ကိုဗစ်-၁၉ ကပ်ရောဂါ Stay at Home ကာလနှင့် ညီညွတ်သော ကျန်းမာသည့်နေအိမ်လေး
ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါက တစ်ကျော့ပြန် ကျယ်ပြန့်စွာ ဖြစ်ပွားနေပြီ ဖြစ်ပါသည်။ လူတိုင်း လိုက်နာဆောင်ရွက်ရမည့် ရောဂါကာကွယ်တားဆီးရေး အလုပ်များဖြစ်သည့် လက်ဆေးခြင်း၊ နှာခေါင်း စည်းတပ်ခြင်း၊ ခပ်ခွာခွာနေကြခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ မလိုအပ်ဘဲအပြင်မထွက်ခြင်း၊ ခရီးမသွားခြင်း၊ မိမိအိမ်မှာသာနေခြင်း၊ အိမ်မှသာ အလုပ်လုပ်ခြင်း၊ စာသင်ခြင်း စသည်တို့ကို တိကျစွာလိုက်နာ ဆောင်ရွက် ကြရပါမည်။ ။
ယင်းတွင် stay at home ခေါ် မိမိအိမ်မှာသာ နေထိုင်ခြင်းသည် အလွန်အရေးပါပါသည်။ လူတစ်ယောက်အတွက် မိမိအိမ်မှာနေရသည့်အချိန် များစွာရှိလာပါမည်။ နေအိမ်သည် မိမိ၏အချိန်များစွာကို အသုံးပြုနေရသည့် နေရာဖြစ်လာပါမည်။ နေအိမ်ကြောင့် ကပ်ရောဂါမှ ကာကွယ်ပေးနိုင်ပါမည်။ ထို့ကြောင့် မိမိတို့ နေအိမ်အတွက် ကျန်းမာရေးနှင့်အညီ သန့်ရှင်းနေအောင် ဆောင်ရွက်ပေးခြင်းသည် မိမိသာမက မိသားစု၊ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အကျိုးပြုနိုင်မည့် ဆောင်ရွက်မှု ဖြစ်လာပါသည်။ မိမိတို့နေအိမ်ကျန်းမာမှ မိမိတို့အားလုံးလည်း ကျန်းမာမည်ဖြစ်သည်။ နေအိမ်လေး ကျန်းမာနေစေရန် လိုအပ်မှုအချို့ကို တင်ပြလိုပါသည်။
၁။ အပြင်ကပြန်လာတိုင်း ဖိနပ်ချွတ်ပါ။ လူ တစ်ယောက်၏ ဖိနပ်တွင် တစ်နေ့လျှင် ဗက်တီးရီးယား ပိုးပေါင်း ၄၂၁၀၀၀ ခန့် ကပ်ပါလာလေ့ရှိကြောင်း လေ့လာမှုတစ်ခုအရ သိရပါသည်။ ယင်းတွင် E.Coli, Streptococcus စသည့်ဗက်တီးရီးယားပိုးများ ပါဝင်နိုင်ပြီး အစာလမ်းကြောင်းနှင့် အရေပြားကူးစက်ရောဂါများ ဖြစ်စေနိုင်ပါသည်။ ယခုအခါတွင်မူ ကိုဗစ်-၁၉ အပါအဝင် အခြား ဗိုင်းရပ်စ်ပိုးများလည်း ကပ်ပါလာနိုင်ပါသည်။ ထို့ပြင် အခြားပိုးသတ်ဆေးများ၊ ကတ္တရာများ၊ ခဲ၊ သတ္တု ပစ္စည်းမျိုးစုံလည်း ပါလာပြီး မိမိတို့၏အိမ်အတွင်း ဝင်ရောက်လာနိုင်ပါသည်။ ထို့ကြောင့် အိမ်အဝင်တံခါးမှာ ဖိနပ်ချွတ်ပါ။ အိမ်အတွင်းစီးရန် ခြေညှပ်ဖိနပ်၊ အခြားသင့်တော်ရာ ဖိနပ်ကိုသာ အသုံးပြုသင့်ပါသည်။ အိမ်တွင်း မဝင်မီလက်ဆေးပါ။ နှာခေါင်းစည်းကို သတ်မှတ်နေရာတွင် စွန့်ပစ်ပါ။ အဝတ်အစားများလဲလှယ်ပါ။
