ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလျက်ရှိသည့် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်
ချိုရတနာ(MISIS)
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ကျွန်းဟိုက်ကုမြို့၌ အခြေစိုက်သည့် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ် (China Institute for Reform and Development-CIRD)က ကျင်းပသည့် ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခွင့်ရခဲ့သည်။ ယင်းဆွေးနွေးပွဲများမှာ ပါတီပိုင်းဆိုင်ရာအကြီးအကဲများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာမှပညာရှင်များ၊ မူဝါဒပိုင်းဆိုင်ရာပုဂ္ဂိုလ်များ အများအပြား ပါဝင်တက်ရောက်သည့် တရုတ်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာဆွေးနွေးပွဲများ ဖြစ်ပါသည်။
နောက်ဆုံးပါဝင်တက်ရောက်ခဲ့သည့် အစည်းအဝေးမှာ တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ (၉၁)ကြိမ်မြောက် နိုင်ငံတကာညီလာခံ (91st Inter-national Forum on China Reform) ဖြစ်ပါသည်။ ဆွေးနွေးသည့်ခေါင်းစဉ်မှာ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် တံခါးဖွင့်စီးပွားရေးစနစ်သစ် ထူထောင်ခြင်းနှင့် ကမ္ဘာကြီး (China in Establishing A New System for Higher-Level Open Economy and the World) ဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ လကုန်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်မူဝါဒ “Reform and Opening-up Policy” ကို ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့ပြီး ဆယ်စုနှစ်လေးခုကျော် ကျင့်သုံး ပြောင်းလဲလာခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များတွင် အထူးစီးပွားရေးဇုန်များ စတင်ထူထောင်ခြင်း၊ ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) သို့ တက်ရောက်ခဲ့ခြင်းစသည့် အပြောင်းအလဲများမှာ ထင်ရှားသည်။
ပြည်တွင်းမူဝါဒများ ကျင့်သုံးရာတွင်လည်း ပြုပြင်ပြောင်းလဲရေးများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာခြင်း၊ လုပ်ခနှင့် စျေးနှုန်းများလွတ်လပ်မှု၊ ပြည်ပတင်ပို့မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားပေးခြင်းများ အပါအဝင် ဖြစ်သည်။ ၁၉၇၈ ခုနှစ်မှ စတင်လျှင် နှစ်စဉ် ပျမ်းမျှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၉ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၂၀ ပြည့်နှစ်များတွင် အလွန်အမင်းဆင်းရဲမှု (extreme poverty)ကို ပပျောက်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ Normal GDP အရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉ ထရီလီယံရှိသည့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
ဤသို့ ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် မည်သို့ဆောင်ရွက်ခဲ့သည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် လေ့လာဖွယ်ဖြစ်သည်။ မိမိတို့အတွက် အကျိုးရှိအောင် မိမိတို့၏ ရေမြေသဘာဝ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများနှင့် ကိုက်ညီအောင် အသုံးချပြီး မိမိတို့လည်း တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် CIRD က ရေးသားတင်သွင်းခဲ့သည့် သုတေသန များကို အဆင့်ဆင့် လေ့လာကြည့်မိသည့်အတိုင်း