လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် ဝန်ဆောင်မှုများကိုရရှိစေမည့် မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စာရင်းအင်း
သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ ပူးပေါင်းဖွင့်လှစ်သည့် Refresher Training for ICD-10 Coding and Introduction of ICD-11 Coding သင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၁၀-၂၀၂၅ ရက်နေ့ကတက်ရောက်ခဲ့ပြီး Review Meeting and Expansion of Mobile Birth and Death Registration သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၁၁-၂၀၂၅ ရက်နေ့တွင် တက်ရောက်ခဲ့ရခြင်းက မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်စာရင်းအင်း၏ အရေးပါပုံကို အတွေးထဲ ဝင်ရောက်လာစေခဲ့သည်။
သင်တန်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့်ဗဟို စာရင်းအင်းအဖွဲ့ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက်ဖွင့်လှစ်ပို့ချသည့် သင်တန်းဖြစ်ပြီး WHO မှ ဘာသာရပ်ကျွမ်းကျင်သူက ပို့ချသည့်သင်တန်းဖြစ်ပါသည်။
မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းသည် ကလေးများမွေးဖွားမှုအချက်အလက်ကိုလည်းကောင်း၊ သေဆုံးမှုတွင် မည်သည့်အကြောင်းရင်းများကြောင့် သေဆုံးရသည်ကိုလည်းကောင်း မှတ်တမ်းတင်ခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေဆိုင်ရာစာရင်းအင်းတွင် အခြေခံအကျ ဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး မရှိမဖြစ်ဆောင်ရွက်ရမည့် လုပ်ငန်းလည်းဖြစ်ပါသည်။ လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့်ဝန်ဆောင်မှုများကိုရရှိစေရန် လိုအပ်သောတရားဝင်အထောက်အထားများကို မွေးဖွားမှုမှတ်ပုံတင်ခြင်းမှရရှိစေပြီး သေဆုံးမှုအကြောင်းရင်းကို သေဆုံးမှုမှတ်ပုံတင်ခြင်းမှ ရရှိနိုင်ပါမည်။
ယင်းတို့သည် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ စီမံကိန်းများချမှတ်နိုင်ရန်အတွက် အရေးပါသော လူဦးရေဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးမည် ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ကမ္ဘာပေါ်ရှိ လူဦးရေ၏ ၁ ဘီလီယံခန့်သည် တရား ဝင်မှုအထောက်အထားများကင်းမဲ့နေပြီး ၎င်းတို့အနက် အများစုမှာ မွေးဖွားစဉ်က မှတ်ပုံတင်ခြင်း မရှိခဲ့ကြောင်းဖော်ပြထားပါသည်။ အလားတူပင် ကမ္ဘာ့သေဆုံးမှုအားလုံး၏ သုံးပုံနှစ်ပုံခန့်သည်လည်း မှတ်ပုံတင်ထားခြင်းမရှိသော သေဆုံးမှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။
မွေးဖွားမှုနှင့်သေဆုံးမှုစာရင်းအင်းများသည် လူဦးရေစာရင်းအင်းပညာ(Demography)၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် လူဦးရေစာရင်းအင်းကိုရရှိနိုင်သကဲ့သို့ မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းသည်လည်း လူဦးရေစာရင်းအင်းစုဆောင်းသည့် နည်းလမ်းတစ်မျိုးဖြစ်ပါသည်။
တရားဝင်အထောက်အထား
မွေးစာရင်းသည် ကလေးတိုင်း၏ပထမဦးဆုံးပိုင်ဆိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး တရားဝင် အထောက်အထားအတွက် အခြေခံအကျဆုံး စာရွက်စာတမ်းဖြစ်ပါသည်။ မွေးစာရင်းမရှိပါက ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်မှု အခွင့်အလမ်းများဆုံးရှုံးနိုင်ပါသည်။ မွေးစာရင်းအထောက်အထားမရှိခြင်းကြောင့် ဆန္ဒမဲပေးပိုင်ခွင့်၊ ပိုင်ဆိုင်မှုဆက်ခံခွင့်နှင့် အခြားနိုင်ငံဝင်ရောက်ခွင့်စသည့် အခွင့်အရေးများလည်း ဆုံးရှုံးနိုင်ပါသည်။
