Skip to main content

ဆင်းရဲငြိမ်းမှချမ်းသာရာ သစ္စာလေးဖြာမြတ်ဒေသနာ

ဒေါက်တာ မြတ်မိုး

မြတ်ဗုဒ္ဓ၏ အဆုံးအမများတည်ရာ ဤသာသနာအဆုံးအမများနှင့်အညီ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအကျင့်သိက္ခာသုံးဖြာတို့သည် ကျင့်ကြံအားထုတ်ရမည့်တရားများဖြစ်ကြောင်း ဂေါတမမြတ်စွာဘုရား၏ ဘုရားဖြစ်ပြီးချင်း ဦးဆုံးတရားဦးဖြစ်သည့် ဓမ္မစကြာတရားတော်ကြီးကို ဦးဦးဖျားဖျားနာကြားခွင့်ရခဲ့ကြ​သော ပဉ္စဝဂ္ဂီငါးဦးတို့သည် ဤတရားတော်ကို နာကြားပြီးစဉ်မှာပင် တစ်ဦးပြီးတစ်ဦး သောတာပန်ဖြစ်ပြီး ဧဟိဘိက္ခုရဟန်းများ ဖြစ်သွားခဲ့ကြသည်။

ဝါဆိုလပြည့်ကျော် ငါးရက်မြောက်အနတ္တလက္ခဏသုတ်ကို နာကြားပြီးအခါမှာတော့ ပဉ္စဝဂ္ဂီငါးပါးလုံး အနုဿယ ကိလေသာအားလုံးကင်းစင်သွားသည့် ရဟန္တာများဖြစ်သွားကြလေသည်။

ရတနာသုံးပါး စတင်ပွင့်ထွန်းထင်ရှားဖြစ်ခဲ့ရာ

ဓမ္မစကြာဒေသနာတော်ကို နာကြားပူဇော်ရသည့် အကြောင်းအချက်မှာ ထူးမြတ်လှသည့် အကျိုးထူးများကို ရရှိစေလို၍ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါတွင်းသုံးလအစပြုသည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်၊ လထွက်အခါသမယတွင် ဘုရားရှင်က ဤဓမ္မစကြာ ဒေသနာတော်ကို ဟောတော်မူခဲ့သည်။ အတိတ်ကာလ ဤနေ့ဤရက်တွင် တုသိတာနတ်ပြည်မှစုတေခဲ့သည့် သိဒ္ဓတ္ထဘုရားလောင်းသည် ဤနေ့တွင် ပင်လူ့ပြည်၌ ပဋိသ​န္ဓေတည်ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်။ အို၊ နာ၊ သေ မမြဲသော နိမိတ်သဘောကိုမြင်ပြီး လောကကိုအကျိုးပြုရန် တောထွက်ခဲ့သည်ကလည်း ဤနေ့တွင်ပင်။ ထူးခြားလေးနက်မှုတို့ ပြည့်နှက်နေရာဤသာသနာအစပျိုးရာ ဤနေ့ဤအခါသမယတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ စတင်ပွင့်ထွန်းထင်ရှားဖြစ်ခဲ့ပါပြီ။

ကာမရာဂါ ပဋိဃာ မာနာ ဘဝရာဂါ ဒိဋ္ဌာ ဝိစိကိစ္ဆာ အဝိဇ္ဇာဆိုသည့်ဆိုင်ရာ အာရုံနှင့်ကြုံမှ ပေါ်လာတတ်သည့် အနုဿယကိလေသာဆိုးများကို မဂ်နှင့် ပယ်၊ ဖိုလ်နှင့်ငြှိမ်းပြီး ဦးဆုံးသိ၊ ဦးဆုံး ဟောသည့် မြတ်စွာဘုရားရှင်၏ ဦးဆုံးတရားတော်ကြီးမို့ နာယူလေ့လာမှတ်သား ထိုက်ပါသည်။ ယခုလိုကာလမျိုးတွင် ဤတရားတော်ကိုနာကြားမည်၊ သိအောင်လည်းကြိုးစားမည်၊ သိပြီးလည်းကျင့်နိုင်ကြလျှင် မည်မျှကောင်းလိုက်မည်လဲ၊ မိမိတို့ရင်ထဲ၊ နှလုံးသားဝယ် ယခုဘဝ၊ နောင်ဘဝ သာသနာတည်၍ ငြိမ်းချမ်းသွားမှာ သေချာလှပါသည်။

