Skip to main content

စနစ်တကျတန်ဖိုးထား သုံးစွဲကြရမည့် လျှပ်စစ်ဓာတ်အား

မောင်မောင်စွယ်စုံထွန်း

အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားလုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတော်အနေဖြင့်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် အမြင့်ဆုံးပျမ်းမျှ ဓာတ်အားလိုအပ်ချက်သည် ၅၈၀၀ မဂ္ဂါဝပ်ခန့်ရှိခဲ့ရာ လက်ရှိအချိန်တွင် ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုများမှာ ဓာတ်ငွေ့စျေးနှုန်း လေးဆခန့်မြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားရခြင်း၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များမှာ အကြမ်းဖက်သူများ၏ အကြိမ်ကြိမ်မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အားလျော့နည်းနေခြင်းများ စသည့်အကြောင်းအမျိုးမျိုးကြောင့် လက်ရှိဓာတ်အားစနစ်အတွင်းသို့ ပျမ်းမျှအားဖြင့် ၂၀၀၀ မဂ္ဂါဝပ်ကျော်ကျော် ပတ်ဝန်းကျင်သာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်လျက်ရှိသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့တွင် ဓာတ်အားပေးစက်များ နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခုပွင့်လင်း ရာသီကာလ၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ရေဝင်ရောက်မှုနည်းလာပြီး နွေရာသီကာလ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေလှောင်ကန်/ဆည်များ၌ရှိသည့် ရေများအားလုံးကို ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ခြင်းမရှိဘဲ လိုအပ်သည့်ခွဲတမ်းအရ ရေပြန်ရချိန်အထိထိန်းသိမ်းပြီး လျှော့ချမောင်းနှင်နေရခြင်းတို့ကြောင့် စုစုပေါင်း ထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက်များစွာ လျော့နည်းလျက်ရှိပါသည်။

ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနေ

ဖျက်ဆီးခံရသည့် တာဝါတိုင်များကို အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း ဝန်ထမ်းများ၏ အသက်အန္တရာယ်ပြုခံရခြင်း၊ ပြုပြင်ပြီး အချိန်အနည်းငယ်အတွင်း ပြန်လည်ဖျက်ဆီး ခံရခြင်း စသည်တို့ကြောင့်လည်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့နေ ရပါသည်။ ဓာတ်အားရရှိမှုလျော့နည်းနေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ် တည်ငြိမ်မှုကိုထိန်းညှိရန် ဆောင်ရွက်ရသည့်အတွက် အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် အရေးပေါ် ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို မဖြစ်မနေဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ပါသည်။ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဝန်အားလျှော့ချနေရသည့်အခါတွင် ပုံမှန်လျှပ်စစ်ရရှိနေချိန် ထက်ပိုမို၍ ပင်ပန်းကြီးစွာ သတိကြီးစွာဖြင့် ဆောင်ရွက်နေရသဖြင့် ဝန်အားလျှော့ချရမှုများကို လုံးဝဆောင်ရွက်လိုခြင်းမရှိကြသော်လည်း ပြည်သူတို့၏ အကျိုးအတွက် မလုပ်ချင်ဘဲနှင့် ဆောင်ရွက် ပေးနေရခြင်း ဖြစ်ပါသည်။

လျှပ်စစ်မီးသုံးစွဲသည့် မိဘပြည်သူများအား လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ ချွေတာသုံးစွဲနိုင်ရေးနှင့် လျှပ်စစ်မီးချွေတာခြင်းအားဖြင့် ယခုကဲ့သို့ ဓာတ်အားမလုံလောက်ချိန်တွင် အခြားအရေးကြီး လိုအပ်သည့် ဆေးရုံ၊ စာသင်ကျောင်းများကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းကို ပြည်သူလူထုမှလက်ခံပြီး နားလည်သဘောပေါက် သိရှိရန်နှင့် နံနက်အလင်း ရောင်ရသည့်အချိန်တွင် လမ်းမီး၊ အဆောက်အအုံ၊ အိမ်၏လုံခြုံရေး မီးများနှင့် အခြားမလိုအပ်သည့် မီးများ ပိတ်ထားရေးနှင့် လိုအပ်သလောက်သာ လျှပ်စစ်မီးကို ချွေတာသုံးစွဲနိုင်ရေးအတွက် ယခုလို ကာလမျိုးတွင် အထူးလိုအပ်လျက်ရှိပါသည်။

