ငြိမ်းချမ်းရေးဖိုရမ်မှတစ်ဆင့် ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ ……
အောင်ကျော်မိုး (ငြိမ်းချမ်းရေး)
လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေး မရရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရသဖြင့် ငြိမ်းချမ်းရေးရရှိရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု အပြည့်အဝမရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်ကြာလှသည့် ပဋိပက္ခသမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်၍ သင်ခန်းစာများ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏အကျိုးအတွက် အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်ပြီး ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ကိုယ်ကျိုးစီးပွားနှင့် အတ္တ၊ မာန်မာနများကို ခဝါချ၍ နိုင်ငံတော်၏ အနာဂတ်အရေးကို ရှေးရှုပြီး ပြည်သူ များအားလုံး၏ အကျိုးကို ငဲ့ကွက်သည့် စိတ် စေတနာဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်းကြရမည်
နိုင်ငံတော်၏ ပကတိအခြေအနေကိုသိမြင်ပြီး မိမိတို့နိုင်ငံကို ကိုယ်တိုင်တည်ဆောက်ကြရမည်ဖြစ်ပါသည်။ အခက်အခဲရှိလာပါက နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ မိသားစုဘဝ ကြီးပွားတိုးတက်ရေး အတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြသကဲ့သို့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း အမြင်တူသည်များကို စုပေါင်း လုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်းကြရမည်ဖြစ်ပါသည်။ အဓိကအရေးကြီး သည်မှာ နိုင်ငံတော်၏ အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိရမည်ဖြစ်ပါသည်။ အဆိုပါ သဘောတရားများကို လက်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့နှင့်ယုံကြည်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများသည် အမြဲတမ်းပြောင်းလဲနေပြီး ထိုပြောင်းလဲနေသည့် အခြေအနေ များကို တာဝန်ရှိသူများက မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ၍ အနာဂတ်အတွက် ကြိုတင်စဉ်းစားတွေးခေါ်မှုများဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်းများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် မိမိတို့တစ်နိုင်ငံတည်း သီးခြားရပ်တည်၍မရပေ။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံရမည်ဖြစ်ပါသည်။ မိမိတို့နှင့် ဆက်ဆံရသော ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ထွက်ပေါ်လာသည့် အကြံဉာဏ်ကောင်းများကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံ့အကြီးအကဲများထံ တင်ပြဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ဖက်မှ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများကိုလည်း သိရှိနိုင်စေရေး ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုင်း အဝန်း တည်ဆောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လိုလားသူအဖွဲ့အစည်းများအား ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်၍ အကျိုးရလဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်မည်
ထို့ကြောင့် ၂၀၂၅ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာ သုံးသပ် ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမှုက ယခင် “ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025” တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအတွက် အကြံဉာဏ် များနှင့် ထိရောက်သော ဆွေးနွေးချက်များမှ ပေါ်ထွက်လာသည့် အကြံပြုချက်ရလဒ် (Outcome) များအရ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု၊ အများပြည်သူများ၏ မျှော်လင့်ချက် ဖြည့်ဆည်းမှုနှင့် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးတို့အတွက် ယုံကြည်မှုပိုမိုရရှိသော နည်းဗျုဟာတစ်ရပ်ဖြစ်သည့် အလွတ်သဘောဆွေးနွေးပွဲများ၊ Peace Talk 2025 ကဲ့သို့ ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်ပေးရန်ပါရှိသဖြင့် ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် ပါဝင်သင့်ပါဝင်ထိုက်သူများအနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်နိုင်စေရန်၊ အရေးပါသော အကြံဉာဏ်များနှင့် အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှမိတ်ဆွေများ ပါဝင်လာနိုင်စေရန်တို့အတွက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် မည်ဖြစ်ပါသည်။
ယခုကျင်းပမည့် Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက် ပါဝင်ပတ်သက်/သက်ဆိုင်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အကျိုးရှိမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာရေး Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ မင်္ဂလာသီရိဟိုတယ် နေပြည်တော်၌ ၃ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရလဒ်ကောင်းများ ထွက်ပေါ်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်မည်
ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်၊ လူသားချင်းစာနာမှုအကူအညီများနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်တို့အတွက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများစသည့် ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ အတွေ့အမြင်များကို ဖလှယ်မှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ရလဒ်ကောင်းများ ထွက်ပေါ်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်မည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် အမှန်တကယ် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ကျွမ်းကျင်နားလည်သည့် တတ်သိပညာရှင်များအား စုစည်း၍ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ထိုးနှက်ချက်များကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်သာ တာဝန်ရှိသည်၊ NSPNC တစ်ဖွဲ့တည်းတွင် တာဝန်ရှိသည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အလွှာပေါင်းစုံတွင်ရှိသည့် လူသားတိုင်းသည် ငြိမ်းချမ်းရေး အတွက် တာဝန်ရှိနေပါသည်။ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်မှုနှင့် ပဋိပက္ခများသည် ငြိမ်းချမ်းရေးမရနိုင်ဘဲ ဖြစ်နေသည်ကို ပြည်သူလူထုက သိမြင်ရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်နေပါသည်။ ယနေ့ကြုံတွေ့နေရသည့် ပဋိပက္ခမျိုးစုံအား တတ်နိုင်သမျှ ကြိုးစားပြီး အမြန်ဆုံးလျှော့ချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို တိုးတက်စေနိုင်သည့် Short Term နှင့် Long Term Strategy များ ဖော်ထုတ်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ခေတ် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် မတူကွဲပြားမှုများကို စည်းလုံးညီညွတ်စွာဖြင့် အားလုံးပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် မျှော်လင့်ပါသည်။ ဆက်လက်ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်သည် တာဝန်ရှိသူများ အားလုံးက မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အမြန်ဆုံးချုပ်ငြိမ်း အဆုံးသတ်ပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော အနာဂတ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမှုအပေါင်း ခညောင်းရန် အချိန်အခါကောင်းဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း Peace Forum 2025 ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။