Skip to main content

စုပေါင်းညီညွတ်ခြင်းအားဖြင့် လိုအပ်နေသောကွက်လပ်များ ဖြည့်ဆည်းပါ

ခန့်ဇော်(ကျေးလက်)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Group တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူတွေဟာ ငွေကြေးအရင်းအနှီး လိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲ တွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ သွင်းအားစုများထောက်ပံ့နိုင်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူများ ရဲ့လိုအပ်ချက်ကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

တောင်သူများရဲ့ လိုအပ်ချက်

တကယ်ကတော့ တန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်သူအားလုံးဟာ အရေးကြီးပါတယ်။ အခြေခံအကျဆုံး စိုက်ပျိုးထုတ်လုပ်သူများဟာ တောင်သူများဖြစ်ကြပါတယ်။ အထွက်တိုးဖို့ တောင်သူများအတွက် မျိုးကောင်းမျိုးသန့်ရဖို့ လိုအပ်ပါတယ်။ သွင်းအားစုမြေဩဇာလိုအပ်ပါတယ်။ နည်းပညာတွေ လိုအပ်ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့ကို သမားရိုးကျစနစ်မှ နည်းပညာအသုံးပြုခြင်း၊ စက်မှုလယ်ယာစနစ်အသုံးပြု၍ စိုက်ပျိုးခြင်း၊ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်မှ အချိန်ကုန်သက်သာပြီး နည်းစနစ်မှန်မှန်၊ အလေအလွင့် နည်းနည်းနဲ့ အရည်အသွေးပြည့်မီတဲ့သီးနှံများ စိုက်ပျိုးထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

သွင်းအားစုဖြစ်တဲ့မျိုးနဲ့ မြေဩဇာအတွက် အရင်းအနှီးလိုအပ်ပါတယ်။ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းတို့အတွက် အရင်းအနှီးလိုပါတယ်။ နည်းပညာနဲ့ အသိပညာလည်း လိုအပ်ပါတယ်။ လိုအပ်ချက်အားလုံး ပြည့်စုံအောင်ဆောင်ရွက်နိုင်မှ အထွက်တိုးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကောင်းရရှိမယ့် ဈေးကွက်ရှိဖို့လည်း လိုအပ်ပါတယ်။

ဘယ်သူတွေက ပံ့ပိုးပေးမှာလဲ

နိုင်ငံတော်အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များရှင်သန်ဖွံ့ဖြိုး ရပ်တည်နိုင်အောင် စီးပွားရေးဆိုင်ရာမူဝါဒများချမှတ်ပြီး ထိန်းကျောင်းပေးရပါတယ်။ ဆန်စက်များ၊ ဆီစက်များ၊ သိုလှောင်ရုံများ စတဲ့ကဏ္ဍအလိုက်ဆောင်ရွက်ရန်လိုအပ်တဲ့ Facility များကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံပြီး ယင်းတို့အတွက်လိုအပ်တဲ့ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ၊ သား၊ ငါး စတဲ့ကုန်ကြမ်းများကို စိုက်ပျိုး မွေးမြူထုတ်လုပ်သူ တောင်သူများထံမှ ဝယ်ယူရတာဖြစ်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ တောင်သူများအကျိုးတူပူးပေါင်းဆောင်ရွက်လာကြပါတယ်။ ဒါဟာလည်း အစုအဖွဲ့စနစ်၊ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်ဖြစ်လို့ သမဝါယမစနစ်ပါပဲ။

တောင်သူများရဲ့ လိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီး၊ မျိုးနဲ့သွင်းအားစုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ထောက်ပံ့ပေးပါတယ်။ စိုက်ပျိုးရေးဘဏ်မှလည်း နှစ်စဉ်သီးနှံအလိုက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) တို့ကနေလည်း ငွေကြေးအရင်းအနှီး ရရှိနိုင်ပါတယ်။ သမဝါယမအသင်းများထံမှလည်းမျိုး၊ သွင်းအားစုနဲ့ အရင်းအနှီးရရှိနိုင်ပါတယ်။ MSME လုပ်ငန်းများအတွက် ပုဂ္ဂလိကချေးငွေနဲ့ MSME ချေးငွေများ၊ အခြားချေးငွေများကနေ အရင်းအနှီးရရှိနိုင်ပါတယ်။

ကွက်လပ်ဖြည့်၊ ပေါင်းကူပေး

မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ပျိုးဧက ၁၃၆၁၉၂ ဒသမ ၇၃ ဧက၊ နွေစပါးစိုက်ဧက ၄၅၇၀၈ ဧက၊ ဆောင်းသီးနှံစိုက်ဧက ၁၁၆၉၃ ဒသမ ၇၂ ဧကခန့်ရတယ်လို့ သိရပါတယ်။ လိုအပ်ချက်ပမာဏ ကြီးမားတဲ့အတွက် အစိုးရချေးငွေတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ ဒါ့ကြောင့်ပုဂ္ဂလိကကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့က လိုအပ်တဲ့အရင်းအနှီးကို ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံတော်အစိုးရပိုင်ဘဏ်များထံမှ ရယူနိုင်ပါတယ်။ တောင်သူများရဲ့လိုအပ်ချက်များကို အစိုးရစိုက်ပျိုးရေးဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်းများမှ ဖြည့်ဆည်းဆောင်ရွက်နေသလို လိုအပ်ချက်ရှိပြီး ဝန်ဆောင်မှုမရရှိသော တောင်သူများကို လည်း သမဝါယမစနစ်ဖြင့် စုဖွဲ့စေပြီး အရင်းအနှီး သွင်းအားစု၊ နည်းပညာ၊ ဈေးကွက် စသည့်လိုအပ် နေတဲ့ကွက်လပ်များကို သမဝါယမကဏ္ဍကနေ တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ အောက်ခြေအဆင့်အထိ တောင်သူပေါင်းများစွာနဲ့ ချိတ်ဆက်မိဖို့ဆိုတာ ခက်ပါတယ်။ ဒါကြောင့် သမဝါယမဦးစီးဌာနအနေနဲ့ တောင်သူများကို အစုအဖွဲ့ပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးပြီး ပုဂ္ဂလိကနဲ့ချိတ်ဆက်ပေးခြင်း၊ တောင်သူများကို သမဝါယမအခြေခံအသင်းများ ဖွဲ့စည်းပေးခြင်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ တောင်သူများအကြား ပေါင်းကူးချိတ်ဆက်ပေးတာဖြစ်ပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဘယ်လိုကူညီမလဲ

ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်းဖြစ်အောင် ထိန်းကျောင်းပေးပြီး နိုင်ငံအတွက်အကျိုးရှိသလို လုပ်ငန်းရှင်အတွက်လည်း အကျိုးရှိ၊ ပြည်သူများအတွက်လည်း ကောင်းမွန်တဲ့ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မယ့်မူဝါဒ၊ လမ်းညွှန်ချက်များ ချမှတ်ကူညီရမှာ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ မမျှော်မှန်းနိုင်တဲ့ကိစ္စရပ်တွေ၊ အခြေအနေတွေဆိုတာ ရှိတတ်ပါတယ်။ ကြုံရတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ အစိုးရဌာနများအနေနဲ့ ပုဂ္ဂလိကနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေ၊ ပုဂ္ဂလိကမှတင်ပြလာတာတွေကို နားထောင်ပေးပြီး အခြေအနေတွေအရ ပြုပြင်ပြောင်းလဲဆောင်ရွက် ရတာတွေရှိနိုင်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ အဆင်ပြေအောင်၊ လုပ်ငန်းစဉ်တွေ မြန်ဆန်အောင် အစိုးရဌာနများက Ease of doing business ဖြစ်အောင် ဆောင်ရွက်ပေးရပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း စားသုံးသူများ မထိခိုက်အောင်၊ စားသုံးသူကိုရှေးရှုရမယ့်အပြင် ထိုက်သင့်တဲ့ အကျိုးအမြတ်ရရှိသလို ဝန်ဆောင်မှုလည်း ကောင်းအောင်၊ ဈေးနှုန်းလည်းသက်သာအောင် ဆောင်ရွက်ကြဖို့နဲ့ နားလည်မှုရှိဖို့လိုအပ်ပါတယ်။ နိုင်ငံအတွက် အခက်အခဲကြုံနေချိန်မှာ မတော်လောဘများမရှိဖို့၊ နိုင်ငံအတွက်၊ ပြည်သူအတွက်အနစ်နာခံ ဆောင်ရွက်ကြဖို့လိုပါတယ်။ နိုင်ငံတော်ကလည်း လုပ်သာကိုင်သာရှိသော Win - Win Situation အခြေအနေ၊ မူဝါဒလမ်းညွှန်ချက်များ ပြောင်းလဲဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

တောင်သူတွေကို ဘယ်လိုကူညီကြမလဲ

တောင်သူတွေကိုတော့ အစိုးရဌာနများက ဝန်ဆောင်မှုပေးကြရမှာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ် (Contract Farming)လိုမျိုး ချိတ်ဆက်ကူညီပေးရမှာ ဖြစ်ပါတယ်။ ဘာတွေလိုအပ်သလဲဆိုရင် အသိပညာ၊ ဗဟုသုတ၊ အရင်းအနှီးတို့ပဲဖြစ်ပါတယ်။ ဘယ်လိုအရင်းအနှီးလဲဆိုရင် သွင်းအားစုအတွက်အရင်းအနှီး၊ စက်ပစ္စည်းအတွက် အရင်းအနှီးနဲ့ ဈေးကွက်ချိတ်ဆက်ပေးဖို့တို့ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနများက နည်းပညာနဲ့ ဗဟုသုတကို တောင်သူများနားလည်သိရှိလာအောင် ထပ်ကာထပ်ကာ ပညာပေးလုပ်ငန်းစဉ်များ လုပ်ပေးရပါမယ်။ လက်တွေ့လုပ်ဆောင်ပြရပါမယ်။ လက်တွေ့လုပ်ပြပြီး ၎င်းတို့အကျိုးရှိမှ လိုက်လုပ်ကြမှာဖြစ်ပါ တယ်။ ငွေကြေးအရင်းအနှီးကို အစိုးရနဲ့ပုဂ္ဂလိကမှ မျှဝေတာဝန်ယူကြရပါတယ်။ ရာသီအလိုက် ပြန်ဆပ်နိုင်အောင်လည်း စီမံကြရပါမယ်။ တောင်သူတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်လာအောင်လည်း သင်ကြားပေးရပါမယ်။ စည်းရုံးရမယ်။ လမ်းပြကြရပါမယ်။ ချေးငွေဆိုတာဆပ်ရမယ်။ ကျေအောင်ဆပ်မှ တာဝန်ကျေတယ်။ တာဝန်ကျေတဲ့ နိုင်ငံသားဖြစ်ရမယ်။ တာဝန်ကျေအောင်၊ ဂုဏ်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးရမယ်။

စက်မှုလယ်ယာဝန်ဆောင်မှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အလယ်အလတ်လုပ်ငန်းရှင်များ၊ တောင်သူများကိုယ်တိုင် ရင်းနှီးမြှုပ်နှံပြီး တောင်သူများကို ဝန်ဆောင်မှုပေးနိုင်ဖို့ အစိုးရက မူဝါဒချမှတ် ဆောင်ရွက်သင့်ပါတယ်။ သိုလှောင်ရုံစနစ်များမှတစ်ဆင့် အရည်အသွေးအာမခံမှုရှိသော ဈေးကွက် ချိတ်ဆက်မှုများ ဆောင်ရွက်ပေးသင့်ပါတယ်။ ဈေးကွက်၊ နည်းပညာ၊ သွင်းအားစုနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများကို တောင်သူများရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ လက်ရှိမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဆောင်ရွက်နေတဲ့ ခေတ်မီစံပြကျေးရွာစီမံကိန်းရဲ့ Smart Village App မှာ ဒီသတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီပေးနိုင်ဖို့ စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အခြေခံအဆောက်အအုံလိုအပ်ချက်

ကျေးရွာတွေဆီ ရောက်သွားတဲ့အခါ စိုက်ပျိုးရေး၊ မွေးမြူရေးထက် လမ်း၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ဆေးခန်း စတဲ့အခြေခံအဆောက်အအုံလိုအပ်ချက် တွေကိုသာ အများစုသော (၉၀ ရာခိုင်နှုန်းကျော်)က တင်ပြကြတာတွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ဘတ်ဂျက်အပေါ် မူတည်ပြီး ဌာနဆိုင်ရာတွေက နှစ်စဉ်၊ နှစ်လတ်၊ နှစ်ရှည်မျှော်မှန်းချက်တွေ ထားပြီး လျာထားဆောင်ရွက်ပေးနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ တင်ပြချက်ကိုလိုက်ပြီး စာရေးသူတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်တာတွေကို ချက်ချင်းအဖြေပေး၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပေမယ့် အခြားဝန်ကြီးဌာနတွေနဲ့ဆိုင်တဲ့ကိစ္စရပ် ဆိုရင်တော့ ညှိနှိုင်းပေါင်းစပ်ပေးခြင်းကိုပဲ ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒီလိုညှိနှိုင်းပေးလို့၊ ပေါင်းစပ်ပေးလို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းပေးတာတွေနဲ့ ပြေလည်သွားတာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း လုပ်ပေးနိုင်မယ့်အစီအစဉ်တွေကို ပြန်ကြားဖြေရှင်း ဆောင်ရွက်ပေးကြပါတယ်။ အခြေခံအဆောက်အအုံလိုအပ်ချက်နဲ့ ပတ်သက်ပြီး အကြီးစားမဟုတ်ဘဲ ကျေးရွာအတွင်း ဆောင်ရွက်တဲ့ လမ်းတွေ၊ စာသင်ကျောင်း၊ ဆေးပေးခန်း ပြင်ဆင်တာတွေနဲ့ အဆောင်သစ်တိုးခဲ့တာတွေ၊ စာကြည့်တိုက်၊ ကျေးရွာခန်းမ တည်ဆောက်တာအပါအဝင် ရွာတိုင်း ၄၀၀ ဗို့အားလိုင်းဆွဲတာ၊ ဓာတ်တိုင်တွေ အသစ်လဲလှယ်၊ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်တာတွေကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan-VDP) အစီအစဉ်နဲ့ကျေးရွာ ပြည်သူအတူ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။

VDP စီမံကိန်းမှာကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကျေးရွာနေပြည်သူများကိုယ်တိုင် ပါဝင်ဖော်ထုတ်ပြီး စီမံချက်ရေးဆွဲကာ ဦးစားပေးကဏ္ဍ အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျေးရွာတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်လို့ ကျေးရွာမှရွေးချယ်တဲ့ အခြေခံအဆောက်အအုံ အသေးစားများကို ဆောင်ရွက်ပေးနိုင်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်လည်းပါဝင်ပါတယ်။ ဒါဟာလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဌာနဆိုင်ရာနဲ့ပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ပဲဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်ခြင်း

စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့ အလွန်အရေးကြီးတဲ့အတွက် တောင်သူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာမှာ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ကြရပါတယ်။ ပုဂ္ဂလိကနဲ့တောင်သူများ ပူးပေါင်းဆောင်ရွက်ရပါတယ်။ ပုဂ္ဂလိကအချင်းချင်း၊ တောင်သူများအချင်းချင်း၊ အစိုးရဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှသာ လိုချင်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်များအဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရာမှာ အဆင်ပြေစေဖို့ ကဏ္ဍအလိုက် Focal တာဝန်ခံအဖြစ် တာဝန်ယူကြတဲ့ဌာနများ၊ အဖွဲ့အစည်းများက ဦးဆောင်ပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရပါတယ်။

ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု

ဒီလို ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထိရောက်အောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှု၊ ရလဒ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်သူအားလုံးစိတ်ကျေနပ်မှုရရှိပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုရှိရမှာဖြစ်ပြီး အစိုးရဌာနများမှ တာဝန်ရှိသူဝန်ထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ၊ တောင်သူများအားလုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ကြရမှာဖြစ်လို့ စိတ်စေတနာနဲ့ တာဝန်သိစိတ်အရ၊ နိုင်ငံချစ်စိတ်အရ၊ နိုင်ငံသားကောင်းစိတ်ဓာတ်အရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလေးထားရမည့် စိတ်ဓာတ် တွေကတော့-

(က)    အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှု။ ။ အပြုသဘောဆောင်သည့်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အရင်းခံရမည်။ ပြဿနာဖန်တီးလိုစိတ်မရှိရ။

( ခ )   လေးစားမှု။ ။ တစ်ဦးချင်းစီ၏ အမြင်၊ အယူအဆနှင့်အတွေ့အကြုံများကို လေးစားရပါမည်။

( ဂ )   နားထောင်ခြင်း။ ။ အခြားသူများ၏ထုတ်ဖော်ပြောဆိုချက်များကို တက်ကြွစွာ နားထောင်ခြင်း၊ သဘောထားကွဲလွဲ ချက်များကို နားလည်ရန် ကြိုးစားခြင်း။

(ဃ)    ပွင့်လင်းမြင်သာမှု။ ။ ဆောင်ရွက်မှုတိုင်းကို ပွင့်လင်းမြင်သာစွာ ပြသနိုင်ခြင်း။ စစ်ဆေးခံနိုင်ခြင်း။ မျှဝေနိုင်ခြင်း။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း။

( င )   ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှု။ ။ မိမိ ဆောင်ရွက်ချက်များကို ယုံကြည်မှုရရှိအောင် ကြိုးစားပြီး အခြားသူများကိုလည်း ယုံကြည်စိတ်ချရသော အဖွဲ့ဝင်များအဖြစ် ချီးမြှောက်ခြင်း။

( စ )   ဆက်သွယ်ပြောဆိုမှု ထိရောက်မှု။ ။ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီး သောအကြောင်းအရာများကို ပွင့်လင်း ချောမွေ့စွာ ဆက်သွယ်ပြောဆိုခြင်း။

(ဆ)    ရိုးသားမှု။       ။ မိမိအမြင်နှင့် ယူဆချက်များကို ရိုးသားစွာဖော်ပြခြင်း၊ ဆောင်ရွက်မှုတိုင်း ရိုးသားမှုရှိခြင်း။

( ဇ )   တန်ဖိုးထားမှု။ ။ အခြားသူများ၏ အထောက်အကူပြုမှုကို တန်ဖိုးထားခြင်းနှင့် အပြန်အလှန် တန်ဖိုးထားဆက်ဆံခြင်း။

( ဈ )   ပြန်လည် အပြန်အလှန်တုံ့ပြန်မှု။       ။ အခက်အခဲရှိသည့်အခါတွင် သင့်တော်သော ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခြင်း၊ အကူအညီပေးခြင်း၊ ပြဿနာ ဖြေရှင်းရာတွင် အတူတကွ ဆောင်ရွက်ခြင်း။

အကျိုးကျေးဇူးများ

လုပ်ငန်းနယ်ပယ်တူ၊ စိတ်တူကိုယ်တူများ ပူးပေါင်းဆောင်ရွက်ခြင်းဟာ သမဝါယမစနစ်ရဲ့ အခြေခံအကျဆုံး သဘောတရားဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေက အသင်းသားတောင်သူများကို ဝန်ဆောင်မှု ပိုမိုပံ့ပိုးပေးနိုင်ခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း၊ လိုအပ်တဲ့အထောက်အပံ့၊ အကူအညီတွေကို ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများထဲမှ လွယ်ကူချောမွေ့စွာ ချိတ်ဆက်ရယူနိုင်ခြင်း၊ ငွေကြေးအရင်း အနှီးလိုအပ်ချက်ကို စုပေါင်းဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှု သေချာစေခြင်းနဲ့ စျေးနှိမ်၊ စျေးဖြတ်ခြင်းတို့မှ ကင်းဝေးစေခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှု ကောင်းမွန်ခြင်း၊ အရည်အသွေးမြှင့်တင်နိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်နိုင်ခြင်း၊ လုပ်ငန်းစဉ်များကို မြန်ဆန်သွက်လက်ချောမွေ့အောင် ဆောင်ရွက်နိုင်ခြင်း၊ သင်ယူလေ့လာနိုင်စွမ်း မြှင့်တင်နိုင်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်များ ထိရောက်အောင်မြင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အမိမြန်မာနိုင်ငံရဲ့ အဓိကလိုအပ် နေတဲ့ ကွက်လပ်တွေက ဘာတွေဖြစ်မလဲ။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးတိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး စတာတွေပဲပေါ့။ ဒီကွက်လပ်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲ။ နိုင်ငံကိုဖျက်ဆီးဖို့ ဝန်းရံနေတဲ့ ပြည်တွင်း ပြည်ပရန်တွေကို ဘယ်လိုကာကွယ်တားဆီးကြမလဲ။ နိုင်ငံသားခံယူထားသူတိုင်း တာဝန်ရှိတာပေါ့။ အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်များမှာ တာဝန်ရှိတာပေါ့။ နိုင်ငံသားတိုင်းမှာ ကိုယ့်နိုင်ငံပိုမိုကောင်းမွန်ဖွံ့ဖြိုးအောင် ကြိုးစားရမယ့်တာဝန် ရှိပါတယ်။ နိုင်ငံသားတစ်ဦးစီ တိုင်း ထားရှိသင့်သောစိတ်ဓာတ်တွေက-

(က)   တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် တရားမျှတမှုရှိခြင်း၊

( ခ )   မိမိရဲ့လုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူအတွက် ဘေးအန္တရာယ်မဖြစ်စေရန် သေချာမှုရှိခြင်း၊

( ဂ )   ကောင်းမွန်သည့် လူမှုဘဝအတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာခြင်း၊

(ဃ)    လူမှုအဖွဲ့အစည်းအတွင်း ကောင်းမွန် သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

( င )   နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် မိမိတာဝန်ရှိသောကဏ္ဍမှ ပညာပေးခြင်း၊ ပံ့ပိုးပါဝင်ဆောင်ရွက်ခြင်း၊

( စ )   ကိုယ့်နိုင်ငံအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုး ထားခြင်း စတာတွေဖြစ်ပါတယ်။

ဤသို့သော ထားရှိသင့်တဲ့ စိတ်ထားများရှိရမယ့်အပြင် မိမိကိုယ်တိုင်၊ မိမိရဲ့မိသားစု၊ မိမိအဖွဲ့အစည်းနဲ့ မိမိနိုင်ငံအတွက် ကောင်းမွန်တိုးတက်စေတာတွေကို ဆောင်ရွက်ရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ လိုက်နာရန်၊ အခွန်ပေးဆောင်ရန်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စေသောလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရန်၊ မဲပေးရန်၊ လူမှုဆက်ဆံရေးစည်းကမ်းများ လိုက်နာရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နဲ့ လိုအပ်ပါက နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး မှာ ပါဝင်ထမ်းရွက်ရန် စတဲ့နိုင်ငံသားတာဝန်တွေ ကို နိုင်ငံသားတိုင်း သိရှိလိုက်နာကြဖို့ လိုအပ်ပါတယ်။ နိုင်ငံ့သားကောင်းစိတ်ဓာတ်ရှိပြီး နိုင်ငံသားတာဝန် ကျေပွန်ကြရင် ဘယ်လိုအခက်အခဲ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်ပါတယ်။ လိုအပ်နေတဲ့ ကွက်လပ် တွေကို နိုင်ငံကိုချစ်တဲ့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စုပေါင်း “အား” နဲ့ ဖြည့်ဆည်းကြပါစို့။ စည်းလုံး ညီညွတ်ခြင်း“အား”နဲ့ ဘေးအန္တရာယ်အပေါင်းကို စုပေါင်းကာကွယ်ကြပါစို့ဟု တိုက်တွန်းရင်း…။ ။