ဆက်လက်ဖော်ပြလိုပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် အစိုးရ၏ မူဝါဒချမှတ်မှုများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤမူဝါဒများမှာ မှန်ကန်တိကျ၍ ရေရှည်တည်တံ့ရန်အတွက် စိတ်ကူးစိတ်သန်းသစ်များ၊ ခိုင်မာသောသုတေသန အထောက်အထားများနှင့် အကြံဉာဏ်များ လိုအပ်ပြီး ထိုကဲ့သို့သောဉာဏ်ပညာဆိုင်ရာ အထောက်အပံ့ များကို ပေးအပ်နိုင်သည့် အဖွဲ့အစည်းများမှာ တွေးခေါ်မြော်မြင်ရေးအဖွဲ့များ (Think Tanks) ပင် ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များကို လေ့လာဆန်းစစ်ကာ အစိုးရအုပ်ချုပ်ရေး ယန္တရားများကို လက်တွေ့ကျသော မူဝါဒအကြံပြုချက်များဖြင့် ပံ့ပိုးပေးကြပါသည်။
သုတေသနဌာနများ၏ အရေးပါမှုကို ထင်ရှားစေပြီး မြန်မာနိုင်ငံနှင့်လည်း နီးစပ်သည့် သာဓကတစ်ခုမှာ တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး ရေးတက္ကသိုလ် (China Institute for Reform and Development - CIRD) ပင်ဖြစ်သည်။ CIRD သည် တရုတ်နိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလ တစ်လျှောက်တွင် စီးပွားရေးနှင့်နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း၊ ငွေကြေးတည်ငြိမ်မှု ထိန်းချုပ်ခြင်း စသည့် အရေးကြီးသော ကဏ္ဍများတွင် တရုတ်ကွန်မြူနစ်ပါတီ (Chinese Communist Party-CCP) ၏ မူဝါဒချမှတ်မှုအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။ ထို့ကြောင့် CIRD ၏ အတွေ့အကြုံများနှင့် ၎င်းတို့၏ လုပ်ငန်းပုံစံများက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ခိုင်မာသောသုတေသနကို အခြေခံသည့်မူဝါဒများမည်သို့ ချမှတ်သင့်သည်ဟူသော အဖိုးတန်သင်ခန်း စာများကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
CIRD ၏ အခန်းကဏ္ဍနှင့် သမိုင်းဝင် အောင်မြင်မှုများ
၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဟိုင်နန်(Hainan)၌ စတင်တည်ထောင်ခဲ့သော CIRD သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ (Reform and Opening Up) သမိုင်းတစ်လျှောက်တွင် အရေးပါသော မူဝါဒဆိုင်ရာ သုတေသနဌာနအဖြစ် ရပ်တည်ခဲ့သည်။ ၎င်းတို့၏ မူဝါဒဆိုင်ရာ အကြံပြုချက်များဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်မူဝါဒများ အကောင်အထည်ဖော်ရာတွင် အဓိကအထောက်အကူပြုခဲ့ပြီး ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများက ခိုင်မာသောသုတေသနကို အခြေခံသည့် ပြုပြင်ပြောင်းလဲမှုသည် မည်မျှအောင်မြင်စေနိုင်သည်ကို ပြသနေပါသည်။
CIRD သည် ယနေ့အထိ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာပေါင်း ၅၀၀ ကျော်ကို ရေးသားတင်ပြခဲ့ပြီး အချို့သောမူဝါဒအကြံပြုချက်များသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုက်ရိုက်ကိုးကားအသုံးပြုခြင်း သို့မဟုတ် အရေးကြီးသော ဥပဒေများနှင့် စည်းမျဉ်းများ ရေးဆွဲရာတွင်အရေးပါသော အကိုးအကားများ ဖြစ်ခဲ့ပါသည်။ ဥပမာအားဖြင့် CIRD ၏ သုတေသနများသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် ဗဟိုကော်မတီ၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များကို ရေးဆွဲရာတွင် အထောက်အကူပြုခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် လေ့ကျင့်သင်ကြားမှုများကိုလည်း အကြိမ် ၂၀၀ ကျော်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