သစ္စာတရားအမှန်အဖြစ် သိခဲ့ခြင်း

ဘုရားရှင် ဦးဆုံးဟောကြားရာ ဤဒေသနာတော်တွင် ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိယောဓဟူသည့် အရိယာသစ္စာ လေးပါးသောတရားဖြင့် အို၊ နာ၊ သေသံသရာဝဲဂယက်များ ထပ်မဖြစ်စေရန် လမ်းပြထားပြီး အို၊ နာ၊ သေဝဋ်ဒုက္ခများချုပ်ငြိမ်းစေမည့် နည်းလမ်းများကို ဘုရားရှင်က သူသိသလို အခြားသူများလည်းသိစေရန် ဖော်ထုတ်ထားပါသည်။ အမြဲမှန်ကန်နေသည့် တရားများဖြစ်၍ သစ္စာတရားဟုလည်း ဆိုထားခြင်းဖြစ်သည်။ ကျွန်တော်တို့အားလုံး မွေးသည်မှသည် သေသည်အထိ ဒုက္ခချည်းသာဟုဆိုလျှင် လွန်အံ့မထင်။ ဇာတိရလာသည် နှင့် အို၊ နာ၊ သေ ဘယ်လိုမှမလွတ်နိုင်၊ အဖန်တလဲလဲ ဘဝတွေပြန်ဖြစ်ရမည်သာ၊ ကောင်းကောင်း၊ ဆိုးဆိုးဘယ်ဘဝ ရောက်ရောက် အိုရ၊ နာရ၊ သေကြရပြန် ဒုက္ခတွေချည်းသာ။

ထို့ကြောင့် ဘယ်ဘဝဖြစ်ဖြစ် ဒုက္ခဟု ဆိုရခြင်းဖြစ်သည်။

သို့သော် ကျွန်တော်တို့သည်ဘဝရာဂ၊ ဘဝတဏှာဖြင့် ကောင်း​သောဘဝတွေရဖို့၊ ကောင်းတာတွေတောင့်တခဲ့ကြ၍ ဘဝတွေပြန်ဖြစ်နေရခြင်းကိုမူ သိရန်လိုနေပါသည်။ ပဋိသန္ဓေနေပြီး မွေးခဲ့ကြ၍သာ အို၊ နာ၊ သေဘေးဘဝတွေ မလွဲဧကန်ပြန်ဖြစ်ကြရသည် မဟုတ်ပါလား။ မိမိတို့သည် ယခင်ဘဝက ကုသိုလ်တွေလုပ်ခဲ့၍ ယခုလို လူ့ဘဝခဏတာရနေတာကိုပင် ဟုတ်လှပြီထင်နေခြင်းဖြစ်သည်။ အကုသိုလ်လုပ်ခဲ့ကြ၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် အပါယ်ဘုံကျသွားရသူက ပိုများလှသည်။ အမိဝမ်းတွင်းမှာကတည်းက ဆင်းဆင်းရဲရဲ နေခဲ့ရသည့်ဒုက္ခ၊ မွေးလာတော့လည်း မသက်သာ၊ မသိကြ၍သာ။ ဘဝတစ်လျှောက်လုံး ဆင်းရဲတစ်လှည့်၊ ချမ်းသာတစ်ခါဖြစ်ပြီးပျက်၊ ပျက်ပြီးဖြစ်၊ တက်လိုက်၊ ကျလိုက်ဖြစ်၍လည်း ဒုက္ခဟုခေါ်ခြင်းဖြစ်သည်။ ဤသည်ပင်မပြောင်းလဲသော အမှန်တရားဖြစ်၍ သစ္စာတစ်ပါးဖြစ်သည့် ဤဒုက္ခသစ္စာကို ကျေးဇူးရှင်မြတ်စွာဘုရားကိုယ်တိုင်ကျင့်ပြီးမှသိခဲ့ခြင်းဖြစ်၍ လောကသား အားလုံးသိအောင်လည်းဟောခဲ့ခြင်းမှာ ကျေးဇူးအလွန်ကြီးမားလှပါသည်။

