အွန်လိုင်းမှတစ်ဆင့် MRTV ကို ကြည့်ရှုခံစားပါ
ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် လုပ်ငန်းဆောင်တာများကို ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် လိုက်ပါပြောင်းလဲခြင်းက လုပ်ငန်းများ အရှိန်အဟုန်မပျက် ရပ်တည်နိုင်ရန်အတွက် သော့ချက်ဖြစ်သည်။ စိန်ရတုနှစ်ကြိုဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အွန်လိုင်း မီဒီယာဖြင့်လည်း ပရိသတ်များအတွက် တင်ဆက်ပေးလျက်ရှိသည်။
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား အွန်လိုင်းမီဒီယာ ပလက်ဖောင်းကို စတင်ခဲ့သည်။ www.mrtv.gov.mm တွင် ပြည်တွင်း၊ ပြည်ပ သတင်းများ၊ အားကစားနှင့် ဖျော်ဖြေမှုများ၊ အသိပညာ မြှင့်တင်ရေး အစီအစဉ်များ၊ သုတရသ အစီအစဉ်များဖြင့် ကဏ္ဍအလိုက် လွှင့်တင် ထားသည်ကို မြင်တွေ့ရသည်။ MRTV Webportal မှ MRTV Facebook, You Tube, Live Stream နှင့် Sound Cloud များက အချိန်နှင့် တစ်ပြေးညီ ပြည်တွင်း၊ ပြည်ပ သတင်းများကို ထုတ်လွှင့်လျက်ရှိသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာဖြစ်သည့် MRTV ကိုလည်း အားပေးသူပေါင်း ကိုးသန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။
MRTV ဝက်ဘ်ဆိုက်ကနေ ဘာတွေရနိုင်မလဲ
ပြည်တွင်းနှင့် နိုင်ငံတကာမှ ထူးခြားသည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အတွက် Latest News ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။ MRTV မှ နေ့စဉ်ထုတ်လွှင့် နေသည့် သတင်းအစီအစဉ်များကိုလည်း ဝက်ဘ်ဆိုက်တွင် နေ့စွဲအလိုက် ပြန်လည် ကြည့်ရှုနိုင်သကဲ့သို့ ဒေါင်းလုပ်ခ် (Download) ရယူသိမ်းဆည်း နိုင်စေရန် တစ်ပုဒ်ချင်း ပြန်လည်လွှင့်တင် ထားရှိ သည်။
Live Stream Menu အောက်တွင် MRTV Channel ကို Live Streaming ထုတ် လွှင့်ပေး ထားခြင်းကြောင့် ရုပ်မြင်သံကြားနှင့် တစ်ပြိုင်တည်း အစီအစဉ်များအားလုံးကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။ MRTV အပြင် MITV, Hluttaw, NRC နှင့် Farmers ရုပ်သံလိုင်း ငါးလိုင်းနှင့် မြန်မာ့အသံရေဒီယို၊ မြန်မာနိုင်ငံအထက်ပိုင်း တိုင်းရင်းသား ရေဒီယို၊ မြန်မာနိုင်ငံအောက်ပိုင်း တိုင်းရင်းသား ရေဒီယိုဖြစ်သည့် ရေဒီယိုသုံးလိုင်း ကိုလည်း www.mrtvlivestream.tv ၌ livestreaming လွှင့်တင်ထားသဖြင့် Android Mobile Devices မှ တိုက်ရိုက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။
“သတင်းထူးတွေကို ပရိသတ်တွေ အချိန်နဲ့တစ်ပြေးညီ သိရှိစေဖို့အတွက် New Media တွေ ဖြစ်တဲ့ ဝက်ဘ်ပေါ်တယ်နဲ့ ဖေ့စ်ဘွတ်၊ You Tube တို့ကနေ လွှင့်တင်ပေးနေပါတယ်။ ပုံမှန် သတင်းအပြည့်အစုံကိုလည်း New Media ပေါ်မှာ ပြန်တင်ပေးတယ်။ ဒါကြောင့် အွန်လိုင်းကနေ သတင်းထူးတွေကို အချိန်မဆိုင်း ကြည့်နိုင်သလို တီဗွီသတင်းအပြည့်အစုံကိုလည်း အချိန်နဲ့ တစ်ပြေးညီကြည့်ရှုနိုင်ပါတယ်” ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ပြောကြားသည်။
