Skip to main content

ကမ္ဘာကို လှုပ်ခတ်သော ရွေးကောက်ပွဲ ကတိများ

မြင့်မြတ်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတဒေါ်နယ်ထရမ့်သည် ၄၇ ဦးမြောက် အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒုတိယအကြိမ်ဖြစ်ခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် သမ္မတဘိုင်ဒင်စတက်ကတည်းက အုတ်အော်သောင်းတင်း ကက်ပီတယ်စီးနင်းမှုမှာ ထရမ့်ပါဝင်မှုမကင်းဆိုသည့် စွပ်စွဲချက်များနှင့်အတူ ထရမ့်နှင့် ဘိုင်ဒင်၊ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တို့၏ ပြိုင်ဆိုင်မှုများက တောက်လျှောက်ပြင်းထန်နေခဲ့ရာ ယခုရွေးကောက်ပွဲမတိုင်မီ ထရမ့်လုပ်ကြံခံရမှုနှင့်အတူ ဆိုးဆိုးရွားရွားအဖြစ်အပျက်များ၊ ခါးသီးနာကြည်းမှုများ ထင်ဟပ်နေသည့် အမေရိကန်နိုင်ငံရေးနှင့် ထရမ့်၏ ပြည်တွင်းပြည်ပမူဝါဒရပ်တည်ချက်များကား တစ်ကမ္ဘာလုံးကို စိတ်ဝင်စားဖွယ်ရာဖြစ်စေခဲ့သည်။

အမေရိကန်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးယူဆောင်ပေးမည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် လောင်စာသဖွယ်တစ်ကမ္ဘာလုံးနှင့် ထိပ်တိုက်တွေ့ရမည့်အခြေအနေဆီ တွန်းပို့နေသည့် သမ္မတထရမ့်၏ ရွေးကောက်ပွဲကတိစကားများ နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာနေ၍ ဘာတွေဖြစ်လာနိုင်ပါသလဲ...။

MAGA နှင့်အတူ အမေရိကန်တို့၏မျှော်လင့်ချက်

ထရမ့်၏ ကိုယ်ရည်ကိုယ်သွေးတွင် ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်တန်းတန်းပြောတတ်ခြင်းက နောင်တွင် အကောင်းရောအဆိုးပါ ဒွန်တွဲလာနိုင်သည်။ သဘောတရားထက်လက်တွေ့ပိုဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြီးမားနေပုံရသည်။

အာဃာတတရားကြီးမားပုံရပြီး သူ၏ရပ်တည် ချက်တချို့ကြောင့် အရာရာသည်းမခံနိုင်သူတစ်ယောက်အလား သူ့အပေါ်မြင်မိသည်။ အမျိုးသားရေးဘက် ပိုအားသန်ပုံက အားကျစရာဖြစ်ရသည်။ ထရမ့်ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဥရောပမှ လက်ျာစွန်းအတိုက်အခံနိုင်ငံရေးသမားများကို အလေးထားဖိတ်ကြားခဲ့သည်ကိုကြည့်၍ လက်ရှိဥရောပခေါင်းဆောင်များအပေါ် ထရမ့်၏ သဘောထားအချို့ကို ခန့်မှန်း၍ ရနိုင်ပါမည်။ နိုင်ငံရေးထက်စီးပွားရေးကို ပိုအလေးထားသည်ဆိုသော်လည်း သူခန့်ထားသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ကြည့်လျှင် သူ၏နိုင်ငံရေးဇကို လျှော့တွက်၍ မရ။

မလုပ်မရှုပ်မပြုတ်အစိုးရဝန်ထမ်းတချို့ကို ဖြုတ်ပစ်မည်ဟူသောသဘောထားက သူ၏အုပ်ချုပ်ရေးအမြင်ကို ခန့်မှန်းရခက်စေသည်။ ထို့ပြင် ထရမ့်သည် လုံခြုံရေးဆိုင်ရာကိစ္စများတွင် အများနှင့်မတူဘဲ ဆန့်ကျင်ဘက်ကို အပြင်းထန်ဆုံးဖိအားပေးပြီး အထိရောက်ဆုံး အင်အားသုံးဖြေရှင်းတတ်သူတစ်ဦးဖြစ်မည်ဟုလည်း ယူဆနိုင်သည်။

