ပြည်သူ့အတွက် လျှပ်စစ်အဟုန် နိုင်ငံ့ဂုဏ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှု အဆင့်အတန်းမြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ဖြစ်သည်နှင့်အညီ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ ယုံကြည်စိတ်ချရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ပြည့်ဝစွာသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ သာတူညီမျှဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေတိုရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့်ပင်မဓာတ်အားခွဲရုံ စီမံကိန်းများကို နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာငွေအမြောက်အမြား အသုံးပြုကာ အကောင် အထည်ဖော် တည်ဆောက်ပေးလျက်ရှိသည်။
၂၀၀၅ မဂ္ဂါဝပ်ကို တိုးတက်
လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုအချိန်အထိ လေးနှစ်ကျော်ကာလအတွင်း စုစုပေါင်း ၂၀၀၅ မဂ္ဂါဝပ်ကို တိုးတက်တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ် သည်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ပေးမှုနှင့်အညီ ထုတ်လုပ်ပေးခဲ့သည့် ဓာတ်အားများကို အသုံးပြုနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်က စတင်ပြီး လေးနှစ်ကျော်ကာလအတွင်း ဓာတ်အားလိုင်း မိုင်ပေါင်း စုစုပေါင်း ၃၃၉၄၉ မိုင်ကျော်နှင့် ဓာတ်အားခွဲရုံများ အနေဖြင့် ၂၁၃၉၀ MVA ကို တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် တစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် ၂၉၈ ယူနစ်ရှိပြီး ယခုအချိန်တွင် ၄၂၉ ယူနစ်ခန့်အထိ တိုးတက်သုံးစွဲနိုင်ခဲ့ပြီ ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၆ ခုနှစ် မတ်လတွင် အများဆုံးဝန်အား ၂၈၀၀ မဂ္ဂါဝပ် သုံးစွဲခဲ့ရာ မှ ၂၀၂၀ ပြည့်နှစ်တွင် အများဆုံးဝန်အား မဂ္ဂါဝပ် ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲလျက်ရှိ သည်။
၂၀၁၆ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲသူ ၃၄ ရာခိုင်နှုန်း အထိသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ခဲ့ရာမှ ယခုဆိုလျှင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲသူ ၅၄ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် ဖြန့်ဖြူးပေးနိုင်ရေး မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။
များစွာတိုးတက်စေခဲ့ပြီဖြစ်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုကောင်းမွန်လာကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများလည်း များစွာတိုးတက်စေခဲ့ပြီဖြစ်သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းရင်းသားလူမျိုးများအားလုံးသာတူညီမျှဖြစ်အောင် ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဓာတ်အားစနစ်အလှမ်းကွာဝေးသည့်ဒေသများအတွက် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်၍ ဓာတ်အားပေးခြင်း၊ လေစွမ်းအင်နှင့် ဒီဇယ်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားပေးခြင်းစသည်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
Off Grid ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး
ထိုကဲ့သို့ ဆောင်ရွက်မှုများအပြင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိမှု လွှမ်းခြုံ နိုင်ရန်အတွက် ဝေးလံခေါင်သီဒေသများလျှပ်စစ်ဓာတ်အားရရှိရေးကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင် ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ် ကြာအင်း ဆိပ်ကြီးမြို့သို့လည်းကောင်း၊ ကချင်ပြည်နယ် ပူတာအိုနှင့် မချမ်းဘောမြို့များသို့လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့လည်းကောင်း Off Grid ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတောင်ဘက် အစွန်းပိုင်းကျသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် မော်လမြိုင်၊ ရေး၊ ထားဝယ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ထားဝယ်မြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်သည်။ ထိုဓာတ်အားလိုင်းနှင့်ဆက်စပ်၍ ထားဝယ်-မြိတ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် မြိတ်ဓာတ်အားခွဲရုံ စီမံကိန်းတို့ကို ဆက်လက်တည်ဆောက်အကောင်အထည်ဖော်သွား မည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အား ရရှိခဲ့
ရခိုင်ပြည်နယ် မာန်အောင်မြို့သည် ကျွန်းမြို့တစ်ခုဖြစ်ပြီး ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာရခြင်းကြောင့် ဓာတ်အား စနစ်မှ ဓာတ်အားလိုင်းများ သွယ်တန်းပါက ငွေကုန်ကြေးကျများပြားသောကြောင့် ဆိုလာ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် ESS – Energy Storage System ကိုအသုံးပြုပြီး အဆင့်-၁ အနေဖြင့် ၀ ဒသမ ၅ မဂ္ဂါဝပ်တည်ဆောက်ပြီးစီးခဲ့ပြီး မာန်အောင်ကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးလည်း ဖြစ်သည်။
ကိုကိုးကျွန်းမြို့နယ်သည်လည်း ယခင်က ညဦးပိုင်း ၆ နာရီမှ ညလယ် ၁၂နာရီ အထိ ဒီဇယ်မီးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရာမှ ယခု ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိစေရန် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်နှင့် ဒီဇယ်အသုံးပြု ဓာတ်အားပေးစနစ် ၀ ဒသမ ၅ မဂ္ဂါဝပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ချင်းပြည်နယ် မင်းတပ်- မတူပီ ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြင့် မတူပီ ဓာတ်အားခွဲရုံကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် မတူပီမြို့ နှင့် ပတ်ဝန်းကျင်ကျေးရွာများကို နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင် ခဲ့ပြီဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်လည်း ဗန်းမော်၊ နဘား၊ ရွှေဘို၊ အုန်းတော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို အကောင်အထည်ဖော်ဓာတ်အား ပို့လွှတ်ခဲ့ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလ အတွင်းတွင် မော်လိုက်မြို့ကို ဓာတ်အားပေးနိုင်စေရန် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့် နှစ် မေလက ဓာတ်အားပို့လွှတ်နိုင်ခဲ့ပြီး ဖြစ်သည်။
ယခင်က ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနေခဲ့ရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပေ ၆၀၀၀ ကျော် မြင့်မားမတ်စောက်လှသည့် တောင်ကုန်းတောင်တန်းများကို ကျော်လွှားရုံသာမက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် ကြုံတွေ့နေရသည့်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ အခက် အခဲများကိုပါ ရင်ဆိုင်အန်တုကာ ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ဆီသို့ နိုင်ငံတော် ဓာတ် အားစနစ်မှ လျှပ်စစ်ဓာတ်အားများ အရောက်ပေးပို့နိုင်ခဲ့ပြီဖြစ်သည်။ ကျိုင်းတုံမြို့မှတစ်ဆင့် မိုင်းပျဉ်းမြို့ကိုလည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်သည်။
Green Energy အသုံးပြု
နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ် ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် နှင့် Green Energy အသုံးပြု၍ ဓာတ်အား ထုတ်လုပ်မှုတို့ကို တိုးတက်လာစေရန် ရည်ရွယ်ပြီး Ground Mounted Solar Power Projects အခု ၃၀၊ ၁၆၀၀ မဂ္ဂါဝပ်ကို နေရောင်ခြည် ပြည့်ပြည့်ဝဝရရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုတို့တွင် တည်ဆောက် နိုင်ရန်လည်းတင်ဒါများ ခေါ်ယူဆောင်ရွက် လျက်ရှိသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းများ ပြီးစီးပါက Generation Mix တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှုအချိုးအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းအထိ တိုးတက်ထုတ်လုပ်လာနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ တိုးတက်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ တိုးချဲ့ထုတ်လုပ်ပေးသည့်ဓာတ်အားများကို သယ်ယူပို့ဆောင်နိုင်ရန်နှင့် လိုင်းတစ်လိုင်းအပြစ် ဖြစ်ပွားချိန်တွင် အခြားလိုင်းတစ်လိုင်းမှ ပြန်လည်သယ်ဆောင်ပေး နိုင်ရန်အတွက် Single Circuit မှ Double Circuit ဖြစ်စေရန်အတွက် စီမံဆောင်ရွက်လျက် ရှိသည်။
ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရန်နှင့် ဝန်အားပြည့်နေသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကြီးများကို အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများရှိသကဲ့သို့ ဓာတ်အားပိုမိုသယ်ဆောင်နိုင်ရန် တစ်နိုင်ငံ လုံးကို လွှမ်းခြုံနိုင်သည့် ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်း Union Grid အသစ်များဖြစ်သည့် Eastern Grid၊ Western Grid ၊ Southern Grid ၊ Northern Grid တို့ကိုလည်း စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြီးစီး မည်ဖြစ်သည်။
System Breakdown ဖြစ်ခြင်းများကိုလည်း
ကာကွယ်ပေးနိုင်
ထိုကဲ့သို့ ၅၀၀ ကေဗွီလိုင်းပြီးစီးသွားပါက လက်ရှိအချိန်တွင် တစ်ခါတစ်ရံတွင် ဖြစ်ပွားလေ့ရှိသည့် System Breakdown ဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဇုန်လေးခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက် လျက်ရှိရာ ဇုန် - A အဖြစ် မန္တလေးဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ ဇုန် -B အဖြစ် နေပြည်တော်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ ဇုန် -C အဖြစ် မကွေးဓာတ်အားပေးစက်ရုံစုကို လည်းကောင်း၊ ဇုန် -D အဖြစ် ရန်ကုန်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အင်တိုက်အားတိုက် ဆောင်ရွက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးသည် အရေးတကြီးဆောင်ရွက်ရမည့် ကဏ္ဍတစ်ခု ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဓာတ်အားရရှိ သုံးစွဲ နိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် လာကာ လူနေမှုအဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ်သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍ တိုးတက် ဆောင်ရွက်နိုင်မှု အစီအစဉ်ကို ဂုဏ်ပြုတင်ပြလိုက်ပါသည်။





ကေတာ