သေဆုံးမှုစာရင်းသည်လည်း အမွေဆက်ခံသူများအတွက် ပိုင်ဆိုင်မှုဆိုင်ရာအရေးကိစ္စများဖြေရှင်းရန်၊ အသက်အာမခံတောင်းခံရန်၊ တရားဝင်အိမ်ထောင်ထပ်မံပြုရန်စသည့် အခွင့်အရေးများအတွက်အလွန်အရေးကြီးပါသည်။ ထို့အပြင် သေဆုံးရသည့်အကြောင်းရင်းများသည် ကျန်းမာရေးမူဝါဒချမှတ်သူများအတွက် အခြေခံအကျဆုံးသောအထောက်အပံ့ကို ဖြစ်စေပါသည်။ သေဆုံးရသည့် အဓိကအကြောင်းအရာများကို သိရှိခြင်းကြောင့် မည်သည့်ရောဂါများအဖြစ်များသည်၊ ကူးစက်ရောဂါဖြစ်သည်စသည်ဖြင့် တိတိကျကျခွဲခြားသိရှိနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
ယုံကြည်စိတ်ချရသော မွေးဖွားမှုနှင့်သေဆုံးမှုစာရင်းအင်းများသည် ကောင်းမွန်သောအုပ်ချုပ်ရေး လုပ်ငန်းစဉ်များအတွက် အလွန်အရေးပါပါသည်။ မွေးဖွားမှုနှင့်သေဆုံးမှုတို့မှလူဦးရေတိုးပွားမှုနှင့် ပျံ့နှံ့နေထိုင်မှုတို့ကိုသိရှိနိုင်ပြီး ကျောင်းများ၊ ဆေးရုံများနှင့် အခြေခံအဆောက်အအုံများမည်သည့်နေရာတွင် တည်ဆောက်ရမည်ကို သတင်းအချက်အလက်ပေးလျက်ရှိပါသည်။ ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းများ စသည့်အရင်းအမြစ်များ ခွဲဝေသုံးစွဲမှုကိုလည်း အထောက်အကူပြုနိုင်ပါသည်။
အရည်အသွေးမြင့် မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်း
မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းအချက်အလက်များမှတစ်ဆင့် အနာဂတ်လူဦးရေကိုခန့်မှန်းနိုင်ရန်နှင့် လူမှုရေး၊ စီးပွားရေးနှင့်ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်မဟာဗျူဟာများကိုချမှတ်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် အရည်အသွေးမြင့်သည့် ဖွားသေစာရင်းအင်းများဖြစ်စေရန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အရည်အသွေးမြင့်သော မွေးဖွားမှုနှင့်သေဆုံးမှုစာရင်အင်းများရရှိစေခြင်းသည် လူဦးရေပြောင်းလဲမှု ပုံသဏ္ဌာန်ကို တိကျစွာသိရှိနိုင်ခြင်း၊ လူဦးရေ၏လိုအပ်ချက်အပေါ် ပိုမိုထိရောက်သည့် မူဝါဒများချမှတ်အကောင်ထည်ဖော်နိုင်ခြင်းနှင့် အရင်းအမြစ်များကို စနစ်တကျခွဲဝေသုံးစွဲနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်သော်လည်း မွေးဖွားမှုနှင့်သေဆုံးမှုစာရင်းအင်းအရည်အသွေးကိုထိခိုက်စေသည့် မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် ပြည့်စုံမှန်ကန်မှုမရှိခြင်းနှင့်နောက်ကျမှတ်ပုံတင်ခြင်းတို့ကြောင့် လူဦးရေပြောင်းလဲမှု စာရင်းအင်းအပေါ် သက်ရောက်မှုများ ရှိစေပါသည်။
မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအင်းဆိုင်ရာ အခန်းကဏ္ဍတွင် ပြည့်စုံသောစာရင်းအင်း အချက်အလက်များသည် လူသားတို့၏ အနာဂတ်အခွင့်အလမ်းဖြစ်သောကြောင့် ထိုစာရင်းအင်းများကို နည်းပညာအကူအညီဖြင့် မှန်ကန်သောစာရင်းအင်းများ၊ အရည်အသွေးပြည့်ဝသော စာရင်းအင်းများ ဖြစ်ပေါ်လာစေရေး အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုကို ၁၀ နှစ်လျှင် တစ်ကြိမ်သာကောက်ယူခြင်းဖြစ်သည့်အတွက် မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာအချက်အလက်များသည် အရည်အသွေးပြည့်ဝသော စာရင်းအင်းများဖြစ်လာပါက အနာဂတ်လူဦးရေနှင့်စပ်လျဉ်းသည့် လူဦးရေဆိုင်ရာ အချက်အလက်များကို အနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ်ပါသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများကြောင့် အချက်အလက်များစုဆောင်းရာတွင် တိကျသောစာရင်းအင်းများကို ပိုမိုမြန်ဆန်စွာကောက်ယူနိုင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ခြင်း၊ အချက်အလက်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ခြင်း၊ အချက်အလက်များထိန်းသိမ်းမှုစွမ်းရည်မြင့်မားနိုင်ခြင်းနှင့်အရည်အသွေးရှိသောစာရင်းအင်းများ တွက်ချက်ထုတ်ပြန်နိုင်ခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် နိုင်ငံတစ်နိုင်ငံ၏အရေးကြီးသော မွေးဖွားမှုနှင့်သေဆုံးမှုစာရင်းအင်းများ၏ အရည်အသွေးများ ပိုမိုတိကျကောင်းမွန်မှုကို ရရှိစေမည် ဖြစ်ပါသည်။