နိုင်ငံ့ဝန်ထမ်းများ စံနမူနာပြလုပ်ဆောင်သင့်

လျှပ်စစ်ဓာတ်အားကို ပြည်သူတို့ ခြိုးခြံချွေတာမှသာ အနာဂတ်မျိုးဆက်သစ်တို့အတွက် သာယာလှပသောဘဝများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြရန် အထူး လိုအပ်လှပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူအားလုံး စံနမူနာပြဖြစ်စေရန် အောက်ပါအတိုင်း ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါသည်-

(၁) ရုံးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သော Printer, Copier, Fax, Computer နှင့် Air Conditioner များကို လိုအပ်မှသာဖွင့်ရန်နှင့် မလိုအပ်ဘဲဖွင့်ထားခြင်းမပြုရန်၊ ရုံးများတွင် ရုံးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သော မီးပလပ်များတွင် ဖုန်းအားသွင်းကြိုးများကို အားသွင်းထားခြင်းမရှိဘဲ ခလုတ်ဖွင့်ထားခြင်း မပြုရန်နှင့် အားပြည့်ပါက အချိန်မီဖြုတ်သိမ်းရန်၊ ဝန်ထမ်းအိမ်ရာများတွင် နေအိမ်/ တိုက်ခန်းများရှိ ဝရန်တာမီး၊ လှေကားမီး၊ လုံခြုံရေးမီးများကို မှောင်မှဖွင့်ရန်နှင့် မလင်းခင်မီးပိတ်ရန် ဖြစ်ပါသည်။

(၂) ဝန်ကြီးဌာနအသီးသီးရှိ ရုံးခန်းအများစုတွင် လိုက်ကာများတပ်ဆင်ပြီး မီးချောင်းများဖွင့်၍ အလုပ်လုပ်နေခြင်းအစား လိုက်ကာများဖွင့် မီးချောင်းများပိတ်ပြီး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ လမ်းများတွင် အလင်းရောင်ရရှိစေရန် လျှပ်စစ်လမ်းမီးအမျိုးမျိုးတို့ နေရာတွင် ဆိုလာစွမ်းအင်သုံး လမ်းမီးများ ပြောင်းလဲတပ်ဆင်ခြင်းနှင့် အများနှင့်သက်ဆိုင်သော ရုံး၊ ကျောင်း၊ ဌာနဆိုင်ရာများတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းအားလုံးကို လဲလှယ်ရမည့်အချိန်တွင် Energy Saving ပစ္စည်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုရန် ဖြစ်ပါသည်။

ယူနစ်သုံးစွဲမှုထက်ဝက်ကျော် သက်သာနိုင်

နိုင်ငံတော်တွင် ယခုအခါ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန်တွင် အိမ်ထောင်စုပေါင်း ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲ လျက်ရှိပြီးဖြစ်ပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသော အိမ်ထောင်စုများမှ ၂ ဒသမ ၂ သန်းခန့်ကျော်သော ပမာဏသည်လိုအပ်သော ဓာတ်အားသုံးစွဲမှုကိုသာ ချွေတာသုံးစွဲမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ၂၀ ဝပ်ခန့် ချွေတာနိုင်လျှင် ဓာတ်အားပမာဏ ၄၄ မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ကျန်မီးမရရှိသေးသည့် အိမ်ထောင်စုများသို့ ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။

အိမ်တစ်အိမ်လျှင် မလိုအပ်သောနေရာရှိ ၄၀ ဝပ်လေးပေ မီးချောင်းတစ်ချောင်းကို တစ်ရက်ပိတ်ထားခြင်းဖြင့် ၂၄ နာရီ x ၄၀ ဝပ် = ၉၆၀ ဝပ်၊ ၁ ကီလိုဝပ် နာရီ = ၁ ယူနစ် သက်သာမည်ဖြစ်ပြီး အလင်းအားတူပြီး ဓာတ်အားသုံးစွဲမှုဝန်အား ထက်ဝက်ကျော်သက်သာသည့် LED မီးသီး၊ မီးလုံးများကို အစားထိုးအသုံးပြုခြင်းဖြင့် ယူနစ်သုံးစွဲမှုမှာ ထက်ဝက်ကျော်အထိ သက်သာသွားနိုင်ပါမည်။

