အသိ၊ သတိဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ကျော်လွှားမယ်
ဇော်(ဘူမိ)
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော Yagi (ရာဂီ)တိုင်ဖွန်း မုန်တိုင်း၏ အရှိန်နှင့် ၎င်း၏နောက်ဆက်တွဲ မိုးတိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင်လည်း စက်တင်ဘာ ၁၀ ရက်မှစ၍ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စက်တင် ဘာလ ၁၁ ရက်တွင် ရေကြီးရေလျှံခြင်းနှင့် ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပါ သည်။ လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်းနှင့် အခြားအဆောက်အဦများ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါတိုင်ဖွန်း မုန်တိုင်း၏အရှိန်နှင့် နောက်ဆက်တွဲမိုးတိမ်တိုက်များကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်မှုနှင့် လေပြင်းတိုက်ခတ်နိုင်မှုအခြေအနေတို့အား မိုးလေဝသတိုင်းတာရေးအချက်အလက်များအရ အများ ပြည်သူသိရှိနိုင်ရန် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို FM ၊ သတင်းစာများမှတစ်ဆင့် ကြိုတင်အသိပေး ကြေညာခဲ့သော်လည်း ယခုလောက်ထိ ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားမည်ဟု မည်သူမျှမမျှော်မှန်းမိခဲ့ပေ။ ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေအား မှန်ကန်တိကျစွာ တိုင်းတာခန့်မှန်း၍ ကြိုတင်ထုတ်ပြန်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိမြစ်ချောင်း များ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မြေပြို/တောင်ပြိုခြင်း၊ မြေပြို/ တောင်ပြိုခြင်းများ ကြောင့် မြစ်၊ ချောင်းများရှိ ရေထုများမြင့်တက်ကာ ရေကြီးရေလျှံခြင်းများ မမျှော်လင့်ဘဲ ရုတ်ခြည်း ဆိုသလို နေရာအချို့တွင် ဖြစ်ပေါ်ခဲ့ပါတယ်။
ကူညီကယ်ဆယ်ရေးမှာ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်
ရေကြီးရေလျှံမှု သဘာဝဘေးဟာအလွန်ပဲလျင်မြန်တဲ့အရှိန်နဲ့ စီးဆင်းလာတာဖြစ်လို့ အချို့ဒေသတွေမှာ ရှောင်တိမ်းချိန်တောင်မရလိုက်ပါဘူး။ အိမ်တွေအလုံးလိုက် ကျွတ်ပါသွားတာမျိုး၊ လူတွေသစ်ပင်တွေပေါ်တက်နေရတာမျိုး၊ စာသင်ကျောင်း တွေမှာ ရေဝင်လာလို့ ကျောင်းတွေပိတ်ရတာမျိုးစတဲ့ အမျိုးမျိုးသောဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါ တယ်။ တစ်ခါတစ်ရံ လူတွေရဲ့စိတ်ထဲမှာ ပေါ်ပေါက် လာတော့မယ့် သဘာဝဘေးတွေဟာ ငါနဲ့မဆိုင် လောက်ပါဘူးဆိုတဲ့ အတွေးတွေ ရှိနေတတ်ပါတယ်။ ဖြစ်တတ်တဲ့သဘာဝပါ။ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တစ်ပြေးညီ မိုးလေဝသသတင်းတွေ ကြေညာပေးနေပါတယ်။ မိုးလေဝသသတင်းတွေနဲ့အတူ ကုန်းမြင့်ပေါ်မှာ နေထိုင်သူတွေ ဘယ်လိုသတိထားသင့်တယ်။ မြေနိမ့် ပိုင်းမှာနေတဲ့သူတွေ ဘယ်လို သတိထားသင့်တယ်ဆိုတာမျိုးပါ အသေးစိတ်ထုတ်ပြန်ပါတယ်။ ဖြစ်လာပြီးမှတော့ ဘယ်သူကိုမှအပြစ်မပြောပါဘူး။ ဒါပေမယ့် သင်ခန်းစာတွေ ကောင်းကောင်းရလိုက် ကြပြီဖြစ်ပါတယ်။ အခုလိုမမျှော်လင့်ဘဲ ရေဘေးကြုံတွေ့ရတဲ့အချိန်မှာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အင်အားကို မြင်တွေ့ရတာကလည်း အဆိုးထဲက အကောင်းလို့ပြောချင်ပါတယ်။ ကူညီကယ်ဆယ်ရေးမှာ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြပုံ၊ ရေဘေးသင့်ပြည်သူများကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ရက်ရက်ရောရော လှူဒါန်းကြပုံ များကနေတစ်ဆင့် လူလူချင်းစာနာထောက်ထားကူညီတတ်တဲ့ မြန်မာ့စိတ်ရင်းဓလေ့စရိုက်ကို မြင်နိုင်ပါတယ်။
ဒီလို ရေဘေးသင့်ပြည်သူတွေကို ကိုယ်၊ စိတ်နှစ်ပါး ဝမ်းနည်းအားငယ်မှုများ မဖြစ်ရလေအောင် အားလုံးသော စေတနာရှင်၊ အလှူရှင်တွေက ဝိုင်းဝန်းကူညီနေကြတာကို တွေ့မြင်ရတော့ ရေဘေးသင့်ပြည်သူများကိုယ်စား ကြည့်မြင်မိသူများ သဒ္ဓါပွားလို့ ကျေးဇူးတင် သာဓုအကြိမ်ကြိမ် ခေါ်မိစေပါတယ်။
