Skip to main content

ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးကွင်းဆက်သဘောတရား၏ အကျိုးရလဒ်နှင့် ယနေ့တရုတ်ပြည်သစ်

မောင်ကမ္ဘာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။

အဲဒီဓာတ်ပုံတွေအနက် စန်းကျန့် (Shenzhen) တံငါရွာလေးရဲ့ ၂၀ ရာစုနှစ် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလက မြင်ကွင်းနဲ့ လက်ရှိ ၂၀၂၄ ခုနှစ် မြင်ကွင်း နှိုင်းယှဉ်ဖော်ပြထားတဲ့ပုံကို သတိပြုမိပါတယ်။ ယခင်ကရေပတ်လည်ဝိုင်းနေတဲ့ ကွင်းပြင်သာသာမြေနေရာဟာ အခုတော့ မိုးပျံအဆောက်အအုံတွေအစီအရီနဲ့ မိုးနဲ့မြေကွာခြားသလို ရင်သပ်ရှုမောမဆုံး တွေ့မြင်လိုက်ရပါတယ်။

၁၉၇၄ ခုနှစ် ဧပြီလမှာ တရုတ်ကွန်မြူနစ်ပါတီ စန်းတုန်ပြည်နယ်၊ ပြည်နယ်ပါတီကော်မတီက ဗဟိုကော်မတီကို ဟောင်ကောင်၊ မာကောက် (မကာအို) တို့နဲ့ နယ်နိမိတ်ချင်းစပ်နေတဲ့ စန်းကျန့်၊ ကျူးဟိုင်တို့မှာ ပြည်ပပို့ကုန်အချောကိုင် ဒေသထူထောင်သွားရေးကို တင်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က အဲဒီနေရာတွေရဲ့တန်ဖိုးကို ချက်ချင်း ထက်ထက်မြက်မြက် တွက်ဆမိတဲ့အတွက် “အထူးဒေသလို့ခေါ်တာ ကောင်းပါတယ်။ ဟိုတုန်းကလည်း ရှမ်းဆီး-ကန်စု-နင်ရှပြည်နယ် နယ်စပ်ဒေသကို အထူးဒေသလို့ ခေါ်ခဲ့တာပဲ။ ဗဟိုမှာတော့ ငွေမရှိဘူး။ ရဲဘော်တို့ဘာသာ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ကြပါ။ ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြကြပါ” လို့ ချက်ချင်းအဖြေပေးလိုက်ပါတယ်။

သုံး၊ လေးနှစ်အတွင်း မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့

ဒီနောက်မှာတော့ အထူးဒေသရဲ့ ရှင်သန်မှုစွမ်းအားဟာ အလွန်လျင်မြန်စွာ တိုးတက်ပေါ်ထွက်လာပါတယ်။ သုံး၊ လေးနှစ်အတွင်းမှာ ယခင်တံငါရွာလေးဟာ မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့ပြီး ပမာဏအားဖြင့် ခေတ်မီမြို့ပြတစ်ခုရဲ့ အတိုင်းအတာအထိ ရှိလာခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ တိန့်ရှောင်ဖိန်ကိုယ်တိုင် အထူးဒေသကို လာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် “အထူးဒေသဟာ ပြတင်းပေါက်တစ်ခုဖြစ်တယ်။ အတတ်ပညာတွေရဲ့ ပြတင်းပေါက်၊ စီမံအုပ်ချုပ်မှုရဲ့ ပြတင်းပေါက်၊ အသိပညာတွေရဲ့ ပြတင်းပေါက်ဖြစ်သလို ပြည်ပပေါ်လစီရဲ့ ပြတင်းပေါက်လည်း ဖြစ်တယ်” လို့ ဆိုလိုက်တယ်။ အဲဒီနောက် တရုတ်ပြည်မှာ စီးပွားရေးအထူးဒေသမှ ပင်လယ်ကမ်းရိုးတန်းတံခါးဖွင့်မြို့တွေဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ကမ်းတစ်လျှောက်နဲ့ အတွင်းပိုင်း ဒေသတွေမှာ၊ နေရာအားလုံးတွေမှာ၊ အစီအစဉ်မျိုးစုံနဲ့ ကျယ်ပြောလှတဲ့ နယ်ပယ်ကြီးရဲ့ ပြည်ပတံခါးဖွင့် အခင်းအကျင်းများအဖြစ် တစ်စတစ်စ ဖြစ်တည်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လုပ်ဆောင်ချက်ဟာ စီးပွားရေးအထူးဒေသထူထောင်မှုက မြစ်ဖျားခံခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီလိုပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ကို ကွင်းဆက်ကျကျ၊ အချိတ်အဆက်မိမိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်မှုတို့ရဲ့ ဆက်စပ်မှုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဝေါဟာရသုံးလုံးနဲ့ ပတ်သက်ပြီး တိန့်ရှောင်ဖိန်လက်ရွေးစင်ကျမ်း တတိယအတွဲရဲ့ ဆောင်းပါးတိုင်းနီးပါးမှာ သုံးသပ်ဆွေးနွေးထားပါတယ်။