လေအေးပေးစက်ဖွင့်ခြင်းကို တစ်ရက်လျှင် ၁၀ နာရီခန့် အသုံးပြုနေရာမှ ညအိပ်ချိန်မတိုင်မီ သုံးနာရီခန့်လျှော့၍ သုံးစွဲနိုင်မည်ဆိုပါက မြင်းကောင်ရေ တစ်ကောင်အားရှိ လေအေးပေးစက် တစ်လုံးလျှင် တစ်နာရီ ၇၀၀ ဝပ်ခန့် သုံးစွဲသဖြင့် ၇ နာရီအတွက် ၄၉၀၀ ဝပ်၊ ၅ ကီလိုဝပ်နာရီ = ၅ ယူနစ်သာ ဓာတ်အားသုံးစွဲပြီး ၂ ယူနစ်ခန့် နေ့စဉ်သက်သာသွားမည်ဖြစ်ပါသည်။ ယူနစ်သုံးစွဲမှု သက်သာလာသည်နှင့်အမျှ ဓာတ်အားခလည်း သက်သာလာမည်ဖြစ်ပါသည်။ ဝပ်ဆိုသည်မှာ အားပမာဏဖြစ်ပြီး Power ကို ကိုယ်စားပြုသည်၊ စွမ်းအင်အနေဖြင့်ဆိုလျှင် အသုံးပြုချိန်နာရီဖြင့် မြှောက်ရသည်။ လျှပ်စစ်ကုန်ကျစရိတ်များကို တွက်ချက်တောင်းခံရာတွင် အဆိုပါ ၁ ကီလိုဝပ် နာရီကို ၁ ယူနစ်ဟု တွက်ချက်တောင်းခံခြင်းဖြစ်သည်။ ၁၀၀၀ ဝပ်ကို ၁ ကီလိုဝပ်ဖြစ်ပြီး ၁၀၀၀ ကီလိုဝပ်ကို ၁ မဂ္ဂါဝပ်ဟု ခေါ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် Global Petro Price မှ နောက်ဆုံးကောက်ယူထားသော စစ်တမ်းအရ ကမ္ဘာ့နိုင်ငံအချို့၏ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းများနည်းအလိုက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

10

 

အထက်ဖော်ပြပါနှိုင်းယှဉ်ချက်အရ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ဓာတ်အားခ အသက်သာဆုံး တိုင်းပြည်ထဲတွင် ပါဝင်နေ၍ ဓာတ်အားခကို ဈေးပေါပေါရသည်ဆိုပြီး ချွေတာသုံးစွဲမှု ပြုလိုစိတ်မရှိကြသည်ကို တွေ့ရှိနေရသည်။ မြန်မာနိုင်ငံတွင် ဓာတ်အားခသက်သာမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနည်းလမ်းများကို ဆန္ဒပြဆန့်ကျင်နေကြပြီး ဓာတ်အားခတက်ခြင်း ကိုလည်း လုံးဝလက်သင့်မခံလိုကြသဖြင့် ယခုအချိန်ကာလအထိ နိုင်ငံတော်ကနည်းမျိုးစုံနှင့် အခက်အခဲများစွာကြားမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနေပြီး ပြည်သူ့အကျိုးကို အလေးထားကာ အရှုံးခံ၍ ဓာတ်အားဖြန့်ဖြူးပေးနေရသည်ကို သတိပြုသင့်ပါသည်။ ဓာတ်အားခနှုန်းထား ကြီးမြင့်မှုကြောင့် ပြည်ပနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနေကြသကဲ့သို့ မြန်မာပြည်သူတို့အနေဖြင့်လည်း အတုယူချွေတာသုံးစွဲကြရန်နှင့် ထိုက်သင့် သည့် ဓာတ်အားခကို တိုးမြှင့်ပေးဆောင်သင့်ကြပြီး မှန်မှန်ကန်ကန်ပေးဆောင်ကြရန် လိုအပ် ပါသည်။

ချွေတာသုံးစွဲကြစေလို

လျှပ်စစ်ဓာတ်အားကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ချွေတာသုံးစွဲသွားကြရန် ဖြစ်ပါ၍ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရန် အထူးလိုအပ်နေပါသည်-

(၁) လေနှင့်အလင်းရောင်ဝင်နိုင်သော ပြတင်းတံခါးများကိုဖွင့်လှစ်၍ လေအေးပေးစက်နှင့် လျှပ်စစ်ပန်ကာများ၊ လျှပ်စစ် မီးသီး၊ မီးချောင်းများကို သုံးစွဲမှုလျှော့ချရန် ဖြစ်ပါသည်။

(၂) လျှပ်စစ်ဓာတ်အားအသုံးပြု၍ သုံးစွဲရသည့် သုံးရေများကို အလေအလွင့်မရှိ ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

(၃) အများသုံးမီးများ၊ လမ်းမီးများအနက် လိုအပ်သည့်မီးများကိုသာထွန်းညှိပြီး နေ့စဉ် ည ၇ နာရီမတိုင်မီ မဖွင့်ရန်နှင့် နံနက် ၅ နာရီတွင် ပြန်ပိတ်ရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသက်သာသည့် Energy Saving LED လျှပ်စစ်မီးသီး၊ မီးချောင်းများဖြင့် လဲလှယ်သုံးစွဲရန် ဖြစ်ပါသည်။

