Skip to main content

မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအလွန် - စိန်ခေါ်မှုများကို ကျော်လွှားပြီး တည်ငြိမ်အေးချမ်းမှုဆီသို့ (၂)

ကောင်းပြည့်

သာမန်အခြေအနေထက် ဘာကြောင့်ထူးခြားရတာလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်နိုင်ဖို့၊ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာရှိနေတဲ့ စောင့်ကြည့်ခံလွှတ်တော်အမတ်တွေကို လက်ရှိနိုင်ငံ့ဖြစ်စဉ်အပေါ် ဥပဒေနဲ့အညီ ဖြေရှင်းနိုင်စေဖို့အတွက် ရှင်းလင်းပြောကြားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း နေရပ်ဒေသအသီးသီးကိုပြန်လည်စေလွှတ်ပေးခဲ့ပါတယ်။

ဒီအချက်ဟာ တပ်မတော်က နိုင်ငံရေးဆောင်ရွက်နေသူတွေကို ဥပဒေနဲ့အညီ လွတ်လပ်စွာဆက်လက်ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးပေးခဲ့ခြင်းသာဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကိုရယူပြီး ဥပဒေနဲ့အညီ လွတ်လပ်စွာဆက်လက်ဆောင်ရွက်ရမယ့် အစား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)” အမည်နဲ့ တရားမဝင်ကော်မတီကိုဖွဲ့စည်းခဲ့သလို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မှာ“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government- NUG)” အမည်နဲ့ တရားမဝင်အစိုးရကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defence Force- PDF) အဖြစ် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်၊၊ တစ်ချိန်တည်းမှာပဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)စတဲ့ အဖွဲ့တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့ပါတယ်၊၊ ဥပဒေနဲ့မညီတဲ့ CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရကို ဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေးထောက်ပံ့ခြင်း၊ ဦးဆောင်မှုပြုခြင်းတွေ ဆောင်ရွက် လာခဲ့ကြပါတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့်အစား အလုံးစုံပျက်သုဉ်းရေးအတွက် ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်ခြင်းတွေ ပြုလုပ်လာခဲ့ကြပါတယ်။

NLD ပါတီ အစွန်းရောက်တွေနဲ့ သူတို့ပါတီကို အစွန်းရောက် ထောက်ခံအားပေးနေသူတွေကလည်း လူငယ်တွေကိုအသုံးချပြီး EAO နယ်မြေတွေဖြစ်တဲ့ KNU ၊ KIA ၊ KNPP စတဲ့ နယ်မြေတွေမှာ စစ်သင်တန်းတွေ တက်ရောက်စေခဲ့ပါတယ်။ CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွေဟာ အကြမ်းဖက်လုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့တိုက်တွန်းခဲ့ကြပြီး ချင်းပြည်နယ်ဒေသအချို့၊ မကွေးတိုင်းဒေသကြီးဒေသအချို့၊ စစ်ကိုင်းတိုင်းဒေသကြီး ဒေသအချို့နဲ့ ကယားပြည်နယ်ဒေသအချို့တွေမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့အထိ အကြမ်းဖက်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ဆူပူအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေနဲ့ ၄၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရှိရပါတယ်။ တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနဲ့ ပစ်ခတ် ခံရမှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ ကြိမ်၊ မီးရှို့မှု ၁၂၃၁ ကြိမ် စုစုပေါင်းအကြမ်းဖက်မှု ၁၉၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံး ၅၄၄၃ ဦး နဲ့ ဒဏ်ရာရ ၄၅၇၇ ဦး ရှိခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုအနေနဲ့ ကားလမ်း ၁ဝ၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်၊ မီးရှို့ဖျက်ဆီးမှုအနေနဲ့ ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင်နှစ်ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ် မှုကြောင့် သံဃာအပါး ၇၀၊ သီလရှင်နှစ်ပါး၊ ပညာရေးဝန်ထမ်း ၆၆ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရဟန်းသံဃာနဲ့ သီလရှင်လေးပါး၊အပြစ်မဲ့ပြည်သူတွေ သေဆုံးမှု ၇၇၂ ဦးနဲ့ နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါတယ်။ အကြမ်းဖက်ဖျက်ဆီးမှုကြောင့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦ တစ်လုံး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၁၁ လုံး၊ လူနေအဆောက်အဦ ၇၆ လုံး၊ လမ်းတံတား နဲ့ တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နဲ့ဆက်သွယ်ရေးတာဝါတိုင် ၂၆ ခု အပါအဝင် အခြားအဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လတာကာလအတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဟန်း/ သံဃာပျံလွန် သုံးပါး၊ အပြစ်မဲ့ပြည်သူသေဆုံး ၄၃၈ ဦး၊ နိုင်ငံ့ဝန်ထမ်း သေဆုံး ၇၉ ဦး စုစုပေါင်းသေဆုံး ၅၂၀ ရှိခဲ့ပါတယ်။ အကြမ်းဖက်ဖျက်ဆီးမှုအနေနဲ့ လျှပ်စစ်/ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ ခြောက်လုံး၊ စာသင်ကျောင်း/ပညာရေး အဆောက်အဦ ၁၃ လုံး အပါအဝင်လူနေအိမ်တွေ၊ အခြားအဆောက်အဦတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဟန်း/ သံဃာ ၈၄ ပါး၊ သီလရှင်နှစ်ပါးနဲ့ အပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း ၇၆၆၇ ဦး သေဆုံးခဲ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၁၁၄၄၆ လုံး ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားတွေဟာ အရပ်သားတွေနဲ့ရောနှောပြီး တိုက်ခိုက်တာမို့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိစေရေး တပ်မတော်အနေနဲ့ ခက်ခဲစွာ ထိန်းသိမ်းဆောင်ရွက်ခဲ့ရပါတယ်။

