ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အခန်းကဏ္ဍ
ကိုသိန်း(ဗဟိုဘဏ်)
ရုံးပိတ်ရက်တစ်ရက်၏ နံနက်ခင်းအချိန်၌ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နံနက်စာ စားသုံးနေစဉ် ပြည်တွင်းသင်တန်းတစ်ခု၌ အတူတက်ရောက်ခဲ့သော မိတ်ဆွေသင်တန်းသားတစ်ဦးဖြစ်သူ “ကိုဇော်” နှင့် တွေ့ဆုံခဲ့ပါသည်။ ကိုဇော်သည် သိလိုစိတ်များပြား၍ သင်တန်းဆရာများ၏ သင်ကြားသော ဘာသာရပ်အပေါ် မေးခွန်းအများဆုံး မေးမြန်းတတ်သူဖြစ်သည်။ သူမေးသည့်မေးခွန်းများသည် အခြားသင်တန်းသားများ မေးချင်သည့် မေးခွန်းအကြောင်းအရာများပါ ပါဝင်တတ်သောကြောင့် သူတစ်ဦးတည်းဖြင့် သင်ကြားသော ဘာသာရပ်အပေါ် ထပ်မံမေးမြန်းရန် မလိုလောက်အောင် ပြီးပြည့်စုံစွာ မေးမြန်းတတ်သူတစ်ဦး ဖြစ်ပါသည်။
ကိုဇော် ။ ။ ကိုသိန်း မတွေ့တာ ကြာပြီနော်။
ကိုသိန်း ။ ။ လူချင်းမတွေ့ပေမယ့် ဖုန်းနဲ့တော့ သိချင်တာတွေ မကြာခဏမေးမြန်းခဲ့လို့ အဆက်အသွယ်မပြတ်ဘူးမဟုတ်လား။
ကိုဇော် ။ ။ ဟုတ်ပါတယ်။ လူချင်းတွေ့တုန်း သိချင်တာလေးတွေအတွက် မေးချင်လို့ပါ။ သင်တန်းတုန်းက ကိုသိန်းဆီက ဘဏ်နဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို သိခွင့်ရလို့ ကိုယ့်ရဲ့မိတ်ဆွေတွေကို ကြုံရင်ကြုံသလို ဗဟုသုတကို မျှဝေခွင့်ရနေလို့ ဝမ်းသာနေရတာ။ လတ်တလော သတင်းစာမှာပါတဲ့ ပို့ကုန်တင်ပို့သူတချို့ကို အမည်မည်းတပ်တယ်ဆိုလား။ အမည်မည်းထည့်တယ်ဆိုလား တွေ့ရလို့ အမည်မည်း ဘာကြောင့်ဖြစ်တာလဲကို သိပါရစေ။
ကိုသိန်း ။ ။ သိတယ်လေ။ လူတွေ့ရင် မေးခွန်းတွေ မေးတော့မယ်ဆိုတာ။ ဉာဏ်ပူဇော်ခက ဘယ်လိုပေးမှာလဲ။
ကိုဇော် ။ ။ အခုစားတဲ့ နံနက်စာအတွက် ရှင်းမယ်လေ။
ကိုသိန်း ။ ။ စကားအဖြစ် ပြောတာပါ။ ကျွန်တော်လည်း ကိုယ်သိထားတာကို မျှဝေပေးချင်နေတာ။ ကုမ္ပဏီတချို့က ပို့ကုန်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ဆောင်ရွက်ခြင်းမလုပ်ဘဲ ရုံးလုပ်ငန်းဆိုင်ရာတွေ၊ အခြားကိစ္စတွေမှာ Agent လို့ခေါ်တဲ့ အကျိုးဆောင်ထံကို လုပ်ငန်းအပ်ပြီး အလုပ်လုပ်ကြတာတွေကို တွေ့နေရတယ်။ Agent အပ်တဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို မသိကြတော့ဘူး။ အချို့ Agent တွေက ပို့ကုန်ဆိုင်ရာ Update Information တွေကို မသိလို့ဖြစ်စေ၊ ပို့ကုန်ဆိုင်ရာ ဗဟုသုတနည်းပါးလို့ဖြစ်စေ ဆောင်ရွက်ခဲ့မှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်ပြီး လုပ်ငန်းအပ်တဲ့ကုမ္ပဏီတွေကို ဒုက္ခရောက်စေတယ်။
တချို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်လုပ်ငန်း စဉ်တွေနဲ့စပ်လျဉ်းပြီး Agent တွေနဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတချို့ကို အလုံးစုံလွှဲအပ်ထားလို့ မိမိကုမ္ပဏီအမည်ခံပြီး အခြားကုမ္ပဏီက ပို့ကုန်တင်ပို့သွားတာ။ ပို့ကုန်ရငွေပြန်မဝင်တော့ အမည်ပေါက်တဲ့ကုမ္ပဏီကို သက်ဆိုင်ရာက စိစစ်ခြင်းခံရမှ အမည်ခံအသုံးချခြင်းခံရကြောင်း သိရှိရပြီး တရားတပေါင် ရင်ဆိုင်နေရတာတွေ၊ ကုမ္ပဏီက ပို့ကုန်ရငွေ ဝင်ရောက်ပြီးသည်ဖြစ်စေ၊ ငွေမဝင်တဲ့ ကိစ္စရပ်ဖြစ်စေ ဘဏ်နဲ့ စာရင်းရှင်းရမှာကို သွားမရှင်းတော့ ပို့ကုန်ကြွေးကျန်စာရင်းထဲပါပြီး အရေးယူခံရတာတွေ၊ ပို့ကုန် ကြွေးကျန်ကျန်ရှိလို့ ကုမ္ပဏီက အရေးယူခံရပြီး ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက နောက်ဆုံး အမည်မည်းစာရင်း ထည့်သွင်းခံထားရတာတွေအထိမသိဘဲ လေဆိပ်ရောက်မှသာ သက်ဆိုင်ရာက တားဆီးခြင်းခံရမှ ကုမ္ပဏီက အမည်မည်းစာရင်း ထဲမှာ ပါနေတာကိုသိရတဲ့အဖြစ်အပျက်တွေစတာတွေကို ကြားသိနေရလို့ ပို့ကုန်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ Agent တွေ ကို ပို့ကုန်လုပ်ငန်းနဲ့ဆက်စပ်တဲ့ သိသင့်သိထိုက်တာ တချို့ကို ကုမ္ပဏီနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေမှာ အလျဉ်းသင့်သလို ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး Update Information တွေ၊ လုပ်ငန်းစဉ်တွေကို သိရှိအောင် ဗဟိုဘဏ်အနေနဲ့ မျှဝေပေးနေပါတယ်။ ကဲ ကိုဇော် မေးခွန်းစနိုင်ပါပြီ...
ကိုဇော် ။ ။ နိုင်ငံအတွက် ပို့ကုန်ရငွေက ဘာလို့အရေးကြီးတာလဲ။
ကိုသိန်း ။ ။ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေဟာ နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ပို့ကုန်တိုးတက်ရေးအတွက် မဟာဗျူဟာတွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေရခြင်းဖြစ်တယ်။ ပို့ကုန်ရငွေတွေဟာ ပြည်တွင်းစီးပွားရေးကို တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းကို တည်ငြိမ်စေပြီးတော့ ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတယ်။ နိုင်ငံရဲ့ GDP ကို အထောက်အကူပြုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးတယ်။ နိုင်ငံရဲ့ သွင်းကုန် ဝယ်ယူနိုင်မှုကို မြင့်မားစေတယ်။ နိုင်ငံရဲ့လိုအပ်နေတဲ့ အရေးကြီးကုန်စည်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးတွေ ပိုမိုတင်သွင်းနိုင်ပြီး ကုန်ပစ္စည်း ရှားပါးခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်။ နိုင်ငံခြားကြွေးမြီဆပ်နိုင်မှုကို အထောက်အကူဖြစ်စေတယ်။
ပို့ကုန်အားကောင်းတဲ့ နိုင်ငံတွေက နိုင်ငံတကာမှာ ယုံကြည်မှုရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုဖြစ်စေတယ်။ နိုင်ငံရဲ့အရန်ငွေ ဖြည့်ဆည်းပေးနိုင်တယ်။ ပို့ကုန်ကရရှိတဲ့ နိုင်ငံခြားငွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်တဲ့အတွက် ပို့ကုန်ရငွေတွေ ပြန်လည်ဝင်ရောက်စေ ရေး ဗဟိုဘဏ်နဲ့ ပို့ကုန်နဲ့ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ Working Group ၊ Action Task Force တွေ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။
ကိုဇော် ။ ။ ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘယ်အခန်းကဏ္ဍမှာ ပါတာလဲ။