(၄) တီဗွီနှင့် ရေခဲသေတ္တာကဲ့သို့သော ပစ္စည်းများကို အသုံးမလိုသည့်အချိန်တွင် ပိတ်ထားရန်နှင့် ထမင်းဟင်းချက်ပြုတ်ခြင်း စသည့်လျှပ်စစ်သုံးစွဲမှုများ၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသက်သာမည့် ပစ္စည်း များကို အသုံးပြုနိုင်ရေး ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးသွားရန်ဖြစ်ပါသည်။  

(၅) စားသောက်ဆိုင်ကြီးများ၊ အရောင်းဆိုင်ကြီးများ စသည်တို့တွင် မလိုအပ်ဘဲအလှဆင်မီးများ မြောက်မြားစွာထွန်းညှိခြင်းကို အတတ်နိုင်ဆုံး လျှော့ချသုံးစွဲသွားကြရန် ဖြစ်ပါသည်။      

ကျွန်တော်သည် ၂၀၂၄ ခုနှစ် ဆန်းပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထပ်မြင့် တိုက်ခန်းများ များပြားလာပြီး ယခုကဲ့သို့ နွေရာသီတွင် ဆိုးရွားသောအပူဒဏ်ကို ခံစားကြရသဖြင့် မီးမပျက်စေချင်ကြသည်ကို သိရှိပါသော်လည်း ဓာတ်အားစနစ်ကြီး တစ်ခုလုံးအတွင်း ဓာတ်အားပမာဏ ၂၅၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ဖြန့်ဖြူးပေးနိုင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအား ၅၀ ရာခိုင်နှုန်း ခန့်နီးပါး ဖြန့်ဖြူးပေးနေရသည့်အခြေအနေ ဖြစ်ပေါ်နေပြီး အမှန်လိုအပ်သည့် ဓာတ်အားပမာဏထက် များစွာလျှော့နည်းဖြန့်ဖြူးနေရသဖြင့် ဝန်အားကို မဖြစ်မနေလျှော့ချထိန်းညှိနေရခြင်းဖြစ်ပါသည်။

စုပြုံသုံးစွဲခြင်းမပြုရန် မေတ္တာရပ်ခံလို

ရန်ကုန်မြို့တွင် ည ၉ နာရီနောက်ပိုင်း အလှည့်ကျဝန်အားလျော့အုပ်စုများ မီးပြန်ပေးသဖြင့် ဝန်အားမနိုင်၍ တစ်နိုင်ငံလုံး ဓာတ်အားမပြတ်တောက်စေရန် ည ၉ နာရီ ပတ်ဝန်းကျင်တွင် မူလမီးရ ထားသည့်အုပ်စုအား ဝန်အားလျော့အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်နေကြရပါသည်။ ဖေဖော်ဝါရီလ လယ်ခန့်အထိ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲနိုင်မှုမျှတခဲ့သော်လည်း ဧပြီ၊ မေလများတွင် လေအေးပေး စက်များကြောင့် ဝန်အားနှစ်ဆခန့်တက်ကာ မနိုင်မနင်း ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။

လျှပ်စစ်ဝန်ထမ်းများအနေဖြင့် မည်သူမျှ ဓာတ်အားကို အကြောင်းမဲ့ပိတ်လိုကြခြင်းမရှိပါ။ မီးပုံမှန်လာနေလျှင် လှည့်ကြည့်စရာသိပ်မလိုသဖြင့် လျှပ်စစ်ဝန်ထမ်းများ ဝမ်းသာကြသည်။ မီးပျက်လျှင် စိတ်အညစ်ရဆုံးမှာ လျှပ်စစ်ဝန်ထမ်းများသာဖြစ်သည်။ အလုပ်ရှုပ်သည့်အပြင် အသက်နှင့်ရင်း၍ လိုင်းဖော့ရှာဖွေကြရသည်။ မီးပျက်မှာ အကြောက်ဆုံးနှင့် မပျက်စေချင်ဆုံးက လျှပ်စစ်ဝန်ထမ်းများသာဖြစ်သည်။ ဝန်အားမနိုင်၍ လျှော့ချရလျှင်လည်း အချိန်နှင့်အုပ်စုအလိုက် လှည့်နေရ၍ နာရီမလပ်ကြည့်နေရသဖြင့် မအားလပ်ကြပါ။