သတင်းဗီဒီယိုများ၊ ထူးခြားဆန်းပြားသည့် သတင်းဦးများနှင့် နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းစုစည်း မှုများက MRTV ဝက်ဘ်ဆိုက်ကို အားဖြည့်ပေး ထားသည်။ တိုင်းရင်းသား ရုပ်သံလိုင်းများ ကိုလည်း အွန်လိုင်းတွင် ဝင်ရောက်နားဆင် ကြည့်ရှုနိုင်သကဲ့သို့ ဝန်ကြီးဌာန အသီးသီးမှ ပြည်သူအတွက် ထုတ်ပြန်ချက်၊ ပန်ကြားချက်များကိုလည်း ဖတ်ရှုနိုင်ကြမည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝက်ဘ်ဆိုက်တွင် သတင်းများ၊ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှု များ၊ တိုင်းရင်းသား ဘာသာစကားဖြင့် တင်ဆက်မှုများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ဆက် ထားသည့် အစီအစဉ်များအားလုံးကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာအချက်များ တစ်နေရာတည်းရယူ
ဝက်ဘ်ဆိုက်၏ မူလစာမျက်နှာအတွင်း Election 2020 ကဏ္ဍကို သီးသန့်ဖော်ပြထားသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက် များအားလုံးကို သီးသန့်ဝင်ရောက် ဖတ်ရှုနိုင်မည် ဖြစ်သည်။ ယင်းကဏ္ဍတွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးတေးသီချင်းများ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ ပညာပေးအစီအစဉ်၊ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ဆန္ဒမဲပေးသူများ၏ အခွင့်အရေးများကို ပြည့်ပြည့်စုံစုံ ဖော်ပြ ထားသည်။ ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသည်နှင့် နိုင်ငံရေးပါတီများ၏ ပြည်သူထံ တင်ပြချက်များနှင့် ရွေးကောက်ပွဲအတွက် ရက်ပေါင်း ၆၀ Count Down အစီအစဉ်များ ကိုလည်း လွှင့်တင်လျက်ရှိပါသည်။
ကမ္ဘာ့ကပ်ရောဂါနှင့် နောက်ဆုံးရသတင်းများ
Covid-19 Pandemic ကဏ္ဍတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးရလဒ် သတင်းများ၊ ကျန်းမာရေးအသိပညာပေးဆွေးနွေးမှုများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုဗစ်-၁၉ ရောဂါ အကြောင်းကို အပြန်အလှန် ဆွေးနွေးထားသည့် အွန်လိုင်းဆွေးနွေးမှုများ၊ နိုင်ငံ အသီးသီးမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား များ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် ဆောင်ရွက်ထားရှိမှု အစီအမံများ အားလုံးကို တစ်နေရာတည်းမှာပင် ဝင်ရောက်ကြည့်ရှုနိုင်ခြင်းကြောင့် သတင်းအချက်အလက် ရရှိလိုသူများအတွက် အဆင်ပြေစေမည် ဖြစ်သည်။
ထို့ပြင် လူအများ စိတ်ဝင်စားသည့် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူဦးရေစာရင်းများ၊ ကူးစက် သူများ၏ ဒေသနှင့် အချက်အလက်များ၊ ကျန်းမာရေး အခြေအနေများနှင့် အရေးပေါ်တုံ့ပြန်ရေး အစီအမံများကို အလျင်မြန်ဆုံး သိရှိနိုင်ရန် အားထားရသည့် ဝက်ဘ်ဆိုက်တစ်ခုလည်းဖြစ်သည်။
ကဏ္ဍပေါင်းများစွာထဲက နှစ်သက်ရာရွေးချယ်နိုင်