၂။ အိမ်အတွင်းရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောနိုင်ပါသည်။ အနောက်နိုင်ငံတို့တွင် ဗော့ဒ်ဂါအရက်ကို သုံးကြသည်ဟု သိရသည်။ ယင်းသည် အရက်ပါဝင်မှု ၄၀ ရာခိုင်နှုန်း ပါဝင်သဖြင့် ရေရောပြီး ပိုးသန့်စေရန် အသုံးပြုကြကြောင်း သိရသည်။ ရေဆတူရောပြီး ဆေးကြောနိုင်သည်။ ဖျန်းဆေးအဖြစ်လည်း သုံးကြသည်ဟု သိရသည်။ အိမ်တွင်းရှိ ပရိဘောဂပစ္စည်းများ၊ အခင်းအကာများကိုပါ ဖျန်းနိုင်ကြောင်း သိရပါသည်။ ။
၃။ အိမ်အတွင်း ရောဂါပိုးများကပ်နေနိုင်သည့် နေရာတစ်ခုမှာ သွားတိုက်တံဖြစ်သည်။ နေ့စဉ်သုံးပြီးပါက ရေနှင့်ဆေးကြောပြီး အဖုံးအကာရှိရာမှာ ထားသင့်ပါသည်။ သွားတိုက်တံတစ်ချောင်းကို အများဆုံးတစ်လခန့်သာသုံးပြီး အသစ်ပြောင်းသုံးသင့်ပါသည်။ သွားတိုက်တံပြီးလျှင် ပိုးမွှားများ ကပ်နေနိုင်သည်မှာ မီးဖိုချောင် ဖြစ်သည်။ မီးဖိုချောင်ကိုလည်း မကြာခဏ ဆေးကြော သုတ်သင်နေသင့်ပါသည်။ အထူးသဖြင့် စားသောက်ဆိုင်များအတွက် ချက်ပြုတ်ရာနေရာများကို အမြဲမပြတ် သန့်စင်နေစေသင့်ပါသည်။
၄။ အိမ်အတွင်းနံရံများသည် ပိုးမွှားများ အကြိုက်တွေ့ရာနေရာများ ဖြစ်သည်။ နံရံများပေါ်တွင် မြောက်မြားလှစွာသော ပိုးမွှားများ ကပ်နေလေ့ရှိပါသည်။ ထို့ကြောင့် နံရံများကို ဆေးကြောသန့်စင်ပေးသည့်အပြင် ဆေးအသစ် တစ်ထပ်သုတ်ပေးခြင်းဖြင့် ပိုးမွှားများ ကင်းဝေး စေနိုင်ပါသည်။ နံရံများကို ဆေးသုတ်ရာတွင် ဆေးအရောင်ကလည်း အကျိုးသက်ရောက်မှုရှိပါသည်။ ကိုလံဘီယာတက္ကသိုလ်၏ လေ့လာချက်အရ အပြာရောင်သည် တီထွင်ဖန်တီးလိုစိတ်ကို နှိုးဆွပေးနိုင်ပြီး အနီရောင်က အာရုံစူးစိုက်နိုင်မှုကို အားပေးသည်ဟု သိရပါသည်။
၅။ အိမ်အတွင်း ကြာရှည်စွာနေရသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ တွေ့ကြုံလာရတတ်ပါသည်။ စိတ်ကို အကျိုးပြုနိုင်သည်မှာ အိမ်အတွင်းရှိနေရာ ဖြစ်သည်။ လေ့လာမှုတစ်ခုအရ အိမ်မှ အလုပ်လုပ်နေသူတို့သည် တစ်နေ့လုံး အလုပ်လုပ်ကြရာ၌ နေ့အလင်းရောင် နေရောင်ခြည်ကို အသုံးများသူတို့သည် လျှပ်စစ်မီးအလင်းရောင်ကို သုံးကြသူများထက် အလုပ်ချိန်အတွင်း ငိုက်မျဉ်းမှု နည်းပါးကြပြီး စဉ်းစားတွေးခေါ် မှတ်သားနိုင်စွမ်းပိုများကြကြောင်း တွေ့ရပါသည်။ အိမ်တွင်းနေရောင် ရရန် ဆောင်ရွက်နိုင်ပါသည်။ ။
