Skip to main content

အားကစားအသိဉာဏ် PI မှတစ်ဆင့် ကာယဉာဏ ကျန်းမာဖွံ့ဖြိုးမှုအရပ်ရပ်ဆီ

မိုးကေနိုင်

အားကစားကဏ္ဍအောင်မြင်မှုက နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြင့်တက်စေပါသည်။ ယနေ့တိုးတက်လာသည့်ခေတ်ကြီးတွင် အားကစားကဏ္ဍနှင့် ကျန်းမာရေး ဆက်စပ်မှုကို စဉ်းစားကြရာမှ အားကစားနည်းများစွာကို လူအများက ယခင်ထက်စိတ်ဝင်စားမှုရှိလာကြသည်၊ အလေးအနက်ထားလာကြသည်။ ယင်းသည်ပင်နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အကြောင်းတရားများစွာအနက် အခွင့်အလမ်းတစ်ခုဖြစ်နေသည်ဟု ဆိုချင်သည်။

နိုင်ငံတစ်နိုင်ငံတွင် ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်ကို ပိုင်ဆိုင်ထားမှသာ ထိုနိုင်ငံကြီး အားကောင်းလာမည်ဖြစ်သည်၊၊ “အား” ဆိုသည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် စိတ်ပိုင်းဆိုင်ရာအင်အားကို ဆိုလိုပြီး ထိုအားနှစ်ခုက လူ့စွမ်းအား၏ အဓိကအရင်းအမြစ်ဖြစ်သည့်အတွက် တစ်ခုခုချို့ယွင်းနေရုံမျှဖြင့် တိုင်းပြည်လူ့အဖွဲ့အစည်း ဆုတ်ယုတ်သွားမည်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

အားကစားအသိဉာဏ် PI မှတစ်ဆင့် ကာယဉာဏ ကျန်းမာဖွံ့ဖြိုးမှုအရပ်ရပ်ဆီ

ရုပ်ပိုင်း စိတ်ပိုင်းဖွံ့ဖြိုးမှုဟူသည် ရေရှည်အတွက် စဉ်းစားရမည့်အရာ

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု physical fitness နှင့် good mentality စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဟူသည် ရုပ်ရောစိတ်ပါ တစ်ပြိုင်နက်တည်းကျန်းမာနေမှ ဖြစ်နိုင်မည်၊ တစ်ခုနှင့်တစ်ခုလည်း အပြန်အလှန် အမှီသဟဲပြု၊ အထောက်အကူဖြစ်နေမှသာ ရေရှည် အားကောင်းမှုကို ပေးစွမ်းပါသည်။ ထိုအနေအထားအထိ ဖြစ်လာနိုင်ရန်က အားကစားကဏ္ဍမှလွဲ၍ အခြားရှိပါ့မလား။ ထို့ကြောင့်လည်း နိုင်ငံအနေဖြင့် ယခုလိုအခြေအနေမျိုးတွင် အမျိုးသားအဆင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ စသည်ဖြင့် ဦးစားပေးလုပ်ရမည့် ကိစ္စရပ်များစွာဖြင့် အခက်အခဲများစွာ ရုန်းကန်ရသည့် အနေအထားများကြားမှ အားကစားကဏ္ဍတွင်လည်း လစ်ဟင်းမှုမရှိ၊ မျက်ခြည်မပြတ် အာရုံစိုက် တွန်းအားပေးနေခြင်းဖြစ်မည်ဟု ယူဆပါသည်။ Hard power နှင့် Soft power ကို ဟန်ချက်ညီညီအသုံးချ၍ ရေရှည်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆီရှေးရှုနေမှန်း သိသာနိုင်သည်။

ယခုအချိန်သည် နိုင်ငံသားများ၏ ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းကအလွန်ကို အားနည်းချည့်နဲ့သည့် အနေအထား၊ အထူးသဖြင့် စိတ်ဓာတ်ပိုင်းကပို၍ အားနည်းလှသည်ကို တွေ့ရသည်။ စိတ်ဓာတ်ပိုင်း အားနည်းခြင်းက အရာရာအောင်မြင်မှုနှင့် အလှမ်းဝေးသွားစေသည်။ နိုင်ငံတိုးတက်ရန်အတွက်လည်း အထောက်အကူမဖြစ်ဟု...စဉ်းစားသည့်နေရာတွင် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စဉ်းစားပေးခြင်းလည်းပါသည်။ အနာဂတ် မျိုးဆက်အဆက်ဆက်အတွက် ဆိုပါတော့၊ ယခုပစ္စုပ္ပန်အတွက် အရေးကြီးသလို အနာဂတ်အတွက်လည်း မစဉ်းစားလို့မရ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအမြင်ကိုပါ ထည့်သွင်းစဉ်းစားလိုက်လျှင် ပို၍တောင် အရေးကြီးသွားမည်ဖြစ်သည်။ ထိုသို့ စဉ်းစားပြီးမှနိုင်ငံနှင့် နိုင်ငံသားများအတွက် ရေရှည်တည်တံ့ မြဲမြံသည့် ဘက်စုံတိုးတက်ဖွံ့ဖြိုးရန်အတွက် အားကစားကဏ္ဍသည် မရှိမဖြစ်အရေးပါသည့် Issue တစ်ခုအဖြစ် ရပ်တည်လာခြင်းဖြစ်သည်။