အလွန်မြင့်မားတဲ့ တောင်တန်းတွေကနေ မြေနိမ့်ဒေသသို့ တောင်ကျရေအဖြစ် အရှိန်ပြင်းစွာစီးဆင်း
ယခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာမိုးကြောင့် ဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးများအနက် အဆိုးဆုံး ဟုဆိုရလောက်အောင် ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကြောင့် သဲနုန်းများ ရေစီးကြောင်းအတိုင်း တဖြည်း ဖြည်း စီးဆင်းဝင်ရောက်၍ သောင်ထွန်းခြင်းများနှင့် BED Level မြင့်တက်ခြင်းများ ဖြစ်ပေါ်လာပြီး မြစ်ချောင်းများအတွင်း သဲနုန်းများပို့ချမှုများပြားလာကာ ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်စေခဲ့ပါ တယ်။ ဒါ့အပြင် တောင်ကျချောင်းအထက်ပိုင်းရှိ တောင်ကုန်းများတွင် မြေပြိုမှုများဖြစ်ပွားရာမှ ကျောက်တုံးကြီးများ ရေစီးနှင့်အတူ မျောပါလာခြင်းနှင့် စနစ်မကျသော သစ်ထုတ်လုပ်မှုများမှ ထွက်ပေါ်လာတဲ့သစ်လုံးကြီးများကို မြစ်၊ ချောင်းဘေးတစ်လျှောက် အလွယ်တကူ စုပုံထားရာမှ ရေစီးနှင့်အတူ အရှိန်အဟုန်ဖြင့် မျောပါလာခြင်းတို့ကြောင့်လည်း ထိခိုက်ပျက်စီးမှုများ ပိုမိုများပြား စေခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင် အနေအထားအရ မိုးအလွန်များတဲ့အခါ အလွန် မြင့်မားတဲ့ တောင်တန်းတွေကနေ မြေနိမ့်ဒေသသို့ တောင်ကျရေအဖြစ် အရှိန်ပြင်းစွာစီးဆင်းပါတယ်။ ရေစီးအား ဘယ်လောက်ပြင်းလဲဆိုရင် ကြီးမားတဲ့ ကျောက်တုံးများကိုပင် မျောပါနိုင်စွမ်းရှိပါတယ်။ အဆိုပါ ကျောက်တုံးများဟာ မြေပြို၊ တောင်ပြိုရာမှ ပေါ်ထွက်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုပြဿနာအဖြစ် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံအသီးသီးမှာရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရေချိန် ပြောင်းလ ခြင်း၊ အချို့နေရာများတွင် မိုးအများအပြား ရွာသွန်းပြီး အချို့နေရာများ၌ မိုးနည်းပါးလာခြင်းများ ကြုံတွေ့ရပါတယ်။ အနောက်တောင်မုတ်သုံရာသီဟာ အဝင်နောက်ကျသလို ပြန်လည်ထွက်ခွာသွားတဲ့ အခါမှာတော့ စောစီးစွာ ပြန်ထွက်ပါတယ်။
ပြောရမယ်ဆိုရင် မုတ်သုံရာသီတိုတောင်းလာခြင်းကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ဆိုးကျိုးတွေ ကျရောက်နိုင်ခြေ ပိုမိုများပြားလာပါတယ်။ ဆက်စပ်ဖြစ်စဉ်အနေနဲ့ သစ်တောဖြစ်ထွန်းမှု ကျဆင်းပြီး သဘာဝပေါက်ပင်များ ပေါက်ရောက်ဖုံးလွှမ်းမှု နည်းပါးလာတဲ့အတွက် မြေသားအနေအထားတွေ ပြောင်းလဲစေပြီး မြေတိုက်စားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ မြေဆီလွှာ အရည်အသွေးတွေလည်း ကျဆင်းပြီး သဘာဝ အရင်းအမြစ်တွေ လျော့နည်းကုန်ခန်းစေပါတယ်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးဒဏ်မျိုးကို ၂၀၀၈ ခုနှစ်မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်မှာ ဂီရိမုန်တိုင်း၊ ၂၀၁၃ ခုနှစ်မှာ ဖလမ်းတောင်ပြိုမှု၊ ၂၀၁၅ ခုနှစ်မှာ ဟားခါးနဲ့ မော်ချီးမြေပြိုမှု၊ ၂၀၁၈ ခုနှစ်မှာ ပေါင်မြို့နယ်မြေပြိုမှု၊ ၂၀၂၃ ခုနှစ်မှာ မိုခါမုန်တိုင်းတို့ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ်မှာတော့ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန် ကြောင့် ရေကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်းတို့ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်များတွင် ရေကြီးရေလျှံ မှုဟာ နှစ်စဉ်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်ဇွန်လ (မိုးဦး ကာလ) တွင် တစ်ကြိမ်၊ ဇူလိုင်လမှ ဩဂုတ်လ(မိုးလယ်ကာလ)တွင် တစ်ကြိမ်နှင့် စက်တင်ဘာလမှ အောက်တိုဘာလ(မိုးနှောင်းမိုးလွန်ကာလ)မှာ တစ်ကြိမ်စုစုပေါင်းရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ ရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မိုးလေဝသသတင်းတွေကို အမြဲတမ်း ကြိုတင်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ယခုစက်တင်ဘာလမှာ ရာဂီတိုင်ဖွန်းမုန်တိုင်း ကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများဖြစ်ပေါ်ပြီး သေဆုံး မှုများနဲ့ အိမ်ရာပျက်စီးမှုများ ဖြစ်ပွားခဲ့ပါတယ်။