ကိုသိန်း ။ ။ ပို့ကုန်တင်ပို့သူဟာ ပို့ကုန်တင်ပို့ဖို့အတွက် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ပို့ကုန်လိုင်စင် လျှောက်ထားရပါမယ်။ ပို့ကုန်လိုင်စင်ရရင် ပို့ကုန်ဝယ်ယူသူ (Buyer) ဆီကို တင်ပို့ဖို့ လုပ်ရပါမယ်။ ကုန်စည်တွေကို ဆိပ်ကမ်းမှတစ်ဆင့် ဒါမှမဟုတ် နယ်စပ်စခန်းမှတစ်ဆင့် ပို့ကုန်တင်ပို့ ပါတယ်။ တင်ပို့ရာမှာ အကောက်ခွန်၊ ဆိပ်ကမ်း၊ ပြည်တွင်းအခွန်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရမှာပါ။ ကုန်စည်တွေဟာ ဆိပ်ကမ်းတွေ ဒါမှမဟုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် တင်ပို့တာနဲ့ ပို့ကုန်ဆိုင်ရာ အချက်အလက်တွေကို အကောက်ခွန်ကနေ ဗဟိုဘဏ်ကို MACCS (Myanmar Automated Cargo Clearance System) နဲ့ FEMS (Foreign Exchange Management System) တို့နဲ့ ချိတ်ဆက်ပြီး ပေးပို့တဲ့အချိန်ကစလို့ ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ စတင်ပါဝင်လာပါတယ်။
ကိုဇော် ။ ။ ပို့ကုန်တင်ပို့တာကို ဘာလို့အမည်မည်းထည့်တာလဲ။ ဘယ်ဥပဒေနဲ့ အရေးယူတာလဲ။
ကိုသိန်း ။ ။ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့ပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမှာဖြစ်တယ်။ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေကို ကနဦး စပြောမယ်နော်။
ပို့ကုန်တင်ပို့သူဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ (FEML) ပုဒ်မ ၃၈-ခ၊ နိုင်ငံခြားသုံးငွေ စီမံ ခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ရဲ့ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့ အရ “အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၃ဝ အတွင်း အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန် တင်ပို့သည့်နေ့မှ ရက် ၆ဝ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ပြန်လည်ဝင်ရောက်ခြင်းမရှိရင် FEML ပုဒ်မ ၄၂-ကအရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ကိုဇော် ။ ။ ဗဟိုဘဏ်အနေနဲ့ ကုမ္ပဏီတစ်ခုချင်းစီရဲ့ သတ်မှတ်ကာလအတွင်း ပို့ကုန် ရငွေ ပြန်လည်ဝင်ရောက်ခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီအများကြီးကို ဘယ်လိုစောင့်ကြည့်နေတာလဲ။
ကိုသိန်း ။ ။ နည်းပညာအကူအညီနဲ့ စောင့်ကြည့်ပြီး သိနိုင်ပါတယ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ FEMS (Foreign Exchange Management System) နဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ MACCS (Myanmar Automated Cargo Clearance System) တို့ ချိတ်ဆက်ထားပြီး ပို့ကုန်တင်ပို့သူက ပို့ကုန် တင်ပို့ပြီးတာနဲ့ အကောက်ခွန်ဦးစီးဌာနက ပို့ကုန် ကြေညာလွှာ (Export Declaration -ED) ပါ ပို့ကုန်ဆိုင်ရာ အချက်အလက်တွေကို MACCS မှ FEMS သို့ Real Time ပေးပို့ပေးပါတယ်။ ဗဟိုဘဏ်က AD လိုင်စင်ရ ဘဏ်တွေကိုလည်း FEMS ကတစ်ဆင့် ပေးပို့လိုက်တယ်။ ကုမ္ပဏီအမည်၊ ED နံပါတ်၊ ED ထွက်တဲ့နေ့၊ ပို့ကုန်သင်္ဘောပေါ်တင်တဲ့နေ့၊ ပို့ကုန်တင်လိုက်တဲ့ နိုင်ငံခြားငွေတန်ဖိုး၊ ဘယ်ဘဏ်နဲ့ ငွေဝင်ရောက်မယ်စတဲ့ ပို့ကုန်ဆိုင်ရာ အချက်အလက်တွေကို ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာဘဏ်တို့ရဲ့ System တွေမှာစပြီး စာရင်းမှတ်လိုက်တာပါ။ ဒါကြောင့် ပို့ကုန်တင်ပို့ပြီး ED နံပါတ်ထွက်တဲ့နေ့ကစ ပြီး အာရှနိုင်ငံတွေကို တင်ပို့ရင် ပို့ကုန်ရငွေဟာ ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံတွေကို တင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်ဝင်၊ မဝင်ကို FEMS System က စစ်ပေးမှာဖြစ်ပြီး ဗဟိုဘဏ်ကရော သက်ဆိုင်ရာဘဏ်ဘက်မှာပါ မြင်တွေ့နိုင်ပါတယ်။
