ယောက္ခမတောင်မှ မပေးနိုင်တဲ့ အတိုးနှုန်း
မောင်အောင်
“ဆရာ။ ဒီကဦးလေးက မိတ္ထီလာမြို့နယ် ကုန်းတောင်းကျေးရွာက ဦးစန်းမောင်ပါ။ လက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဝက်မွေးမြူရေးချေးငွေ ငါးယူနစ်ယူထားပါတယ်။ အဲဒါ နောက်ထပ် ၁၀ ယူနစ် ထပ်ပြီးယူချင်တယ်ဆိုတာကြောင့် ဆရာ့ဆီခေါ်လာခဲ့တာပါ”
မိတ္ထီလာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ထွန်း မိတ်ဆက်ပေး၍ ခေါ်လာသူကို ကျွန်တော်ကြည့်လိုက်သည်။ အသားညိုညို၊ နဖူးပြောင်ပြောင်၊ ခန္ဓာကိုယ်တုတ်ခိုင်ပြီး အသက် ၆ဝ ခန့် ရှိပုံရသည်။
“ကဲထိုင်ကြပါ။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ဝက်မွေးမြူရေးရန်ပုံငွေက ဝက်ငါးယူနစ်ယူထားတယ်ဆိုတော့ ဝက်ကောင်ရေ ၅ဝဝ မွေးထားတယ်ပေါ့။ ဒါတောင် ၁၀ ယူနစ်ထပ်ပြီး ယူချင်သေးတယ်ဆိုတော့ ဦးစန်းမောင်ကတယ်ပြီး အလုပ်လောဘကြီးပါလား။ အခုဝက် စုစုပေါင်းဘယ်နှကောင်မွေးထားသလဲ”
“လက်ရှိ အကောင် ၂ဝဝဝ ကျော် မွေးထားပါတယ်။ အဲဒါကြောင့် ဒီကောင်တွေအတွက် အစာလေးဝယ်ပြီး စုထားချင်တာကြောင့် ငွေနည်းနည်းထပ်ပြီးလိုလို့ ထပ်ယူချင်တာပါ”
တစ်ကောင်စ နှစ်ကောင်စ ဝယ်မွေး
“အေးကောင်းတယ်ဗျာ။ ဝက် ၂ဝဝဝ လောက်မွေးထားတယ်ဆိုတော့ ဦးစန်းမောင်က တကယ့်သူဌေးပဲ။ ဝက်မွေးတာဘယ်လောက်ကြာပြီလဲ။ ဘယ်တုံးကစပြီးမွေးတာလဲ။ ဝက်တွေပြန်ပြီး ထုတ်ရောင်းတော့ရော အဆင်ပြေရဲ့လား”
ကျွန်တော် သိလိုသည်များက များပြားလှသဖြင့် မေးရတာအားတောင်နာသွားပြီ။ ဦးစန်းမောင်၏ မျက်နှာကို အားနာစွာဖြင့် ကြည့်ဖြစ်လိုက်သည်။
“ကျွန်တော့်ကို အားမနာပါနဲ့ဆရာ။ ကျွန်တော်ကလည်း ဒီအကြောင်းပြောပြချင်နေတာ။ ကျွန်တော့် အကြောင်းပြောပြရင် အံ့ဩသွားမယ်။ ကျွန်တော်ဝက်ကို ၂ဝ၁၁ ခုနှစ် လောက်က စပြီးမွေးပါတယ်။ အဲဒီတုန်းက ကျွန်တော်က သူများကားမောင်းပေးရ တဲ့ အငှားယာဉ်မောင်းပါ။
“ကျွန်တော့်ကားအုံနာက ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဝက်ပို့ပြီးရောင်းတာ။ မူဆယ်၊ ရွှေလီ၊ နမ့်ခမ်းလည်းရောက်တယ်။ တစ်ခါတလေ ကွတ်ခိုင်၊ တာမိုးညဲ၊ မုန်းစီး၊ ကုန်ကြမ်းဘက်လည်းရောက်တယ်။ ကားပိုင်ရှင်က မိတ္ထီလာကဆိုတော့ မိတ္ထီလာတစ်ဝိုက်ဝက်တွေ လိုက်ပြီးကောက်။ လိုက်ဝယ်ပြီး အဲဒီရှမ်းပြည်နယ်(မြောက်ပိုင်း)ကတစ်ဆင့် ဟိုဘက်ကိုရောင်းတာ။ အဲဒီလိုဝက်လိုက်ပြီး ကောက်ရင်းရောင်းရင်းနဲ့ တစ်ခါတလေ ဝက်အငယ်လေးတွေပါလာတယ်။ အဲဒီဝက်ကလေးတွေ ဈေးကွက်မဝင်သေးတော့ ကျွန်တော်က ဈေးချိုချိုနဲ့ဝယ်ပြီး အိမ်မှာမွေးဖြစ်တယ်။ အဲဒီမှာ တစ်ကောင်စနှစ်ကောင်စ ဝယ်မွေးရင်းနဲ့ အိမ်မှာ ၁၅ ကောင်၊ အကောင် ၂ဝ လောက်ဖြစ်လာတယ်။
ခုနစ်လမွေးလိုက်ရင် ဈေးကွက်ပို့လို့ရ
“ကျွန်တော်က ပညာသိပ်မတတ်ပါဘူး။ ကျွန်တော့်ဇနီးကတော့ ဘွဲ့ရပညာတတ်ဖြစ်တဲ့အပြင် ကျောင်းဆရာမလုပ်နေတော့ အသုံးအစွဲစေ့စပ်တယ်။ စည်းစနစ်ရှိတယ်။ ဆရာလည်းသိတဲ့အတိုင်း မြန်မာစကားပုံမှာရှိတယ်လေ။ “ကြွေးတင်ဝက်မွေး” ဆိုတာ တကယ်တော့ ဝက်ကစုဘူးပဲ။ ဝက်ကိုနေ့တိုင်း အစာကျွေးရုံပဲ။ လိုက်ပြီးလည်း လွှတ်ကျောင်းစရာမလိုဘူး။ အစာဝအောင်ကျွေးရင် စားပြီးအိပ်တယ်။ အိပ်ရာကနိုးအစာပြန်စားတာပဲ။ သောက်ရေသန့်သန့်၊ ခြံသန့်သန့်ထားရင် ဘာရောဂါမှလည်းဝင်စရာမရှိဘူး။ စောစောကကျွန်တော်ပြောသလို ဝက်ကစုဘူး၊ နေ့စဉ်ဝက်စာဝယ်ပြီးကျွေးရတယ်။ အသားတိုးနှုန်းလည်းကောင်းတယ်။ ကျင်းတက်သားခွဲ ဝက်တစ်ကောင်ကို ခြောက်လ၊ ခုနစ်လ ကောင်းကောင်းကျွေး၊ ကောင်းကောင်းမွေးလိုက်ရင် ဈေးကွက်ပို့လို့ရပြီ။ ပိဿာချိန် ၆ဝ / ၇ဝ ဆိုတာ အောက်ထစ်ပဲ။ အစာလည်းသိပ်ပြီး ပိုက်ဆံမကုန်ပါဘူး။ ဆန်ကွဲကျို၊ ဖွဲနု၊ ပဲဖတ်လေးပက်ပြီးကျွေး၊ ဆန်ကွဲကျိုထဲကို ကော်ဖီရွက်တို့ ကန်စွန်းရွက်တို့၊ အိမ်မှာဟင်းချက် စားရင်းလွှင့်ပစ်ရမယ့်အရွက်တွေ၊ ကြက်ရိုး၊ ငါးရိုးတွေထည့်ကျိုပြီး ကျွေးရုံပဲ။ ငါးပိလေးနည်းနည်းထည့်ပြီး ပြုတ်ကျွေးရင် ပိုပြီးအသားတက်နှုန်းကောင်းတယ်။ ငှက်ပျောပင်ရင့်လို့ခုတ်ရင် ငှက်ပျောအူကို နုပ်နုပ်စဉ်းပြီး ထည့်ကျွေးရင် ဝက်ပိုပြီးစားတယ်။
“မွေးမြူရေးလုပ်တာ တစ်ခုကောင်းတာက ကလေးတွေလည်းအလုပ်ရတယ်။ ကျွန်တော့်မှာသားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆို သူတို့သုံးတန်းလေးတန်းလောက်ပဲရှိတာ။ သားကအကြီး။ မနက်ဆို သူတို့ဈေးသွားပြီ။ ကုန်စိမ်းသည်တွေ ခွာထားတဲ့ ဂေါ်ဖီဖတ်တွေ သွားပြီးကောက်တယ်။ နေ့စဉ်လာယူနေကျဆိုတော့ အိတ်ခွံပေးထားရင် ဈေးသည်တွေကအိတ်ထဲထည့်ပေးထားတယ်။ သူတို့အမှိုက်တွေကိုသိမ်းပေးလို့ ကလေးတွေကို မုန့်တောင်ဝယ်ကျွေးလိုက်သေးတယ်။ အဲဒီဂေါ်ဖီဖတ်တွေ အိမ်ရောက်ရင်ရေစင်အောင်ဆေးပြီး ဆန်ကွဲပြုတ်အိုးထဲထည့်ပြီး ပြုတ်လိုက်ရုံပဲ။ ဒီကိစ္စတွေအားလုံး ကျွန်တော့်မိန်းမစီစဉ်တာပါ။ ကျွန်တော်က ကားတစ်စီးနဲ့ဝက်လျှောက်ဝယ်၊ ပြီးတော့ဝက်သွားပြီး ရောင်းတာ။ ကျွန်တော့်အလုပ်က တစ်ခေါက်ပြန်လာရင် တစ်ခါဇနီးသည်ကို ပိုက်ဆံမှန်မှန်အပ်ရုံပဲ။ ပြီးတော့ဝက်စာဖိုး၊ ဆန်ကွဲ၊ ဖွဲနုဝယ်တာတွေကို သူကပဲစီမံခန့်ခွဲတာ။
“အဲဒီလိုလုပ်နေရင်းနဲ့ ၂ဝ၁၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ဇနီးသည်နဲ့တိုင်ပင်ပြီး ကားဒရိုင်ဘာအလုပ်က ထွက်လိုက်တယ်။ မွေးထားတဲ့ဝက်တွေရောင်း၊ သူစုထားတဲ့ပိုက်ဆံနဲ့သူ့ရှိတဲ့ ရွှေလေးရောင်းပြီး လိုက်ထရပ်ကားလေးတစ်စီး ဝယ်လိုက်တယ်။
ဝက်ပေး အစာပေးမွေးခိုင်း
“အလုပ်ကတော့ လက်ငုတ်လက်ရင်းဖြစ်တဲ့ ဝက်တွေလိုက်ပြီးဝယ်၊ ရှမ်းပြည်နယ်ဘက်ကိုတက်ပြီး ရောင်းဖြစ်တယ်။ အရင်ကတည်းက ဝက်ဝယ်နေကျဖြစ်နေတော့ ဝက်မွေးသမားအတော်များများက ကျွန်တော့်ကိုယုံတယ်။ ငွေလက်ငင်းပေးစရာမလိုဘဲ ပြန်လာမှပေးရင်ရတယ်။ ဒီလိုနဲ့ဝက်လိုက်ပြီးဝယ်၊ ရှမ်းပြည်နယ်တက်ပြီးရောင်း၊ ရောင်းမရသေးတဲ့ ဝက်ငယ်လေးတွေ အိမ်မှာမွေး။ အလုပ်က သူ့ဘာသာလည်ပတ်နေတယ်။
“ကျွန်တော့်ညီတွေ၊ ညီမတွေကိုလည်း ဝက်ပေး၊ အစာပေးပြီးမွေးခိုင်းတယ်။ သူတို့လည်းအလုပ်ရ။ ကျွန်တော့်လုပ်ငန်းလည်း အဆင်ပြေတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော့်သားလည်း ဆယ်တန်းအောင်တယ်။ သူ့အမေရဲ့ ကြပ်မတ်မှုနဲ့ပထမတော့ စက်မှုသိပ္ပံတက်ပြီး ဒီပလိုမာရတယ်။ ဒီပလိုမာပြီးတော့ ဆက်တက်ချင်သေးတယ်ဆိုတာကြောင့် စက်မှုတက္ကသိုလ်တက်ပြီး အင်ဂျင်နီယာဘွဲ့ရသွားပြီ။ သမီးကတော့ စီးပွားရေးပညာတက်တယ်။ သူလည်း ဘွဲ့ရသွားပါပြီ။”
ဦးစန်းမောင်က သူ၏ စီးပွားရေးအောင်မြင်မှုများအကြောင်း မမောနိုင်၊ မပန်းနိုင်ပြောနေရ၍ ရွှင်လန်းတက်ကြွနေသည်။ ကျွန်တော်လည်း ဦးစန်းမောင်၏ အောင်မြင်မှုများကို ကြားနေရ၍ ကြည်နူးဝမ်းသာမိသည်။
“သားနဲ့ သမီးရော အခုဘာတွေလုပ်နေသလဲ” ဘကြီးအောင် ကြားဖြတ်မေးလိုက်ခြင်း ဖြစ်သည်။
ကြိုးကြိုးစားစားလုပ်ရင် ကြီးပွား