ပယ်ရမည် ဆိုက်ရမည့်တရား အမှန်သဘော

ထို့နောက် သိရမည်ဆိုသည့် ဒုက္ခအမှန်သည် ဘာကြောင့်များဖြစ်ရပါသလဲ။ ဓမ္မစကြာတရားတွင် ဒုက္ခ၏ အကြောင်းတရားကို ဘုရားရှင်ကဆက်၍ ဟောကြားထားသည်မှာ ဘဝဟုဆိုလျှင် ဘယ်ဘဝမှမကောင်းဟု ဆိုရခြင်းမှာ ဘဝနှင့်ဒုက္ခတစ်ထပ်တည်းမြင်ခဲ့သည့် အတွက်ဖြစ်သည်။ သို့သော် ကျွန်တော်တို့က ထိုမကောင်းသည့်ဘဝကိုပင် မက်မက်မောမောမသိ၍ လုပ်ချင်ရာလုပ်ခဲ့ကြသည်။ ဘဝတဏှာကြောင့် ဖြစ်လာသည့် ဤရုပ်၊ နာမ်ပရမတ်ခန္ဓာကြီးကို ပညတ်ထင်၍ ဤဘဝပိုင်ဆိုင် ရသည်ကိုပင်မြဲသည်ထင်ပြီး ကိုယ်ပိုင်ခန္ဓာပမာ အလှဆင်နေကြခြင်းဖြစ်သည်။ ဤခန္ဓာကြီးတည်တံ့အောင် မနည်းစောင့်ရှောက်နေရသည်ကိုပင် ဒုက္ခဟုမထင်။ အမှန်က စား၊ ဝတ်၊ နေရေးအရ လိုချင်တာ ဖြစ်ချင်တာတွေအတွက် အသက်မွေးဝမ်း​ကျောင်း ပြုရသည်ကလည်း ဒုက္ခတစ်မျိုးပါ။ မချစ်သော လူ၊ ပုဂ္ဂိုလ်၊ သတ္တဝါနှင့် ပေါင်းသင်းရသည့်အခါ၊ မနှစ်သက်သောပစ္စည်းမျိုးရလိုက်သည့်အခါမှာလည်း ဆင်းရဲရသည်။ ချစ်သောသူနှင့် ကွေကွင်းရလျှင်လည်း၊ ကြိုက်သည့်ပစ္စည်းလေးမရှိတော့လျှင်လည်း ဆင်းရဲရသည်။

ရသင့်သလောက် ရလာတော့လည်း ရတာထက်ပိုလိုချင်၊ ဖြစ်သင့်သည်ထက် ပိုဖြစ်ချင်ကြသည့် လောဘရမ္မက်ရယ်လို့ဖြစ်လာပြီး လိုချင်၊ ဖြစ်ချင်တာရဖို့၊ ဖြစ်ဖို့ပိုပြီး ရုန်းကန်ရရင်ဆိုင်ကြရပြန်သည်။ ဖြစ်ချင်တာမဖြစ်၊ လိုချင်တာမရသည့်အခါ တိုက်ကြ၊ ခိုက်ကြသည်အထိဖြစ်ရတော့သည်။ ရပြီးပြည့်ပြီးတော့လည်း ရပြီးသားလေးကို စိတ်မချ၊ လုံခြုံအောင် ထိန်းသိမ်းရသည့်ဒုက္ခနှင့်ဖြစ်လာသည့် ပူပန်စိုးရိမ်သောကဟူသည့် တရားဆိုးများကလည်း ဒေါသဆိုသည့် ဆင်းရဲခြင်းပါပဲ။ ဤတွင် ဆင်းရဲခြင်းဒုက္ခဖြစ်ရန် ချမ်းသာချင်သည့် တဏှာလောဘက ဦးစွာဖြစ်ရသည်ဟု မြင်မိသွားသည်၊၊ ချမ်းသာလာတော့လည်း ကပ်ဘေးစုံ၊ သူခိုးမျိုးစုံ၊ မင်းဘေးရန်များကြောင့် ပြန်ဆင်းရဲမှာကို ကြောက်ရသည့်ဒုက္ခ၊ ဘယ်မှာလဲ အမှန်ချမ်းသာဆိုသည်ကို လောကီနယ်မှာ ရှာလို့ရနိုင်ပါမည်နည်း။