ဒါ့အပြင် တိန့်ရှောင်ဖိန်ဟာ “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေးဦးလိုအပ်ချက်နဲ့ အာမခံချက်ဖြစ်တယ်”လို့လည်း ဆိုခဲ့ပါတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေး ၁၀ နှစ်တာရဲ့လေးနက်လှတဲ့ သင်ခန်းစာတွေက တည်ငြိမ်စည်းလုံးညီညွတ်တဲ့လူမှုရေး၊ နိုင်ငံရေးအခြေအနေ ဆုံးရှုံးတာနဲ့ တစ်ပြိုင်နက် အကျိုးဆက်ကတော့ ဒီမိုကရေစီအကောင်အထည်မဖော်နိုင်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ဘဲ နိုင်ငံတော်မှာ ဝရုန်းသုန်းကားဖြစ်ပြီး လူထုရဲ့စိတ်ဓာတ်လည်း ဖရိုဖရဲအခြေအနေ ဖြစ်ပေါ်တတ်တယ်ဆိုတာကိုလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေကို သိမြင်နားလည်ထားစေခဲ့ပါတယ်။

တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်

ဒီသင်ခန်းစာတွေအရပဲ တိန့်ရှောင်ဖိန်က “တရုတ်ပြည်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားကတော့ တည်ငြိမ်ရေးပါပဲ”လို့ အလေးအနက်ညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်တယ်လို့လည်း ရှုမြင်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးဖြစ်ပြီး အခြားတစ်ခုက ပေါ်လစီတည်ငြိမ်ရေး ဖြစ်တယ်လို့ဆိုပါတယ်။

၁၉၈၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ  အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ တွေ့ဆုံစဉ်မှာလည်း တိန့်ရှောင်ဖိန်က “ဒီနေ့ ဒီအပိုင်းက လူတွေက လမ်းပေါ်တက်လိုက်၊ နောက်တစ်နေ့ဟိုအပိုင်းက လူတွေက လမ်းပေါ်ထွက်လိုက်၊ တရုတ်နိုင်ငံမှာ လူသန်းပေါင်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် ရှိနေတာ နေ့တိုင်းပြဿနာရှိနေမယ်ဆိုရင် နေထိုင်မှုဘဝတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ်တည်ဆောက်ရေးတွေ လုပ်နိုင်ပါ့မလဲ။ ဒါကြောင့် ခင်‌ဗျားတို့ရှုထောင့်ကနေ တရုတ်နိုင်ငံပြဿနာတွေကို ကြည့်လို့ မဖြစ်နိုင်ဘူး။ တရုတ်နိုင်ငံရဲ့ အဓိက ရည်မှန်းချက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့ အင်အားတိုးတက်လာစေရေးဖြစ်တယ်။ ပြည်သူလူထုနေထိုင်စား သောက်မှုဘဝ ပြည့်စုံကုံလုံလာစေရေးဖြစ်တယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ရှိရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်မရှိရင် ဘာကိစ္စမှ လုပ်လို့မရနိုင်ဘူး”လို့ ထောက်ပြခဲ့ပါတယ်။

အလားတူ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်သမ္မတဟောင်း နစ်ဆင်နဲ့ တွေ့ဆုံရာမှာလည်း တိန့်ရှောင်ဖိန်က “တည်ငြိမ်စည်းလုံးညီညွတ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် တည်ငြိမ်တဲ့ လူမှုရေးအခြေအနေလည်း ရှိမှာမဟုတ်ဘူး။ ဘာမှလည်း လုပ်လို့ဖြစ်လာမှာ မဟုတ်ဘူး။ တည်ငြိမ် ရေးက အရာရာကို လွှမ်းမိုးထားတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းဟာ အလွန်တရာအရေးကြီး