“ကျွန်တော့်လုပ်ငန်းမှာပဲ ဆက်ပြီး ဇောက်ချလုပ်နေပါတယ်။ ကျွန်တော်တစ်ခု မြင်မိတာကဘာအလုပ်ပဲလုပ်လုပ်၊ အလုပ်လုပ်ရင် ပညာတတ်တဲ့လူနဲ့ ပညာမတတ်တဲ့လူ အတော်လေးကွာပါတယ်။ ကျွန်တော်တို့ ပညာမတတ်တဲ့ သူကရိုးရိုးသားသား၊ ကြိုးကြိုးစားစားလုပ်ရင် ကြီးပွားတာတော့မှန်တယ်။ ဒါပေမယ့် ရိုးသားကြိုးစားတာချင်းအတူတူ ပညာတတ်တဲ့လူလုပ်ရင် ပိုပြီးအောင်မြင်တယ်။ ပိုပြီးကြီးပွားတိုးတက်တယ်။ အဲဒါ ကျွန်တော့်ကိုယ်တွေ့ပါ”
“အေးဗျာ ခင်ဗျားအတွေးအခေါ်၊ ခင်ဗျားဒဿနကိုတော့ ကြိုက်သွားပြီ ကိုစန်းမောင်ရေ။ ကဲခင်ဗျားရဲ့ ကိုယ်တွေ့လည်း ဆက်ပြီးပြောပါဦး”
ကျွန်တော်က ကိုစန်းမောင်ပြောအားရှိအောင် စကားထောက်ပေးလိုက်ခြင်းဖြစ်သည်။
မွေးမြူရေးလုပ်ငန်းက ပိုပြီးအောင်မြင်လာ
“ဆရာစဉ်းစားကြည့်လေ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ကိုပဲကြည့်။ သူကပညာတတ်တယ်။ အကွက်မြင်တယ်။ ကျွန်တော်က ရိုးရိုးသားသားနဲ့ ကြိုးစားတယ်။ ဇနီးသည်အကြံပေးချက်ကို လိုက်နာပြီးလုပ်တော့ စီးပွားကတက်လာတယ်။ သူအစုအဆောင်းကောင်းတာ၊ အကြံပေးကောင်းတာကြောင့် ကားဒရိုင်ဘာက ကားပိုင်ရှင်ဖြစ်လာတယ်။ ဝက်ကလေး ၁၄-၁၅ ကောင်မွေးရာက ဝက်အကောင် ၁၅ဝဝ - ၂ဝဝဝ မွေးလာနိုင်တယ်။ ကိုယ့်အမျိုးတွေကိုပါ လုပ်ငန်းခွဲပြီးပေးလာနိုင်တာကြောင့် အမျိုးတွေအားလုံးကလည်း ကျေးဇူးတင်တယ်။ သူတို့လည်း အဆင်ပြေကြတယ်။ ပြန်ပြီးကောက်ချက်ချရင် ဇနီးသည်ကပညာတတ်လို့၊ စီမံခန့်ခွဲမှုကောင်းတာကြောင့်လို့ ကျွန်တော်ယုံကြည်တယ်။ နောက်ပြီး ကျွန်တော့်သားနဲ့သမီး။ သူတို့က ဘွဲ့ရပညာတတ်ဖြစ်တော့ အင်ဂျင်နီယာပေမယ့် သူတို့လုပ်နေတဲ့အလုပ်၊ မွေးမြူရေးနဲ့ပတ်သက်ပြီးစာဖတ်တယ်။ ဟောဒီဆရာမြင့်ထွန်းတို့ကိုလည်းမေးတယ်။ ဆွေးနွေးတယ်။ ဒီတော့ကျွန်တော့်မွေးမြူရေးလုပ်ငန်းက ပိုပြီးတိုးတက်၊ ပိုပြီးအောင်မြင်လာတာပေါ့ ဆရာရယ်”]
ဦးစန်းမောင်တစ်ယောက် သူ၏အောင်မြင်မှုများကို မနားတမ်းပြောနေရ၍ မမောနိုင်၊ မပန်းနိုင်။
“ကဲဟုတ်ပါပြီ။ ဦးစန်းမောင်တို့ အခုလို တိုးတက်အောင်မြင်လာတာကို ကြားရတာ အတော်လေးကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိချင်တာက အခုလိုအောင်မြင်တာမှာ ဘယ်အချက်တွေက အဓိကလဲဆိုတာပါ”
ကျွန်တော်က မွေးမြူရေးသမားတစ်ဦး၏ အောင်မြင်မှုကို တွေးတွေးဆဆ မေးလိုက်ခြင်းဖြစ်သည်။
“အဲဒီအောင်မြင်မှုထဲမှာ အဓိကကတော့ နိုင်ငံတော်က ကျွန်တော်တို့ မွေးမြူရေးသမားတွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ငွေချေးပေးတာပဲဆရာရေ။