Mobile Birth and Death Registration (MBDR)
မြန်မာနိုင်ငံတွင် ပြည်သူ့ရေးရာမှတ်ပုံတင်ခြင်းစနစ်မှ မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ အချက်အလက်များ ရေးသွင်းခြင်းကို e-platform စနစ်ဖြင့် ရေးသွင်းရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရန်အတွက် Mobile Birth and Death Registration (MBDR) စနစ်ဖြင့် Mobile Tablet များအသုံးပြုကာ မွန်ပြည်နယ်တွင်မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ အချက်အလက်များကောက်ယူခြင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ Mobile မှတ်ပုံတင်ရေးသွင်းခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီအချက်အလက်များကို ရရှိနိုင်သည့်အပြင် စာရွက်စာတမ်းများ အသုံးပြု မှုကိုလျှော့ချနိုင်ပြီး စာရွက်စာတမ်းများရေရှည်ထိန်းသိမ်းရန် အခက်အခဲများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။
Verbal Autopsy (VA)ဆိုသည်မှာ ဆေးရုံ/ဆေးခန်းပြင်ပသေဆုံးမှုများ၏ သေဆုံးရသည့် ဖြစ်နိုင်ခြေအများဆုံး (သို့) ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ (Cause of Death – CoD) ကို လေ့ကျင့်ထားသော ကျန်းမာရေးဝန်ထမ်းများမှ သေဆုံးသူ၏မိသားစုဝင်များ(သို့)မသေဆုံးမီ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သူများကို နှုတ်ဖြင့်မေးမြန်းသည့် နည်းလမ်းဖြစ်ပါသည်။ အဆိုပါနည်းလမ်းကို မြန်မာနိုင်ငံရှိ မြို့နယ် ၄၂ မြို့နယ်မှ ဆေးရုံ/ဆေးခန်း ပြင်ပသေဆုံးမှုများ၏ သေဆုံးရသည့် အဓိကအကြောင်းရင်းများကို သိရှိနိုင်ရန် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။ မေးမြန်းသူမှ Tablet များအသုံးပြုကာ Open Data Kit (ODK) Application မှ စစ်တမ်းမေးခွန်းလွှာဖြင့် ကောက်ခံရရှိလာသော အချက်အလက်များကို Smart VA Desktop Application ဖြင့် “Tariff Method” ကို အသုံးပြုကာ သေဆုံးရသည့်အကြောင်းရင်းများကို အလိုအလျောက်ရှာဖွေသည့်စနစ်ကိုအသုံးပြု၍ ရောဂါရှာဖွေခြင်းဖြစ်ပါသည်။ နည်းပညာဖွံ့ဖြိုးမှုဖြင့် ဆေးရုံ/ဆေးခန်းပြင်ပ သေဆုံးမှုအကြောင်းရင်းများကို နှုတ်ဖြင့်မေးမြန်းဖော်ထုတ်ခြင်းဖြင့် သေဆုံးမှုစာရင်းအင်းအရည်အသွေးကို မြှင့်တင်ခြင်းဖြစ်ပါသည်။
လူသားအရင်းအမြစ် လိုအပ်ချက်များ ဖြည့်ဆည်းခြင်း
နည်းပညာကို ထိရောက်စွာအသုံးပြုနိုင်ရန်နှင့်စီမံခန့်ခွဲနိုင်ရန်ကျွမ်းကျင်သော လူသားအရင်းအမြစ်များလိုအပ်ပါသည်။ လူသားအရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံခြင်းသည်နည်းပညာကို ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့ပင် အရေးကြီးပါသည်။ ကောင်းစွာလေ့ကျင့ထားသော ကျွမ်းကျင်ဝန်ထမ်းများက စနစ်၏ရေရှည်တည်တံ့မှုနှင့် ရည်မှန်းချက်များ အောင်မြင်ရေးကို သေချာစေမည် ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့ ပူးပေါင်းဖွင့်လှစ်သည့် Refresher Training for ICD-10 Coding and Introduction of ICD-11 Coding သင်တန်းနှင့် Review Meeting and Expansion of Mobile Birth and Death Registration သင်တန်းတို့သည် မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းအတွက် ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
References:
- World Bank Group. (2021). Identifica-tion for Development (ID4D) Global Dataset.
- World Health Organization. (2020). *Global Health Estimates 2020: Deaths by Cause, Age, Sex, by Country and by Region, 2000-2019.