CIRD ၏ အဓိကအောင်မြင်မှုများကို ကဏ္ဍအလိုက် လေ့လာနိုင်ပါသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (State-Owned Entrepreneurs- SOE) နှင့် ငွေကြေးစနစ် ပြုပြင်ပြောင်းလဲရေးအပိုင်း၌ ၁၉၉၃ ခုနှစ်က SOE စီမံခန့်ခွဲမှုကို “နိုင်ငံတော်မှ စီမံခန့်ခွဲခြင်း” မှ “နိုင်ငံတော်၏ ပိုင်ဆိုင်မှုငွေလုံးငွေရင်း(State-owned Capitals)ကို စီမံခန့်ခွဲခြင်း” သို့ ပြောင်းလဲရန်အဆိုပြုခဲ့ပြီး ယင်းသည် လုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ထိရောက်မှုကို မြှင့်တင်ရန်နှင့် နိုင်ငံပိုင်ပိုင်ဆိုင်မှုများ၏တန်ဖိုးကို ထိန်းသိမ်းမြှင့်တင်ရန် အရေးပါခဲ့သည်။ ထို့ပြင် ၁၉၉၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မြင့်မားစဉ် ငွေကြေးဖောင်းပွမှုကို ထိရောက်စွာ ထိန်းချုပ်ရန် မူဝါဒအကြံပြုချက်များပေးခဲ့သလို ၁၉၉၅ ခုနှစ်တွင် အလုပ်မဖြစ်သောချေးငွေ (Non-performing loans-NPLs)ကို ဖြေရှင်းရန်နှင့် ဘဏ်စနစ်ခိုင်မာစေရန်အတွက် ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲရေးကို အကြံပြုခဲ့ပါသည်။
အစိုးရနှင့် လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင်လည်း CIRD သည် ၂၀၀၃ ခုနှစ်က အစိုးရပုံစံကို “စီးပွားရေးတိုးတက်မှုကို ဦးတည်သည့် အစိုးရပုံစံ”မှ “ပြည်သူ့ဝန်ဆောင်မှုကို ဦးတည်သည့် အစိုးရပုံစံ” သို့ ကူးပြောင်းရန် အကြံပြုခဲ့ပြီး ယင်းသည် အုပ်ချုပ်ရေးစွမ်းဆောင်ရည်နှင့် ပြည်သူ့ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်ရည်ရွယ်သည်။ ထို့အတူ ၂၀၀၃ ခုနှစ်တွင် ကျေးလက်ဒေသနေ ပြည်သူများအတွက် အခြေခံသက်သာချောင်ချိရေးစနစ်ကို ထူထောင်ရန်နှင့် အခြေခံအားဖြင့် အာမခံထားသော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ (ဥပမာ- ကျန်းမာရေး၊ ပညာရေး)ကိုပေးအပ်ရန် အဆိုပြုခဲ့ပါသည်။
စီးပွားရေးအသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှုအနေဖြင့်လည်း CIRD သည် ဈေးကွက်စီးပွားရေးသို့ ကူးပြောင်းခြင်းကို အထောက်အကူပြုသည့် စာအုပ်အတွဲများကို ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်းထုတ်ဝေခဲ့ပြီး ဈေးကွက်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော သီအိုရီနှင့် အတွေးအခေါ် အယူအဆများကိုရှင်းလင်းတင်ပြခဲ့ရာ World Trade Organization သို့ ဝင်ရောက်ရေး ဆွေးနွေးမှုများအတွက်ပါ အရေးပါသော ကိုးကားချက်ဖြစ်ခဲ့သည်။
တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးသုတေသနဌာန (CIRD)သည် ၂၀၀၈ ခုနှစ် နောက်ပိုင်းကာလများတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကြီးမားသော အပြောင်းအလဲများအတွက် အဓိကမူဝါဒလမ်းကြောင်းများကို ဦးဆောင်ပံ့ပိုးပေး ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် CIRD သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူဟာကို ပြောင်းလဲရန်လိုအပ်ကြောင်း အဆိုပြုခဲ့ပြီး စားသုံးမှုဦးဆောင်သော စီးပွားရေးဖွံ့ဖြိုးမှု(Consumption-led Growth)ကို အဓိကဗျူဟာအဖြစ် သတ်မှတ်ရန် တိုက်တွန်းခဲ့သည်။
ဤအဆိုပြုချက်သည် မြေပိုင်ဆိုင်မှုစနစ်၊ လူဦးရေဆိုင်ရာ မညီမျှမှုများနှင့် ဖြေရှင်းနိုင်သည့် စားသုံးသူ အခြေခံပြုပြင်ပြောင်းလဲရေးများဆီသို့နိုင်ငံကို ဦးတည်စေခဲ့သည်။ ထို့အတူကမ္ဘာ့ဘဏ္ဍာ ရေးအကျပ်အတည်း ဖြစ်ပွားခဲ့သော ၂၀၀၉ ခုနှစ် တွင် CIRD သည် ပြုပြင်ပြောင်းလဲရေးဖြင့် အကျပ် အတည်း၏ အန္တရာယ်ကို ဖြေရှင်းရန်အတွက် မူဝါဒအကြံပြုချက် ၂၄ ချက်ကို ပြုစုတင်ပြခဲ့သည်။ ထိုကာလမှာပင် “ဖွံ့ဖြိုးတိုးတက်မှုပုံစံ အသွင်ကူးပြောင်းခြင်း”ကို အဓိကလမ်းကြောင်းအဖြစ် ထားရှိကာ (၁၂)ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၅) ကို ပိုမိုထိရောက်စေရန် အကြံပြုခဲ့သည်။
၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း CIRD သည် ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်းလာသော အလုပ် သမားများအား မြို့ပြဒေသများရှိ နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးများ၊ လူမှုလုံခြုံရေးနှင့် တရားမျှတမှုတို့ကို အကောင်အထည်ဖော်ပေးရန် အကြိမ်များစွာ တိုက်တွန်းခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကာလအတွင်းတွင် ကျေးလက် - မြို့ပြနှစ်ထပ်မှတ်ပုံတင်စနစ် (urban-rural dual household registration system) ကို ရုပ်သိမ်းရန်အကြံပြုခဲ့ရာ ၎င်းသည် လူမှုတရားမျှတမှုနှင့် မြို့ပြ လူဦးရေတိုးတက်မှုကို အထောက်အကူပြုခဲ့ပါသည်။
ဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ရာကို ပြောင်းလဲရန် ၂၀၁၁ ခုနှစ်တွင် “နိုင်ငံတော်ချမ်းသာကြွယ်ဝခြင်း” မှ “ပြည်သူများချမ်းသာကြွယ်ဝခြင်း”ကို ဦးတည်သည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသို့ ပြောင်းလဲရန် CIRD က တိုက်တွန်းခဲ့သည်။ ထို့ပြင်၂၀၁၃ ခုနှစ်တွင် ဗဟိုကော်မတီ၏ ပြည့်စုံသောပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်များအတွက် မရှိမဖြစ်လိုအပ်သည့် လမ်းပြမြေပုံ(Roadmap of Reform Out-pacing Crisis) ကို ရေးဆွဲရာတွင် CIRD က အဓိက အထောက်အကူပြုခဲ့သည်။
CIRD သည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များ (Structural reforms) ကို အဓိကလမ်းကြောင်းအဖြစ် ထားရှိကာ စီးပွားရေးအသွင်ကူးပြောင်းမှုကို ဦးတည်ခဲ့သည်။ ၂၀၁၆ ခုနှစ် မှ ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အကြံပြုချက်များ တင်ပြခဲ့သလို ၂၀၁၆ ခုနှစ်တွင် ကုန်စည်မှဝန်ဆောင်မှုကဏ္ဍသို့ ပြောင်းလဲလာသော စီးပွားရေးကို ထင်ဟပ်စေရန် ဝန်ဆောင်မှုကုန်သွယ်ရေးဖြင့် ဒုတိယအကြိမ် တံခါးဖွင့်ဝါဒကို စတင်ရန် အကြံပြု ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် CIRD သည် တတိယပါတီ သုတေသနအဖွဲ့အနေဖြင့် “ဗဟိုချုပ်ကိုင်မှု လျှော့ချ ခြင်း” (Decentralization)”နှင့် “စည်းမျဉ်းစည်းကမ်းလျှော့ချခြင်း (Deregulation)” မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အစိုးရအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပထမဆုံးအကြိမ် အကဲဖြတ်အကြံပေးခဲ့ပါသည်။
နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလများတွင် CIRD သည် အဆင့်မြင့်တံခါးဖွင့်မှု (High Level Opening-Up) အပေါ်အခြေခံသော ပြုပြင်ပြောင်းလဲရေးပုံစံသစ်ကို ဖော်ဆောင်ရန်အကြံပြုခဲ့ပြီး ၎င်းသည် ပြည်တွင်းပြုပြင်ပြောင်းလဲရေးနှင့် ပြည်ပတံခါးဖွင့်ဝါဒကို ပေါင်းစပ်ကာ နိုင်ငံတကာစီးပွားရေးဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါကာလတွင် CIRD သည် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသော အုပ်ချုပ်ရေးသဘောတရား ကို အဆိုပြုခဲ့ကာ ပြည်သူ့ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးမူဝါဒများ ချမှတ်ရာတွင် အထောက် အကူပြုခဲ့သည်။ နောက်ဆုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စားသုံးမှု ဦးစားပေးအသွင်ကူးပြောင်းခြင်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကလမ်းကြောင်း သစ်အဖြစ် အဆိုပြုခဲ့ပါသည်။
