ပညာခေတ်မှာပညာရှာဖို့ ကျောင်းအပ်နှံကြပါစို့
ညွန့်ဝင်း (နတ်တလင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက် နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု အုပ်ချုပ်မှုစွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ အခြေခံပညာရေး တွင် KG မှ Grade 12 အထိ တန်းစေ့စနစ်သစ် သင်ရိုးပြည့်ဖြင့် သင်ကြားလာခဲ့သည်မှာ တတိယမြောက်နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ အဆင့်ဆင့်သော အခြေခံပညာကျောင်းများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျောင်းအဆောက်အအုံများကို ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင်နှစ်စဉ်လိုအပ်မည့် ကျောင်းသုံးစာရေးခုံ၊ ထိုင်ခုံနှင့်ပရိဘောဂများ၊ စာအုပ်စာတမ်းများ၊ မူလတန်းဆင့် ယူနီဖောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေ (School Improvement Funds)များ၊ ကျောင်းကျန်းမာရေးအထောက်အပံ့ အစီအစဉ်များကို နိုင်ငံတော်က ဆောင်ရွက်ပေးထားပြီဖြစ်သည်။
၂၁ ရာစုကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများကို ရရှိအောင် စီမံဆောင်ရွက်
စနစ်သစ်အခြေခံပညာရေးသင်ခန်းစာများကို အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေး စနစ်ဖြင့် အရှိန်အဟုန်မပျက် ဆွေးနွေးသင်ကြား စစ်ဆေးသွားမည်ဖြစ်သည်။ အနာဂတ်လူငယ်များ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးနှင့် အလုပ်ခွင်အတွက် မရှိမဖြစ်လိုအပ်သော ၂၁ ရာစုကျွမ်းကျင်မှု များ ( 21st Century Skills ) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) ကိုရရှိအောင် စီမံဆောင်ရွက်လျက်ရှိပါသည်။ သင်ယူမှုအတွက် လိုအပ်သောကျွမ်းကျင်မှုများကို C - ၅လုံး(5C’s)ဟု သတ်မှတ်ထားပြီး ယင်းC-၅လုံးမှာ-
(၁) ပူးပေါင်းဆောင်ရွက်ခြင်း/အုပ်စုဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်း (Collaboration/ Group Work)၊
(၂) ဆက်သွယ်ပြောဆိုခြင်း (Communication)
(၃) လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ (၄) တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ (၅) နိုင်ငံသားကောင်း စိတ်ဓာတ်ရှိခြင်း (Citizenship) တို့ဖြစ်သည်။ ထို C-၅ လုံး ကျွမ်းကျင်မှုများရရှိအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များကို အုပ်စုဖြင့် လုပ်ငန်းပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များမျှဝေခြင်းနှင့် အဖြေရအောင် အတူရှာဖွေတတ်သည့် ကျွမ်းကျင်မှုများ၊ အချင်းချင်းနှုတ်အားဖြင့်၊ ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်း စသည့်ကျွမ်းကျင်မှုများ၊ ပြဿနာများ၏ အဖြေများကို ရှာဖွေနိုင်ခြင်းနှင့် အမှားပြင်ဆင်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ အတွေးအခေါ် အယူအဆသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်းတတ်ရန် ဘောင်ခတ်ထားသည့်အခြေအနေမှ ပြင်ပသို့ထွက်၍ တွေးခေါ်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ ကျောင်းလူမှုအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့် ပဋိပက္ခဖြေရှင်းမည့် စိတ်ဓာတ်ရှိခြင်းစသည့် ကျွမ်းကျင်မှုများရရှိစေမည်ဖြစ်သည်။