အားကစားအသိဉာဏ် PI မှတစ်ဆင့် ကာယဉာဏ ကျန်းမာဖွံ့ဖြိုးမှုအရပ်ရပ်ဆီ

အားကစားနှင့် ကျန်းမာရေးဆက်စပ်သိမြင်နိုင်စွမ်းသည်အရေးကြီး

ထို့ကြောင့် ကျွန်တော်တို့ နိုင်ငံသားများအားလုံး အားကစားနည်း တစ်မျိုးမဟုတ်တစ်မျိုးတွင် ပါဝင်ကစားကြရန် သင့်ပါသည်။ ကစားရန်၊ ကစားနိုင်ရန် အခွင့်အလမ်းတော့ ဖန်တီးကြရမည်။ ကိုယ်ကျန်းမာရန်၊ ကိုယ့်ကိုယ်ကိုယ်လည်း ဖန်တီး၊ သူများကစားနိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးကြရမည်။ ဦးစွာအားကစားကို စိတ်ဝင်စားလာရန်က ပထမဦးစားပေး ဖြစ်သလို မိမိကျန်းမာရေးအတွက် သက်ရှည်ကျန်းမာပြီး ဘဝတွင်အဓိပ္ပာယ်ရှိရှိဖြင့် လူတန်းစေ့နေနိုင်ရေးအတွက် အားကစားတစ်ခုခုကို အမြဲမပြတ်လုပ်နေရန် လိုနေပါလားဟူ၍... အတွေးမှ အကျင့်ဖြစ်လာရန်၊ ကျန်းမာရေးနှင့် အားကစားဆက်စပ်သိမြင်နိုင်စွမ်းကို မွေးမြူပေးနိုင်ရန်က ပထမဦးဆုံး ခံယူထားရမည့် ခံယူချက်ဖြစ်သည်။ သို့မှသာ အားကစားကြောင့် တစ်ဦးချင်းကျန်းမာသန်စွမ်းမှုမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ထိုမှတစ်ဆင့် နိုင်ငံအဆင့်အားကစားဖွံ့ဖြိုးမှု၊ ထိုမှတစ်ဆင့် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှုဆီသို့ ကျွဲကူးရေပါ လိုက်ပါသွားမည်ဖြစ်သည်။

အားကစားနည်းတစ်မျိုးမျိုးကို လူတစ်စုတစ်ဖွဲ့ကသာ စိတ်ဝင်စားပြီး ယှဉ်ပြိုင်သည်ထက် အားကစားနည်းပေါင်းစုံကို အုံလိုက်ကျင်းလိုက် လူအများပါဝင်ကစားလာကြပြီဆိုလျှင် လူတစ်ဦးချင်း ကျန်းမာရေးမှာရော နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ရွေးချယ်ရာအထိပါ သက်ရောက်မှုရှိသလို တော်ပြီးထက်မြက်သည့် လူတော်လူကောင်း၊ နိုင်ငံသားကောင်းများ ထွက်ပေါ်လာ သည်အထိလည်း များစွာအထောက်အကူပြုပါသည်။

ထို့ကြောင့် ကစားနိုင်သမျှ အားကစားနည်းပေါင်းစုံကို အထူးသဖြင့် လူငယ်များကလေးဘဝ အရွယ်ကတည်းက စိတ်ဝင်စားလာအောင် ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိရပါမည်။ အားကစားနည်း တစ်ခုခုမှာ စိတ်ဝင်စားစရာကောင်းခြင်း၊ ပျော်စရာကောင်းခြင်းတို့က ထိုအားကစားနည်းကို တိုးတက် စေသည်ဟုဆိုရာတွင် ထိုအားကစားနည်းက ကစားသူ၏ ကိုယ်စိတ်ကျန်းမာရေးကိုပါ ကြီးမားစွာအကျိုးကျေးဇူးပြုနေကြောင်းကို ထည့်သွင်းစဉ်းစား ရန်လိုပါသည်။ တချို့ကလူ့ဘဝတွင် အရေးကြီးဆုံး အဖြစ် ပိုက်ဆံ၊ ရာထူး၊ စည်းစိမ်၊ ဂုဏ်ပကာသနကို တန်ဖိုးထားကြသည်။