ဤသို့ဖြင့် CIRD သည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေသော နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးလိုအပ်ချက်များကို ခိုင်မာသော သုတေသနဖြင့် တုံ့ပြန်ခဲ့ပြီး အဓိကကျသော ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အကြံပြုချက်များနှင့် တွန်းအားကို ပေးခဲ့သည်။ CIRD ၏ အတွေ့အကြုံများကို လေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့်လူမှုရေးအခြေအနေများနှင့် ကိုက်ညီသော အရေးကြီးကဏ္ဍများအတွက် အဖိုးတန်သင်ခန်းစာများ ရယူနိုင်မည် ဖြစ်ပါသည်။
ပထမအချက်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတည်ငြိမ်မှု၏ အဓိကအုတ်မြစ်ဖြစ်သော မြေယာနှင့်ကျေးလက်ဒေသလုံခြုံမှုကို ဦးစားပေးသင့်သည်ဆိုသည့်အချက် ဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်လုံခြုံမှု (Security of Land Tenure)ကို တရားဝင်ခိုင်မာစွာပေးအပ်ရန်နှင့် ကျေးလက်ပြုပြင်ပြောင်းလဲရေး၊ စိုက်ပျိုးရေးကဏ္ဍ လုပ်ကိုင်သူများအတွက် လိုအပ်သည့် သွင်းအားစုများ သင့်တင့်သည့်ဈေးနှုန်းဖြင့်ရရှိရေး၊ ကြားခံများ လျှော့ချရေး၊ မိမိတို့ထုတ်ကုန်မှ အကျိုးအမြတ် တိုက်ရိုက်ခံစားခွင့်ရရှိရေး၊ ဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်ရေး စသည်တို့အတွက် သုတေသနလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန်နှင့် ပံ့ပိုးအကောင် အထည်ဖော်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ဒုတိယအချက်မှာ စီးပွားရေးတည်ငြိမ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုပင်ဖြစ်သည်။ ငွေကြေးမတည်ငြိမ်မှုနှင့် ဘဏ်လုပ်ငန်း၏ စိန်ခေါ်မှု များကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘဏ်လုပ်ငန်းကို ခေတ်မီစီးပွားဖြစ်လုပ်ငန်းများအဖြစ် ပြောင်းလဲ ခြင်း၊ NPLs များကို ထိရောက်စွာ ဖြေရှင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် ခိုင်မာသော မူဝါဒအကြံဉာဏ်များကို ရယူရန်အရေး ကြီးပါသည်။
တတိယအချက်အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာသည်နှင့်အမျှ လူတန်းစားကွာဟမှုကို လျှော့ချရန်အတွက် ပြည်သူ့ဝန်ဆောင်မှုနှင့် လူမှုဖူလုံရေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်သည်။ ကျေးလက်ဒေသအပါအဝင် ပြည်သူအားလုံးအတွက် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ သော အများပြည်သူဆိုင်ရာ အခြေခံဝန်ဆောင်မှုများကို အာမခံချက်ရှိစွာ ပေးအပ်နိုင်မည့် လူမှုဖူလုံရေးစနစ်ကို ထူထောင်ရန်သုတေသနများ၊ မူဝါဒများဖြင့် အထောက်အပံ့ပေးရမည် ဖြစ်သည်။ CIRD ဥပမာမှ ရရှိသည့် သင်ခန်းစာအချို့ဖြစ်ပါသည်။
