုန်ကြမ်းမှ ကုန်ချောအထိ အဆင့်ဆင့်ထုတ်လုပ်နိုင်ခြင်းအားဖြင့်လည်း ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းကို ပို၍ဖန်တီးပေးနိုင်ကာ ဒေသဖွံ့ဖြိုးမှုကို ရရှိလာနိုင်မည်ဖြစ်သည်ဟု ယူဆပါသည်။ ဒေသအချို့သာဖွံ့ဖြိုးနေပြီး အခြားသောဒေသများ ဖွံ့ဖြိုးမှုနောက်ကျ နေပါကလည်း လူမှုစီးပွားဘဝကွာဟမှုမှာ ပိုမိုကြီးမားလာနိုင်ပြီး နိုင်ငံရေး၊ လူမှုရေး အဆင်မပြေမှုများဖြင့် ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည်ကို သတိပြုရန်လိုပါသည်။ ထိုကဲ့သို့သော အန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်ကြောင်းကို ဆိုလိုနေခြင်းဖြစ်ပါသည်။
သတိပြုသင့်သည့်အချက်တစ်ခုတော့ရှိပါသည်။ အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရာတွင် လူမျိုး၊ ဘာသာ၊ ဒေသအလိုက် ကွာခြားမှုများကို အားနည်းချက်အဖြစ် မမြင်ဘဲ၊ မိမိအကျိုးစီးပွားသက်သက်အတွက်သာ အမြတ်ထုတ်ရန်မသင့်ဘဲ အားနည်းချက်ကို အားသာချက်များဖြင့် အပြန်အလှန်ဖြည့်ဆည်းသင့်ကြပါသည်။ မိသားစုစိတ်ဓာတ်ဖြင့် အရင်းအမြစ်အားလုံးကို နိုင်ငံ၏အင်အားအဖြစ် ရှုမြင်နိုင်မှသာ၊ တိုင်းရင်းသားပြည်သူအားလုံး အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကိုအခြေခံ၍ ယုံကြည်မှုများတည်ဆောက်ထားနိုင်မှသာ အမျိုးသားစည်းလုံးညီညွတ်ရေးမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး အမှန်တကယ်တည်တံ့ခိုင်မြဲလာမည်ဖြစ်ပါသည်။
လွတ်လပ်ရေးနှင့်အတူ မျိုးဆက်သစ်တို့အတွက် မျှော်မှန်းချက်
အလားတူ နိုင်ငံ၏အနာဂတ်သည် လူငယ်များ၏လက်ထဲတွင် ရှိနေသည်ဆိုသောစကားသည် စကားလုံးသက်သက်မျှ မမှတ်ယူသင့်ပါ။ ကျန်းမာသန်စွမ်းသော၊ ပညာတတ်၊ ပညာရှင်လူငယ်များ မရှိလျှင် သို့မဟုတ် မွေးထုတ်မပေးနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ရှိနေမည်ဖြစ်သည့်အတွက် ပညာရေးကို ဖွံ့ဖြိုးရေး၏ အခြေခံအင်အားအဖြစ်တိုးတက်မြှင့်တင်ရန် လိုအပ်ပါသည်။ သိပ္ပံနှင့်နည်းပညာ၊ လူမှုရေး၊ ဘာသာရေးအသိပညာများကို ညီညွတ်မျှတစွာ သင်ကြားပေးနိုင်မှသာ လူငယ်များသည် နိုင်ငံအတွက် တန်ဖိုးရှိသော နိုင်ငံသားကောင်း လူသားအရင်းအမြစ်များ ဖြစ်လာနိုင်ပါမည်။
ပညာရေးက စိတ်ဓာတ်၊ ခံယူချက်နှင့်အသိအမြင်တို့ကို တည်ဆောက်ပေးသကဲ့သို့ ကျန်းမာရေးက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုနှင့် အသက်ရှင်သန်မှုကို ထောက်ပံ့ပေးပါသည်။ ကျန်းမာရေး မကောင်းပါက ပညာရေးကိုလည်း အပြည့်အဝမသင်ယူနိုင်သလို စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။
စာရိတ္တဗလ၊ ဉာဏဗလ၊ ကာယဗလ၊ ဘောဂဗလ၊ မိတ္တဗလ ဟူသော ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်နေမှသာ နယ်ပယ်၊ ကဏ္ဍအသီးသီးတွင် အကျိုးရှိရှိ တက်တက်ကြွကြွ ပါဝင်နိုင်ကြမည် ဖြစ်ပါသည်။ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ယနေ့လူငယ်များသည် လွတ်လပ်ရေးကို အမွေအနှစ်အဖြစ် ခံယူရုံသက်သက်မဟုတ်ဘဲ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးအောင်လုပ်ရမည့် တာဝန်တစ်ခုအဖြစ် အလေးထားခံယူသင့်ပါသည်။ အတိတ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး သင်ခန်းစာယူသင့်သည်ကိုယူ၊ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ခံယူထားကြ ရပါမည်။
အချုပ်အားဖြင့် ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်ကို အခြေပြု၍ အမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်၍ ရေရှည်တည်တံ့၊ ဟန်ချက်ညီသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားဆောင်ရွက်ကြရန် ယခုလိုကာလ ယခုလိုအခြေအနေသည် အကောင်းဆုံးနှင့် အသင့်တော်ဆုံး အခြေအနေတစ်ရပ် ဖြစ်နေသည်ကို သတိပြုကြရန်ဖြစ်ပါသည်။
အဓိကအချက်မှာ ပြည်ထောင်စုတစ်ရပ်လုံး၏ အမျိုးသားအကျိုး စီးပွားကို ဦးစားပေးကာ ဆောင်ရွက်သွားရန် အရေးကြီးနေခြင်းဖြစ်ပါသည်။ ထိုသို့ ပြည်သူ၊ အစိုးရနှင့်ပါတီအဖွဲ့အစည်းအားလုံး ပူးပေါင်းကြိုးပမ်းနိုင်မှသာ နိုင်ငံတော်သည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့ ယုံကြည်စိတ်ချစွာ လျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုလို (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကာလတွင် အတိတ်ကို ဂုဏ်ပြုသကဲ့သို့ အနာဂတ်ကိုပါ မျှော်မှန်းစဉ်းစား၍ ပစ္စုပ္ပန်အောင်မြင်မှုရရန် အလေးထားကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