ကိုဇော် ။ ။ သတ်မှတ်ကာလဖြစ်တဲ့ ရက်ပေါင်း ၃၀၊ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန် ရငွေ ပြန်မဝင်တာနဲ့ အမည်မည်းစာရင်း သတ်မှတ် တာလား။
ကိုသိန်း ။ ။ မဟုတ်ပါဘူး၊ FEMS စနစ်မှာ ပို့ကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီစာရင်းကို ဘဏ်အလိုက်၊ ED List အလိုက် စာရင်းပြုစုကာ AD လိုင်စင်ရဘဏ်တွေဆီကို ပေးပို့ပြီး သက်ဆိုင်ရာ Exporter ကုမ္ပဏီတွေနဲ့ ဆက်သွယ်စာရင်း ရှင်းလင်းဖို့ နောက်ဆုံးရက်သတ်မှတ်ပြီး ဆောင်ရွက်စေ ပါတယ်။ သတ်မှတ်ပေးတဲ့ နောက်ဆုံးရက်အထိ စာရင်းလာမရှင်းတဲ့ ကုမ္ပဏီတွေ၊ စာရင်းပြုစုပြီး ကုမ္ပဏီတွေထံ နှိုးဆော်အကြောင်းကြားခြင်းနဲ့ လိုက်နာမှုမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ် ယာယီပိတ်သိမ်းခြင်းကို ဆောင်ရွက်နိုင်ဖို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားပါတယ်။ ပို့ကုန်ရငွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြား ပေးပါတယ်။
ပို့ကုန်ရငွေနဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေပါဝင်တဲ့ Action Task Force အဖွဲ့က ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေမှာ ပို့ကုန်ရငွေ သတ်မှတ်ကာလအတွင်းမှာ မဝင်တဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ခေါ်ယူပြီး AD လိုင်စင်ရ ဘဏ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေး တွန်းအားပေးဆောင်ရွက်ပါတယ်။ ကုမ္ပဏီတွေနဲ့ Action Task Force အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိသူတွေနဲ့ ခံဝန်ကတိ ရေးထိုး ထားတဲ့ကာလအတွင်း စာရင်းရှင်းလင်းခြင်းမရှိသူတွေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံ တင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်းကို ဆောင်ရွက်ပါတယ်။ ဆက်လက်ပြီး ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေ၊ ပို့ကုန် ရငွေ ပြန်လည်ဝင်ရောက်သော်လည်း ဘဏ်မှာ စာရင်းရှင်းလင်းခြင်းမရှိလို့ FEMS မှာ စာရင်းလက်ကျန်ပေါ်ပေါက်တဲ့ ကုမ္ပဏီတွေ၊ ဆက်သွယ်ပြီး စာရင်းလာမရှင်းလင်းတဲ့ ကုမ္ပဏီတွေကို အရေးယူနိုင်ဖို့နဲ့ တရားစွဲဆိုနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကိုစာရင်းပေးပို့ပါတယ်။ နောက်ဆုံးအချိန်အထိ ပို့ကုန်ရငွေပြန်လည်ပေးသွင်းခြင်းမရှိတဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီဒါရိုက်တာဝင်တွေကိုသာ အမည် မည်းစာရင်း ရေးသွင်းခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
ကိုဇော် ။ ။ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို အခုမှ အရေးယူတာလား။