ဝက်ဘ်ဆိုက်တွင် နိုင်ငံတော်အကြီး အကဲများ၏ မိန့်ခွန်းများ၊ နိုင်ငံတကာရေးရာ သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ အလုပ်သမား အရေး၊ အားကစား၊ ဖျော်ဖြေရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတို့အပြင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးခြင်းကဏ္ဍ၊ အမျိုးသမီးများဆိုင်ရာ ဆွေးနွေးခြင်းကဏ္ဍ၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးအဖြေရှာခြင်းကဏ္ဍ စသည်ဖြင့် သီးသန့်ကဏ္ဍငယ်များ ခွဲခြားကြည့်ရှုနိုင်သည်ကိုလည်း မြင်တွေ့ရသည်။
ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ၊ သဘာဝဘေးကြုံတွေ့နေရသည့် ဒေသများ၏ သတင်းအချက် အလက်များကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အွန်လိုင်းမီဒီယာများတွင် ကြည့်ရှုနိုင်သည်။ ကိုဗစ်-၁၉ ရောဂါ ပထမဆုံး စတင်တွေ့ရှိ ရသည့် သတင်းမျိုးတွင် လူမှုကွန်ရက်၌ ကြည့်ရှုသူ သိန်းနှင့်ချီ၍ မြင်တွေ့ရပြီး ယခု ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ လူနာများ စံချိန်တင် မြင့်တက်လာခဲ့သည့် သတင်း၊ နိုင်ငံတကာ အားကစားသတင်းအချို့မှာ ပရိသတ်များ စိတ်ပါဝင်စားမှုအများဆုံး ဖြစ်သည်ကိုလည်း Viewer, Like နှင့် Share ပြုလုပ်သူဦးရေအရ သိမြင်နိုင်သည်။
ကိုဗစ်-၁၉ ကာလ ပြည်သူများအတွက် အပန်းဖြေစရာ
အွန်လိုင်းမှတစ်ဆင့် ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုခံစားနိုင်ရန် မြန်မာ့ ရုပ်ရှင်ရာပြည့် အစီအစဉ်များ၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အစီအစဉ်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ် အစီအစဉ် ကောင်းများကိုလည်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေ သည်ကိုလည်း သတိပြုမိသည်။ သောကြာနေ့ညတိုင်း လွှင့်တင်ပေးသည့် မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ အမှတ်-၃ ဆိုလျှင် လူမှုကွန်ရက်မှ ကြည့်ရှုအားပေးသူ ခြောက်သိန်းကျော်အထိ ရှိနေ သည်ကိုလည်း မြင်တွေ့ရသည်။
တိုက်ရိုက်အစီအစဉ်များကို ကြည့်ရှုသူများပြား
တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခြင်း အစီအစဉ်တွင် နိုင်ငံအတွက် ထူးခြားသည့် အခမ်း အနားများကို တင်ဆက်ပေးလျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး တိုက်ရိုက် တင်ဆက်မှုကို အွန်လိုင်းမှ ကြည့်ရှုသူတစ်သိန်းကျော် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
MRTV အွန်လိုင်းအစီအစဉ်များအတွက် နေ့စဉ်သတင်းနှင့် အစီအစဉ်များ ပုဒ်ရေ ၁၈၀ ခန့် တင်ဆက်ပေးလျက်ရှိပြီး ယင်းတို့တွင် တီဗွီသတင်း၊ ရေဒီယို သတင်းနှင့် ဓာတ်ပုံသတင်းများ ပါဝင်သည်။ သတင်းထူး မရှိသည့် နေ့ရက်များတွင် MRTV Facebook page သို့ ဝင်ရောက် ကြည့်ရှုသူ ခြောက်ထောင်မှ တစ်သောင်းကြားတွင်ရှိပြီး ထူးခြားသည့် သတင်းများ တင်ဆက်ရသည့်အခါ ကြည့်ရှုသူ သုံးသောင်းမှ ငါးသောင်းကျော်အထိ ရှိနေသည်။
