Skip to main content

မြန်မာနိုင်ငံမှ နာမည်ကျော်တံတားများ

မြန်မာနိုင်ငံ၌ တံတားများကို မြန်မာဘုရင်များ လက်ထက်ကတည်းက တည်ဆောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အထောက်အထားများအဖြစ် ခရစ်သက္ကရာဇ် ၁၄၄၄ ခုနှစ် ကုန်းဘောင်မင်းခေတ်က အရှည်ပေ ၃၉၀၀ ရှိသော စစ်ကိုင်းအင်းဝတံတားကြီးဖြစ်သည်။
အင်္ဂလိပ်ခေတ်
ထို့အပြင် ယနေ့အထိ မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ ကျော်ကြားသည့်တံတား နှစ်စင်း တည်ရှိဆဲ ဖြစ်သည်။ ယင်းတို့မှာ အမရပူရခေတ်ကတည်းက တည်ဆောက်ခဲ့သော ဦးပိန်တံတားနှင့် အင်္ဂလိပ်ခေတ်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တည်ဆောက်ထားခဲ့သော ဂုတ်တွင်းတံတား တို့ဖြစ်သည်။ ။
ဦးပိန်တံတားသည် သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏တပည့် မြို့စာရေး ဦးပိန်က တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်ခဲ့သည်။ မြို့စာရေးဦးပိန်သည် မိုးတွင်း ကာလ တောင်သမန် တစ်ဆယ့်နှစ်ရပ်မှ လူအများသွားလာ လွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော် အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်ပြီး ရရှိသမျှနှင့် အခြေတည်ဆောက် လုပ်ခြင်းဖြစ် ရာ ယနေ့တိုင် တံတားကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲ ရှိသည်။
မှတ်တမ်းအရ
တံတားကို ဆောက်လုပ်ရာတွင် နှစ်နှစ်မျှ ကြာမြင့်ခဲ့သည်ဟု သိရသည်။ မြန်မာအင်ဂျင်နီယာ ပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့်တိုင်းတာ၍ တည်ဆောက်ခဲ့သော မြန်မာမှုတံတားကြီး ဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဌာန် ဆောက်လုပ်ထားသည်။ ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၄၈ တိုင်ရှိသည်ဟု မှတ်သားရသည်။
ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကို ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ်လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆ တိုင်ရှိမည် ဖြစ်သည်။ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၃၉၆၇ ပေရှည်လျားသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၁၇၀ သက်တမ်းရှိပြီဖြစ်သည့် ဦးပိန်တံတားကြီးသည် အမရပူရရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရပ်တည်လျက်ရှိသည်။ ။
နောက်ထပ် ကမ္ဘာကျော်တံတားတစ်စင်းမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် အတွင်းရှိ ဂုတ်ထိပ်တံတားဖြစ်သည်။ ဂုတ်ထိပ်တံတားမှာ တစ်လမ်းသွားမီးရထား တံတားဖြစ်ပြီး အရှည်ပေ ၂၆၀ ရှိသည်။ ၂၈-၄-၁၈၉၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁-၁-၁၉၀၀ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သောတံတားများအနက် ကားလမ်းသာမက မီးရထားလမ်းပါ ထည့်သွင်း တည်ဆောက်ထားသည့် တံတားအများအပြား ရှိသည်။ ယင်းတို့အနက် ပထမဆုံး တည်ဆောက်ထားသည့် တံတားမှာ ဧရာဝတီမြစ်ပေါ်မှ အင်းဝတံတားဖြစ်ပြီး ယနေ့တိုင် အသုံးပြုလျက်ရှိသည်။
ထည့်သွင်းတည်ဆောက်
အခြားမီးရထားနှင့် ကားလမ်းပါတံတားများမှာ စစ်တောင်းမြစ်ပေါ်မှ စစ်တောင်းတံတား၊ ရန်ကုန်- သန်လျင် တံတား၊ ဆင်ဖြူရှင်တံတား၊ သံလွင်တံတား (မော်လမြိုင်)၊ ညောင်တုန်းတံတား၊ ဧရာဝတီတံတား (ပခုက္ကူ)၊ ဧရာဝတီတံတား(မလွန်) စသည့်တို့တွင် မီးရထားလမ်းနှင့် ကားလမ်းများ ထည့်သွင်းတည်ဆောက်ခဲ့သော တံတားများဖြစ်သည်။ ။