ကိုသိန်း ။ ။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ စည်းမျဉ်းတွေကို ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ စတင်ပြဋ္ဌာန်းခဲ့ပြီး လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ရေးဆွဲခြင်း၊ နည်းပညာအကူအညီတွေနဲ့ စောင့်ကြည့်စိစစ်ရမယ့် Software တွေ ရေးဆွဲခြင်း၊ ပို့ကုန်ရငွေနဲ့စပ်လျဉ်းတဲ့ အသိပညာပေးဆောင်ရွက်ခြင်းတွေကို ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်ကနေစလို့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသူတွေကိုစိစစ်ပြီး ခေါ်ယူစာရင်းရှင်းလင်းဖို့ AD လိုင်စင်ရဘဏ်တွေကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ဗဟိုဘဏ်ကနေ အကြောင်းကြားလာတဲ့ အခါမှာ AD လိုင်စင်ရဘဏ်တွေက ကုမ္ပဏီတွေကို ဆက်သွယ်ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့ စတင် တွန်းအားပေးဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဘဏ်တွေက အကြောင်းကြားခဲ့ပေမယ့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းဆောင်ရွက်ပေးဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို စတင်ညှိနှိုင်းခဲ့တာကစလို့ တရားစွဲဆိုတဲ့ အရေးယူမှုတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အမည်မည်းစာရင်းထည့်သွင်းတဲ့ အရေးယူမှုတွေကို စတင်ဆောင်ရွက်ခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတွေက အမည်မည်းစာရင်း ထည့်သွင်းခြင်းခံရတဲ့ကုမ္ပဏီတွေအပေါ် သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။
ကိုဇော် ။ ။ ပို့ကုန်တင်ပို့တိုင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့လိုသလား။
ကိုသိန်း ။ ။ ပြည်ပကို ကုန်စည်ရောင်းချခြင်းမဟုတ်တဲ့ တင်ပို့မှုတွေအတွက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ မလိုပါဘူး။ ဥပမာ Re-export အမျိုးအစားအချို့ဖြစ်တဲ့ စက်ပစ္စည်း ချို့ယွင်းပျက်စီးလို့ ပြန်ပို့ရတဲ့ပို့ကုန် ED Type code “G” (ERR) ၊ ထုပ်ပိုးပစ္စည်းများ ပြန်ပို့တဲ့ ပို့ကုန် ED Type Code “B” (EDD)၊ ပြည်ပမှ တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးမပြည့်မီလို့ ပြန်ပို့ရတဲ့ ပို့ကုန် ED Type Code “A” ၊ ပြည်တွင်းမှာ ပြုလုပ်ခဲ့တဲ့ပြပွဲ၊ ပြိုင်ပွဲအတွက် တင်သွင်းခဲ့တဲ့ ကုန်စည်တွေကို ပြန်လည်ပို့တဲ့ပို့ကုန် ED Type Code “B” (EDT) စသဖြင့် ED code ကို မှန်ကန် အောင် ရွေးချယ်ရမှာဖြစ်ပေမယ့် ကုမ္ပဏီတွေက ED Type ကို Export Type ED အား မှားယွင်း ရွေးချယ်ခဲ့တဲ့အတွက် ပို့ကုန်ရငွေ ဝင်ရောက်ဖို့လိုတဲ့စာရင်းမှာ ပါဝင်သွားခြင်းဖြစ်တယ်။ သင်္ဘောမတင်ဖြစ်တဲ့ ပို့ကုန်တန်ချိန်ရဲ့တန်ဖိုး၊ ကုန်ဝယ်သူထံမရောက်ခင် ပျက်စီးသွားတဲ့ ကုန်ပမာဏတန်ဖိုးတွေက ပို့ကုန်ရငွေ ပြန်ဝင်ဖို့မလိုပါဘူး။ အဲဒီပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့မလိုတဲ့ အကြောင်းအရာကို ကုမ္ပဏီတွေက အထောက်အထားတွေနဲ့ ဗဟိုဘဏ်ကို တင်ပြဖို့ လိုအပ်ပါတယ်။ တင်ပြမထားရင် ဗဟိုဘဏ်အနေနဲ့ မသိနိုင်ပါဘူး။ ကုမ္ပဏီကနေ သက်ဆိုင်ရာ အထောက်အထားတွေနဲ့ တင်ပြမှသာ ဗဟိုဘဏ်က စိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင် ပို့ကုန်ရငွေဝင်ရောက်ရမယ့် စာရင်းကနေ ပယ်ဖျက် ပေးသွားမှာ ဖြစ်ပါတယ်။
