Skip to main content

ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပါစေ

အောင်ဇေယျ

အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်နိုင်ငံကို အစွမ်းကုန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အမှတ် (၂ဝ) အမေရိကန် ကြည်းတပ်မတော်ရဲ့ လေတပ် (USAAF) ရဲ့ လက်ချက်ကြောင့် ၁၉၄၅ ခုနှစ် နွေရာသီကုန်ဆုံးချိန်မှာ ဂျပန်မြို့ကြီး အများစုဟာ ပြာပုံအတိဖြစ်ခဲ့ရပါတယ်။ ဒီလောက် အတိုက်ခံနေရတာတောင်မှ ဂျပန်ကြည်းတပ်မတော်ဟာ ပစိဖိတ်စစ်မျက်နှာမှာ လက်လျှော့မယ့်ပုံမရဘဲ ကျားကုတ်ကျားခဲပြန်တိုက်နေတုန်းပါ။ ဒီအတိုင်းဆိုရင် တစ်ကျွန်းပြီးတစ်ကျွန်း ဖားခုန်စနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်လာတဲ့ အမေရိကန်တပ်တွေဟာ ဂျပန်ကျွန်းမကြီးနဲ့နီးကပ်လာတာနဲ့အမျှ အမေရိကန်စစ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုနှုန်းဟာ ခေါင်ခိုက်လာတော့မှာ အသေအချာပါပဲ။ ဒါကို စစ်ဘက်အရာရှိကြီးတွေက တွက်ဆမိပါတယ်။

မန်ဟက်တန်စီမံကိန်း

ဒီနေရာမှာ ကြားဖြတ်ဖော်ပြလိုတာက ဂျပန်နဲ့စစ်တိုက်နေတဲ့ အတောအတွင်းမှာပဲ အမေရိကန်အစိုးရဟာ အဖျက်စွမ်းအားကြီးမားတဲ့ အဏုမြူဗုံးလက်နက်ထုတ်လုပ်ဖို့ မန်ဟက်တန် စီမံကိန်း (Manhattan Project) ကို ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံပြီး လျှို့ဝှက်လုပ်ဆောင်နေတဲ့အချက် ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဇူလိုင် ၆ ရက်မှာ အဲဒီဗုံးလက်နက်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ လက်ထဲမှာလက်နက်အမျိုးအစားအသစ်ဖြစ်တဲ့ အဏုမြူဗုံးနှစ်လုံး ရှိလာပါတယ်။

ဂျပန်အရပ်သားတွေကို စ‌တေးခဲ့

တကယ်လို့ မြို့ကြီးတစ်မြို့ကို ဗုံးတစ်လုံးတည်းနဲ့ ဖျက်ဆီးနိုင်စွမ်းရှိကြောင်း ပြသနိုင်မယ်ဆိုရင် ဂျပန်ဟာ သူ့အလိုအလျောက် လက်နက်ချလာလိမ့်မယ်လို့ အမေရိကန်တို့က ယုံကြည်ပါတယ်။ အဏုမြူဗုံး အသုံးပြုတဲ့နည်းနဲ့စစ်ပွဲကို စောစောစီးစီးအဆုံးသတ်နိုင်မှသာ နောက်ထပ်ထိခိုက်သေကျေဖွယ်ရာရှိတဲ့ နှစ်ဖက်စလုံးက စစ်သည်သန်းပေါင်းများစွာကို ကယ်တင်ရာ ရောက်မယ်လို့ အမေရိကန်ဘက်က အကြောင်းပြပါတယ်။ ကယ်တင်မယ်ဆိုတာ စစ်သည်တွေ၊ အထူးသဖြင့်ကတော့ အမေရိကန်တွေကို ပြောတာဖြစ်ပါတယ်။ အဲဒီအတွက် စစ်နဲ့မဆိုင်တဲ့ ဂျပန်အရပ်သားတွေ စတေးပစ်ရမယ်ဆိုတာ အမေရိကန်က ထည့်မပြောခဲ့တဲ့အပြင် နောက်ပိုင်း မှာလည်း မတောင်းပန်ခဲ့ပါဘူး။

ပြောချင်တာက မန်ဟက်တန်စီမံကိန်းကို တာဝန်ယူထားတဲ့ သိပ္ပံပညာရှင်တွေက အဏုမြူဗုံးအသုံးပြုတဲ့ ပျံသန်းမှုလေ့ကျင့်ခန်းတွေကိုစတင်နိုင်ပြီလို့ အမေရိကန်ကြည်းတပ်မတော်ရဲ့ လေတပ်ကို ၁၉၄၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အသိပေးထားပြီးဖြစ်တယ်ဆိုတာပါပဲ။

အဏုမြူဗုံး သယ်ဆောင်ဖို့ လေယာဉ်ရွေးချယ်

အမေရိကန် ကြည်းတပ်မတော်လေတပ်ဟာ အဲဒီအချိန်ကခေတ်အမီဆုံး ဗုံးကြဲလေယာဉ်ဖြစ်တဲ့ Boeing B-29 Superfortress လေယာဉ်ကို အဏုမြူဗုံးသယ်ဆောင်ဖို့ ရွေးချယ်လိုက်ပြီး ဗိုလ်မှူးကြီးပေါလ်တစ်ဘက် (CoL.Paul Tibbets) ကို ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ လေတပ်က စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဗိုလ်မှူးကြီးပေါလ်နဲ့ လေယာဉ်အဖွဲ့သားတွေဟာ ဘာမှန်း မသိရသေးတဲ့ လုပ်ငန်းတာဝန်တစ်ခုအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရပါတော့တယ်။

အထူးလက်နက် သယ်ဆောင်ရေးအတွက် အထူးပြုပြင်မွမ်းမံထားတဲ့ B-29 ဗုံးကြဲလေယာဉ်ကြီး ၁၅ စင်းကို အမှတ် ၅ဝ၉ အုပ်စုကြီး (No.509Group) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ သူတို့တာဝန်ကို လျှို့ဝှက်ထားပြီး အဏုမြူစစ်ပွဲအတွက် လေ့ကျင့်နေတယ်လို့ အသိပေးမထားပါဘူး။ ပေါင် ၁ဝဝဝဝ ကျော်လေးလံတဲ့ ဗုံးကြီးကို ကြဲချဖို့ဖြစ်တယ်လို့သာ အသိပေးထားပါတယ်။ တကယ်တမ်းလည်း ယမ်းအပြည့်ဖြည့်ထားပြီး ပေါင် ၁၀၀၀၀ အလေးချိန်ရှိတဲ့ဗုံးနဲ့ လေ့ကျင့်ခိုင်းပါတယ်။ အဲဒီလေ့ကျင့်ရေးဗုံးဟာ နာဂါစာကီမြို့ပေါ်ကိုကြဲချမယ့် အဏုမြူဗုံး ‘လူဝကြီး’ (Fat Man) နဲ့ ပုံသဏ္ဌာန်တူပါတယ်။ ဗုံးရဲ့ပုံသဏ္ဌာန်နဲ့ အရောင်အဆင်းကိုကြည့်ပြီး ‘ရွှေဖရုံသီး’ (Pumpkin) လို့ အမည်ဝှက်ပေးလိုက်ကြပါတယ်။

ဗိုလ်မှူးကြီးပေါလ်က လေယာဉ်အုပ်စုကို မိုင်ထောင်ချီဝေးတဲ့ပစ်မှတ်တွေဆီ ပျံသန်းခိုင်းပါတယ်။ ခရီးဝေးလေကြောင်းလမ်းပြ (X’country Navigation) ကို လေ့ကျင့်ပေးပါတယ်။ ပစ်မှတ်ပေါ်ရောက်တဲ့အခါ အလွန်မြင့်တဲ့ အမြင့်ကဗုံးချတဲ့နည်းဗျူဟာကို လေ့ကျင့်ရပြန်ပါတယ်။ လေ့ကျင့်တဲ့အခါမှာ ဗုံးကြဲပြီးနောက် ဗုံးကွဲမှုကြောင့် ပေါ်ပေါက်လာမယ့် တုန်လှုပ်လှိုင်း (Shock Wave) ကနေ လွတ်ကင်းအောင်ပျံသန်းနည်း (Escape Manoeuvre) ကိုပါ အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ သူတို့ဟာ အဏုမြူဗုံးတစ်လုံးချဖို့အတွက် ၁၉၄၄ ခုနှစ် နိုဝင်ဘာလကနေ ၁၉၄၅ ခုနှစ် ဇွန်လအထိ အဆက်မပြတ်လေ့ကျင့်ကြရပါတယ်။ ပထမဆုံးအဏုမြူဗုံး ဖြစ်တဲ့အတွက် အမှားအယွင်းတစ်စုံ တစ်ရာရှိမှာကို တာဝန်ရှိသူတွေက မလိုလားကြပါဘူး။

ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးကြဲချခြင်း

၁၉၄၅ ခုနှစ် ဧပြီလမှာ အမှတ် ၅၀၉ အုပ်စုကြီးကို မာရီယာနာကျွန်းစု (Mariana Islands) ပေါ်မှာရှိတဲ့ တီနီယန် အခြေစိုက်စခန်း (Tinian Base) ကို ပြောင်းရွှေ့ခိုင်းလိုက်ပါတယ်။ ဒီကျွန်းတွေဟာ တိုကျိုမြို့တော်ကနေ မိုင် ၁၄၅၀ သာ ကွာဝေးတာကြောင့် စစ်ဆင်ရေးအတွက် တာစူလိုက်တာပဲလို့ ပြောရမှာပါ။

သြဂုတ် ၂ ရက်နောက်ပိုင်း ရာသီဥတုကောင်းမွန်ချိန်ကို စစ်ဆင်ရေး(ယ-ရက်) သတ်မှတ်တဲ့ ရှေ့ပြေးအမိန့် ထွက်လာပါတယ်။ ဦးစားပေးအစဉ်အလိုက် ရွေးချယ်ထားတဲ့ ပစ်မှတ်တွေကတော့ ဟီရိုရှီးမား၊ ကိုကူရာနဲ့ နာဂါစာကီတို့ဖြစ်ကြပါတယ်။

(ယ-ရက်) ရောက်ပါပြီ။ ဩဂုတ် ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်မှာ ဗိုလ်မှူးကြီး ပေါလ်တစ်ဘက် မောင်းတဲ့ အီနို လာဂေး (Enola Gay) အမည်ရှိ B-29 လေယာဉ်က ပေါင် ၉၇၀၀ လေးပြီး ‘လူကလေး’ (Little Boy) လို့ အမည်ဝှက်ပေးထားတဲ့ အဏုမြူဗုံးကို ဟီရိုရှီးမား (Hiroshima) မြို့ပေါ်ကို ကြဲချခဲ့ပါ တယ်။

ဗုံးက မြို့ဗဟိုချက်ရဲ့အထက် ပေ ၂ဝဝဝ အမြင့်မှာပေါက်ကွဲသွားပြီး မြို့ရဲ့လေးစတုရန်းမိုင် ပတ်လည်ဟာ ချက်ချင်းပြောင်တလင်းခါသွားပါတယ်။ သက်ရှိ၊ သက်မဲ့အားလုံး ပြာအတိကျသွားကာ ကွန်ကရစ် အဆောက်အအုံအချို့သာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေပြင်းဒဏ်ကို ခံနိုင်ပါတယ်။

လေယာဉ်မှူးပေါလ်က “ကျွန်တော်တို့ဝင်လာတော့ မြို့ကိုမြင်နေရသေးတယ်။ ကျွန်တော်တို့ ပြန်ထွက်သွားတော့ အောက်မှာဘာမှမရှိတော့ဘူး” လို့ ပြောပြပါတယ်။

ဟီရိုရှီးမားကို အဏုမြူဗုံးကြဲချအပြီး ၁၆ နာရီအကြာမှာ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်း (Harry Truman) က “ဗုံးဟာ (TNT) ယမ်းပြင်းအား တန် ၂ဝဝဝဝ မက ပြင်းထန်ကြောင်း” တရားဝင် ကြေညာရာမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဂျပန်ဟာ အဏုမြူဗုံးရဲ့ အဖျက်စွမ်းအားကို တွေ့မြင်တဲ့တိုင်အောင် လက်နက်ချမယ့် အရိပ်အယောင်တောင်မပြပါဘူး။ ဒါကြောင့် ဩဂုတ် ၉ ရက်မှာ ကျန်တဲ့အဏုမြူဗုံးကို နာဂါစာကီမြို့ (Nagasaki) ပေါ် ကြဲချလိုက်ရပါတယ်။ အဲဒီဗုံးရဲ့အမည်ဝှက်ကတော့ ‘လူဝကြီး’ (Fat Man) ပါပဲ။ နောက်ဆုံးလက်ကျန်ဗုံးပေါ့။ ဒီဗုံးကို ဘော့စ်ကာ (Bockscar) လို့ အမည်ပေးထားတဲ့ B-29 နဲ့သယ်သွားပြီး ချခဲ့တာပါ။