အားလုံးသည် ဒုက္ခချည်းပဲဆိုသည်ကို သိလာလျှင်၊ ဒုက္ခ၏မူလအကြောင်း တရားသည်ပင် လောဘတဏှာကြောင့်ဆိုသည်ကို သိလာလျှင်၊ ဒုက္ခသစ္စာဆင်းရဲခြင်းဆိုသည့် အကျိုးတရား၏ အကြောင်းတရားသည်ပင် သမုဒယသစ္စာဟုသိလာလျှင်၊ တစ်နည်းဆင်းရဲခြင်း သည်ပင် လောဘလက်ချက်ဆိုသည်ကို သိလာလျှင်.... မကောင်းသည့်အကြောင်း တရားများကို ပယ်ဖို့သာလျှင်ဖြစ်တော့သည်ဟု ဗုဒ္ဓဘုရားရှင်က ဆုံးမပြတော်မူခဲ့သည့်အတိုင်း မလွဲမသွေလိုက်နာကြရန်သာ ရှိသည်မဟုတ်ပါလား။

သို့သော် အကြောင်းကိုမပယ်ဘဲ အကျိုးကိုပယ်နေကြ၍ ဘာထူးမည်နည်း။ ထို့ကြောင့် ဒုက္ခကိုမပယ်ဘဲ သမုဒယကိုသာ ပယ်ရပေမည်။ တစ်ခါတလေ မကောင်းဘူးဆိုတာသိနေသည်၊ သို့သော်ပယ်လို့ကမရ၊၊ ဘာကြောင့်လဲဆိုလျှင် သိသော်လည်း နှစ်သက်၊ တပ်မက်၊ စွဲလမ်းမှုများ အားကြီးနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်သက်၊ တပ်မက်၊ စွဲလမ်းနေမှုကို ပယ်သတ်နိုင်အောင် ကြိုးစားရတော့မည်ပေါ့။ သတ်နိုင်မှလည်း ငြိမ်းလိမ့်မည်။ ထိုသို့ လောဘတဏှာခေါ် သမုဒယသစ္စာကိုပယ်သတ်ပြီး ငြိမ်းနိုင်မှသာလျှင် ဒုက္ခအားလုံး ချုပ်ငြိမ်းရာကို ရောက်ပါလိမ့်မည်။ သို့မှသာ နိရောဓသစ္စာ အမှန်ဆိုက်ရောက်မည်ဟုဆိုပါသည်။