အရာရာအားလုံးတွင် “Make America Great Again” ဟူသည့် ရွေးကောက်ပွဲ campaign နှင့်အတူ MAGA တို့၏ ခေါင်းကိုင်ဖခင်ကြီး ထရမ့်ကအမေရိကန်သာ ပထမဖြစ်ရမည်ဟုဆိုလေရာ အမေရိကန်လူငယ်အများစုအတွက် သည်းခြေကြိုက်ဖြစ်နိုင်သော်လည်း အမေရိကန်အချုပ်အခြာကို ထိန်းသိမ်းခဲ့သူ လူကြီးများနှင့် ကမ္ဘာ့နိုင်ငံအချို့အတွက်တော့ နားခါးဖွယ်ထိတ်လန့်ဖွယ်များဖြစ်မှာ မလွဲဟုယူဆပါသည်။ ဆုတ်ယုတ်ကျဆင်းနေသည့် အမေရိကန်ကို ပြန်လည်ကယ်တင်ပြီး အမေရိကန်ရွှေခေတ် Golden Age of America ကို ပြန်လည် ထူထောင်မည့်သမ္မတကြီး၏ ကတိစကားများသည် အမေရိကန်လူငယ်များအတွက်တော့ မျှော်လင့်ချက်များ ဖြစ်နိုင်သည်။

မဟာမိတ်များနှင့်ရော ပြိုင်ဘက်နှင့်ပါ ရန်ဘက်သဖွယ်ဖြစ်လာနေသည့် သဘောထားများ

ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားတိုင်းပြည်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုမှုသဘော ထားကိုလေ့လာလျှင် သူသည်အဖွဲ့စုံနိုင်ငံစုံ Multi lateral သဘောတူညီချက်ပုံစံများကို နှစ်သက်ပုံမရဘဲ တစ်နိုင်ငံချင်းအလိုက် Unilateral သဘောတူညီချက်မျိုးကိုသာ ပိုကြိုက်ပုံရသည်။ လတ်တလောလုပ်ဆောင်ချက်များကိုကြည့်လျှင် အမေရိကန်၏ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်အားလုံးရက် ၉၀ ဆိုင်းငံ့လိုက်သည်ကို တွေ့ရသည်။ WHO မှ နုတ်ထွက်လိုက်ပြီး ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်များမှလည်း နုတ်ထွက်တော့မည်ဖြစ်သည်။ NATO အုပ်စုအား အမေရိကန်က အဓိကတာဝန်ယူနေရမှုအပေါ် ကျန်နိုင်ငံများကပါ ခွဲဝေတာဝန်ယူကြရန် ဖိအားပေးခြင်းကြောင့် နောင်တွင် အမေရိကန်မပါသည့် NATO ပုံစံကို မြင်တွေ့ရဖွယ်ရှိနေသည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့် ကိုက်ညီခြင်းရှိ/မရှိ၊ အမေရိကန်အကျိုးစီးပွားနှင့် ကိုက်ညီခြင်းရှိ/မရှိ၊ အထူးသဖြင့် သူတန်ဖိုးထားသည့် အမေရိကန်တန်ဖိုးများနှင့် ဆန့်ကျင်မှုရှိ/မရှိ ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဆီလျော်လျှင် ဆက်လုပ်မည်၊ မဆီလျော်လျှင် လမ်းသစ်ဖောက်မည့် သဘောများ တွေ့မြင်ရသည်။