တကယ်တော့ ဒုတိယပစ်မှတ်ဖြစ်တဲ့ ကိုကူရာကိုတိုက်ခိုက်ဖို့ဖြစ်ပေမယ့် ရာသီဥတုမကောင်းလို့ လေယာဉ်မှူး ချက်ဆွီနေ (Chuck Sweeney) က တတိယပစ်မှတ် နာဂါစာကီပေါ်ကို လမ်းကြောင်းပြောင်းလိုက်တာ ဖြစ်ပါတယ်။ ကိုကူရာပေါ်မှာ တိမ်တွေပိတ်ဖုံးနေတဲ့အပြင် လေယာဉ်ရဲ့ဆီလှောင်ကန်ပြောင်းစနစ် ချွတ်ယွင်းသွားတဲ့အတွက် လက်ကျန်ဆီ နည်းသွားတာကြောင့် တိမ်ရှင်းချိန်အထိ မစောင့်နိုင်ခြင်းဟာ နာဂါစာကီရဲ့ ကံကြမ္မာလို့သာ ဆိုရပါ တော့မယ်။

မူလစစ်ဗျူဟာအတိုင်း စစ်ပွဲကိုဆင်နွှဲ

ဂျပန်ဟာ အဏုမြူဗုံးဒဏ်ကို နှစ်ကြိမ်ခံလိုက်ပြီးနောက် ဩဂုတ် ၁၄ ရက်မှာ ခြွင်းချက်မရှိ လက်နက်ချခဲ့ရပါတယ်။ အကယ်၍သာ ဂျပန်က မိုက်မိုက်ကန်းကန်းလို့ပဲပြောပြော၊ ဇာတိမာန် ပြင်းထန်လို့ပဲဆိုဆို လက်နက်မချဘဲ ဆက်တိုက်ခဲ့ရင် သို့မဟုတ် အမေရိကန်ရဲ့ လက်ဝယ်မှာ အဏုမြူဗုံးနှစ်လုံးသာရှိတယ်လို့ ထောက်လှမ်းရေးသတင်းရခဲ့ရင် အမေရိကန်အနေနဲ့ မူလစစ်ဗျူဟာအတိုင်း သမားရိုးကျစစ်ပွဲကို ဆက်လက်ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။

ဟီရိုရှီးမားမှာ အဏုမြူဗုံးဒဏ်ကြောင့် ဂျပန်စစ်သား ၂ဝဝဝဝ ကျဆုံးပြီး အရပ်သား ၁၂၆ဝဝဝ သေဆုံးခဲ့ပါတယ်။ နာဂါစာကီမှာတော့ မပြောလောက်သော စစ်သား ၁၅ဝ ခန့်နဲ့ အရပ်သား ၈၀၀၀၀ သေဆုံးခဲ့ပါတယ်။ နှစ်မြို့ပေါင်း အသေအပျောက်မှာ စစ်သား ၂ဝဝဝဝ အပါအဝင် ၂၂၆ဝဝဝ ရှိသွားပါတယ်။ အများစုဟာ အရပ်သားတွေဖြစ်ပါတယ်။ အဏုမြူဗုံးရဲ့ စွမ်းအင်နဲ့သက်ရောက်မှုကို အမေရိကန်သိပါတယ်။ သို့ဖြစ်လျက် အသက်ချင်း အလဲအထပ်ပြုခဲ့ပါတယ်။ အရပ်သားတွေ သေဆုံးမှာကိုသိလျက် လူသားမဆန်စွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင်ဖြစ်ပါတယ်။ ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကို genocide လို့ ပြောနေကြတာဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရဲ့ ကျူးလွန်မှုနဲ့စာရင် ရယ်စရာပါ။

ဩဂုတ်လ ၁၄ ရက်မှာ ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချလိုက်တာကြောင့် အရှေ့အာရှစစ်ပွဲကြီး ပြီးဆုံးသွားပါတယ်။ တကယ်လို့ မျက်မှောက်ခေတ်မှာ အဏုမြူစစ်ပွဲသာဖြစ်ခဲ့ရင် နှစ်ဖက်စလုံးအပြင် နီးစပ်ရာတွေပါ ပျက်စီးဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဏုမြူစစ်ဆင်ရေးဟာ ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေလို့ ဆုတောင်းလိုက်ရပါတော့တယ်။ ။

9