ဒေသစီးပွား ထွန်းကားစေမည် မကွေးစက်မှုဇုန်မှသည်
မင်းမင်း
ပေ ၁၀၀ ကျယ်ဝန်းသည့်လမ်းမကြီးက စက်မှုဇုန်တစ်ခု၏ အသွင်သဏ္ဌာန်ပေါ်လွင်လာစေရန် အစပြုပေးသည့် လမ်းမကြီးဖြစ်နေသည်။ ဒေသစီးပွား တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် မကွေးစက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်းများသည် စတင်နေပြီဖြစ်သည်။ စီမံကိန်းတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိမှု အပါအဝင် လမ်းစနစ်၊ ရေမြောင်းစနစ်၊ ရေဆိုးထုတ်စနစ်၊ လုံခြုံရေးစနစ်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံး စုဝေးခန်းမ စသည်ဖြင့် စက်မှုဇုန်တစ်ခုအတွက် လိုအပ်သည့် အခြေခံလိုအပ်ချက် အားလုံးပါဝင်မည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းများစွာ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများစွာသည် တစ်နေရာတည်းတွင် စုစည်းကာ စက်မှုဇုန်တစ်ခုအဖြစ် အသက်ဝင်လာတော့မည် ဖြစ်သည်။
စက်မှုဇုန်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေ
မကွေးစက်မှုဇုန်သည် စက်မှုဇုန်တစ်ခုအဖြစ် ရှင်သန်ရပ်တည်သွားနိုင်ရန် စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေနေရာရှိခြင်း၊ ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာဝင်ထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဆက်သွယ်ရေးလမ်းကြောင်းရှိခြင်းနှင့် ပြည်တွင်း ဈေးကွက်များကို အလွယ်တကူ သွားလာဆက်သွယ် နိုင်ခြင်းစသည့် စက်မှုဇုန်အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီနေသည်။
“ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းထွက်တဲ့ နေရာဒေသဆိုတော့ ဒါနဲ့ဆက်စပ်တဲ့ ပဲကြော် လုပ်ငန်းလုပ်ပါတယ်။ ဇာတိက နမ့်ဆန်ကပါ။ နမ့်ဆန်က လက်ဖက်နဲ့ မကွေးကပဲကြော်ကို ပေါင်းစည်းနိုင်ဖို့ ဒီဒေသကိုပြောင်းရွှေ့ပြီး စီးပွားရေးလုပ်ခဲ့တာပါ။ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ ပဲကြီးက အနံ့အသက်ရှိတဲ့အတွက် လူနေရပ်ကွက်နဲ့ အဆင်မပြေဘူး။ ဈေးကွက်ကလည်း ရှိတဲ့အတွက် လုပ်ငန်းချဲ့ရင်ချဲ့သလောက် အကျိုးဖြစ်မှာဖြစ်တဲ့အတွက် အခုလို စက်မှုဇုန်ပေါ်လာတာ ဝမ်းသာတယ်။ စက်မှုဇုန်မှာက လမ်း၊ မီး၊ ရေ၊ ရေဆိုးစနစ် အကုန်ပါတယ် ကြားပါတယ်။ ဒီတော့ စက်မှုဇုန်ထဲ ပြောင်းလဲလုပ်ဖို့ အခုကတည်းက အသင့်ပြင်ထားပါတယ်” ဟု မကွေးမြို့မှ ခါတော်ဦး ပဲကြော်၊ လက်ဖက်ရောင်းဝယ်ရေးလုပ်ငန်းမှ ဒေါ်မိုးသူဇာက ဆိုသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မကွေးစက်မှုဇုန်ကို မကွေးမြို့ကွန်ပျူတာတက္ကသိုလ် အနီး မကွေး-တောင်တွင်းကြီး ကားလမ်းဘေးရှိ မြေဧရိယာ ၄၆၁ ဒသမ ၁၄ ဧက ပေါ်တွင် ဖော်ဆောင် နေခြင်းဖြစ်သည်။
“အဓိကတော့ စက်မှုဇုန်တစ်ခုအဖြစ်ရပ်တည်ပြီး ဒေသတွင်း စီးပွားရေးအခွင့်အလမ်းတွေကို ကြိုးစားဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ပါတယ်။ ဒီလိုဖော်ဆောင်နိုင်ဖို့ မကွေး စက်မှုဇုန်ဟာ စက်မှုဇုန်ဥပဒေနဲ့ကိုက်ညီတယ်၊ ပြီးတော့ ဒေသတွင်းမှာ စပါး၊ ပဲ၊ နှမ်း၊ ဝါ စတဲ့ သီးနှံတွေ အများကြီးထွက်တယ်၊ ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေနဲ့ ဆက်စပ်ပြီး ကုန်ထုတ်လုပ်ငန်းတွေ အများကြီးရှိတယ်၊ တခြားစားသောက်ကုန်လုပ်ငန်းတွေလည်းရှိတယ်၊ ဒီလို လုပ်ငန်းအရပ်ရပ်အတွက် ၂၄ နာရီမီးရရှိအောင်၊ ရေရရှိအောင်၊ လမ်းကောင်းအောင် အပါအဝင်အခွင့်အလမ်းတွေကို ဒီစက်မှုဇုန်မှာ ဖော်ဆောင်ပေးထားတယ်။ ဒီလိုတစ်နေရာစီလိုက်ပြီး ဖြည့်ဆည်းတာထက် ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေ စက်မှုဇုန်မှာ စုစည်းတဲ့အခါ နိုင်ငံတော် အနေနဲ့ ဒေသစီးပွားလုပ်ငန်းတွေအတွက် ဖြည့်ဆည်းပေးရမယ့်အပိုင်းရှိရင် တစ်နေရာတည်းမှာ စဉ်းစားဆောင်ရွက်ပေးလို့ရတယ်” ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြား သည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ဝါသီးနှံအဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သည့် အတွက် စက်မှုဇုန်အတွင်း ဆီနှင့် ဆီသန့်စင်လုပ်ငန်းများ၊ ဝါအခြေခံ စက်မှုလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ ပဲ၊ နှမ်းအခြေခံစက်မှုလုပ်ငန်းများအား ဦးစားပေးလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ စက်မှုဇုန် ဖော်ဆောင်ရာတွင် လိုအပ်သည့် စက်မှုကုန်ကြမ်းများ၊ အရင်းအမြစ်များနှင့် အခြေခံထုတ်ကုန်များ ပြည့်စုံလုံလောက်စွာ ရရှိနိုင်ခြင်း၊ ကျွမ်းကျင် လုပ်သားရရှိနိုင်ခြင်းစသည့် အားသာချက်များရှိနေသည်။
မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧကပေါ်တွင် တည်ဆောက်သွားမည်
ထို့ပြင် စက်မှုဇုန်တစ်အခု ရေရှည်ရပ်တည်ဆောင်ရွက်သွားနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ စက်မှုဇုန်လျာထား မြေဧရိယာအတွင်း မြေဧရိယာ ၃၈ ဒသမ ၉၉၂ ဧက ပေါ်တွင် 7MW Solar Power Plant တည်ဆောက်သွားမည်ဖြစ်သည့်အပြင် လျာထား မြေနေရာမှ (၁ ဒသမ ၅) မိုင် အကွာအဝေးရှိ မကြီးကန်ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ သီးသန့် ဓာတ်အားလိုင်းဖြင့်ရယူပြီး (၃၃/ ၁၁) ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရယူဆောင်ရွက်သွားမည်ဖြစ်သည်။
“တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးကို စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူခဲ့ပါတယ်။ မြေပဲ ခွဲစက်၊ ဆီစက်၊ ဝါကြိတ်စက်၊ အထည်ချုပ်လုပ်ငန်း စတဲ့လုပ်ငန်းတွေ အများဆုံးအဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒေသကထွက်တဲ့ သီးနှံတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ အဆိုပြုလွှာတွေ ကိုက်ညီတဲ့အတွက် စက်မှုဇုန်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားတာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကနေ မကွေးတိုင်းက ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနဲ့ ဝါသီးနှံ အဓိက စိုက်ပျိုးထွက်ရှိတဲ့ တိုင်းဒေသကြီးဖြစ်တဲ့အတွက် ဆီထွက်သီးနှံ အခြေခံတဲ့ ဆီစက်၊ ဆီသန့်စင်စက်၊ ပဲ၊ နှမ်း သန့်စင်လုပ်ငန်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်း စတဲ့စက်မှုလုပ်ငန်းတွေ၊ ဝါသီးနှံအခြေခံတဲ့ ဝါကြိတ် စက်၊ ချည်မျှင်စက်၊ အထည်ရက်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စတာတွေကို အစုအဖွဲ့အလိုက် စက်မှု ဇုန်အတွင်း ဦးစားပေးနေရာချထားနိုင်ရေး စီမံဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ စက်မှုဇုန်အတွင်းမှာ ဒီလုပ်ငန်းတွေကို အစုအဖွဲ့အလိုက် နေရာချထားဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒီဟာတင်မဟုတ်ပါဘူး။ တခြားလုပ်ငန်း တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းမှန်သမျှ ကြိုဆိုနေပါတယ်” ဟု မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်ကပြောသည်။