ထိုကဲ့သို့ သဘောထားများကြောင့် မဟာမိတ်ခေါင်းဆောင်များနှင့်လည်း ရန်ဘက်သဖွယ်ဖြစ်လာနေသည်။ ရွေးကောက်ပွဲမတိုင်ခင်က ဒီမိုကရက်တစ်ပါတီကို ကူညီအားပေးခဲ့ပြီး ထရမ့်အား ပုတ်ခတ်စော်ကားခဲ့သော အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်စတားမားကို ပြုတ်ကျသွားအောင်လုပ်မည်ဟု ကြိမ်းဝါးချက်က အစဉ်အလာမဟာမိတ်များအဖြစ်မှ သွေဖည်စေမည်ဖြစ်သည်။ နောက်ထပ် Issue တစ်ခုက ၁၈၈၀ ပြည့်နှစ်တွင် ပြင်သစ်နှင့်ပေါင်းပြီး အမေရိကန်တို့ဖောက်လုပ်ခဲ့သည့် ပနားမားတူးမြောင်းအရေးဖြစ်သည်။ တူးမြောင်းဖောက်ရာတွင် အမေရိကန်လူမျိုးအသက်ပေါင်းများစွာ စတေးခဲ့ရသည်ဟုဆိုသည်။ တူးမြောင်းကို သမ္မတဂျင်မီကာတာက ၁၉၉၉ ခုနှစ်တွင် လက်ဆောင်အဖြစ်ပေးခဲ့သည့်အတွက် ပနားမားထိန်းချုပ်မှုအောက် ရောက်သွားသည့် ထိုတူးမြောင်းကို ထရမ့်က ပြန်လိုချင်နေခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းကုန်သွယ်မှု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး နှစ်စဉ်ကုန်တင်သင်္ဘော ၁၄၀၀ ခန့် ဖြတ်နေသည့် ပနားမားတူးမြောင်းကို တရုတ်က လုံးဝထိန်းချုပ်ထားသည်ဟုယူဆ၍ ထရမ့်က မခံမရပ်နိုင်ဖြစ်နေပုံရသည်။

နိုင်ငံခြားတိုင်းပြည်များနှင့် အဖွဲ့အစည်းများအပေါ် ထရမ့်၏မူဝါဒသဘောထားကို လေ့လာကြည့်က အမေရိကန်ကို တရုတ်နိုင်ငံက စီးပွားရေးအရ မဟာဗျူဟာကျကျခြိမ်းခြောက်နေသည်ဟု အမြင်ရှိသည်။ ကနေဒါနှင့် ကုန်သွယ်ရာမှာ မျှတမှုမရှိ၊ သူ့ဘက်ကနစ်နာသည်ဟု ထရမ့်ကမြင်နေသည်။ အာတိတ်ဒေသရှိ ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်ကျွန်းကို ၂၀၁၉ ခုနှစ်က အမေရိကန်က ဝယ်ယူရန်ကြိုးစားခဲ့ဖူးရာ ဒိန်းမတ်ဘက်က ငြင်းပယ်ခဲ့ဖူးသည်။ ရောင်းရန်မဟုတ်ဟု တုံ့ပြန်ထားသည့် ထိုကျွန်းကို စီးပွားရေးကာကွယ်ရေးမဟာဗျူဟာအမြင်ဖြင့် ထရမ့်က ပိုင်ဆိုင်ချင်နေခြင်းဖြစ်သည်။ မက္ကဆီကိုနိုင်ငံက မူးယစ်ရာဇာဂိုဏ်းများအပေါ် စစ်ဆင်ရေးပြုလုပ်သွားမည့်အရေးက မက္ကဆီကို၏ အချုပ်အခြာကို ထိပါးရာရောက်နိုင်သလား မေးခွန်းထုတ်စရာဖြစ်နေသည်။ အရှေ့အလယ်ပိုင်းအရေးတွင် အစ္စရေးဘက်မှ ပြတ်ပြတ်သားသားရပ်တည် ပြထားသည့် ထရမ့်အတွက်တော့ အီရန်သည် အမေရိကန်၏အမြဲတမ်းရန်သူဖြစ်နေပြီး၊ ထို့ကြောင့်လည်း အစ္စရေး - အီရန်စစ်ဖြစ်မည့်အလားအလာက ရတက်မအေးစရာဖြစ်လာသည်။

ငြိမ်းချမ်းရေးကို ဆောင်ယူမည်ဟုဆိုသော်လည်း

သို့သော် သမ္မတထရမ့်သည် ငြိမ်းချမ်းရေးလိုလားသူအဖြစ် ကြွေးကြော်ထားပြန်ရာ တကယ်တမ်းငြိမ်းချမ်းရေးဆောင်ကျဉ်းသူအဖြစ် သက်သေပြနိုင်မည်ဟု ယုံကြည်သူများလည်းရှိနေပြန်သည်။ အခြားသောသမ္မတများနှင့်မတူ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ထရမ့်ကြောင့် စစ်ပွဲများ ဖြစ်ပွားမှုမရှိခဲ့သည့် အထောက်အထားအရ ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးသမားဖြစ်သော်လည်း ယခုသက်တမ်းအတွင်း နိုင်ငံခြားတိုင်းပြည်အချို့နှင့် ထိပ်တိုက်တွေ့နိုင်ဖွယ်ရာများကား ရှိနေသည်။