 နိုင်ငံတော်ရဲ့ ဒီမိုကရေစီစနစ်လမ်းကြောင်း မှန်ကန်ခိုင်မာစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ အညီ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၅ အရ သာမန်အားဖြင့် သက်တမ်းတိုးမှုကို ခြောက်လနှစ်ကြိမ်သာ ပေးလို့ရပေမယ့် စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအချို့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးမှုနည်းပါးပြီး ဒေသခံတိုင်းရင်းသားပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး NUG နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေက နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုကြောက်ရွံ့ ထိတ်လန့်အောင် လုပ်ဆောင်လျက်ရှိတာကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့လိုအပ်ခဲ့ပါတယ်။ ဒီအခြေအနေဟာ သာမန်အခြေအနေ မဟုတ်တာ အလွန်သိသာထင်ရှားလှပါတယ်။

ဒါ့အပြင် ၂ဝ၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄၈၆၉၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်) ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီး တွက်ချက်ထားချက်အရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ အသက် ၁၈ နှစ်နဲ့အထက် ခန့်မှန်းလူဦးရေ ၃၇၂၉၉၈၅၈ (၃၇ ဒသမ ၂၉ သန်း)အနက် မှတ်ပုံတင်/ နိုင်ငံသားကတ်မရှိတဲ့ နိုင်ငံသား ၃ ဒသမ ၄ သန်းကျော် ရှိခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အကျုံးဝင်တဲ့ (ဥပဒေအရ နိုင်ငံသားများ) အားလုံးကို “ပန်းခင်း စီမံချက်နဲ့ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့အတွက် ၃-၅-၂၀၂၁ ရက်နေ့ကစ၍ စစ်ဆင်ရေးတစ်ရပ်လို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်၊၊ မှတ်ပုံတင်ပြုလုပ်ရမယ့် လူဦးရေ ၃၄၉၁၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်) အနက် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက် အထိ ၂၃၅၇၀၀၁ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး မူလရည်ရွယ်ထားတဲ့ အရေးပေါ်ကာလ နှစ်နှစ်ပြီးပါက ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဖြစ်ပေမယ့် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုဆောင်ရွက်ဖို့နဲ့ ရွေးကောက်ပွဲမှာ နိုင်ငံသားကတ် မရှိဘဲ မဲပေးသူမရှိစေရေးတို့ လုပ်ဆောင်ဖို့ အထူးလိုအပ်ခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ဘယ်လို့မှ အခြေအနေ မပေးတာကြောင့် သက်တမ်းကာလ နှစ်နှစ်ပြည့် ပြီးနောက် အရေးပေါ်အခြေအနေ ထပ်မံကြေညာ ခဲ့ပြီး ဆက်လက်သက်တမ်းတိုးခဲ့ရတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

မူလက ရွေးကောက်ပွဲကျင်းပရန်မည်သို့ ဦးတည်ထားပါသလဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ခြောက်လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လနှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်ခြောက်လပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ ဆိုတဲ့ စကားအရ နိုင်ငံတော်အုပ်ချုပ်မှု ကာလကို အများဆုံး ၂၄ လအထိသာ ထမ်းဆောင်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် မည်သို့လုပ်ဆောင်ခဲ့ပါသလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးက ဥပဒေလို အာဏာတည်တဲ့အမိန့်အမှတ် (၁/၂၀၂၁) အရ နိုင်ငံတော်ရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲပြောင်းတာဝန်ပေးအပ်ခဲ့တာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းအားဖြင့် တပ်မတော်ဟာငြိမ်းချမ်းရေးအတွက် ဘယ်လောက်အလေးထား ဆောင်ရွက်နေသလဲဆိုတာ ပေါ်လွင်စေပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အဓိကအားဖြင့် “တပ်မ တော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့ပြီး ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော်ကာကွယ် ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့် ကာလများကို ယခင်ထက် ပိုမိုထိရောက်အကျိုးရှိစွာ အသုံးပြု ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင် ရွက်ကြစေလိုကြောင်း နှင့် “တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရန် ဆက်လက်ဆွေးနွေးခြင်း၊ (NCA) လက်မှတ်ရေးထိုးမရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား (NCA)လက်မှတ် ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များကို ဆက်လက်ဆွေးနွေးသွားရန် ဆိုပြီး နိုင်ငံတော်အာဏာကိုထိန်းပြီး နောက်ပိုင်း ပထမဆုံးခြေလှမ်းက ပြည်တွင်းထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ခဲ့တာကို သိရှိနိုင်ပါတယ်။ ။