အခြေခံပညာကျောင်းများ အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုများတွင် အခြေခံပညာကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေး စီမံချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေး အားလုံးစဉ်ဆက်မပြတ်သင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်ဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်သည်။ ပညာမြင့်မှ လူမျိုးတင့်မည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ပညာမြင့်ရန် ပညာရေး၏ နိဒါန်းအစဖြစ်သော အခြေခံပညာရေးမှစ၍ စနစ်တကျမြှင့်တင်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ မျိုးဆက်တစ်ခုလုံး ပညာရည်မြင့်မားမှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့လူ့ဘောင်ကို ဖော်ဆောင်နိုင်ပေမည်။ တစ်မျိုးသားလုံးပညာရည် မြင့်မားအောင် ဆောင်ရွက်ရာ၌ အခြေခံပညာရေးသည် ပဓာနကျသည်။ အခြေခံပညာရေးသည် ပညာရေးအဆောက်အအုံကြီး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြေခံပညာရေးအုတ်မြစ်ခိုင်မာ တောင့်တင်းမှသာ တစ်သက်တာပညာရေး အဆောက်အအုံကြီး တိုးတက်ကောင်းမွန်နိုင်ပေမည်။ အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ အခြေခံပညာရေး ပြည့်ဝကောင်းမွန်အောင် နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများက အခြေခံပညာရေးကို တိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပေမည်။ တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ဆိုသကဲ့သို့ အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုလျှင် အခြေခံပညာကဏ္ဍ ပညာရေးရည်မှန်းချက်များ အောင်မြင်တိုးတက်လာမည်ဖြစ်သည်။
ပညာ၏အဓိပ္ပာယ်
မြန်မာအဘိဓာန်၌ ပညာ၏အဓိပ္ပာယ်ကို “ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်” ဟူ၍ ဖွင့်ဆိုထားပါသည်။ စာသည် ပညာဟု ပြီးပြည့်စုံစွာ မသတ်မှတ်နိုင်သော်လည်း စာတတ်မှသာ ပညာရပ်များကို အချိန်အပိုင်းအခြားတစ်ခုအတွင်း များများနှင့် မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် လေ့လာသင်ယူနိုင်သည်။ အသိပညာ၊ အတတ်ပညာများကို လိုသလိုလေ့လာနိုင်သည်။ ထိုသို့လေ့လာသင်ယူ နိုင်မှ အသိပညာ၊ အတတ်ပညာများ ခေတ်နှင့်အညီ မြင့်မားတိုးတက်လာမည်။ အသိပညာမြင့်မားသည်နှင့် အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်။ မှန်ကန်သောအတွေးအခေါ်နှင့် မှန်ကန်သောလုပ်ရပ်ကို လုပ်ကိုင်နိုင်မည်။ ထို့ကြောင့် အခြေခံပညာရေးတွင် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်သင်ခန်းစာများသည် ကျောင်းသား ကျောင်းသူတိုင်း မဖြစ်မနေသင်ယူရမည့်ဘဝလိုအပ် ချက်များဖြစ်သည်။ ပညာတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များသည် ပညာမတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များနှင့် မတူနိုင်ပေ။ ပညာတတ်သူသည် အကြောင်းကိစ္စတစ်ခုကို တွေ့ကြုံရင်ဆိုင်ရသည့် အခါအခြေအမြစ်ကျကျလေ့လာ၍ စဉ်းစားတွေးခေါ်သည်။ ၎င်းမှ ရရှိသည့်အချက်အလက် အတွေးအခေါ် များအပေါ်မူတည်၍ အမှန်အမှား ခွဲခြမ်းစိတ်ဖြာသည်။ အမှန်အမှားခွဲခြားပြီးနောက် အမှားကိုပယ်ပြီး အမှန်လမ်းစဉ်အတိုင်း လျှောက်လှမ်း၍မှန်သော အလုပ်များကို လုပ်ကိုင်သည်။ ထို့ကြောင့် ထိုသူ၏ ဘဝသည် တိုးတက်မြင့်မားလာသည်။
အချိန်မီ ကျောင်းပို့နိုင်ရေးသည် မိဘတိုင်းလုပ်ဆောင်ရမည့်တာဝန်ဖြစ်
မိဘတို့သည် သားသမီးတို့ကို မွေးဖွားပေးရုံ၊ ကျွေးမွေးစောင့်ရှောက်ပေးရုံနှင့် တာဝန်မကျေပါ။ မိမိ၏သားသမီးကို လိမ္မာယဉ်ကျေးအောင်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံအောင် လမ်းညွှန်သင်ကြားပေးနိုင်ရမည်။ တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာ အရည်အသွေးမြင့်မားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင်သူဖြစ်အောင် သင်ယူလေ့ကျင့်စေရမည်။ ပညာမတတ်လျှင် အတွေးအခေါ်၊ အလုပ်အကိုင် စနစ်ကျမှန်ကန်မှု မရှိနိုင်။ ထို့ကြောင့် ပညာရယူနိုင်မှု၏ နည်းလမ်းအခြေခံဟုဆိုနိုင်သော အခြေခံပညာရေးကို သင်ယူ တတ်မြောက်နိုင်အောင် မိမိ၏သားသမီးကို အချိန်မီကျောင်းပို့နိုင်ရေးသည် မိဘတိုင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ အခြေခံပညာကျောင်းများသို့ အပ်နှံသင်ကြားနိုင်ရေးအတွက် မိဘများနှင့် ကျောင်းသားကျောင်းသူများကို နိုင်ငံတော်အစိုးရက များစွာကူညီထောက်ပံ့ပေးလျက်ရှိသည်။ အခြေခံပညာကဏ္ဍ၏ ပညာရေးအဆောက်အအုံလိုအပ်ချက်များ၊ စာအုပ်စာတမ်းနှင့် စာရေးကိရိယာများ၊ ကျောင်းအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ပထမအကြိမ်၊ ဒုတိယအကြိမ်ဟူ၍ ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်ခွဲခြားသတ်မှတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အခြေခံပညာကို သင်ယူနိုင်ပေသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနိုင်ရန် စီမံထားခြင်းဖြစ်၍ ကျောင်းသား ကျောင်းသူတိုင်း မပူမပင်မကြောင့်မကြ တက်ရောက်သင်ယူနိုင်ပါသည်။ ထို့ကြောင့် အုပ်ထိန်းသူမိဘတို့၏တာဝန်မှာ မိမိတို့၏သားသမီးများ အနာဂတ်ဘဝအရေးကို တွေးခေါ်မြော်မြင်လျက် မှန်ကန်သော အသိအမြင်ဆုံးဖြတ်ချက်များနှင့် အချိန်မီကျောင်းအပ်နှံကြရပါမည်။