ထိုအရာများအပြင် ကျန်းမာကြံ့ခိုင်ခြင်းက ပိုအရေးကြီးကြောင်း အသိအမှတ်ပြုသူများ ယနေ့ခေတ်တွင် များပြားလာသည်။ ထို့ကြောင့် ကမ္ဘာ့လူသားများသည် အားကစားနည်း တစ်ခုမဟုတ် တစ်ခုကို လေ့ကျင့်ကြ၊ ကစားလာကြခြင်းဖြစ်သည်။ လူသားများ ကျန်းမာကြံ့ခိုင်ရန်၊ အားကစားလေ့ကျင့် ခန်းတွေလုပ်နိုင်ရန် မိမိမြို့ရွာအားကစားမှသည် နိုင်ငံအဆင့်၊ ဒေသအဆင့် အိုလံပစ်ကဲ့သို့ ကမ္ဘာ့အဆင့်အထိ ပြိုင်ပွဲများစွာ ကျင်းပပေးခြင်း၊ ပါဝင် ယှဉ်ပြိုင်ခြင်းများ တိုးတက်ပြုလုပ်ကြရမည် ဖြစ်သည်။ ယနေ့နိုင်ငံတကာပြိုင်ပွဲများတွင် ထည့်သွင်းထားသော အားကစားနည်းအမျိုးအစား အားလုံးသည် ကျန်းမာရေးကို သူ့နည်းသူ့ဟန်နှင့် အထောက်အကူပြုနေကြောင်း သိရှိထားလျှင် အလွန်ပင်အကျိုးကျေးဇူးများပြားပါသည်။

အားကစားဖြင့် ကျန်းမာရေးလာဘ်ကိုရယူပါ

အမှန်တကယ်လည်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသည်ကို အားလုံးက လက်ခံပြီးဖြစ်သည်။ ကျန်းမာရေးက ဘဝတွင်အရေးကြီးလှသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဆိုသည်ကို အားလုံးသိသည်။ သို့သော် အားကစားနှင့် ကျန်းမာရေးဆက်စပ်မှုကို တချို့အားကစားအလေ့အထမှလွဲ၍ စိတ်ဝင်စားသူ နည်းနိုင်ပါသည်။ အားကစားသည် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနေသလဲ၊ ဘယ်အားကစားနည်းက ဘယ်လိုအကျိုးကျေးဇူး ရှိသလဲဆိုသည်ကို တိတိကျကျ သိနားလည်ရန် လေ့လာနေမှသာ အဆင်ပြေမည်။

နေ့စဉ် လမ်းလျှောက်ခြင်းအလေ့အထက ကျန်းမာရေးကို လွန်စွာအထောက်အကူပြုကြောင်း သိရှိထားကြသဖြင့် လူအတော်များများ အချိန်ပေး၍ လမ်းလျှောက်ဖြစ်ကြသည်။ တချို့က အပြေးကျင့် ကြသည်။ လမ်းလျှောက်ခြင်းသာမက ဘောလုံး၊ ဘော်လီဘော၊ တင်းနစ်၊ ကြက်တောင်၊ စက်ဘီးစီး၊ ဂျူဒို၊ အလေးမ၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ လက်ဝှေ့၊ ရိုးရာ လှေ၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်ကစားနည်း၊ ဘိလိယက်၊ စနူကာ၊ ပီတန်း၊ ခရစ်ကက်စသည်ဖြင့် ပြိုင်ပွဲဝင် အားကစားနည်းအားလုံးက ကစားသူ၏ ကျန်းမာရေးကို ပုံစံမျိုးစုံဖြင့် အထောက်အကူပြုပါသည်။

