အရောက်လှမ်းခဲ့ပြီ မူပိုင်ခွင့်ပန်းတိုင်သစ်ဆီ
ဒေါက်တာမိုးမိုးသွယ် (မူပိုင်ခွင့်)
မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကိုအသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြုရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့်အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်းသစ်သောထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့်အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှုများ ပါဝင်သည်။
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လူသိများထင်ရှားခဲ့သောဥပဒေမှာ Copyright ACT (၁၉၁၄) ဖြစ်သည်။ အခြားသော နည်းပညာမူပိုင်ခွင့်များနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်များအတွက် သီးခြားဥပဒေများပြဋ္ဌာန်းခြင်းမရှိခဲ့ချေ။ သို့ဖြစ်၍ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို လက်တွေ့ကျင့်သုံးဆောင်ရွက်မှုအလေ့အကျင့်များ နည်းပါးခဲ့သည်။ ၂၀၀၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး (WIPO) ၏ ၁၇၆ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီးနောက် နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၇ တွင် “နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်” ဟုလည်းကောင်း၊ ပုဒ်မ-၃၇၂ တွင် “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်ကအာမခံသည်” ဟုလည်း ပြဋ္ဌာန်းခဲ့သည်။
အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့
၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ မူပိုင်ခွင့်စနစ်သစ်တစ်ရပ်တည်ထောင်နိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေမူကြမ်းလေးရပ်ကို ပြည်တွင်းနှင့် ပြည်ပမှ ဥပဒေပညာရှင်များပူးပေါင်း၍ ညှိနှိုင်းရေးဆွဲခဲ့သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ (Trademark Law)၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (Industrial Design Law)၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ (Patent Law) နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law) တို့ကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အသီးသီးတွင် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် အောင်မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့သည်။ သို့ဖြစ်၍ မူပိုင်ခွင့်ဥပဒေများအရ နိုင်ငံတော်၏ ဒုတိယသမ္မတဦးဆောင်သည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် အဖွဲ့ဝင် ၃၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့တွင် ပထမအကြိမ်အစည်းအဝေးကို ကျင်းပနိုင်ခဲ့သည်။ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အစည်းအဝေးများ ၈ ကြိမ် ကျင်းပခဲ့ကာ မူပိုင်ခွင့်စနစ်တည်ဆောက်ရေးမူဝါဒများနှင့်လမ်းညွှန်ချက်များကို ချမှတ်နိုင်ခဲ့သည်။ ဗဟိုကော်မတီသည် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် “အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ (၂၀၂၃-၂၀၂၈)” ကိုလည်းချမှတ်ပေးခဲ့ပြီး ရည်မှန်းချက်၊ မဟာဗျူဟာ ၆ ရပ်နှင့် လုပ်ငန်း စဉ် ၅၃ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အထူးဥပဒေများ အာဏာသက်ဝင်
မူပိုင်ခွင့်စနစ်တည်ဆောက်ရာတွင် အဓိက ကဏ္ဍမှ တာဝန်ယူဆောင်ရွက်မည့် မူပိုင်ခွင့်ဦးစီးဌာနကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်၌ ဖွဲ့စည်းခဲ့သည်။ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မူပိုင်ခွင့်ဥပဒေများ၏ နည်းဥပဒေများအပြင် အေဂျင်စီနည်းဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းနှင့် ဒေသထွက်ကုန်များအား မူပိုင်ခွင့်အကာအကွယ်ပေးသည့် ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ခဲ့သည်။
နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေနှင့် ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အထူးဥပဒေ (Special Law) များအနေဖြင့် အသီးသီးအာဏာသက်ဝင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အယူခံခြင်းကိစ္စရပ်များနှင့် မူပိုင်ခွင့်ဥပဒေများပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အေဂျင်စီအစည်းအဝေးများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ငါးကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီး ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်မည့် ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်။ မူပိုင်ခွင့်ဦးစီးဌာနမှ အေဂျင်စီဌာနခွဲသည် အေဂျင်စီနည်းဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အေဂျင်စီအစည်းအဝေးများ ကျင်းပနိုင်ရေးတာဝန်ယူဆောင်ရွက်ခဲ့သည်။
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်လျှောက်ထားမှုအတွက် လိုအပ်သည့်လျှောက်လွှာပုံစံများ၊ အခကြေးငွေများကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်းနှင့်ပြည်ပတို့မှ မူပိုင်ခွင့်လျှောက်ထားမှုများကို အီလက်ထရောနစ်ဖြင့် လျှောက်ထားခြင်း (Online Filing) သို့မဟုတ် လျှောက်လွှာလက်ခံဌာနများသို့ ကိုယ်တိုင်လာရောက် လျှောက်ထားခြင်း စသည့်နည်းလမ်းနှစ်မျိုးဖြင့် လက်ခံဆောင်ရွက်ခဲ့သည်။ မူပိုင်ခွင့်လျှောက်ထားခြင်းများကို ကိုယ်စားလှယ်များကတစ်ဆင့် လျှောက်ထားနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများ ဖွင့်လှစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလက်မှတ်များပေးအပ်၍ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့သည်။ ယခုအခါ ကိုယ်စားလှယ်စုစုပေါင်း ၁၂၇၃ ဦးကျော် မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ အမှတ်တံဆိပ် လျှောက်ထားချက် ၆၆၇၄၆ စောင်၊ စက်မှုဒီဇိုင်းလျှောက်ထားချက် ၃၃၉ စောင်၊ စာပေနှင့် အနုပညာမူပိုင်ခွင့် လျှောက်ထားချက် ၃၆ စောင်နှင့် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက် ၄၃ စောင် လက်ခံရရှိခဲ့သည်။
အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး
မူပိုင်ခွင့်လျှောက်ထားမှုများကို မူပိုင်ခွင့်ဦးစီးဌာနမှ သက်ဆိုင်ရာစစ်ဆေးရေးအရာရှိများက မူပိုင်ခွင့်ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးပြီး လျှောက်ထားချက်များအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ကြေညာခြင်းစသည့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်း ၁၂၄၄၆ စောင်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်း ၁၆၄ စောင်နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်း ၁၈ စောင်တို့အတွက် မူပိုင်ခွင့်မှတ်ပုံတင်ခွင့်ပြုကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) များကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအပြင် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများ (MSMEs)၊ သုတေသနဌာနများ၊ တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ဝန်ထမ်းများနှင့် ပြည်သူလူထုများစသည့် လူ့အဖွဲ့အစည်းများတွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ပြန့်ပွားစေရန်နှင့် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် မူပိုင်ခွင့်အမျိုးအစားအလိုက် လိုအပ်သော အသိပညာပေးခြင်းအစီအစဉ်များကို နှစ်စဉ်အသိပညာပေးအစီအစဉ်များ လျာထားလျက် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မူပိုင်ခွင့်ဆိုင်ရာဗဟုသုတများ မြှင့်တင်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များချမှတ်ပြီး မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ မူပိုင်ခွင့်လျှောက်ထားချက်များအား စစ်ဆေးမည့် ဝန်ထမ်းများအား လေ့ကျင့်ပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ပြည်တွင်းသင်တန်း ၁၈၈ ခုတွင် ဝန်ထမ်းများအား တက်ရောက်စေခဲ့သည်။ ပြည်ပတွင် ကျင်းပပြုလုပ်ခဲ့သော မူပိုင်ခွင့်ဆိုင်ရာ သင်တန်းများ ၄၄ ခုနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ၁၆၁ ခု၊ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ ၆၅ ခုတို့တွင်လည်း ဝန်ထမ်းများ လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် Online မှတစ်ဆင့် တက်ရောက်ခြင်းတို့ဖြင့် ဝန်ထမ်းများ၏ မူပိုင်ခွင့်ဆိုင်ရာအသိအမြင်ဗဟုသုတများ မြှင့်တင်နိုင်စေရန် ဆောင်ရွက်ခဲ့သည်။
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မူပိုင်ခွင့်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များတွင် တက်ကြွစွာလိုက်ပါဆောင်ရွက်ခြင်း၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်ဆွေးနွေးခြင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ၏ မူပိုင်ခွင့်ကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကြီးနှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးတို့နှင့် စဉ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မူပိုင်ခွင့်စနစ်ပေါ်ထွန်းလာစေရန် ဆက်လက်ကြိုးပမ်း
မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့်ဂေဟစနစ်ကို အားကောင်းစေရန် ဦးတည်ချက်ဖြင့် “နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ (International Conference on Intellectual Property-2025)" ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နေပြည်တော် Jasmine Naypyitaw Hotel ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ နိုင်ငံတကာမူပိုင်ခွင့်ညီလာခံမှ ရရှိလာသည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်များနှင့် လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်ပေါ်ထွန်းလာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို မူပိုင်ခွင့်ပိုင်ရှင်များထံသို့ အပ်နှင်းခြင်းသာမက မူပိုင်ခွင့်ချိုးဖောက်မှုများကိုလည်း ထိရောက်စွာတားဆီးကာကွယ်ပေးခြင်းဖြင့် ညီညွတ်မျှတသော လူမှုစီးပွားဘဝကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မူပိုင်ခွင့်ဥပဒေများအရ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အကောက်ခွန်ဦးစီးဌာနနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း မူပိုင်ခွင့်ချိုးဖောက်မှုများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သည်။
နိုင်ငံတော်တွင် မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခြင်းနှင့် မူပိုင်ခွင့်ချိုးဖောက်မှုများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်းအားဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာစေနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မား တိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်များကို မျှတစွာခွဲဝေခံစားစေခြင်းအားဖြင့် စာပေအနုပညာနှင့် စက်မှုလက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းနှင့် လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားအတွက် အထောက်အပံ့ကောင်းဖြစ်စေ
ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်နှင့် အေအိုင် စသည့်နည်းပညာရပ်များ တစ်ဟုန်ထိုးဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ဝန်းယှဉ်ပြိုင်မှုမြင့်မားလာသဖြင့် မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်စေနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတော်၏ တီထွင်ဆန်းသစ်မှုကို အခြေပြုသည့် စီးပွားရေးနှင့် ပညာရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် မူပိုင်ခွင့်ကဏ္ဍကိုလည်း မရှိမဖြစ်တည်ဆောက်ရမည်ဖြစ်သဖြင့် မူပိုင်ခွင့်ခရီးလမ်း၏ ရည်မှန်းချက်ပန်းတိုင်သစ်ဆီသို့ အရောက်လှမ်းနိုင်ကြရန် ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် အမျိုးသားဂုဏ်ကို မြှင့်တင်ရန်လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