ပြည်သူ့အကျိုးအတွက် လျှပ်စစ်ပစ္စည်းကြီးများ ပျက်စီးဆုံးရှုံးစေမည်စိုး၍ ခေတ္တဓာတ်အားပိတ် ဝန်အားလျှော့ နေရခြင်းမျိုးသာရှိပါသည်။ မီးလာလာခြင်း စုပြုံသုံးခြင်းမျိုးသည်လည်း ဓာတ်အား ပြန်လည်ပြတ်တောက်စေသော အဓိကအကြောင်းအရင်းဖြစ်၍ မီးပျက်လျှင် မီးများပိတ်ထားကြရန်နှင့် မီးလာလာခြင်း စုပြုံသုံးခြင်းများမပြုလုပ်ကြရန် အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။    

မီးပျက်ခြင်းနှင့် မီးဖြတ်ခြင်း မတူကွဲပြား

သည်နေရာတွင် မီးပျက်ခြင်းနှင့် မီးဖြတ်ခြင်းကို ကွဲပြားစွာသိရှိထားကြရန်လည်း လိုအပ်ပါသည်။ Loadshed ဟုဆိုသော မီးဖြတ်ခြင်းများသည် အထက်ဌာနညွှန်ကြားချက်များနှင့်အညီ တိကျစွာ မှတ်တမ်းတင်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ဗဟိုထိန်းချုပ်ရေးဌာနက ဝန်အားနိုင်နင်းမှုအခြေအနေ အရအချိန် တိကျစွာဝန်အားလျှော့ချထားခြင်းမျိုးသာ ဖြစ်ပါသည်။

ယနေ့ လူပြောများနေသော လာရမည့်အချိန်တွင် မီးမလာခြင်း (ဝါ) မီးပျက်ခြင်းသည် မီးလာလာခြင်း စုပြုံသုံးစွဲသဖြင့် ခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးသော ထရန်စဖော်မာကြီးများရှိ Circuit Breaker များ ပြုတ်ကျခြင်းဖြစ်ပေါ်ပြီး ဓာတ်အားလိုင်းများ Over Load ကြောင့် အပူလွန်ကဲကာ ပြတ်တောက်ခြင်းမျိုး၊ ဓာတ်အားဖြတ်တောက်စဉ် မီးကြိုးဖြတ်ခိုးခြင်းမျိုးစသည့် လိုင်းဖော့ဖြစ်ပွား ခြင်းမျိုးဖြစ်ပွားလာပါက လိုင်းစစ်ပြီးပြုပြင်ပြီးမှ ပြန်တင်၍ ရပါသည်။

မီးခဏခဏပျက်ခြင်းသည် အဆိုပါအကြောင်းများကြောင့်သာဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းများက တမင်မီးဖြုတ်ချနေခြင်း၊ ဖြတ်နေခြင်းလုံးဝမဟုတ်ပါ။ သို့ဖြစ်ရာ လျှပ်စစ်မီးလာချိန်တွင် စုပြုံမသုံးစွဲဘဲ လိုအပ်သမျှကို စနစ်တကျမျှတစွာအလှည့်ကျသုံးစွဲခြင်းနှင့် မိမိဓာတ်အားလိုင်းကို လုံခြုံအောင် ထိန်းသိမ်းကြခြင်းများသည်သာ မီးခဏခဏပျက်ခြင်းအား ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။    

ပြည်သူတစ်ရပ်လုံးအနေဖြင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုများနှင့်စပ်လျဉ်းပြီး “လျှပ်စစ်ဓာတ်အားကို ပြည်ပသို့‌ရောင်းချနေသည်” “တမင်သက်သက် မီးဖြတ်ထားသည်” စသည်ဖြင့် မမှန်မကန်သော ကောလာဟလစကားများကြားတွင် နစ်မျောနေကြမည့်အစား နိုင်ငံတော်မှလျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု မလုံလောက်ဖြစ်နေသည့်အခြေအနေမှန်ကို သိမြင်နားလည်နိုင်ကြပြီးလျှင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မထုတ်လုပ်နိုင်သေးသည့် အချိန်ကာလ အခိုက်အတန့်အတွင်း၌ လျှပ်စစ်ဝန်ထမ်းများ၏ အသက်၊ ချွေးနှင့် နည်းပညာများစွာ ရင်းနှီးပေးဆပ်ထားကြရသော တန်ဖိုးကြီးမားလှသည့် လျှပ်စစ်ဓာတ်အားကို အမှန်တကယ်မလိုအပ်လျှင်မသုံးစွဲကြဘဲ ချွေတာ၍စနစ်တကျသုံးစွဲကြစေလိုပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။