တစ်ဦးနှင့် တစ်ဦးအကြား မဟာမိတ်များ ဖြစ်သော်လည်း ယုံကြည်မှုများ၊ နားလည်မှုများ လွဲမှားနိုင်၍ဖြစ်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထရမ့်၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံထိပ်တိုက်တွေ့လာနိုင်သည်။ စီးပွားရေး၊ စစ်ရေးအပြန်အလှန် ဖိအားပေးမှုများရှိလာနိုင်သည်။ များသောအားဖြင့် ထရမ့်၏မူဝါဒများသည် အမေရိကန်အကျိုးစီးပွား၊ အမေရိကန် First ဦးစားပေးမူဝါဒကို အခြေခံထားသည့်အတွက် အချို့သောလုပ်ဆောင်ချက်များတွင် အစွန်းရောက်မှုများရှိလာနိုင်ပါသည်။ မိမိကပို၍ နစ်နာသည်ဟုထင်နေသည့် ကိစ္စရပ်များအတွက် တန်းတူအခွင့်အရေးဟူ၍ အလွန်အမင်းရှေ့တန်းတင်လာကြလျှင် အကျိုးစီးပွားချင်းပဋိပက္ခများ ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာနိုင်သည်ကို မြင်ထားရမည်ဖြစ်ပါသည်။

ဘာတွေကိုဆင်ခြင်ကြည့်၍ ရနိုင်ပါသလဲ

ဘယ်အရာကို လုပ်လုပ်၊ ဘာကိုပင်စဉ်းစား စဉ်းစားအရာရာကို အနိုင်ယူလိုခြင်း၊ ကိုယ်သာပထမဖြစ်လိုခြင်းများသည် စိတ်ပိုင်းဆိုင်ရာအနေ အထားများအရများသောအားဖြင့် အတ္တကြီးသူအဖြစ် သမုတ်ခံရနိုင်သည်ကို ဆင်ခြင်ကြည့်ရန် ဖြစ်ပါသည်။ ပြိုင်ဘက်ကို အင်အားသုံး၍ အလဲလဲအကွဲကွဲပြိုကွဲအောင် အနိုင်ယူခြင်းမျိုးသည် အားလုံးအတွက် အနုတ်လက္ခဏာများသာ ဖြစ်လာနိုင်ပါသည်။ လောဘနှင့် ဒေါသကို ရှေ့တန်းတင်လွန်းလျှင် အများနှင့်တစ်ယောက် ဖြစ်သွားတတ်သည်ကို သတိပြုသင့်သည်။

ကမ္ဘာကြီးမက စကြဝဠာအထိ အလွန်အမင်းပိုင်စိုးချင်သူများအတွက် ဆန့်ကျင်ဘက်ရန်သူသာ တိုးလာပြီး အထီးကျန်ဆန်လာနိုင်သည်ကို သတိထားရန်လိုပါမည်။ ယနေ့ခေတ်အနေအထားအရ အပြိုင်အဆိုင်များလွန်း၍ အားလုံးကို ရချင်လွန်း၍သာ ပဋိပက္ခများတန်းစီနေခြင်းဖြစ်သည်။ မျှတမှု၊ တန်းတူညီမှုအပေါ်အခြေခံပြီး မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းကြောင်းသည်သာ အသင့်တော်ဆုံးဖြစ်ပါမည်။ တစ်ဦးနှင့်တစ်ဦးအကြား နားလည်မှုနှင့် ယုံကြည်မှုကို တည်ဆောက်ခြင်းဖြင့် တန်းတူညီမျှ မျှတမှုကိုဖြစ်စေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သမ္မတထရမ့်အနေဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ နေတိုး၊ အီးယူ၊ ဂျီဆဲဗင်းအဖွဲ့များကဲ့သို့ ချမ်းသာဆင်းရဲမရွေး ကမ္ဘာ့ခေါင်းဆောင်များကြား ပုံမှန်ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်သည်ကိုသာ အားလုံးက မြင်လိုကြမည်ဖြစ်သည်။ သို့မှသာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းပြီး အပြန်အလှန်ထိန်းညှိမှုရှိကာ အကျိုးစီးပွားများလည်း သဟဇာတဖြစ်လာမည်ဟု ယုံကြည်ထားပါသည်။