MRTV တွင် သတင်းအချက်အလက်များ ပိုမိုအားကောင်းစေရန် အနယ်နယ်အရပ်ရပ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ စုဆောင်းတင်ဆက် သည့် သတင်းရုပ်ပုံ၊ သတင်းစာသား၊ ရုပ်သံတို့ကို အွန်လိုင်းမှ တင်ဆက်ပေးလျက်ရှိသည်။ နိုင်ငံတကာသတင်းဌာန စိတ်မှလည်း နိုင်ငံတကာသတင်းများကို AFP, NHK, CCTV, APU စသည့် သတင်း ဌာနများမှ ရယူကာ ဘာသာပြန်ဆို၍ အွန်လိုင်းတွင် ကမ္ဘာ့သတင်းထူးများအဖြစ် တင်ဆက်ပေးလျက် ရှိသည်။
သတင်းမှန်ကန်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်မီဒီယာ
MRTV ၏ မီဒီယာပလက်ဖောင်းအသစ် New Media တွင် အယ်ဒီတာလမ်းညွှန်ချက်များ ထားရှိပြီး နိုင်ငံပိုင်မီဒီယာပီသစွာ သတင်းမှန်ရရှိရေးအတွက် မှန်ကန်မှုရှိခြင်း၊ အချက်အလက် ပြည့်စုံခြင်းနှင့် ဘက်မလိုက်ဘဲ မျှတမှုရှိခြင်း၊ သတင်းရင်းမြစ် ခိုင်မာခြင်းတို့ကို သတိထား ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရသည်။
မူလက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အွန်လိုင်းသတင်းဌာနအတွက် ဝန်ထမ်း ၁၄ ဦးသာ ရှိခဲ့ရာမှ New Media အသွင် ကူးပြောင်းနိုင်စေရေးအတွက် ဝန်ထမ်း အင်အား ၂၇ ဦးဖြင့် သတင်းလွှင့်တင်မှုများကို ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံးက သတင်းဗျူရိုများမှ သတင်း ထောက်များ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရှိ မြန်မာ့သတင်းစဉ်မှ ထုတ်ပြန်သည့် နိုင်ငံတော် သတင်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ အမြို့မြို့အနယ်နယ်မှ သတင်း ထောက်များမှ ရေးသားပေးပို့ကြသည့် သတင်းများနှင့် ဝန်ကြီးဌာနများ၏ Official Page များမှ လွှင့်တင်ပေးသည့် သတင်းများကို Credit ပေးကာ အချိန်နှင့်တစ်ပြေးညီ ပြန်လည် ထုတ်လွှင့် ဖော်ပြပေးပြီး နေ့စဉ် တင်ဆက်လျက်ရှိသည်။
MRTV Facebook page စာမျက်နှာသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန တစ်ခုလုံးကို ကိုယ်စားပြုပြီး ရုပ်သံလိုင်းများနှင့် ရေဒီယိုလိုင်းများမှ ထုတ်လွှင့် သည့် သတင်းနှင့် အစီအစဉ် များကို လွှင့်တင်ပေး လျက်ရှိသည်။ လူငယ်များအတွက် စိတ်ဝင်စားစေမည့် ဘောလုံးပွဲ တိုက်ရိုက်ပြသမှုများ၊ နာရီစဉ် သတင်းများနှင့် နိုင်ငံတကာသတင်းများကို တိုက်ရိုက်လွှင့် တင်ပေးခဲ့ရာမှ ပိုမိုအဆင်ပြေစေရန်အတွက် MRTV-LIVE Page မှ တိုက်ရိုက်တင်ဆက်မှုများကို ဝင်ရောက် ကြည့်ရှုနိုင်သည်။
MRTV ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်စာမျက်နှာများမှ နေ့စဉ်သတင်းများကို ဝေဝေဆာဆာဖြင့် တင်ဆက်လျက်ရှိရာ အားပေးသူများပြား လာသည်နှင့်အမျှ အွန်လိုင်းအဖွဲ့များ စုဖွဲ့ကာ သတင်းနှင့် အစီအစဉ်အကျဉ်း (ဇာတ်လမ်းတို)များ လွှင့်တင်ပေးနိုင်ရေးကိုလည်း ဆောင်ရွက် သွားမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုဖြင့် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ဒစ်ဂျစ်တယ် မီဒီယာကို သတင်းဌာန အသီးသီးက အကောင်အထည်ဖော် လျက်ရှိရာ ခိုင်မာမှန်ကန်၍ ဘက်မလိုက်မျှတသည့် သတင်းများ၊ ပညာပေးအစီအစဉ်များနှင့် သုတရသများစွာကို အွန်လိုင်းမှတစ်ဆင့် အသုံးပြုသူများထံ အရောက်တင်ဆက်နေပြီ ဖြစ်ပါကြောင်း။ ။
ခင်ရတနာ