စက်မှုဇုန်တွင် လာရောက်လုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းရှင်များကို စက်မှုဇုန်နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေး ကော်မတီ (ဒေသဆိုင်ရာကော်မတီ) ၏ ကြီးကြပ်မှုဖြင့် ရင်းနှီးတည်ဆောက်သူ (Developer) မှ မြေကွက်များရောင်းချပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများ (Investors) အတွက် မြေငှားဂရန် များလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မကွေးစက်မှုဇုန်စီမံကိန်းကို စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများပါ မြေအသုံးချမှု အင်္ဂါရပ်များနှင့်အညီ ပေ(၂၀၀ x ၂၀၀) မြေကွက်-၂၁၇ ကွက်၊ ပေ(၁၀၀x ၁၅၀) မြေကွက် - ၁၅၇ ကွက်၊ ပေ(၁၀၀ x ၁၀၀) မြေကွက် -၂၃ ကွက် စုစုပေါင်း ၃၉၇ ကွက်ဖော်ထုတ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုစက်မှုဇုန်အကောင်အထည်ဖော်ရမှာ လုပ်ငန်းအဆင့်ဆင့်တိုင်းကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ရပါတယ်။ အခုကတော့ မကွေးစက်မှုဇုန် အကောင်အထည်ဖော်ဖို့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ နိုင်ငံပိုင်မြေကို အငှားပေးပြီး လုပ်ငန်းရှင်ကို ဆောင်ရွက်စေတာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်အနေနဲ့ လာရောက်လုပ်ကိုင်ရင် အဆင်သင့်ဖြစ်အောင် လမ်း၊ မီး၊ ရေ၊ လုံခြုံရေးစနစ် အပါအဝင် စက်မှုဇုန်တစ်ခုမှာ ပါရှိရမယ့် အခြေခံလိုအပ်ချက်အားလုံးကို ပြည့်စုံအောင်လုပ်ထားပေးပြီး လုပ်ငန်းရှင်ကို လာရောက်လုပ်ကိုင်စေတာမျိုးဖြစ်ပါတယ်။ အခုကတော့ တင်ဒါစနစ်နဲ့ ရင်းနှီးမြှုပ်နှံ သူ (Developer) ကို ရွေးချယ်ခေါ်ယူပြီး အခြေခံလိုအပ်ချက်တွေကို ဖော်ဆောင်တာ စတင်နေပါပြီ” ဟု ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က ရှင်းပြသည်။
လက်ရှိတွင် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မကွေး-တောင်တွင်း ကားလမ်းမကြီးမှ စက်မှုဇုန်အတွင်းသို့ ပေ ၁၀၀ အကျယ် လမ်းမကြီးဖောက်လုပ်ခြင်း၊ စက်မှုဇုန် အပြင်ပတ်လမ်း (ရထားလမ်းနှင့်အပြိုင်) နှင့် စက်မှုဇုန်အတွင်းလမ်းပိုင်းကို ပေ ၈၀ လမ်းနှင့် အတွင်းလမ်းများကို ပေ ၆၀ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
စက်မှုဇုန်အတွင်းလမ်းပိုင်းများ ဆောင်ရွက်ရာတွင် ထုတ်ကုန်များသယ်ယူရာတွင် Container Box များ၊ တန်ချိန်(၅၀၊ ၆၀)ဝန်ပါ တွဲကားကြီးများ ဝင်ထွက်သွားလာနိုင်သည့် လမ်းများအဖြစ် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