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆရာကျွန်တော်တို့ မိတ္ထီလာကိုလာပြီး မွေးမြူရေးသမားတွေနဲ့တွေ့တဲ့ အချိန်မှာဆရာပြောခဲ့တဲ့စကားတစ်ခွန်းကို ကျွန်တော်တို့သိပ်ပြီးကြိုက်တယ်။ အဲဒီစကားကြောင့် ကျွန်တော်တို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကချေးငွေယူ၊ လုပ်ငန်းတိုးချဲ့ပြီးလုပ်ခဲ့လို့ အခုလိုအခြေအနေ ရောက်လာတာ။ အဲဒါကြောင့် ဆရာ့ကို ကျေးဇူးတင်လွန်းလို့ ကျေးဇူးတင်စကားလာပြောရင်း ချေးငွေထပ်ယူဖို့လာခဲ့တာပါ”
ဦးစန်းမောင်စကားကြောင့် ကျွန်တော်ပြန်ပြီးစဉ်းစားလိုက်သည်။ ၂ဝ၂၂ ခုနှစ်က နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေး၊ မွေးမြူရေးသမားများ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလို၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်သမားများ၊ မွေးမြူရေးသမားများကို ငွေချေးပေးလို၍ ဤစီမံကိန်းစခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လယ်သမားများ စိုက်စရိတ်ချေးငွေရယူချိန်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ကို စိုက်ပျိုးရေးဘဏ်တွင် အပေါင်ထားခဲ့ရသည်။ စပါးပေါ်ချိန်တွင် စပါးဈေးမကောင်းတာ၊ ရာသီဥတုဖျက်တာ၊ မြေဩဇာအပြည့်အဝ မထည့်နိုင်တာကြောင့် လယ်သမားများစပါးပေါ်ချိန်တွင် ငွေကောင်းကောင်းပြန်မရ။ သည်တော့ ပုံစံ(၇)ပြန်၍မရွေးနိုင်။ ဒီသံသရာကိုဖြတ်ချင်၍ နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမားများကို နိုင်ငံ့စီးစွားမြှင့်တင်ရေးရန်ပုံငွေ ချေးပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်အမြို့မြို့အနယ်နယ်လှည့်ပတ်၍ စိုက်ပျိုးမွေးမြူရေးသမားများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေယူရန် စည်းရုံး ပြောကြားခဲ့ပါသည်။
“အေးဗျာ ကျွန်တော်ပြောခဲ့တဲ့စကားတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် ခင်ဗျားပြောတဲ့ စကားတစ်ခွန်း။ ခင်ဗျားရင်ထဲမှာ ထိမိသွားတဲ့စကားကဘာလဲဆိုတာတော့ ခင်ဗျားကိုယ်တိုင် ပြန်ပြောတာ နားထောင်ချင်သေးတယ်”
ကျွန်တော်က ဦးစန်းမောင်မျက်နှာကို ကြည့်၍ မေးဖြစ်လိုက်သည်။