ဓမ္မစကြာတရားဦး၏ ပဓာနကားသစ္စာလေးပါး အမှန်တရားဖြစ်သည်ကို သိခဲ့ကြပါပြီ။ အမှန်ဟုဆိုသည့်အတွက် အမှားကင်းသည်မှာ သေချာသွားသည်။ လေးနက်သည်ဆိုရာတွင် ကျေးဇူးရှင် မြတ်ဘုရား၏ အမှန်တရားတွင် အမှားလည်းကင်း၊ အမှားသို့ဦးတည်နိုင်သည့် အစွန်းနှစ်ပါးမှ ကင်းလွတ်ခြင်းဆိုသည့် လက္ခဏာများလည်းပါဝင်နေခြင်း ကြောင့်ဖြစ်သည်။ မြတ်စွာဘုရား ကိုယ်တိုင်က အို၊ နာ၊ သေဝဋ်ဒုက္ခမှလွတ်ရန် ကြိုးစားခဲ့ရာတွင် ကာမအစွန်းနှင့် နှိပ်စက်ဆင်းရဲခြင်းအစွန်း၊ အစွန်းနှစ်ဖက်ကိုရှောင်၍ အလယ်အလတ်မဇ္ဈိမပဋိပဒါလမ်းစဉ်မှ ကျင့်ကြံအားထုတ် နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ဤလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်ကြရန် လမ်းပြပေးခဲ့ခြင်းဖြစ်သည်။ လက်တွေ့ မိမိတို့သာသနာပြုရာလမ်းကြောင်း၊ လောကီရေးရာ လမ်းကြောင်းများမှာကော ဘယ်လမ်းကြောင်းကနေ ဘယ်လိုအားထုတ်နေကြပါသလဲ၊ အဘယ်လမ်းစဉ်ကို လိုက်နေကြပါသလဲ၊ အစွန်းတရားတွေက လွတ်ကြပါရဲ့လား။ ရှိသင့်ရှိထိုက်သည်ထက် ပိုရှိချင်နေသူတွေ၊ ဖြစ်သင့်သည်ထက် ပိုဖြစ်ချင်နေသူတွေ၊ ပြည့်သည်ထက်ပိုပြည့်ချင်သည့် လောဘတွေများစွာရှိနေကြဆဲဖြစ်မှာပါ။

အလယ်အလတ် မဇ္ဈိမအကျင့်လမ်းဟူသည်

ဓမ္မစကြာတရားကို နာယူခိုက်မှာ အစွန်းနှစ်ဖက်ရှောင်၍ အမှန်လမ်းမှ လျှောက်လှမ်းနိုင်ရေး သံဝေဂယူနိုင်မည်ဆိုလျှင် လောကီအရေးအရာများအတွက်ပါ များစွာအကျိုးရှိပါမည်။ မြတ်စွာဘုရား ကား ၁၃ နှစ်လုံးလုံး ကာမစည်းစိမ်ချမ်းသာကို ရရှိခံစားခဲ့ဖူးသော်လည်း အကျိုးကျေးဇူးကား နတ္ထိသာဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ကာမဂုဏ်အာရုံဟူသော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့မှာ အလွန်အကျူးခံစားခြင်း၊ မိမိခန္ဓာကိုပင်ပန်းနှိပ်စက်ပြီးမှ ကျင့်ကြံခြင်းဟူသည် ရှောင်အပ်သော အစွန်းနှစ်ပါးဖြစ်သည်။

ဘုရားလိုချင်သည်က အို၊ နာ၊ သေဝဋ်ဒုက္ခမှ လွတ်ကင်းရေးသာ ရည်မှန်းချက်ဖြစ်၍ ရဟန်းအတွက် အကျိုးမရှိသည့် ကာမချမ်းသာကို မလိုက်စားဘဲ ကာမဂုဏ်အစွန်းများကို ရှောင်ရှားရန်လည်းကောင်း၊ ကိုယ်၊ စိတ်ဆင်းရဲအပင်ပန်းခံပြီး အကျိုးမရှိ၊ ဆင်းရဲခြင်းအစွန်းကို ရှောင်ရှားရန်လည်းကောင်း ဟောကြားခဲ့သည်ကို နာယူရပါသည်။ ထိုအစွန်းတရားများအစား အလယ်အလတ်လမ်းစဉ်ဖြစ်သည့် မှန်သောအမြင်၊ မှန်သောအကြံ၊ မှန်သောစကား၊ မှန်သောအပြုအမူ၊ မှန်သောအသက်မွေးခြင်း၊ မှန်သောအားထုတ်ခြင်း၊ မှန်သောသတိ၊ မှန်သောသမာဓိဟူသော အင်္ဂါရှစ်ပါးအကျင့်လမ်းကို ဖော်ထုတ်ပြီး ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းကြရန်သာ မြတ်စွာဘုရားက လမ်းပြပေးတော်မူသည်ကို သတိချပ်ရန်လိုနေပါသည်။ ထိုလမ်းကြောင်းသည်သာ အလယ်အလတ်ကျင့်စဉ်တစ်ခုအဖြစ် ဘုရားရှင်ကိုယ်တိုင်ပညာဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူခဲ့သော မဂ္ဂသစ္စာ အမှန်လမ်းဖြစ်နေပါတော့သည်။