“လက်ရှိမှာ မြေသားလုပ်ငန်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ပြီးရင် ကွန်ကရစ်လမ်းလုပ်ငန်းကို စတင်မှာ ဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းရပ်တွေမှာ လမ်း၊ ရေမြောင်း ၊ မီးသတ်အဆောက်အအုံ၊ မုခ်ဦး၊ ပန်းခြံ၊ လမ်းအရိပ်ရသစ်ပင်တွေ ပါဝင်ပါတယ်။ မီးရရှိရေးက လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းနဲ့ ဆိုလာစီမံကိန်း နှစ်ခုပါဝင်ပါတယ်။ အဓိကက ၂၄ နာရီ မီးရရှိအောင် ဆောင်ရွက်မယ့်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြီးတော့ စုဝေးခန်းမ၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ လုံခြုံရေးအဆောက်အအုံ၊ CCTV လုံခြုံရေးကင်မရာ တပ်ဆင်တာတွေ၊ အမှိုက်ကားနဲ့ အမှိုက်ကန်တွဲစနစ် အားလုံးပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှုဇုန်မှာ ခုနက အခြေခံလိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ နေ့စဉ်ဆောင်ရွက်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ၊ ကြီးကြပ်စစ်ဆေးမှုနဲ့အညီ လုပ်ငန်းအားလုံးကို ၂၀၂၆ ခုနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်” ဟု ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီ လီမိတက် မှ စီမံကိန်းမန်နေဂျာ ဦးပေါရွှင်က ပြောပြသည်။
စက်မှုဇုန်စီမံကိန်းတွင် စီမံခန့်ခွဲရေးရုံးနှင့် လူဦးရေ ၂၀၀ ဆံ့သည့် စက်မှုဇုန်ရှင်းလင်းဆောင်ခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်းပါဝင်ပြီး စက်မှုဇုန်လုပ်ငန်းများစတင်သည့်အခါ ယင်းခန်းမတွင် ဒေသထုတ်ကုန်များကို စုစည်းပြသသွားနိုင်ရန် ရည်ရွယ်ထားသည်။
မကွေးစက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ဒေသတွင်းသာမက ပြည်တွင်း ပြည်ပရှိ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ မကွေးမြို့အတွင်းရှိ စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင် ဆောင်ရွက်လာစေရန်နှင့် မကွေးမြို့ စက်မှုဇုန် တည်ထောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ရည်ရွယ်သည်။
မကွေးမြို့ စက်မှုဇုန်တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများရှိလာနိုင် သဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်မှု လျော့နည်းစေရေးအတွက် ရင်းနှီးတည်ဆောက်သူ (Developer) မှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာရေးဆွဲရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စက်မှုဇုန်အတွင်းမှ ထွက်ရှိသောရေဆိုးများကို သန့်စင်ရန်အတွက် ရေဆိုးသန့်စင်စနစ် (Waste Water Treatment System) ကိုပါ စီမံကိန်းတွင် ထည့်သွင်းထားရှိကြောင်း သိရသည်။
သို့ဖြစ်ရာ မကွေးစက်မှုဇုန်တွင် လုပ်ငန်းရှင်တိုင်းအတွက် လိုအပ်သည့် လမ်း၊ မီး၊ ရေ အပါအဝင် လိုအပ်သည့် အခြေခံအချက်များပြည့်စုံစွာ ဆောင်ရွက်ပြီး ကုန်ကြမ်း၊ အရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားတို့နှင့် ပေါင်းစပ်လိုက်ပါက ဒေသတွင်း စီးပွားရေးကို ခိုင်မာအားကောင်းစေမည့် စက်မှုဇုန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုကဲ့သို့ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဒေသတွင်း ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများသည် တိုးတက်လာမည်ဖြစ်သည့်အတွက် ဒေသလူမှုစီးပွားကို များစွာအထောက်အကူပြုနိုင်မည့် စက်မှုဇုန်တစ်ခု မကြာမီပေါ်ထွက်လာမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။