Skip to main content

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆီသို့ …

မေမျိုးမြင့်မြတ်ထွန်း (စစ်ကိုင်း)

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture- CA) ဟာ မြန်မာနိုင်ငံမှာ မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရေရှည်ရှင်သန်ဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရင်း ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေအပေါ် အားထားပြီး ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ

စိုက်ပျိုးရေးဟာ မြန်မာ့စီးပွားရေးရဲ့ အဓိကကျောရိုးဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းနဲ့ လုပ်ကိုင်အသက်မွေးနေကြပါတယ်။ ဒါပေမယ့် အလွန်အကျွံထယ်ထိုးထွန်ယက်ခြင်း၊ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်း စတဲ့ မိရိုးဖလာစိုက်ပျိုးနည်းစနစ်တွေကြောင့် မြေဆီလွှာပျက်စီးဆုံးရှုံးတာတွေ၊ အထွက်နှုန်းကျဆင်းတာတွေအပါအဝင် သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်တွေ စတဲ့စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် မိရိုးဖလာလယ်ယာစိုက်ပျိုးရေး အလေ့အကျင့်တွေနဲ့ ဆက်စပ်နေပြီး သဘာဝအရင်းအမြစ်တွေကိုလည်း ကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ဦးတည်နေတဲ့ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်ကြဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးမှာ အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် သုံးရပ်ရှိပါတယ်။

၁။ မြေဆီလွှာထွန်ယက်မှုကို အနည်းဆုံးဆောင်ရွက်ခြင်း (သို့) ထယ်ရေးမဲ့စိုက်ပျိုးခြင်း

ထယ်ထိုးထွန်မွှေတာဟာ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ပထမဆုံးလုပ်ငန်းအဖြစ် ယူဆခဲ့ကြသလိုထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြစ်မှသာ မျိုးစေ့တွေ ကောင်းစွာအပင်ပေါက်နိုင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်လများစွာ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ မြေတွေဟာ မြေဆီလွှာအာဟာရဓာတ် တဖြည်းဖြည်းဆုံးရှုံး၊ မြေသားတည်ဆောက်မှုပျက်စီးသွားပြီး မြေတိုက်စားမှုဒဏ်ကို အလွယ်တကူခံစားရကာ တောင်သူဦးကြီးတွေအတွက် သီးနှံအထွက်နှုန်းတွေ ထိခိုက်နေပါတယ်။ ဒါကြောင့်ပဲ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (CA) မှာ မြေကြီးကို အနည်းငယ်မျှသာ တူးဆွပြီး စိုက်ပျိုးဖို့ သို့မဟုတ် လုံးဝမထယ်မထွန်ဘဲစိုက်ပျိုးဖို့ လမ်းညွှန်ထားပါတယ်။

ထယ်ရေးမဲ့စိုက်ပျိုးမှုကြောင့် မြေဆီလွှာကို နေ၊ ရေ၊ လေ တိုက်စားမှုကာကွယ်ပေးပြီး မြေဆီလွှာအစိုဓာတ်နဲ့ အပူချိန်ကို ထိန်းညှိပေးခြင်း၊ မြေဆီလွှာထဲရှိ အဏုဇီဝသက်ရှိတွေ ပိုမိုပေါက်ပွားရှင်သန်နိုင်ပြီး မြေဆီလွှာအာဟာရဓာတ်ပြည့်ဝကာ ရေရှည်ထိစိုက်ပျိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားခြင်း

သီးနှံပင်အကြွင်းအကျန်တွေ (သို့) မြေဖုံးပင်တွေ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားရပါမယ်။ အဓိကသီးနှံပင် မစိုက်ပျိုးမီမြေကြီးကို နေ၊ ရေ၊ လေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်စေဖို့နဲ့ မြေတွင်းရေ သိုလှောင်ထိန်းသိမ်းမှု အားကောင်းပြီး မြေဆီလွှာကျန်းမာကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ သီးနှံအကြွင်းအကျန်တွေကို မီးမရှို့ဘဲ ပြန်လည်အသုံးပြု ခြင်းကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ၎င်းတို့မှ မြေဆွေးအဖြစ်ရရှိကာ မြေဆီဩဇာပိုမို ထက်သန်လာစေတဲ့ စနစ်ဖြစ်ပါတယ်။

၃။ သီးနှံစုံအလှည့်ကျ စိုက်ပျိုးခြင်း

သီးလှည့်စိုက်ပျိုးခြင်း၊ သီးနှံစုံကို ရောစပ်၍ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်းပေါ်မှာ ကျရောက်လေ့ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ သံသရာစက်ဝန်းကို ဖြတ်တောက်သလိုဖြစ်ပြီး ရောဂါပိုးမွှားကျရောက်မှုကို လျော့နည်းစေပါတယ်။