၆။ အိမ်အတွင်းရှိ လေထုသန့်စင်အောင် ဆောင်ရွက်ခြင်းက အိမ်တွင်းနေသူများ၏ ကျန်းမာရေးကို အထူးအထောက်အကူပြုနိုင်ပါသည်။ အထိရောက်ဆုံးမှာ လေထုသန့်စင်ခြင်း ဖြစ်သည်။ High-efficiency particulate air (HEPA) filter ကို သုံးခြင်းဖြစ်သည်။ ယင်းသည်လေထု ထဲရှိ အမှုန်အမွှား ၉၉ ဒသမ ၇ ရာခိုင်နှုန်းကို အိမ်တွင်းဝင် မလာနိုင်အောင် စစ်ထုတ်ပေးနိုင်သည်ဟု သိရသည်။ သယ်ဆောင်သွားနိုင်သော လေသန့်စက်ကလေးများသည် အခန်းတစ်ခုကို ကောင်းစွာ သန့်စင်စေနိုင်သည်ဟု သိရသည်။
၇။ ငွေကြေးသက်သာစွာဖြင့် အိမ်တွင်းလေသန့်စေရန် အလွယ်ကူဆုံးနည်းမှာ ပြတင်းပေါက်များ ဖွင့်ထားခြင်း ဖြစ်သည်။ အိမ်တွင်းလေထုညစ်ညမ်းမှုသည် ပြင်ပလေထု ညစ်ညမ်းမှုထက် နှစ်ဆမှ ငါးဆအထိ များပြားကြောင်းသိရပါသည်။ ဓာတုဗေဒဆေးဝါးများဖြင့် အိမ်တွင်းလေထု သန့်စင်စေခြင်းတို့ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ တွေ့ကြုံရတတ်ပါသည်။ ဓာတ်မတည့်ခြင်း၊ အသက်ရှူလမ်းကြောင်း ထိခိုက် ခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့်အိမ်ပြတင်းပေါက်များကို ဖွင့်ထားခြင်းဖြင့် သဘာဝအတိုင်း လေဝင် လေထွက်ကောင်းစေပါသည်။ ။
၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း အမေရိကန်အာကာသလေ့လာရေး နာဆာအဖွဲ့ကြီးက အာကာသယာဉ်များမှာ သာမက လူနေအိမ်များတွင်ပါ စိုက်ပျိုးနိုင်သည့် သစ်ပင် ပန်းပင်အချို့သည် နေအိမ်အတွင်းရှိ အငွေ့ပြန် အော်ဂဲနစ် ဒြပ်ပေါင်းများကို ဖယ်ရှားနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် မိမိတို့ နေအိမ်များတွင် အောက်ပါ အပင်တို့ကို စိုက်ပျိုးထားနိုင်ကြပါသည်။ ။
လီလီပန်း (လှပသောဂန္ဓမာပန်းမျိုး)၊ ယောက္ခမ လျှာပန်း၊ ဒေစီပန်း၊ ရှားစောင်းလက်ပပ်ပင် စသည်တို့ကို အိမ်တွင်းသင့်တော်သလို စိုက်ပျိုးပေးထားပါ။ အဆိပ်အတောက်များကို စုပ်ယူဖယ်ရှားပေးနိုင်သည်ဟု သိရ သည်။
၈။ အထူးသဖြင့် မီးဖိုချောင်သန့်ရှင်းရေးကို အလေးထားကြရန်ဖြစ်သည်။ အစားအစာများမှ ကိုဗစ်-၁၉ ကူးစက်နိုင်သည့် အထောက်အထား မတွေ့ရသေးဟုဆိုသော်လည်း အစားအစာချက်ပြုတ်သည့် မီးဖိုချောင်နှင့် ပြင်ပမှဝယ်ယူလာသည့် ဟင်းချက်စရာတို့ကို ကောင်းစွာသန့်စင်စေခြင်းက မိသားစုတစ်ခုလုံး၏ ကျန်းမာရေး အတွက် အရေးကြီးလှပါသည်။ စားစရာများကို စိုက်ပျိုး ထုတ်လုပ်သည့် နေရာများမှစတင်ကာ ဈေးများ သို့ရောက်ရှိ၊ ထိုမှတစ်ဆင့် ဝယ်ယူသယ်ဆောင်သည့် လမ်းကြောင်းတစ်လျှောက်မှာ ကျန်းမာရေးနှင့် ညီညွတ်နေရန် အရေးကြီးပါသည်။
အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရှိ သား၊ ငါး၊ ဟင်းသီးဟင်းရွက် ရောင်းချသောဈေးအများစုသည် ကျန်းမာရေး အရ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီညွတ်မှု လွန်စွာအားနည်းသည်ကို အများသိရှိကြ ပြီးဖြစ်ပါ သည်။ ထို့ကြောင့် ဈေးမှဝယ်လာသည့် ဟင်းချက်စရာများ မိမိအိမ်သို့ရောက်ရှိသည်နှင့် ကောင်းစွာ သန့်စင် စေခြင်း၊ မီးဖိုချောင်ကို သန့်စင်စေခြင်း၊ ကောင်းစွာကိုင်တွယ် ချက်ပြုတ်ခြင်းစသည်တို့ လုပ်ဆောင်ရန် အရေးကြီးပါသည်။
၉။ မိမိအိမ်တွင် နေထိုင်မကောင်းသူ တစ်ဦးဦးရှိပါက အိမ်တွင်းသန့်ရှင်းမှုကို ပိုဂရုစိုက်ရန် လိုပါသည်။ တစ်ကိုယ်ရေသုံးပစ္စည်းများ - ဥပမာ လက်ကိုင်ဖုန်းကို အမြဲသန့်စင်စေခြင်း၊ တံခါးလက်ကိုင်များ၊ ရေအိမ် တံခါး လက်ကိုင်များ၊ ရေဘုံဘိုင်လက်ကိုင်များ၊ မီးဖိုချောင်သုံး ပစ္စည်းများစသည့် အများထိတွေ့ ကိုင်တွယ်ရာ နေရာများကို အမြဲသန့်စင်နေအောင် ဆောင်ရွက်ရပါမည်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတို့သည် ထိုနေရာများ တွင် ရက်အနည်းငယ်မှ ရက်သတ္တအနည်းငယ်အထိရှင်သန် နေတတ်ကြပါသည်။
၁၀။ မိမိအိမ်သုံး လေအေးပေးစက်ကိုလည်း မေ့မထားပါနှင့် သန့်စင်အောင် လုပ်ဖို့လိုပါသည်။ ။
၁၁။ အိမ်တွင်းသို့မလိုအပ်ဘဲ အပြင်လူများ မဝင်လာစေသင့်ပါ။ အထူးသဖြင့် “အိမ်မလည်သင့်သည့် ကာလ” ဖြစ်ပါသည်။ ပြောဆိုစရာရှိပါက အိမ်အပြင်မှသာ ပြောဆိုသင့်ပါသည်။ အထူးသဖြင့် ရေသန့်ဘူးနှင့် အစား အစာ သယ်ဆောင်ပေးလာသူများကို အိမ်အဝင်ပေါက်မှာသာ လဲလှယ်ယူဆောင်သင့်ပါသည်။ သယ်ဆောင် ဖြန့်ဖြူးသူတို့အနေဖြင့်လည်း နှာခေါင်းစည်းတပ်၊ လက်အိတ်ထူထူဝတ်၊ ရေသန့်ဘူးနှင့် စားစရာများကိုလည်း သန့်သန့်စင်စင် သယ်ဆောင်ပေးဖို့လိုပါသည်။
ထို့ကြောင့် မိမိတို့၏ နေအိမ်လေးများကို ကျန်းမာရေးနှင့်ညီသော အိမ်လေးများဖြစ်အောင် ဆောင်ရွက်ခြင်း ဖြင့် stay at home အချိန်ကာလ တို့သည် များစွာအကျိုးရှိလာမည် ဖြစ်ပါသည်။ ။
"Home is where the Heart is” နေအိမ်ကလေးများသည် မိမိတို့၏ အသည်းနှလုံးများ တည်ရာဖြစ်သည်ဟု ဆိုပါသည်။ အလားတူပင် “Home is where the Health is” နေအိမ်လေးများသည် ကျန်းမာရေးတည် ရာဖြစ်သည်ဟုလည်း ခေါ်ဆိုနိုင်ပေတော့မည်ဖြစ်ပါသည်။
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
ကိုးကား - Create a healthier Home-Reader's Digest September 2020
ကိုဗစ်နှင့် အခြားဗိုင်းရပ်စ်ပိုးများ (ဒေါက်တာ ဦးလှကြည်-ပြည်သူ့ကျန်းမာရေး)။