CIRD အောင်မြင်မှုရရှိနေခြင်းသည် ယင်း၏သုတေသနအကြောင်းအရာများအားလုံးမှာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များနှင့် အမြဲထပ်တူကျနေခြင်းကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုကဏ္ဍတို့ကို မြှင့်တင်ရန်အတွက် မူဝါဒများချမှတ်ရာတွင် သုတေသနအထောက်အထားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် CIRD သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု(International Cooperation)နှင့် တံခါးဖွင့်ဝါဒ (Open Policy)ကို မြှင့်တင်ရန်အတွက် Regional Cooperation on Economic Partner-ship (RCEP) ကဲ့သို့သော သဘောတူညီချက်များ ဆိုင်ရာ သုတေသနများ၊ သက်ဆိုင်သူများ ပါဝင်သည့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာ့သုတေသနဌာနများနှင့် တွေးခေါ်မြော်မြင်ရေးအဖွဲ့ အစည်းများသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့ရေး၊ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု စသည့်အကြောင်းအရာများတွင် ဦးဆောင် သုတေသနများ ပြုလုပ်သင့်ပါသည်။
CIRD သည် “ပြည်သူ့ဝန်ဆောင်မှုကို ဦးတည်သောအစိုးရပုံစံ” တည်ဆောက်ရန် အစောဆုံးအကြံပြုခဲ့သည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံများ၏ အုပ်ချုပ်ရေးယန္တရားများ စွမ်းဆောင်ရည် အားနည်းခြင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူ့ယုံကြည်မှုအတွက် အတားအဆီးဖြစ်နေတတ်ရာ CIRD ၏ နည်းလမ်းအတိုင်း အစိုးရဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် အစိုးရ၏ ဝန်ဆောင်မှု ပေးနိုင်သည့် အရည်အသွေးကို မြှင့်တင်ရန် စဉ်းစားသင့်ပါသည်။ တစ်ချိန်တည်းမှာပင် စွမ်းဆောင်ရည် (Meritocracy)အလိုက်တာဝန်ပေးအပ်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်မှု(Anti-Corruption) တို့ကို လည်း ယှဉ်တွဲဖော်ဆောင်သွားရန် လိုအပ်ပါသည်။
CIRD အောင်မြင်မှု၏ အခြေခံမှာ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ပုံနည်းစနစ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် သုတေသနဌာနများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် အတုယူသင့်ပါသည်။ CIRD သည် အမြဲတမ်းဝန်ထမ်းအင်အား နည်းပါးသော်လည်း ပညာရှင်များ၊ အစိုးရအရာရှိများ၊ စီးပွားရေးလုပ်ငန်း ရှင်များပါဝင်သောကြီးမားသည့် ကွန်ရက်တစ်ခုကို အသုံးပြု၍ သုတေသနပြုသည့် ကွန်ရက်ကို အခြေခံသော လုပ်ငန်းပုံစံ (A Small Institution with Large-Scale Networks)ကို ကျင့်သုံးပါသည်။
မြန်မာ့သုတေသနဌာနများသည်လည်း အာဆီယံနှင့် ဒေသတွင်း၊ ဒေသပြင်ပ သုတေသနအဖွဲ့အစည်းများမှ နယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သင့်ပါသည်။ CIRD သည် ပြုပြင်ပြောင်းလဲရေးကို အနာဂတ်ရှေးရှု၍ ဦးဆောင်ခြင်းနှင့် နိုင်ငံ၏လက်ရှိအခက်အခဲ များအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို အမြဲမပြတ် ပေးအပ်နေခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် CIRD ကဲ့သို့ အခြားသော နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများဖြစ်သော UN ESCAP ၊ ERIA ၊ Mekong Institute ၊ OECD Development Centre တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
စဉ်ဆက်မပြတ် ပြန်လည်ပြုပြင်တိုးတက်ရေးလမ်းကြောင်းတွင် သုတေသနဌာနများ၏ အရေးပါမှုသည် တိုးတက်နေဆဲ မြန်မာနိုင်ငံအတွက် အခန်းကဏ္ဍတစ်ခုဖြစ်လာမည်ဟု CIRD ၏ အတွေ့အကြုံက ပြသပေးနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှုသည် မူဝါဒပညာရှင်များ၊ သုတေသနလုပ်သားများနှင့် အစိုးရအဆင့်အရာရှိများ၏ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အခြေခံပါသည်။ ထို့ကြောင့် နိုင်ငံ၏ အနာဂတ်အတွက် ရဲရဲဝံ့ဝံ့တွေးခေါ်ဆင်ခြင်နိုင်ပြီး ပြည်သူများအတွက် အကျိုးရှိစေသော အကြံဉာဏ်များကို အစိုးရအဆင့်အထိပေးအပ်နိုင်မည့် သုတေသနဌာနများကို တန်ဖိုးထားမြှင့်တင်ပေးရန် ပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။ သို့မှသာ အနာဂတ်ကာလတွင် အကျိုးရှိသော ပြုပြင်ပြောင်းလဲရေး (Reform)များကို ခိုင်မာစွာ ရွေ့လျားနိုင်စေမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အတွေးအခေါ်များလည်း ဆန်းသစ်နေဖို့လိုပါသည်။