မြန်မာနိုင်ငံအတွင်းရှိ တံတားများကို လမ်းလုပ်ငန်းအဖွဲ့၏ လက်အောက်ခံအဖွဲ့အစည်းများက တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း ခေတ်ကာလအားလျော်စွာ ဝန်ကြီးဌာနများ၏ အမည်ပြောင်းလဲခဲ့သလို ဦးစီးဌာန၏ အမည်များသည်လည်း ပြောင်းလဲခဲ့သည်။ ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်း (ပလက)၊ ဆောက်လုပ်ရေးကော်ပိုရေးရှင်း (ဆလက)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ပဆင) အဖြစ် ခေတ်စနစ်၏ လိုအပ်ချက်အရ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တံတား တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် မြစ်ကြီးများ၌ တံတားကြီးငါးစင်း တည်ဆောက်ရန် စီမံကိန်းကြီးများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ၎င်းနောက် ၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအဖြစ် ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ်၊ မတ် ၃၁ ရက် အထိ ဦးဆောင်ညွှန်ကြားရေးမှူး၏ စီမံအုပ်ချုပ်မှုဖြင့် တံတားလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် တံတားဦးစီးဌာနအဖြစ် ဦးစီးဌာနအသစ် ဖွဲ့စည်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများဖြင့် ရုံးချုပ်ဌာနခွဲများ၊ တံတားတည်ဆောက်ရေးအဖွဲ့ လေးဖွဲ့၊ တံတားအထူးအဖွဲ့ ၁၆ ဖွဲ့ဖြင့် တံတားများ တည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးလေးသွယ်
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း မြစ်ကြီးလေးသွယ်ပေါ်၌ တည်ဆောက်ပြီးသည့် တံတားများမှာ ဧရာဝတီမြစ်ကြီးပေါ်၌ ၁၄ စင်း၊ ချင်းတွင်းမြစ်ပေါ်၌ တည်ဆောက်ပြီး သုံးစင်း၊ တည်ဆောက်ဆဲ နှစ်စင်း၊ သံလွင်မြစ်ပေါ်၌ တည်ဆောက်ပြီး ကိုးစင်း၊ စစ်တောင်းမြစ်ပေါ်၌ တည်ဆောက်ပြီးတံတား ငါးစင်းတို့ ဖြစ်သည်။
ချစ်ကြည်ရေးတံတားများဖြစ်သည့် ၂၉၃ ပေရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)၊ ပေ ၃၀၀ ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)၊ ၂၂၆၉ ပေရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား၊ ၇၈၉ ဒသမ ရှစ်ပေရှိ ကွမ်းလုံတံတား၊ ပေ ၉၃၅ ပေရှိ သာကေတတံတား၊ ၇၀၅၆ ပေရှိ ရန်ကုန်-သန်လျင် တံတားအမှတ် (၁) တံတား တို့ကိုလည်း တည်ဆောက်ခဲ့ပြီး ယခု သန်လျင်တံတား အမှတ် (၂) ဒလ-ရန်ကုန် တံတားတို့ကို တည်ဆောက်ဆဲ ဖြစ်သည်။
အချိန်ကာလ
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့်တံတား ကြီးများတွင် မြန်မာနိုင်ငံ၏ ရေမြေအခြေအနေအရ အထင်ကရနှင့် Land Mark ဖြစ်ခဲ့သည့်တံတားများစွာ ရှိသည်။ ဒီဇိုင်းပုံစံ၊ တည်ဆောက်မှု နည်းစနစ်များနှင့် အချိန်ကာလအရ ထူးခြားစွာ တည်ဆောက်ခဲ့သည့် တံတားများကို ကောက်နုတ် ဖော်ပြရလျှင်
(က) သာကေတတံတား၉၃၅ ပေ
(ခ) ကမျောကင်းတံတား၁၁၀၀ ပေ
(ဂ) ဧရာဝတီတံတား(ရတနာပုံ) ၅၆၁၄ ပေ
(ဃ) ဧရာဝတီတံတား(ပခုက္ကူ) ၁၃၅၃၇ ပေ
(င) မြစ်သာတံတား (ကလေးဝ) ၁၃၂၀ ပေ
(စ) လိန်းလီကြိုးတံတား ၁၇၆၀ ပေ
(ဆ) အောင်ဇေယျတံတား ၃၇၈၆ ပေ
(ဇ) မဟာဗန္ဓုလတံတား၃၆၄၃ ပေ
(ဈ) သံလွင်တံတား (မော်လမြိုင်) ၁၁၅၇၅ ပေ
(ည) ဗိုလ်ချုပ်အောင်ဆန်းတံတား ၅၂၀၄ ပေ (ဘီလူးကျွန်း)တို့ ဖြစ်သည်။
တံတားဦးစီးဌာနက အဆင့်မြင့်နည်းပညာများ ရရှိစေရန်နှင့် နည်းပညာများမျှဝေခြင်း ဆောင်ရွက်နိုင်ရန် နိုင်ငံ တကာအကူအညီ၊ ချေးငွေအကူအညီများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများဖြင့် တံတား စီမံကိန်း များနှင့် နိုင်ငံတော်၏ ပင်မစီမံကိန်းများကိုဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရည်မှန်းချက် များနှင့်အညီ ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ခရမ်းစိုးမြင့်