ထို့အတူ ၁၉၉၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီ တတိယစုံညီအစည်းအဝေး နှစ် (၂၀) မြောက် အထိမ်းအမှတ်အစည်းအဝေးမှာ ထိုစဉ်က ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး သမ္မတကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ရဲ့ဆက်စပ်မှုကို တစ်လျှောက်လုံးမှန်မှန်ကန်ကန် ဆုပ်ကိုင်သွားရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခိုင်မာတဲ့တရားဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ပြဿနာအားလုံး ပြေလည်ရေးကွင်းဆက်ဟာ မိမိရဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မှီခိုနေတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တွန်းအား၊ တည်ငြိမ်ရေးဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံကျတဲ့ ရှေးဦးလိုအပ်ချက်ဖြစ်တယ်။  တည်ငြိမ်မှုမရှိရင် ဘာပြဿနာမှ ဆောင်ရွက်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ပါတီဟာ အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်၊ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေပြီး တံခါးဖွင့်ရေးကို တိုးချဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းတင်၊ တည်ငြိမ်ရေးကိုထိန်းသိမ်းတဲ့ အခြေခံလမ်းညွှန်ဟာ လုံးဝမှန်ကန်တယ်လို့ လက်တွေ့က သက်သေပြလိုက်တယ်”လို့ ညွှန်ပြပြောဆိုခဲ့ပါတယ်။ အလားတူ ကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုးတက်မှုတွေကို တည်ငြိမ်မှုနဲ့အတူ မှန်ကန်စွာကိုင်တွယ်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းကို ထိန်းသိမ်းတာဟာ အလွန်တရာအရေးကြီးတဲ့အဓိပ္ပာယ်ရှိတယ်။ တည်ငြိမ်မှုမရှိရင်  ဘာကိစ္စမှလုပ်လို့ အောင်မြင်မှာမဟုတ်ဘူး” လို့ ညွှန်ပြခဲ့ပါတယ်။

လက်ရှိကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးသမ္မတ ရှီကျင့်ဖျင်ကလည်း “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးရေးအတွက် မရှိမဖြစ် ရှိနေရမယ့် လိုအပ်ချက်တစ်ခုဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုတို့ဟာ တစ်ပြေးညီ ယှဉ်တွဲပြီး ရှေ့ဆက်တိုးတက်လာတာသေချာအောင် လုပ်ကိုင်ကြရမယ်။ လူမှုရေးတည်ငြိမ်မှုဟာ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့အခြေအနေကို ဆောင်ကြဉ်းပေးတယ်။ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေက လူမှုရေးတည်ငြိမ်မှုအတွက် ခိုင်ခံ့တဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးတယ်။ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လျင်မြန်မှုနဲ့ သာမန်ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေကို ရေရှည်ထိန်းသိမ်းပြီး ပြောင်းလဲနိုင်ရေးအပေါ်မှာ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ချမ်းသာသုခ ပိုမိုပြည့်စုံတိုးတက်ရေးဟာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ ညီညီမျှမျှ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု အဖြစ်မှတ်ယူကြရမှာဖြစ်တယ်”လို့ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ဒုတိယမြောက်အုပ်စုလေ့လာရေး အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာထက်က ၇၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုပြယုဂ် မှတ်တမ်းဓာတ်ပုံတွေအရသော်လည်းကောင်း ယနေ့ခေတ်သစ်တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တရုတ်နိုင်ငံခေါင်းဆောင် အစဉ်အဆက် လက်ကိုင်ပြုကိုင်စွဲထားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးဆက်စပ်မှုကွင်းဆက်သဘောတရားရဲ့ အကျိုးရလဒ်တွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အိမ်နီးချင်းဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ဖော်ဆောင်တဲ့အခါမှာ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်၊ တည်ငြိမ်တဲ့ လူမှုရေးပတ်ဝန်းကျင်အပါအဝင် ဘက်စုံတည်ငြိမ်မှုရရှိစေရေးဟာ ဘယ်ခေတ်မဆို အဓိကသော့ချက်တစ်ခုဖြစ်တယ်လို့ သတိချပ်ဆင်ခြင် နှလုံးသွင်းနိုင်ဖို့ ဆက်စပ်တင်ပြလိုက်ရပါတယ်။ ။

ကိုးကား -

- ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု။

- ရဲဘော်မိုးဦး၏ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာခံကောက်ကြည့်ခြင်း)

ဆောင်းပါး

ဆောင်းပါး