အတိတ်သမိုင်းတွင် မြန်မာနိုင်ငံ နယ်ချဲ့တိုင်းတစ်ပါးလက်အောက်ကျရောက်ခဲ့စဉ်က မြန်မာ့ပညာရေးကို ဖိနှိပ်ခံခဲ့ရသည်။ ပညာသင်လိုသူတိုင်း ပညာသင်ခွင့်မရရှိပေ။ နယ်ချဲ့တို့က မြန်မာတို့ ပညာတတ်မည်ကိုမလိုလားပေ။ ပညာတတ်၍ အသိဉာဏ်ပွင့်လင်းလာပါက မိမိတို့ကို ပြန်လည်ခုခံခြင်း၊ ဖိနှိပ်အုပ်ချုပ်၍မရခြင်းတို့ဖြစ်မည်ကို နယ်ချဲ့တို့သိသောကြောင့်ဖြစ်သည်။ သို့သော်လည်း မျိုးချစ်မြန်မာတို့က အမျိုးသားကျောင်းများ တည်ထောင်၍ ပညာသင်ခဲ့ကြသည်။ ပညာတတ်မှ သူ့လက်အောက် မကျမည်ကို မြန်မာတို့ ကောင်းကောင်းသိခဲ့ကြသည်။
ထို့ကြောင့် မြန်မာတိုင်းရင်းသားတိုင်း ပညာသင်ကြားနိုင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းတွင်တွေ့နိုင်သည်။ ယနေ့အချိန်တွင်လည်း ပြည်တွင်းပြည်ပအဖျက်သမားများက ကျောင်းများ မဖွင့်နိုင်အောင်၊ ကလေးသူငယ်များ ထိတ်လန့်ကြောက်ရွံ့အောင် မမှန်မကန်ကောလာဟလ သတင်းများဖြန့်၍ ကျောင်းမတက်စေရန်၊ ကလေးအများစု ကျောင်းမရောက်စေရန် အဖျက်လုပ်ငန်းများ လုပ်ကိုင်ဖန်တီးလှုံ့ဆော်လျက်ရှိသည်။ နိုင်ငံတော်ကလည်း ပညာသင်ကြားရေးကို ခြိမ်းခြောက်လျက်ရှိသော အဖျက်ရန်မှန်သမျှကို တပ်မတော်နှင့် ပြည်သူလက်တွဲလျက် ချေမှုန်းဖယ်ရှားလျက်ရှိသည်။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှုရရှိကာ ပညာရေးနှင့် အခြားလူမှုစီးပွားရေးပုံမှန်လည်ပတ်နိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ မိဘပြည်သူများကလည်း အဖျက်သမားများ၏ ဖျက်လိုဖျက်ဆီးဉာဏ်ဖြင့် လုပ်ကိုင်ဆောင်ရွက်လာခြင်း၊ ပညာသင်ကြားရေး နှောင့်နှေးအောင် ပြုမူကြံစည်ခြင်းတို့ကို စည်းလုံးညီညွတ်သောအသိ၊ မှန်ကန်စွာတွေးခေါ်မြော်မြင်တတ်သောအသိတို့ဖြင့် ထိုးဖောက်တိုက်ဖျက်ကာ ကလေးငယ်များမပျက်မကွက် ပညာသင်ကြားနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရပေမည်။
အလှဆုံးပန်းလေးများအဖြစ် ရှင်သန်ဖူးပွင့်လာကြတော့မည်
မကြာမီကာလတွင် ဝသန်ကာလမိုးဦးကျအချိန်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ မုတ်သုံမိုးများလည်း အေးချမ်းအောင် ဆွတ်ဖျန်းရွာသွန်းတော့မည်ဖြစ်သည်။ မိုးရေဆွတ်ဖျန်းမှုကြောင့် သစ်ပင်ပန်းမာလာတို့သည် ရွက်နုရွက်သစ်များ အစီအရီထွက်လာကြတော့မည်ဖြစ်သည်။ အရောင် အသွေးစုံသော၊ ရနံ့သင်းသော ပန်းဖူးပန်းပွင့်လေး များအဖြစ် ဖူးပွင့်လာသည်ကို ရှုမြင်ကြရတော့မည် ဖြစ်သည်။ ထို့အတူ အနာဂတ်၏ လောကအလှကို ဆင်ယင်ပေးမည့် ပန်းကလေးများဖြစ်သည့် ကျွန်ုပ် တို့၏ ရင်သွေးငယ်တို့သည်လည်း ပညာသြဇာရည် နို့များသောက်စို့ခွင့်ရကာ အလှဆုံးပန်းလေးများ အဖြစ်ရှင်သန်ဖူးပွင့်လာကြတော့မည်ဖြစ်ရာ အဖျက်အမှောင့်ပိုးမွှားများ ကင်းရှင်းစွာဖြင့် ရှင်သန်ဖူးပွင့်လာနိုင်စေရန် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် မိဘဆရာ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းအားဖြည့်ကူညီ၍ လှုပ်ရှားဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပေသည်။ ။
ကိုးကား
၁။ နေ့စဉ်ထုတ် သတင်းစာများ။
၂။ ကျောင်းအပ်နှံရေး စီမံချက်များ။