မြစ်၊ ချောင်းများ အရှိန်ပြင်းစွာ စီးဆင်းမှုကြောင့် မြေသားတိုက်စားခံရ
ယခုကဲ့သို့ မြေပြိုမှုနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်အပေါ် ပညာရပ်ပိုင်းဆိုင်ရာအမြင်ဖြင့် လေ့လာမိသလောက် အနည်းငယ်တင်ပြချင်ပါတယ်။ မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများဟာ သစ်တော မီးလောင်မှုများကြောင့် သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မြစ်၊ ချောင်းများ အရှိန်ပြင်းစွာစီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်း များ ကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့၏ လုပ်ဆောင် မှုများဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင် ရေးယာဉ်များ ဖြတ်သန်းသွားလာမှုမှ တုန်ခါမှု ဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲ ခြင်း၊ စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ချုံနွယ်ပင်များအား မီးရှို့ခြင်းဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝပေါက်ပင်များအား ဖျက်ဆီးဖယ်ရှားမိခြင်းများသည်လည်း မြေပြိုမှုကို ဖြစ်ပေါ်စေပါတယ်။
မြေပြိုမှုဖြစ်ပွားရာ နေရာတစ်ခုကို အနုစိတ် ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာ တည်ရှိနေတဲ့မြေသား၊ သို့မဟုတ် ကျောက်သားတို့ရဲ့ ပြင်ပ သက်ရောက်မှုအားနှင့် အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊ တောင်ပြိုခြင်း တွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေ သမျှ တောင်ပြို၊ မြေပြိုမှု မဖြစ်နိုင်ပါ။ စာရေးသူ အနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြို မှုများကို ဖြစ်ပေါ်စေနိုင်တဲ့ ကျောက်သားတို့ကို လေ့လာတဲ့အခါမှာ ကျောက်သားတို့ရဲ့ ခိုင်မာမှုနဲ့ အတန်းအစား၊ ကျောက်သားများ အဆက်ပြတ် အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နှင့် ဖြစ်ပေါ်နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတို့ကို အသေးစိတ် တိုင်းတာလေ့လာ ဆောင်ရွက်ခဲ့ပါတယ်။
ကျောက်သားတို့ရဲ့ အဆက်မပြတ်အက်ကွဲမှုဖြစ်တဲ့နေရာမှာ သဘာဝမူလအရ အက်ကွဲတာ လည်းဖြစ်နိုင်သလို လူတို့၏ ပယောဂဖန်တီးမှုတို့ ကြောင့်လည်း အက်ကြောင်းများ ပေါ်ပေါက်လာစေ နိုင်ပါတယ်။ သဘာဝအားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီး တစ်လွှာ ထပ်လျက်အနေအထားဖြင့် ဖြစ်တည် နေတာဖြစ်ပါတယ်။ အဲဒီလိုလွှာထပ်များကြားနဲ့ ကျောက်သားတို့ရဲ့ အဆက်ပြတ် အက်ကွဲရာများ အတွင်းသို့ ရေများဝင်ရောက်ကာ ကျောက်ခြေမွှခြင်း ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ထွန်းစေပြီး ကျောက်သားခိုင်မာမှုအဆင့်အတန်း လျော့ကျလာကာ မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်လာတာဖြစ်ပါ တယ်။ နေပြည်တော် - ပင်လောင်းလမ်း ၆ မိုင် ဝန်းကျင်ဒေသဟာ ရေဝေချောင်းနှင့် ကိုလုံချောင်းဆုံ အနီးမှာ တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းသည် ရေဝေပြတ်ရွေ့ကြောင်း တစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့ချောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ် နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်းရှိ နှမ်းဖတ်ကျောက်များနဲ့ လိပ်သည်းကျောက်များ ဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင် ဖြစ်ပေါ်နေပါတယ်။