အဲဒီတုန်းက ဆရာပြောတယ်လေ။ နိုင်ငံတော်အကြီးအကဲက ကျွန်တော်တို့နိုင်ငံမှာ လူအများစု ၇ဝ ရာခိုင်နှုန်းက တောအရပ်မှာနေတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတယ်။ နိုင်ငံချမ်းသာဖို့ဆိုတာ အဲဒီလူများစု ချမ်းသာမှ နိုင်ငံချမ်းသာမှာ။ အဲဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးသမားတွေ အခက်အခဲမဖြစ်အောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ငွေချေးပေးတာ။ နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေး၊ မွေးမြူရေးသမားတွေကို အလကားတောင်ထောက်ပံ့ပေးချင်ပေမယ့် တန်ဖိုးမထားမှာစိုးတာကြောင့် ငွေချေးပေးတာ။ ငွေချေးပေးတော့အလဟဿမဖြစ်အောင် ငွေကျပ် ၁ဝဝ ကို တစ်နှစ်မှ တစ်ကျပ်တိုးလောက်နဲ့ ချေးပေးတာ။ အဲဒီမှာ ဆရာပြောတဲ့စကားတစ်ခွန်း။ ကျွန်တော်တို့ မွေးမြူရေးသမားတွေ အခုထိ စွဲနေတုန်းပဲ”
ဦးစန်းမောင်က သူ့စကားကိုရပ်၍ ကျွန်တော့်ကို ကြည့်သည်။
ကျွန်တော်က သိချင်ဇောဖြင့်_ “ပြောလေဗျာ ကျွန်တော်ဘာပြောခဲ့လို့လဲ”
“အဲဒီတုန်းက ဆရာမေးခဲ့တယ်လေ။ ငွေတစ်ရာကို တစ်နှစ်မှ တစ်ကျပ်တိုးနဲ့ ခင်ဗျားတို့ ယောက္ခမတောင် ပေးဖူးသလားလို့။
“ဆရာပြောခဲ့တဲ့ အဲဒီစကား။ ကျွန်တော်တို့အခုအချိန်အထိ ရင်ထဲစွဲနေတုန်းပဲ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို တချို့သူတွေက စကားရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုတာလို။ ဆရာပြောတဲ့စကားက မရိုင်းပေမယ့် ကျွန်တော်တို့ရင်ထဲစွဲသွားတယ်။ အဲဒါကြောင့် အဲဒီနှစ်မှာ ကျွန်တော်ဝက်မွေးမြူရေး နှစ်ယူနစ်စာချေးငွေစပြီးယူခဲ့တယ်။ အတော်လေးအဆင်ပြေတာကြောင့် တစ်နှစ်ပြည့်တော့ ပြန်ဆပ်ပြီး ပြီးခဲ့တဲ့နှစ်က ငါးယူနစ်စာချေးငွေယူခဲ့တာ။ အခုလိုဝက်ကောင်ရေ ၂ဝဝဝ ကျော်ဖြစ်လာတယ်။ အဲဒါကြောင့် ဒီနှစ်မှာ ၁၀ ယူနစ်စာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထပ်ပြီးယူမယ့်အကြောင်း လာပြောရင်း ကျေးဇူးတင်စကားလာပြောတာပါ”
“အေးဗျာ အခုလိုကြားရတာဝမ်းသာပါတယ်။ တိုးတက်အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။ ခင်ဗျားတို့ ဆွေမျိုးတစ်စုမွေးထားတဲ့ ဝက်အကောင် ၂ဝဝဝ လောက်ကို ဒီတစ်ပတ် စနေ ကျွန်တော်လာပြီး ကြည့်ပါဦးမယ်”သည်တစ်ပတ် စနေတော့ ဘကြီးအောင် ဦးစန်းမောင်တို့ရွာသွားပြီး ကြည့်ရဦးမည်။ ။