ထို့ကြောင့်လည်း မိမိနှင့်သင့်လျော်ရာ ကစား နည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်ကို ကလေးသူငယ်၊ လူငယ်ဘဝမှစ၍ စိတ်ဝင်တစား ကစားကြစေချင်သည်။ မိဘများအနေဖြင့် မိမိတို့သားသမီးများကို ငယ်စဉ်ကျောင်းသားဘဝကပင် အနည်းဆုံးအားကစားနည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်အထိ ကစားရန်အချိန်ပေးစေချင်သည်၊ သွန်သင်ဆုံးမအားပေးသင့်သည်။ နွေရာသီ ကျောင်းပိတ်ရက်များသည် မိမိတို့ကလေးများ၏ ကျန်းမာရေးအတွက် အချိန်ပေးပြီး အားကစားလုပ်ကြရန် အားကစားကွင်းများဆီချီတက်ရန် အခွင့်အလမ်းကောင်းဆိုသည်ကို အမှုမဲ့အမှတ်မဲ့ မဖြစ်စေချင်ပါ။

ကွင်းမရှိ နေရာမရှိလျှင်လည်း အချို့အားကစား နည်းများကို အိမ်၌ပင် ကစားနိုင်၊ လေ့ကျင့်နိုင်ပါသည်။ ပြိုင်ပွဲဝင်ရန်မဟုတ်လျှင်တောင် မိမိကျန်းမာရေးအတွက်ဟူသည့် အသိဖြင့် အသက်ရှည်ရာ အနာမဲ့ကြောင်း လူ့သက်တမ်းရှည်နေနိုင်ရေးကို မျှော်ကိုးပြီး အချိန်တစ်ခုပေးကာ ကစားစေလိုပါ သည်။ မကျန်းမာလျှင် ပညာရေးခရီးလမ်းလည်း ဖြောင့်ဖြူးမည်မဟုတ်၊ အားကစားကြောင့် မိမိတို့သားသမီးများ အရင်လိုအားနည်းချည့်နဲ့၊ ကုပ်ချောင်းချောင်းမဟုတ်တော့ဘဲ ဖျတ်ဖျတ်လတ်လတ်နှင့် တက်တက်ကြွကြွ ရှိလာသည်ကို တွေ့လာရလိမ့်မည်။ အားကစားကပေးသည့် ကြံ့ခိုင်သန်စွမ်းလာမှုကြောင့်ပင်ဖြစ်သည်။

Physical Intelligence မှသည်

ဤနေရာတွင် ပညာရှင်များက အားကစားနှင့်ဆက်စပ်ပြီး ဉာဏ်ရည်ဉာဏ်သွေး (IQ)နှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး(EQ)အပြင် Physical Quoti-ent (PQ) ကိုပါ ထည့်သွင်းပညာပေးလာကြသည်ကို လေ့လာမိသည်။ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတစ်ခု ဆိုပါစို့၊ တစ်နည်း Physical Intelligence (PI)အဖြစ် ဆက်စပ်ယူနိုင်သည်။ PI ရှိမှလည်း PQ ရမည်ဟုသာ မှတ်လိုက်ပါမည်။ စကားလုံးဝေါဟာရထက် အနက်လက္ခဏာအခြင်းအရာက ပိုအရေးကြီးပါသည်။

ကျန်းမာမှ အလုပ်လုပ်နိုင်မည့်အတွက် အားကစားကို စိတ်ဝင်တစား လေ့လာလိုက်စားသင့်သည်။ အားကစားသည် ရုပ်ပိုင်းဆိုင်ရာမှာပင် အထောက်အကူပြုနေသည်လား... မဟုတ်ပါ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကိုပါ ကျေးဇူးပြုသည်။ အားကစားပြိုင်ပွဲတွင် မိမိယှဉ်ပြိုင်ဘက်အပေါ် လေးစားခြင်း၊ အနိုင်ရယူ လိုစိတ်ရှိခြင်း၊ စည်းကမ်းလိုက်နာနိုင်ခြင်း၊ အဖွဲ့လိုက် အားကစားနည်းများကြောင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အလုပ်လုပ်တတ်လာပြီး အပေးအယူ မျှမျှတတဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းလာခြင်း၊ စာနာနားလည်နိုင်ပြီး အသိအမှတ်ပြုတတ်လာခြင်း၊ အကျင့်စာရိတ္တပိုင်း ကောင်းမွန်လာခြင်း၊ အရှုံးကို လက်ခံနိုင်စွမ်းရှိခြင်း၊ အနိုင်ရလဒ်အပေါ် မမောက်မာတတ်ခြင်း၊ ပြိုင်ပွဲတွင် မိမိအားနည်းချက် အားသာချက်ကို ရှာဖွေဖော်ထုတ်ခြင်း စသည်တို့သည် အားကစားကပေးသော စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည် ကိုယ်သွေးများပင်ဖြစ်သည်။