ထို့ပြင် CIRD ၏ အောင်မြင်မှုကြောင့် ယင်း၏သုတေသီများသည် တရုတ်နိုင်ငံရေး ခေါင်းဆောင်များ ဦးဆောင်သည့် အစည်းအဝေးများသို့ အကြံပေးပညာရှင်အဖြစ် ဖိတ်ကြားခံရခြင်း၊ အဓိကမူဝါဒများကို ရေးဆွဲရာတွင် အကြံပေးခြင်းတို့ ပြုလုပ်ရသဖြင့် မူဝါဒဆုံးဖြတ်ချက်ချရာတွင် တိုက်ရိုက်ပါဝင်မှု အားကောင်းသည်။ မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် သုတေသနအဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်မြှင့်တင်ရန်လိုအပ်ပြီး နိုင်ငံတော်၏အရေးကြီးသော မူဝါဒများ (ဥပမာ-အမျိုးသားစီးပွား ရေးစီမံကိန်း)ရေးဆွဲရာတွင် လွတ်လပ်သောသုတေသနဌာနများ၏ အကြံပြုချက်ကို ထည့်သွင်း စဉ်းစားသင့်ပါသည်။
CIRD မှ ပညာရှင်များ၏ အဆိုအရလွန်ခဲ့သော ၃၄ နှစ်တာကာလ တစ်လျှောက်လုံးတွင် CIRD သည် “ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုကို မြဲမြံစွာလိုက်နာခြင်း” ဟူသော ခံယူချက်အပေါ်၌ ခိုင်မာစွာ ရပ်တည်လုပ်ကိုင်ခဲ့ပါ သည်။ CIRD သည် တရုတ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒလုပ်ငန်းစဉ်များအတွင်း ပေါ်ပေါက်လာသည့် အဓိကကျသော မဟာဗျူဟာမြောက်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စနစ်တကျသုတေသနပြုမှုများ၊ ကျယ်ပြန့်သော ဆွေးနွေးပွဲများ ကို အဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် အစိုးရ၏မူဝါဒချမှတ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောတူညီမှုများကို တည်ဆောက်ပေးခဲ့ပါသည်။ အထူးသဖြင့် CIRDသည် ပြုပြင်ပြောင်းလဲရေးဘက်သို့ ဦးတည်သောစွမ်းရည်ရှိသည့် ပညာရှင်များကို မွေးထုတ်ပေးကာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဖြစ်ထွန်းစေရန်အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ပါသည်။ CIRD သည် ၎င်း၏ အဖွဲ့အစည်းကို လည်ပတ်ရာ၌ “ပြုပြင်ပြောင်းလဲရေး ဘက်သို့ ဦးတည်သော နည်းလမ်းများဖြင့် အဖွဲ့အစည်းများကို စီမံခန့်ခွဲခြင်း”ဟူသော မူကိုမြဲမြံစွာ လိုက်နာကျင့်သုံးခဲ့ပါသည်။ ထိုသို့ကျင့်သုံးခြင်းဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ထိပ်တန်းတတ်သိပညာရှင်အဖွဲ့အစည်း (Leading Think Tank)တစ်ခုအဖြစ် ဆက်လက်တည်ဆောက်ရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
ပြုပြင်ပြောင်းလဲရေးသည် အပြင်ကလာမည့် ရန်သူမဟုတ်၊ အတွင်း၌ရှိနှင့်ပြီး မိတ်ဆွေဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသည် ပြောင်းလဲနေသော အခြေအနေများကို အချိန်မီနှင့် ကောင်းစွာတုံ့ပြန် ဆောင်ရွက်ခြင်းနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကောင်းစွာပြင်ဆင်ထား ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသည် ပေါ်ပေါက် လာနိုင်ဖွယ်ရှိသည့် အန္တရာယ်(Risks)များကို ကြိုတင်ခန့်မှန်းပြီး ယင်းတို့ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိရန် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး(Reform)သည် ရန်သူမဟုတ် မိတ်ဆွေဖြစ်သည်ဟု ယုံကြည်ပါသည်။ ။