ဘာပဲပြောပြော အမေရိကန်တို့၏ ဒီမိုကရေစီ နိုင်ငံရေးသမိုင်းမှာ နောက်ပိုင်းတစ်ဖက်နှင့်တစ်ဖက် ပွဲကြမ်းလာကြသည်ကို သတိထားမိလာသည်။ အဓိကအကြောင်းရင်းက အမေရိကန်ခေါင်းဆောင်ပိုင်းတွင် အမုန်းအာဃာတများ ကြီးမားလာခြင်းနှင့် ကိုယ်ကျိုးအတ္တအမှုများစွာကြောင့် ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံရေးတွင် အာဃာတနှင့် အတ္တများလာလျှင် ထိုနိုင်ငံ၏နိုင်ငံရေးစနစ်မှာလည်း ဆုတ်ယုတ်တိမ်းပါးသွားတတ်သည်ကို သတိထားရန်လိုမည်ထင်သည်။ ဒီမိုကရေစီအပေါ် လူသားများ ယုံကြည်မှုနည်းလာခြင်းမှာ ဒီမိုကရေစီတန်ဖိုးများ ကျဆင်းလာခြင်းကြောင့်ဖြစ်သည်။ ယနေ့ကမ္ဘာ့ပြည်သူများသည် နိုင်ငံတစ်နိုင်ငံတည်းက ကြီးစိုးလိုမှု၊ လက်ဝါးကြီးအုပ်လိုမှုကို မနှစ်သက်ကြတော့ပါ။

ဒီခေတ် ဒီလိုအခြေအနေတွင် အင်အားကြီးနိုင်ငံများအနေဖြင့် ခေတ်သစ်ကိုလိုနီအင်ပါယာ ထူထောင်လိုသည့် စိတ်ကြီးမျိုးလည်း မထားသင့်တော့ပါ။ ကမ္ဘာကြီးဆီ ငြိမ်းချမ်းရေးယူဆောင်ပေးမည်ဟူသော (ကမ္ဘာ့အဆင့်တစ်) အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးအတွက် စံပြမော်ဒယ်တစ်ခုဖြစ်ခဲ့လျှင် ကမ္ဘာကြီးအတွက် အလွန်ကောင်းသွားမည်ဖြစ်သည်။

သို့သော် ကိုယ့်နိုင်ငံ၊ ကိုယ့်အကျိုးစီးပွား သက်သက်ကိုယ်ရကိုယ်ယူ၊ သူရသူယူကျန်နိုင်ငံများပါ အတုယူမှားကြလျှင် ကမ္ဘာကြီးအတွက် မကောင်းလှပါ။ အကျိုးစီးပွားအခြေခံဖြင့် အမျိုးသားရေး တစ်ဖက်စွန်းရောက်ပြီး နယ်ချဲ့ဝါဒကို ပုံစံတစ်မျိုးဖြင့် မဆင်မခြင်သွတ်သွင်းလာလျှင်မူ ဒုတိယကမ္ဘာစစ်မျိုးစေ့ဟစ်တလာတို့၏ ဖက်ဆစ်နယ်ချဲ့စနစ်မျိုးဆီ ပြန်လည်ရောက်ရှိသွားနိုင်ခြေကို သတိထားရမည်ဖြစ်သည်။ ယခင်ကာလများက နိုင်ငံရေး၊ စီးပွားရေးအရ ဝင်ရောက်စွက်ဖက် နယ်ချဲ့ကြရာမှ ယခုကာလများတွင် လက်နက်အားကိုး၍ မသိမသာနယ်ချဲ့လာပုံများကို သတိပြု၍ မိမိတို့ အင်အားကို တောင့်တင်းခိုင်မာရန်သာ ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။

အရာရာပိုင်စိုးလိုသည့်လက္ခဏာများ၊ အင်အားကြီးဖြစ်လိုသည့် သဘောတရားများသည် ဒီမိုကရေစီ၏ အနှစ်ဖြစ်သည့် မျှတမှုနှင့် ငြိမ်းချမ်းခြင်း၏ ဆန့်ကျင်ဘက်လားရာသို့ ရှေးရှုနေခဲ့လျှင်.... ။ ။