ဤအရည်အသွေးများသည်ပင် ယနေ့ခေတ်တွင် အထူးလိုအပ်နေသော စိတ်ပိုင်းဆိုင်ရာ သန်စွမ်းရမည့် အရည်အချင်းများဖြစ်နေသည်။ ယနေ့လူများတွင် အများဆုံးကိန်းအောင်းနေသော မကောင်းသည့်အတ္တကို စုပေါင်းအစုအဖွဲ့နှင့် အပေးအယူမျှမျှတတဖြင့် အောင်ပွဲရယူနိုင်မည့် အတ္တကင်းသော စိတ်ထားမျိုးကို အားကစားက ပေးစွမ်းနိုင်ပါသည်။ ဤအကျိုးတရားများသည် physical fitness (ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှု)သာမက mental healthy (စိတ်ပိုင်းဆိုင်ရာသန်စွမ်းမှု)ကိုလည်း ဖြစ်စေပါသည်။

ဆိုလိုသည်မှာ PI သာမက Emotional Intelligence ဟု သတ်မှတ်နိုင်သည့် EI ကိုလည်း အကျိုးပြုသည်ဟု ဆိုချင်သည်။ အထက်ပါ အားကစားကြောင့် အကျိုးကျေးဇူးများအနက်မှ တစ်ခုဖြစ်သည့် အပြန်အလှန် အသိအမှတ်ပြုတတ်လာခြင်းမှတစ်ဆင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများလည်း ရရှိလာပါသည်။ ထိုအလေ့အကျင့်မျိုးက နောက်ပိုင်းတွင် သူ့ကိုးကွယ်မှု၊ သူ့ယုံကြည်မှု၊ ကိုင်းရှိုင်းမှု၊ သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံများဆိုသည်ကို မစော်ကား လေးစားတတ်လာပြီး နားလည်လက်ခံမှုအပြည့်ဖြင့် အပြန်အလှန် အသိအမှတ်ပြုတတ်လာသည့် spiritual intelligence နှင့် cultural intelligence များအထိ ရရှိလာခြင်းဖြစ်သည်။

မိမိတို့ကလေးများကို ကျောင်းတွင် စာတော်ရုံနှင့်သာ ကျေနပ်မနေပါနှင့်၊ စာပေမှာတော်ပြီး အသိဉာဏ် နှင့်လည်း ပြည့်စုံနေရန်အတွက်ဆိုလျှင် ကိုယ်ကာယပိုင်း ကျန်းကျန်းမာမာနှင့် သန်စွမ်းနေရန်၊ စိတ်ပိုင်း ဆိုင်ရာတွင်လည်း ဖွံ့ဖြိုးနေရန်၊ စိတ်ရောရုပ်ပါ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် အချက်ကို လိုအပ်သလို အသုံးချသင့်သည် မဟုတ်ပါလား။ ဒါမှလည်း အားကစားမှတစ်ဆင့် ကိုယ့်ကလေးတစ်ယောက် ထက်ထက်မြက်မြက်ဖြစ်ပြီး လိမ္မာ လာမည်၊ တကယ့်ကို multiple intelligence နှင့် ဘက်စုံတော်သည်၊ ဘက်စုံထူးချွန်လာပါမည်။

တစ်ဦးချင်းပဲတော်နေသည်မဟုတ်၊ မိသားစုအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော နိုင်ငံအတွက်ပါ တော်လည်းတော်၊ ကောင်းလည်း ကောင်းသည့် good citizenship နိုင်ငံသားပီသသူများ ဖြစ်လာကြမည်ဟု ယူဆမိသည်။ ရေတိုအတွက် မဟုတ်ဘဲ ရေရှည်အတွက်ကြည့်လျှင် ဤကလေးများ၊ ဤလူငယ်များက ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပြီး ဘဝတွင် ပိုပြီးလည်း အောင်မြင်ကြသည်၊ ပိုပြီးလည်း ရှင်သန်ရပ်တည်နိုင်စွမ်းရှိကြသည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း ဤဆောင်းပါးတွင် ကစားနည်းအလိုက် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကို ထပ်မံဖော်ပြပေးသွားလိုပါသည်။ ဦးစွာပထမ လူအများကြိုက်နှစ်သက်သည့် ဘောလုံးအားကစား နည်းမှ ထိုအဖွဲ့လိုက်အားကစားနည်းက ယှဉ်ပြိုင်သူ များအပေါ်တွင် ဘယ်လိုကောင်းကျိုးများ ရရှိစေပါသလဲ ဆက်လက်လေ့လာကြရန်ဖြစ်ပါသည်။ ။