နှမ်းဖတ်ကျောက်များမှာ ကျောက်သားခိုင်မာမှု အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကျောက်သားအဆက်ပြတ်အက်ကွဲ ကြောင်းများအတွင်း ရေများဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား ကျဆင်းလာပြီး ကြီးမားလုံးဝန်းသော ကျောက်တုံးကျောက်ခဲကြီးများ ပြိုကျပြုတ်ထွက်လိမ့်ဆင်းလာရခြင်း ဖြစ်ပါ တယ်။ ဒီလို ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ ကျောက်သား အဆက်ပြတ်အက်ကွဲမှုအတွင်း ရေများ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ၇ မိုင် ပတ်ဝန်းကျင်ဒေသရှိ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများတွင် တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးများ မျောပါလာ ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်များ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းများရဲ့ မြေသားတည်ငြိမ် မှုကို မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါး ပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။
မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် လူတိုင်းအလွယ်တကူ ဆောင်ရွက် နိုင်သော နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးများကို မိမိတို့အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ် အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည် တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင် စွမ်းရှိပြီး မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန် ပြင်းစွာ စီးဆင်းဝင်ရောက်လာသော ရေထုကြီးကို လည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများကြောင့် ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ သို့ဖြစ်၍ လူနေမြို့ရွာများ အတွင်းနှင့် အနီးတစ်ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့် အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်း အားဖြင့် သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင် မည်ဖြစ်ပါတယ်။
ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးသက်ဆိုင်သူအားလုံးပူးပေါင်းဆောင်ရွက်
သဘာဝဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြား ပိုမိုခြိမ်းခြောက်လာနေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ရေကြီးရေလျှံခြင်းအပါ အဝင် သဘာဝဘေးအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိပါတယ်။ သဘာဝဘေးအန္တရာယ်များမှာ ရှောင်လွှဲလို့မရနိုင်ပေမယ့် ထိခိုက်ဆုံးရှုံးမှုအနည်း ဆုံးဖြစ်စေရေးနဲ့ ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ပညာရှင်တွေအနေနဲ့ ပညာပေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ပထဝီအနေအထားကိုလည်း လေ့လာထားကြရမှာ ဖြစ်ပါတယ်။ သည်တစ်ကြိမ်မှာ ဒီလိုအားနည်းချက် တွေရှိခဲ့လို့ မမျှော်လင့်ဘဲ ရေဘေးကြုံခဲ့ရတယ် ဆိုတဲ့ အတွေ့အကြုံကို သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။ ကုန်းမြင့်မှာနေသည်ဖြစ်စေ၊ မြေနိမ့် ပိုင်းမှာနေသည်ဖြစ်စေ သဘာဝဘေးအန္တရာယ် ကြုံတွေ့တတ်ပါတယ်။ ကျောက်စိုင်ကျောက်သား ဆိုတာမျိုးတွေကလည်း အလွန်ပြင်းထန်တဲ့ ရေစီး ဒဏ်နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ မိုးဒဏ်ကို ကြံ့ကြံ့ ခံနိုင်ဖို့ ခက်ခဲလှပါတယ်။ မမေ့မလျော့ မပေါ့မဆတဲ့ အသိနဲ့ သတိတရားလက်ကိုင်ထားပြီး အဲဒီလိုမျိုး ကြုံခဲ့ရင်ဆိုတဲ့ ကြိုတင်တွေးခေါ်မြော်မြင်မှုနဲ့အတူ အမြဲတမ်းအသင့်အနေအထားမှာ ပြင်ဆင်ထားကြ ရမှာ ဖြစ်ပါတယ်။ အလားတူ ပြည်သူတွေအနေနဲ့ ကလည်း မိုးလေဝသသတင်းတွေကို အမြဲတမ်း နားစွင့်နေကြရမှာဖြစ်ပြီး တောင်ပြို၊ မြေပြိုခြင်းနဲ့ ရေကြီးရေလျှံခြင်းတို့နဲ့ပတ်သက်တဲ့ အသိပညာပေး စာစောင်များကို နိုင်ငံတော်အစိုးရက ကျယ်ကျယ် ပြန့်ပြန့်ထုတ်ပြန်နေတဲ့အတွက် လေ့လာဖတ်ရှုထား သင့်ကြောင်း တိုက်တွန်းရင်း ပြည်သူများအားလုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြစေရန် ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ ။