ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်သို့ သွားကြစို့
မင်းသုတ(တပ်ကုန်း)
လူသားမျိုးနွယ်အဖြစ် ပေါက်ဖွားလာသည်နှင့် တစ်ဦးတစ်ယောက်တည်းနေ၍ မရပေ။ လူ့ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့နှင့်ပင် နေရမည်သာ။ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှသည် အိမ်နီးချင်းများနှင့် ထိတွေ့ဆက်ဆံလာရပေသည်။ ထိုမှတစ်ဆင့် ရွာချင်း၊ မြို့ချင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းအချင်း ကူးလူးဆက်သွယ်သွားလာနေထိုင်ကြရပေသည်။ ထို့နည်းတူစွာ နိုင်ငံတစ်နိုင်ငံဖြစ်တည်လာလျှင် ပတ်ဝန်းကျင်အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံများနှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံတကာဆက်ဆံရေးစသဖြင့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်လာကြသည်။ ကမ္ဘာကြီးသည် ရွာတစ်ရွာပင်ဖြစ်လာခဲ့သည်။ ထိုရွာကြီး၌ မှီတင်နေထိုင်ကြကုန်သော လူသားတိုင်းသည်လည်း ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဉာဏဗလများသည်က မရှိမဖြစ် ပြည့်စုံကြရန် လိုအပ်လှပေသည်။
“အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသည့်အတိုင်း ကျန်းမာသန်စွမ်းသော လူတစ်ယောက်ဖြစ်ရန် အရေးကြီးလှပါသည်။ ကျန်းမာရန် ကိုယ်ကာယလေ့ကျင့်ခန်းများ နေ့စဉ်ပုံမှန်ဆောင်ရွက်သင့်ပါသည်။ ဆောင်းရာသီ အေးစိမ့်သော ဒီဇင်ဘာလတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပလျက်ရှိကြပေသည်။ ထိုလတွင်သာ ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ နှစ်စဉ်၊ လစဉ်၊ နေ့စဉ်ပြုလုပ်သင့်ပါသည်။ နံနက်စောစော အိပ်ယာထ အပြေးတက်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အိမ်တွင်းကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်သင့်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်ဆိုသည့်စကားအတိုင်းမဖြစ်ခင်က ကြိုတင်ကာကွယ်သင့်ပေသည်။
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ထုတ်ဝေသည့် “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်တွင် ဆရာတော်ဦးဗုဗ်က “သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း”ဟု စည်းစိမ်ပျက်ရခြင်းအကြောင်း ခြောက်ပါးကို ရေးသားထားသည်။ ၎င်းစာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း အိမ်တိုင်း၊ မိသားစုတိုင်း၌ ရှိသင့်သည့် စာအုပ်တစ်အုပ်ပင်ဖြစ်ပါသည်။ ငွေကြေးပစ္စည်းဥစ္စာဆိုရာ၌ ရွှေငွေရတနာတွင်းထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံ၊ လယ်ယာစပါးစသည့် ပစ္စည်းဥစ္စာများပင် မဟုတ်ပါလော။ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရပေမည်။ အလုပ်လုပ်မှ ငွေရမည်။ အလုပ်လုပ်မှ ကောက်ပဲသီးနှံများ၊ ဆန်၊ ရေ၊ စပါး ပေါကြွယ်ဝမည်။ အခြေခံလူတန်းစားများဖြစ်သည့် အလုပ်သမားများ၊ ဆိုက်ကားသမားများ၊ ဆိုင်ကယ်ကယ်ရီများ၊ တက္ကစီများသည်ပင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်ကြိုးစားရုန်းကန်နေရသည်။ နိုင်ငံ့ဝန်ထမ်းကျောင်းဆရာ ဆရာမများ၊ အမှုထမ်းအရာထမ်းများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည်ပင် ကိုယ့်တာဝန် ကိုယ်ထမ်း ကျေပွန်စွာထမ်းဆောင်နေကြရသည်။ မိမိ၏စားဝတ်နေရေးအဆင်ပြေအောင် နိုင်ရာဝန်ကိုထမ်း အလုပ်လုပ်နေကြရသည်သာ။
လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုပြဿနာများ၊ ခိုးဆိုးလုနှိုက်များ ပပျောက်လာမည်။ ထိုမှတစ်ဆင့် နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းသည်လည်း အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်လာပေမည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးနေထိုင်ကြသည်။ “ထီးနဲ့ ဖိနပ်မပါ နွေအခါမှသိ၊ ဒါနနဲ့ သီလမပါ သေခါမှ သိမည်”ဆိုသည့်အတိုင်း သီလတောင့်မှ ဝမ်းတောင့်နိုင်ပေမည်။
“လူမှာအဝတ်၊ တောင်းမှာအကွပ်”ဆိုသလို တောင်းမှာ အကွပ်မပါက ပျက်စီးမှုမြန်သည်။ လူမှာ သီလနှင့်တူသော အကျင့်စာရိတ္တ အဝတ်မပါက ပတ်ဝန်းကျင်၌ မသင့်တော်ပေ။ ထို့ကြောင့် စီးပွားရေးလုပ်သည့်အခါ သီလမဂ္ဂင်သုံးပါးဖြစ်သည့် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ မှန်ကန်သောစကားကို ပြောဆိုခြင်း၊ လိမ်လည်မပြောဆိုခြင်း၊ ကောင်းစွာအလုပ်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ကောင်းစွာအသက်မွေးဝမ်းကျောင်းခြင်းတို့သည် အလွန်အရေးကြီးလှသည်။
“အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ” အကုသိုလ်ကင်းသောအလုပ်ကို လုပ်ခြင်းသည် မြတ်သောမင်္ဂလာဖြစ်၏လို့ ဘုရားဟောကြားခဲ့လေသည်။ အကျင့်စာရိတ္တသည် မရှိမဖြစ်လိုအပ်သည်။ စာရိတ္တညံ့ဖျင်းသူအား ပတ်ဝန်းကျင်တွင် မည်သူမျှ အပေါင်းအသင်း မလုပ်ချင်ကြပေ။ သူတစ်ပါးအသက်အား သတ်ဖြတ်သူ၊ သူတစ်ပါးပစ္စည်း ခိုးယူသူ၊ သူတစ်ပါးသားမယားအား ဖျက်ဆီးသူ၊ လိမ်လည်ပြောဆိုသူ၊ နောက်ကွယ်၌ သူတစ်ပါးအကြောင်း ကဲ့ရဲ့သူ၊ အပြစ်တင်တတ်သူနှင့် အရက်သေစာသောက်စားမူးယစ်သူတို့သည်ကား မကြာမီပျက်စီးခြင်းသို့ ရောက်ရလေသည်။ ပတ်ဝန်းကျင်မှ ရှောင်ကြဉ်ခြင်းခံရသောသူသာ ဖြစ်သွားတတ်သည်။ မိမိအား ကူညီရိုင်းပင်းတတ်သူများပင် စွန့်ခွာသွားတတ်ကြသည်။ လူကြီးသူမများနှင့် မိတ်ကောင်း ဆွေကောင်းများ၏ ကူညီစောင့်ရှောက်မှုများနှင့်လည်း ကွေကွင်းသွားရတတ်သည်။ ကြီးပွားတိုးတက် မှုတို့သည်လည်း ဆုတ်ယုတ်ရပေလိမ့်မည်။
ကျောင်းတက်ပညာသင်ကြားချိန်အရွယ်မှစ၍ အပေါင်းအသင်းသည် အရေးကြီးလှသည်။ ဆိုးသော၊ မိုက်သော၊ ရမ်းကားသော၊ နှုတ်ကြမ်းသောသူတို့သည် အပေါင်းအသင်းရှားကြသည်။ လူမိုက်တစ်ယောက်၏လျှာသည် သူ၏အကြံဉာဏ်များ၊ ထင်မြင်ချက်များကိုပြောဖို့အတွက် အဓိကအရာ ဖြစ်သည်။ ပညာရှိတစ်ယောက်၏လျှာသည် သူ၏တတ်သိလိမ္မာမှုများအား သိမ်းဆည်းထားသည့်အရာ ဖြစ်သည်။ ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးက ပြောခဲ့သည်ကို ဖတ်ဖူးခဲ့ပါသည်။ ဦးနု၏ ဘာသာပြန်စာအုပ်ဖြစ်သည့် “မိတ္တဗလဋီကာ”ကို ဖတ်ခဲ့ဖူးပါသည်။ ၎င်းစာအုပ်တွင် လူအများပေါ်တွင် သြဇာညောင်းရန်နှင့် မိတ်ဆွေပေါများရန် နည်းနိဿယများ ပါဝင်သည်။
ကျွန်တော်၏အဖေသည် စာအုပ်များ စုဆောင်း ပြီး စာအုပ်စင်ကလေးနှင့် စီစီရီရီထားသည်။ အားလပ်ချိန်များတွင် ကျွန်တော့်အား သုတရသစာအုပ်များ၊ ပုံပြင်စာအုပ်များ ဖတ်ခိုင်းခဲ့ပါသည်။ ဖတ်ပြီးလျှင် မှတ်စုစာအုပ်တွင် မှတ်ခိုင်းသည်။ ပြန်လည်ဆွေးနွေးသည်။ တချို့အကြောင်းအရာတွေ ယနေ့ထိ မှတ်မိ နေသေးသည်။ ၎င်းမှတ်စု စာအုပ်လေးက ကျွန်တော့်အတွက် ဗဟုသုတဟင်းပေါင်းအိုးကြီးတစ်ခုပင် ဖြစ်လာခဲ့ပါသည်။ ဟောင်းနွမ်းပျက်စီးနေသော စိတ်ထားများကို အမြစ်ကပါ သုတ်သင်၍ အကြံကောင်း၊ အစည်ကောင်း၊ နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ မိတ်ကောင်း ဆွေကောင်း ပေါများအောင် ပြုပြင်ပေးခဲ့ပါသည်။ လူချစ်လူခင်များအောင်လည်း လုပ်ပေးခဲ့ပါသည်။
“တာဝန်မသိ၊ သစ္စာမရှိ၊ ဖိတ်ခေါ်မလာ၊ ဘေးမှ ပြစ်ပြော၊ စိတ်ထားမမှန်၊ ဤငါးတန်မှတ်ရန် အဖွဲ့အစည်း ပျက်စီးအကြောင်းတည်း”ဆိုသည့်အတိုင်း မိတ်ဆွေအပေါင်းအသင်းများ၊ အဖွဲ့အစည်းများ ပျက်ရပေမည်။ ယနေ့လူ့အဖွဲ့အစည်းအမျိုးမျိုး၌ လုပ်ကိုင်နေကြသောသူများကို အားကျမိပါသည်။ ငယ်ငယ်တုန်းက သင်ခဲ့ရသည့် ကျီးနှင့် ဘုတ်ကဲ့သို့ ကြီးသူကို ရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူကို သနားငဲ့ညှာစောင့်ရှောက်ရမည်။ ထိုမှသာ ဆွေမျိုးမိတ်သင်္ဂဟများ တိုးပွားလာမည်မဟုတ်ပါလား။ မိတ်ဆွေ အပေါင်းအသင်းများလာသည်နှင့်အမျှ မိမိဒုက္ခ ရောက်ချိန်၊ အကူအညီလိုအပ်နေချိန်များ၌ ဖေးမ ကူညီစောင့်ရှောက်မှုများ ရရှိတတ်ပေသည်။ သင်သာ ပန်းလေးတစ်ပွင့်ဖြစ်အောင်ကြိုးစားပါ။ သင်ကိုယ်တိုင် ပန်းကောင်းတစ်ပွင့်ဖြစ်လာလျှင် ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးတွေ ရစ်ဝဲနေမည်သာ။ ထို့ကြောင့် စာရိတ္တကောင်းမွန်သောသူဖြစ်အောင် ကြိုးစားပြုကျင့် နေထိုင်ပါ။ သို့မှသာ သင်နှင့် လူတိုင်းက ပေါင်းသင်း နေထိုင်ပါလိမ့်မည်။
ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသက “သီလနည်းလျှင် နီးရာလူနှင့် ရန်ဖြစ်တတ်သည်၊ သမာဓိနည်းလျှင် မိမိကိုယ်နှင့် ရန်ဖြစ်တတ်သည်၊ ပညာနည်းလျှင် တစ်လောကလုံးနှင့် ရန်ဖြစ်တတ်သည်”ဟုပင် မိန့်ခဲ့ဖူးသည်။ အကျင့်သီလကောင်းအောင် မိတ်ဆွေအပေါင်းအသင်းများအောင် လူချစ်လူခင်များအောင် ပညာကို ကြိုးစားသင်ယူသင့်ပါသည်။
ထို့ကြောင့် ၂၁ ရာစု ဗလငါးတန်ဖြစ်သော ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အသွေး (PQ—Physical Quotient)၊ မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့်အရည်အသွေး (CQ—Culture Quotient)၊ ဘဝရှင်သန်နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့်အရည်အသွေး (SQ—Spiritual Quotient)၊ စိတ်နှလုံးခံစားမှုအရည်အသွေး (EQ—Emotional Quotient) နှင့် ဉာဏ်ရည်ဉာဏ်သွေး (IQ—Intelligence Quotient) များ ပြည့်စုံရန် လိုအပ်လှပေသည်။ ထိုဉာဏ်ရည်ဉာဏ်သွေးများကို စာကြည့်တိုက်များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ စာအုပ်စာစောင်များတွင် ရှိပါသည်။ စာပေစာကောင်း စာအုပ်များ ရွေးချယ်ဖတ်ရှုတတ်ရန်လည်း အရေးကြီးလှပါသည်။ အဆိပ်သင့်စာပေများကို ရှောင်ရှားသင့်ပါသည်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သောစာပေသည် သုတစာပေဖြစ်ပြီး နှလုံးသားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောစာပေမှာ ရသစာပေဖြစ်ပါသည်။
သုတရသစာအုပ်ကောင်းများစွာ ရှိကြပါသည်။ ဆရာကြီးပီမိုးနင်း၏ “စိတ်ပညာ”စာအုပ်ကောင်းများသည်လည်း ကျွန်တော့်အတွက် ပြုပြင်စရာများစွာ တွေ့ရှိခဲ့ရပါသည်။ အားလပ်ချိန်တိုင်းကိုင်ခဲ့သည့် ဖုန်းလေး၏နေရာတွင် စာအုပ်များဖြင့် အစားထိုးနိုင်ခဲ့ပါသည်။ အဖေ့စာအုပ်စင်လေးက ကျွန်တော့် အတွက် အကောင်းဆုံးအဖော်မွန် မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့ပါသည်။ ငယ်ငယ်က ရိုသေရကောင်းမှန်းမသိဘဲ ဆုတ်ဖြဲခဲ့ဖူးသည့်စာအုပ်များကို ကျွန်တော် ချစ်တတ်ခဲ့ပါသည်။ စာဖတ်ခြင်းဖြင့် ဗဟုသုတများစွာ ရရှိခဲ့ပါသည်။ စိတ်ဖိစီးမှုများ လျော့ကျခဲ့ပါသည်။ မှတ်ဉာဏ်များ တိုးပွားလာခဲ့ပါသည်။ ကျန်းမာရေးဗဟုသုတများစွာ ရရှိခဲ့ပါသည်။ ဘဝနေထိုင်နည်းများကို သိရှိလာခဲ့ပါသည်။ နာကျင်မှု၊ စိတ်ဓာတ်ကျမှု၊ အားငယ်မှုများကို ကုစားပေးနိုင်ခဲ့ပါသည်။ စိတ်ကောင်းစေတနာကောင်းများဖြင့် ကိုယ်ချင်းစာနာတတ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အမှာစကားလေးပြောလိုက်ချင်ပါသည်။ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်သို့ သွားကြစို့။”