အကျိုးကျေးဇူးများ

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA)ဟာ မထွန်ယက်ခြင်းကြောင့် မြေကြီးတည်ဆောက်မှု မပျက်စီးခြင်း၊ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းတွေနဲ့ သက်ရှိအဏုဇီဝတွေ ပျက်စီးဆုံးရှုံးမှုမရှိခြင်း၊ လောင်စာသုံးစွဲမှု လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်ခြင်း၊ ရာသီဥတုနဲ့ လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ခြင်း၊ မြေဖုံးထားခြင်းကြောင့် ပေါင်းပေါက်ရောက်မှု လျော့နည်းခြင်း၊ သစ်ဆွေးဓာတ်ရရှိပြီး မြေအပူချိန်သမမျှတကာ မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိတွေ ပိုမိုကောင်းမွန်လာခြင်းနဲ့အတူ သီးနှံမျိုးကွဲအစုံ စိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားကျရောက်မှုလျော့နည်းလာပြီး သဘာဝအရင်းအမြစ်များကို ပိုမိုထိရောက်အောင် သုံးစွဲလာနိုင်ကာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) ဟာ အနာဂတ်မှာ လိုအပ်လာမယ့် စားရေရိက္ခာကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် နည်းစနစ်ဖြစ်ပါတယ်။ လုပ်ကွက်ငယ်တောင်သူတွေနဲ့ အထူးသင့်လျော်ပြီး အကျိုးအမြတ်ရရှိတဲ့အပြင် မိသားစုဝမ်းစာဖူလုံရုံသာမက ပိုလျှံလာစေမယ့် စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။ ရေငွေ့ပြန်ခြင်းကို လျှော့ချပေးခြင်းကြောင့် မိုးခေါင်ရေရှားဒေသတွေမှာ ရေအရင်းအမြစ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းစေတယ်။ တောင်သူဝင်ငွေတိုးတက်စေပြီး လူမှုဘဝသာယာဝပြောလာစေနိုင်တဲ့ နည်းစနစ်ကောင်းဖြစ်ပါတယ်။

လက်ရှိဆောင်ရွက်ဆဲ

အခုလက်ရှိမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) နည်းပညာပြန့်ပွားရေးအစီအစဉ်တွေ၊ စမ်းသပ်စိုက်ကွင်းတွေ၊ စိုက်ပျိုးရေးသင်တန်းကျောင်းတွေမှတစ်ဆင့် CA ကို အဆင့်မြှင့်တင်ပြီး တောင်သူတွေကို မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ပြောင်းလဲဖို့ လိုအပ်တဲ့ ကိရိယာတွေ၊ နည်းပညာဖြန့်ဝေခြင်း သင်တန်းတွေ ဆောင်ရွက်နေပါတယ်။

အနာဂတ်အလားအလာ

မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ စိုက်ပျိုးရေးဂေဟ စနစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စိုက်ပျိုးနည်းစနစ် ဖြစ်စေဖို့ လိုအပ်တဲ့ သုတေသနဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေပို့ချခြင်း၊ စမ်းသပ်စိုက်ကွင်းတွေ ပိုမိုတိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေး (CA) ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တောင်သူတွေကို လက်ဆင့်ကမ်းမျှဝေပေးပြီး လိုအပ်တဲ့ အရင်းအမြစ်တွေဖြစ်တဲ့ စက်ကိရိယာတွေ၊ သီးနှံမျိုးစေ့တွေကို အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့တွေ ပူးပေါင်းပြီး တောင်သူတွေကို ကူညီထောက်ပံ့ပေးခြင်းဖြင့် CA ကို တွင်ကျယ်စွာ လက်ခံကျင့်သုံးတဲ့ တောင်သူတွေ တိုးပွားလာပြီး မိမိတို့ နိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်မှာ အနာဂတ်စိုက်ပျိုးရေးစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးဟာ မြန်မာ့လယ်ယာကဏ္ဍရဲ့ အနာဂတ်အတွက် မြေဆီဩဇာထက်သန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင်မြှင့်တင်ပေးနိုင်ပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းလမ်း တစ်ခုအဖြစ်ရှေ့ဆောင်နေပါတယ်။ စိုက်ပျိုးပညာပေးရေးနဲ့ သဘာဝအရင်းအမြစ်တွေမှာ မှန်ကန်တဲ့ပံ့ပိုးကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆက်လက် ပြုလုပ်ခြင်းဖြင့် CA ဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပြီး နောင်လာနောက်သားတွေအတွက် စားရေရိက္ခာဖူလုံရေးနဲ့ လူမှုစီးပွားဘဝ စည်ပင်ဝပြောလာမှာဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။