ကိုဇော် ။ ။ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေက အမည်မည်းစာရင်း ထည့်သွင်းခြင်းခံရရင် ဘယ်လိုအကျိုးဆက်တွေကို ခံစားရမှာလဲ။
ကိုသိန်း ။ ။ ကုမ္ပဏီအနေနဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုတွေ ကန့်သတ်ခံရတာ၊ မြန်မာပြည် အဝင်/အထွက် ပိတ်ပင်တားဆီးခံရတာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို လျော့ကျစေတာ၊ အစိုးရနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ဆုံးရှုံးတာစတဲ့ စီးပွားရေးအရ အခက်အခဲတွေရှိနိုင်ပါတယ်။ တရားစွဲဆိုမှုတွေ ကြုံတွေ့ရတာ၊ ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်း တာ စတဲ့ ဥပဒေရေးရာနဲ့ ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက် မှုတွေလည်း ရှိနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက် တန်ဖိုးထိခိုက်တာ၊ ကုမ္ပဏီရဲ့ အနာဂတ်မှာ ရေရှည် အခက်အခဲတွေကြုံလာပြီး ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေတာတွေကို တွေ့ကြုံရနိုင်ပါတယ်။
ကိုဇော် ။ ။ အမည်မည်းစာရင်း ထည့်သွင်းခံရတဲ့ ကုမ္ပဏီဟာ အမည်မည်းစာရင်းကနေ ပြန်ပြီး ပယ်ဖျက်လို့ရသလား။ ဘယ်လိုဆောင်ရွက်ရင် ပယ်ဖျက်နိုင်လဲ။
ကိုသိန်း ။ ။ ပို့ကုန်ရငွေပေးသွင်းဖို့ကျန်တယ်လို့ စာရင်းပေါ်နေတဲ့ ပို့ကုန်ပမာဏအပြင် နောက်ဆုံးပို့ကုန်တင်ပို့ခဲ့တဲ့ ကာလရှိ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမယ့် ပို့ကုန်ပမာဏအားလုံး သက်ဆိုင်ရာဘဏ်ကို ဝင်ရောက်ရမှာဖြစ်ပြီး သက်ဆိုင်ရာဘဏ်နဲ့ စာရင်းရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးကြောင်း ဘဏ်ရဲ့ထောက်ခံချက်နဲ့အတူ အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးဖို့ ဗဟိုဘဏ်ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေကြွေးကျန် ကျန်ရှိခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက အခြားကုမ္ပဏီ တွေမှာ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ရှိ၊ မရှိကို စိစစ်ပေးဖို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) သို့ အကြောင်းကြားပြီး DICA ရဲ့ စိစစ်ပြန်ကြားချက်အရ ကုမ္ပဏီဒါရိုက်တာ တွေပါဝင်တဲ့ အခြားကုမ္ပဏီတွေကလည်း ပို့ကုန် ကြွေးကျန် ကျန်ရှိခြင်းရှိ၊ မရှိကို စိစစ်ရပါတယ်။
တရားစွဲခံရတဲ့ ကုမ္ပဏီဖြစ်ရင် တရားရုံးက ချမှတ်တဲ့ ဒဏ်ကြေးကို ပေးဆောင်ထားခြင်း ရှိ၊ မရှိ စိစစ်ရတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့မကျန်တော့ရင် ပြည်ထဲရေးဝန်ကြီးဌာနကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးဖို့ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ရပါတယ်။ တစ်ပြိုင်နက် အခြားဆက်စပ်ဌာနတွေကိုလည်း အသိပေးအကြောင်းကြားစာပေးပို့ရတဲ့အတွက် အခြားဆက်စပ်ဌာနတွေကလည်း ယင်းဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအရ အမည်မည်းစာရင်းကနေ ပယ်ဖျက်ခြင်းကို ဆောင်ရွက်ကြပါတယ်။