အချုပ်အားဖြင့် ကျွန်တော်တို့အားလုံးသည် မိမိတို့ ရုပ်၊ နာမ်ခန္ဓာကြီး၏ ဆင်းရဲခြင်းသဘောများဖြစ်သည့် ဇာတိပဋိသန္ဓေဒုက္ခ၊ မအိုချင်လည်း အိုရမည်၊ မနာချင်၊ မသေချင်လည်း နာရသေရမည်။ ထိုသဘောများကို မြင်မှသာလျှင် ကောင်းသည့်ဘဝကော၊ မကောင်းသည့် ဘဝတွေကော ထပ်ကာထပ်ကာဖြစ်ခြင်းမှ လွတ်မြောက်မည်ဆိုသော အမှန်တရားများကို သိထားသင့်ပါသည်။ ပယ်သင့်တာပယ်ရပါမည်။ ပယ်နိုင် အောင်လည်းပွားများကြရမည်။ သို့မှသာ မိမိတို့ရည်မှန်းသည့် ပန်းတိုင်သို့ ဆိုက်ရောက်ပါလိမ့်မည်။ ပဋိသန္ဓေ၊ အို၊ နာ၊ သေဝဲသြဃမှ လွတ်မြောက်ရာဖြစ်ကြောင်း အမှန်လေးပါးသစ္စာတရားမှ မသိခဲ့၊ မပယ်နိုင်ခဲ့လျှင် ဤဘဝလူဖြစ်ရတာ တန်မည်မထင်ပါ။ လူဖြစ်သခိုက်ဘုရား၏ တရားတော်များနှင့် ကပ်လွဲ နေသေးသမျှအစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ရပါလိမ့်မည်။

အကြောင်းမှာ ပုထုဇဉ်မည်သည် လိုချင်၊ ရချင်တာမှန်သမျှ လိုချင်ရချင်သည့် ကိလေသာထူပြောတတ်သူများ ဖြစ်သောကြောင့်ပင်။ အလွန်အကျူးမထူပြောမိရန်နှင့် မပယ်သတ်နိုင်သေးလျှင်သော်မှ တတ်နိုင်သမျှ လျှော့ချရန်နှင့် နည်းနိုင်သမျှနည်းရန် ကြိုးစားသင့်ပါသည်။ မိမိလုပ်တာသည် မြတ်သလား၊ ယုတ်သလား ခွဲခြားတတ်စေရန်နှင့် ကိလေသာများပြီး အကုသိုလ်မပွားမိစေရန်ကို ဤတရားတော်ကြီးက ညွှန်ပြပေးနေသည်ကို လက်လွတ်မခံကြပါနှင့်။

အစွန်းနှစ်ပါးလွတ်ရန်နှင့် အလယ်အလတ်လမ်းမှလျှောက်နိုင်ရန် ပို၍ကြိုးစားကြရပါဦးမည်။ ထို့ကြောင့် အကျိုးထူးလှသော၊ များစွာသောဓမ္မတရားတော်များနှင့်အတူ နောက်ထပ်တစ်ဖန် ပဋိသ​န္ဓေ၊ အို၊ နာ၊ သေဝဋ် ဆင်းရဲမှလွတ်မြောက်ရန်နှင့် ကိလေသာမှ ငြိမ်းရန်ဖြစ်သည့် မဂ်၊ ဖိုလ်နိဗ္ဗာန်လမ်းကြောင်းကိုသာ ရည်မှန်းသည့် ဤလေးဖြာသစ္စာမြတ်ဒေသနာကို အဖန်တလဲလဲ နာယူပူဇော်နိုင်ကြပါရန် ဤဆောင်းပါးနှင့်အတူ မျှဝေပူဇော်လိုက်ရပါသည်။    ။