Skip to main content

မြန်မာ့လယ်ယာထုတ်ကုန်များကို သဘာဝအခြေပြု တန်ဖိုးမြှင့်ခြင်း

ချိုချိုဝင်း (စာရင်းအင်းပညာ)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ရာသီဥတုအရ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းကာ လူဦးရေအများစုမှာ လယ်ယာလုပ်ငန်းနှင့် လယ်ယာအခြေပြု စီးပွားရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်နှင့် သစ်သီးဝလံအမျိုးအစား အများအပြားသည် မြန်မာ့အဓိကထွက်ကုန်များ ဖြစ်ကြသည်။

သို့သော် လယ်ယာထွက်ကုန်များကို သဘာဝအခြေပြုတန်ဖိုးမြှင့်ကုန်စည်အဖြစ် ထုတ်လုပ်နိုင်မှုနည်းပါးခြင်းကြောင့် တောင်သူများအပါအဝင် နိုင်ငံ၏ ဝင်ငွေတိုးတက်သင့်သလောက် တိုးတက်မှုမရှိဘဲ နည်းပါးလျက်ရှိနေပါသည်။ ယနေ့ခေတ်တွင် ကမ္ဘာ့စျေးကွက်သည် သဘာဝနှင့် ညီညွတ်သည့် ထုတ်ကုန်များအပေါ် လိုအပ်ချက်များ တဖြည်းဖြည်းမြှင့်တက်လာနေသောကြောင့် မြန်မာ့လယ်ယာ ထုတ်ကုန်များကို သဘာဝအခြေပြုသည့် နည်းလမ်းများဖြင့် တန်ဖိုးမြှင့်ခြင်းသည် တောင်သူများ၏ ဝင်ငွေတိုးတက်မှုနှင့် တစ်ပြိုင်တည်းသဘာဝပတ်ဝန်းကျင်ကာကွယ်မှုကိုလည်း ဖြစ်ပေါ်စေပါ သည်။

လယ်ယာထွက်ပို့ကုန်များ

မြန်မာ့ပို့ကုန်အများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ ဖြစ်ပါသည်။ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲအမျိုးမျိုး၊ ဆန်၊ ရော်ဘာစိမ်း၊ ပြောင်း၊ နှမ်း၊ ကြက်သွန်နီ၊ သီဟိုဠ်စေ့ စသည်တို့သည် အဓိကပို့ကုန်ပစ္စည်းများဖြစ်ကြောင်း တွေ့ရှိရပါသည်။ မိမိဒေသထွက်ကုန်များကို မူလထုတ်ကုန်အတိုင်း တင်ပို့နေခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် (ဆင့်တက်ကုန်စည်ထုတ်လုပ်ခြင်းနှင့် သဘာဝနည်းလမ်းဖြင့် ထုတ်လုပ်ခြင်း) ပြောင်းလဲထုတ်လုပ်နိုင်ပါက ဈေးနှုန်းပိုမိုရရှိနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် သဘာဝနည်းလမ်းအခြေပြုထုတ်လုပ်မှုတိုးတက်လာပါက နိုင်ငံခြားငွေအမြောက်အမြား အသုံးပြုတင်သွင်းနေရသည့် ဓာတ်မြေဩဇာတင်သွင်းမှုကိုလည်း လျှော့ချလာနိုင်မည်ဖြစ်ပါသည်။

တန်ဖိုးမြှင့်ခြင်း

လယ်ယာထုတ်ကုန်တစ်ခုကို မူလထုတ်ကုန်ပစ္စည်းအနေဖြင့် ရောင်းချခြင်းမပြုဘဲ ပြုပြင်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနှင့် ဆင့်တက်ထုတ်လုပ်မှုများ အသွင်ပြောင်းလဲခြင်းဖြင့် ထုတ်ကုန်တန်ဖိုးမြှင့်တင်ခြင်းကို တန်ဖိုးမြှင့်ခြင်းဟု ခေါ်ပါသည်။ ထိုနည်းတူ စိုက်ပျိုးမှုတွင် သဘာဝအခြေပြု၍ ထုတ်လုပ်ခြင်း (ဓာတုသွင်းအားစုများ အသုံးမပြုခြင်း) ဖြင့်လည်း ထုတ်ကုန်များ၏ တန်ဖိုးကို တိုးမြှင့်နိုင်ပါသည်။ ဥပမာအားဖြင့် စပါးကို သဘာဝအခြေပြု၍ စိုက်ပျိုးခြင်း၊ သစ်သီးဝလံများကို သဘာဝနည်းလမ်းများဖြင့် စိုက်ပျိုးခြင်းတို့သည် တောင်သူများအတွက် ဝင်ငွေတိုးတက်စေရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမြင့်ထုတ်ကုန်များလည်း ဖြစ်စေနိုင်ပါသည်။

သဘာဝနှင့် ညီညွတ်မှု

ထုတ်ကုန်များ သဘာဝနှင့်ညီညွတ်မှုဆိုသည်မှာ သဘာဝဓာတ်မြေဩဇာကို အသုံးပြုခြင်း၊ ဓာတုပစ္စည်းနည်းသော ထုတ်လုပ်နည်းများအသုံးပြုခြင်းနှင့် သဘာဝထုတ်ကုန်အဖြစ် ထုပ်ပိုးခြင်းတို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးစေပြီး စားသုံးသူများ၏ ယုံကြည်မှုကို ရရှိစေပါမည်။ ကမ္ဘာ့စျေးကွက်တွင် Organic, Eco-friendly, Chemical-free အစရှိသော စကားလုံးများသည် ကုန်ပစ္စည်း၏ တန်ဖိုးကို မြင့်တက်စေသည့် အဓိကအချက်များ ဖြစ်လာပြီဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန်များကို သဘာဝအခြေပြုနည်းလမ်းများဖြင့် တန်ဖိုးမြှင့်ခြင်းသည် အပြိုင်အဆိုင်တိုးလာသည့် စျေးကွက်တွင် ကာလရှည်ရပ်တည်နိုင်ရေးကို အထောက်အကူပြုစေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ

မြန်မာနိုင်ငံတွင် သဘာဝနှင့်ညီညွတ်သည့် တန်ဖိုးမြှင့်လုပ်ငန်းများအတွက် အခွင့်အလမ်းများ စွာရှိပါသည်-

(က) သဘာဝရင်းမြစ်များ ပေါများခြင်း။ မြန်မာ့တောတောင် ရေမြေများသည် သဘာဝအရည်အသွေးကောင်းမွန်ခြင်း၊

(ခ) နည်းပညာသစ်အသုံးပြုခြင်း။ နည်းလမ်းအသစ်များ အသုံးပြု၍ စိုက်ပျိုးမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေရှိခြင်း၊

(ဂ) အိမ်နီးချင်းပြည်ပစျေးကွက်များ။ လူဦးရေအမြောက်အမြားနေထိုင်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံစသည့် အိမ်နီးချင်းနိုင်ငံများသို့ အလွယ်တကူတင်ပို့နိုင်ခြင်း၊

(ဃ) သဘာဝထုတ်ကုန်အပေါ် စျေးကွက်လိုအပ်ချက်မြင့်လာခြင်း။ စားသုံးသူများက Chemical-free အစားအစာများကို ပိုမိုရွေးချယ်လာခြင်း။

ဤအချက်များကြောင့် မြန်မာနိုင်ငံ၏ သဘာဝအခြေပြုတန်ဖိုးမြှင့်လုပ်ငန်းများ ဆောင်ရွက်ပြီး တိုးတက်မှုအခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ပါသည်။

ဆောင်ရွက်ရမည့်ကိစ္စ

မြန်မာနိုင်ငံအတွင်း သဘာဝအခြေပြုတန်ဖိုးမြှင့်မှုကို စမ်းသပ်လျက်ရှိသော ဒေသများရှိသော်လည်း အချို့သောအခက်အခဲများရှိနေဆဲဖြစ်ပါသည်-

(က) စက်မှုနည်းပညာလိုအပ်ခြင်း။ MSME များအတွက် လိုအပ်သော စက်ပစ္စည်း ပံ့ပိုးပေးခြင်းနှင့် နည်းပညာဆန်းသစ်မှုဖြစ်စေခြင်း၊

(ခ) သင်တန်းများနှင့် လေ့ကျင့်မှုများ ပြုလုပ်ခြင်း။ သဘာဝစိုက်ပျိုးနည်းလမ်းများ၊ ထုပ်ပိုးနည်းများ၊ စျေးကွက်ဈေးနှုန်းသိရှိမှုစနစ်များ သင်ကြားပေးခြင်း၊

(ဂ) တန်ဖိုးမြှင့်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုစနစ်တည်ဆောက်ခြင်း။ SME များအတွက် အတိုးနှုန်းနည်းသော ချေးငွေမူဝါဒများ ဖန်တီးပေးခြင်း၊

(ဃ) သဘာဝထုတ်ကုန် အထောက်အထားစနစ်တည်ဆောက်ခြင်း (Organic Certification)။ ပြည်ပသို့ တင်ပို့ရာတွင် ယုံကြည်မှုရရှိစေရေး လက်မှတ်စနစ်တည်ဆောက်ခြင်း။

တိုးတက်ဖွံ့ဖြိုးလာမည်

အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ပူးပေါင်း၍ သဘာဝနှင့်ညီညွတ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပါက တောင်သူများ၏ ဝင်ငွေတိုးတက်မှု၊ နိုင်ငံ့စီးပွားရေးတိုးတက်မှုအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး သက်တမ်းရှည်စီးပွားရေးတည်ဆောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် သဘာဝထုတ်ကုန်ထုတ်လုပ်နိုင်သော နိုင်ငံအဖြစ် ပြည်ပတွင် နာမည်ရလာပါက အနာဂတ်တွင် မြန်မာ့လယ်ယာစီးပွားရေးသည် သဘာဝနှင့် ညီညွတ်သည့် တန်ဖိုးမြင့်ထုတ်ကုန်များဖြင့် တိုးတက်ဖွံ့ဖြိုးလာမည်ဟု မျှော်လင့်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။