ကိုဇော် ။ ။ ဒါဆိုရင် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို ချက်ချင်းအမည်မည်းစာရင်း ထည့်သွင်းတာမဟုတ်ဘဲ ဘဏ်တွေကို ကုမ္ပဏီနဲ့ ဆက်သွယ်ရှင်းလင်းစေတာ၊ ပို့ကုန်ရငွေဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေးဆောင်ရွက်တာ၊ တရားစွဲဆိုတာတွေကို အဆင့်ဆင့်ဆောင်ရွက်ပြီး မှ အမည်မည်းစာရင်းထည့်သွင်းတာဖြစ်လို့ ကုမ္ပဏီအနေနဲ့ ဖြေရှင်းဆောင်ရွက်ချိန် အခွင့်အလမ်း ရတာပဲ။
ကိုသိန်း ။ ။ ဒါပေါ့။ ပို့ကုန်လုပ်ငန်းရှင်တွေကို အကြံပြုချင်တာက သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ဆောင်ရွက်စေချင်တယ်။ ပို့ကုန်ရငွေ ဝင်ရောက်ပြီးရင်လည်း သက်ဆိုင်ရာဘဏ်နဲ့ ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေနဲ့စပ်လျဉ်းပြီး အထောက်အထားတွေနဲ့ စာရင်း ရှင်းလင်းဖို့ လိုပါတယ်။ သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်ရငွေ ပြန်လည် မဝင်ရောက်နိုင်ရင် သက်ဆိုင်ရာဘဏ်တွေရဲ့ အကူအညီရယူပြီး ဗဟိုဘဏ်ကို အမြန်ဆုံးတင်ပြသွားရမှာ ဖြစ်ပါတယ်။ အမည်မည်းစာရင်း ထည့်သွင်းခံရရင် ကုမ္ပဏီအနေနဲ့ လူမှုစီးပွားများစွာ ထိခိုက်စေလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်သွယ်လာရင် ဆောင်ရွက်ရမယ့် နည်းလမ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်စေချင်တယ်။
ကိုဇော် ။ ။ ပြင်ပမှာ ကုမ္ပဏီအချို့က ဘဏ်ကို ငွေဝင်ရောက်နေပေမယ့်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့စာရင်းမှာ ပါဝင်နေတယ်လို့ ပြောနေတာတွေအပေါ် ရှင်းလင်းပေးပါဦး။
ကိုသိန်း ။ ။ ပို့ကုန်ရငွေနှင့်စပ်လျဉ်းတဲ့ အစည်းအဝေးတွေ၊ ပို့ကုန်ရငွေကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူတွေ့ဆုံပြီး တွန်းအားပေးဆောင်ရွက်တဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ကြားသိခဲ့ရလို့ ဗဟိုဘဏ်အနေနဲ့ ရှင်းလင်းဆွေးနွေးခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ ဗဟိုဘဏ်စာရင်းမှာ ကြွေးကျန် ပေါ်နေတာတွေနဲ့စပ်လျဉ်းပြီး ကုမ္ပဏီတချို့က ဘဏ်မှာ ငွေဝင်ရင် ပို့ကုန်ရငွေနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးပြီ၊ ပို့ကုန်ရငွေအတွက် ကြွေးကျန်မရှိတော့ဘူးလို့ ယူဆနေကြတယ်။ ဘဏ်ကို ဝင်လာတဲ့ငွေဟာ ဘယ် ED အတွက် ဖြစ်တယ်ဆိုတာကို အထောက်အထားတွေဖြစ်တဲ့ ED ၊ Sale Contract ၊ Invoice ၊ Bill of Lading (B/L) စတာတွေနဲ့ ဘဏ်ကို အမြန်ဆုံးသွားရောက် စာရင်းရှင်းလင်းပေးဖို့ လိုပါတယ်။ ကုမ္ပဏီက လာမရှင်းလင်းရင် ဘဏ်က ဘယ် ED အတွက် ငွေဝင်ကြောင်းမသိရတော့ FEMS မှာ သတင်းပို့ပြီး စာရင်းရှင်းလင်းလို့ မရပါဘူး။ ဘဏ်က FEMS မှာ သတင်းမပို့မချင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးတဲ့ စာရင်းမှာ ပါဝင်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပို့ကုန်ရငွေ ဝင်ရောက်လာရင် သက်ဆိုင်တဲ့အထောက်အထားတွေနဲ့ အမြန်ဆုံးစာရင်းရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဘဏ်နဲ့ စာရင်းရှင်းလင်းချိန်မှာ အထောက်အထားပြည့်စုံမှန်ကန်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ED ပါ ပို့ကုန်ဆိုင်ရာအချက်အလက်နဲ့ ငွေဝင်လာတဲ့ အချက်အလက်တွေက ကွဲလွဲနေတဲ့အခါ ပြင်ဆင်ခွင့်ပြုဖို့နဲ့ ကွဲလွဲမှုကို ခွင့်ပြုပေးဖို့ ကုမ္ပဏီဘက်က ဘဏ်ကနေတစ်ဆင့် ဗဟိုဘဏ်ကို ခွင့်ပြုချက်တောင်းခံရတာတွေ ရှိပါတယ်။ Agent အများစုက ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီဆီက ပို့ကုန်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို မေးမြန်းတောင်းခံခြင်းမပြုဘဲ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေအတိုင်း အကောက်ခွန်ဦးစီးဌာနရဲ့ ပို့ကုန်ကြေညာလွှာ ED မှာ ထည့်သွင်းဖော်ပြခဲ့တော့ ပို့ကုန်ရငွေ ဝင်ရောက်ပေမယ့် စာရင်းရှင်းရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ လည်းရှိပါတယ်။
ဥပမာအနေနဲ့ ငွေဝင်ရောက်ရမယ့် နိုင်ငံခြားငွေကြေးအမျိုးအစား၊ ဘဏ်အမည်၊ ငွေလွှဲပေးပို့တဲ့ ကုမ္ပဏီ၊ တင်ပို့တဲ့ ကုန်စည်အမည် ကွဲလွဲနေတာတွေ၊ ငွေဝင်တဲ့ Code အမျိုးအစား မှားယွင်းလို့ ငွေဝင်ရောက်တဲ့အခါ အမျိုးအစား ကွဲလွဲသွားတာတွေကြောင့် ဘဏ်က စာရင်းရှင်းလင်းပေးနိုင်ခြင်းမရှိဘူး။ ဒါ့အပြင် သတ်မှတ်ကာလမတိုင်မီ ဗဟိုဘဏ်ကိုလည်း ကွဲလွဲမှုတွေအတွက် ခွင့်ပြုချက်တောင်းခံတာတွေ အချိန်မီ တင်ပြမထားရင် ကြွေးကျန်စာရင်းမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ကာလဖြစ်တဲ့ အာရှနိုင်ငံ တင်ပို့ရင် ရက်ပေါင်း ၃၀၊ အာရှပြင်ပတင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေဝင်ရောက်ပြီး စာရင်းရှင်းလင်းဖို့ လိုပါတယ်။ သတ်မှတ်ကာလအတွင်း စာရင်းလာရှင်းလို့ အထောက်အထားတွေ ကွဲလွဲနေ လို့ ဗဟိုဘဏ်ကို ခွင့်ပြုချက်တောင်းခံထားရင် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်တဲ့စာရင်းထဲ မထည့်သွင်းဘဲ စိစစ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ကာလကျော်ပြီးမှ လာရောက်စာရင်းရှင်းရင် ကြွေးကျန်စာရင်းမှာ ပါဝင်သွားမှာဖြစ်လို့ စိစစ်ခြင်းနဲ့ စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးမှသာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ကျန်ရှိတဲ့ စာရင်းကနေ ပယ်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ ဘဏ်တွေမှာ ငွေစာရင်းအများအပြားဖွင့်လှစ်ခြင်းနဲ့ ကုမ္ပဏီမှာပါဝင်တဲ့ ဒါရိုက်တာတွေက ကုမ္ပဏီအများအပြားထူထောင်ပြီး ဆောင်ရွက်နေတာကို တွေ့ရှိနေရတယ်။ ဒါဟာ ငွေကြေးခဝါချမှု၊ အခွန်တိမ်းရှောင်မှု၊ မူးယစ်ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် တူညီတဲ့ ဒါရိုက်တာ တွေပါဝင်တဲ့ ကုမ္ပဏီအရေအတွက် သတ်မှတ်ရေးကိစ္စနဲ့ ဘဏ်စာရင်းအများအပြား ဖွင့်လှစ်တဲ့ကိစ္စတွေကို ဗဟိုဘဏ်အနေနဲ့ ကန့်သတ်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်းကိုလည်း အသိပေးလို ပါတယ်။
ကိုဇော် ။ ။ ပို့ကုန်ရငွေနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍကို သိခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တခြားသူတွေကိုလည်း ဗဟုသုတအဖြစ် မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း သိချင်တာတွေကို မေးမြန်းခွင့်ပြုပေးပါဦး။
ကိုသိန်း ။ ။ ကျွန်တော်လည်း ခုလိုပြောခွင့်ရလို့ ကျေးဇူးပါ။ နောင်လည်း ဆုံချင်ပါသေးတယ်။ ။