Skip to main content

စနစ်တကျ မှိုစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရှာကြစို့

နှင်းယု

အိမ်ရှင်မများ ချက်ပြုတ်သည့် မိသားစုဟင်းလျာများတွင် မှိုဟင်းသည် စားသုံးမှုများသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။ မှိုသည် ကယ်လိုရီပါဝင်မှုနည်းပါးပြီး အဓိကဟင်းလျာအဖြစ် ဖြစ်စေ၊ အရန်ဟင်းလျာအဖြစ်ဖြစ်စေ လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နိုင်သည့်အတွက် ဝယ်လိုအားရှိသည့် စိုက်ပျိုးသီးနှံတစ်ခု ဖြစ်လာသည်။ ထိုသို့ စားသုံးသူ ဝယ်လိုအားရှိသည့်အတွက် မှိုပေါက်ရာသီတွင် သဘာဝအရပေါက်သည့် မှိုကိုစားသုံးသည့်ဓလေ့မှ မှိုမွေးမြူစိုက်ပျိုးထုတ်လုပ်ကာ တစ်နှစ်ပတ်လုံး မှိုဝယ်ယူ စားသုံးနိုင်သည့်အနေအထားသို့ ရောက်ရှိလာသည်။

တောင်သူများ၏ စိုက်ပျိုးလယ်ယာမြေများမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို ယခင်က ထယ်ထိုးထွန်မွှေခြင်း၊ မီးရှို့ပစ်ခြင်းများကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ လယ်ယာမြေ ဘေးထွက်ပစ္စည်းများကို မှိုမွေးမြူစိုက်ပျိုးရာတွင် ပြန်လည်အသုံးပြုခြင်းဖြင့် မှိုစိုက်တောင်သူများအား အထောက်အပံ့ဖြစ်စေသည်။ ထိုကဲ့သို့ မှိုစိုက်ပျိုး ထုတ်လုပ်ရန် လယ်ယာမြေထွက်ပစ္စည်းများက အထောက်အပံ့ဖြစ်စေပြီး အလွယ်တကူ စိုက်ပျိုးနိုင်ကာ အပိုဝင်ငွေ ရရှိစေနိုင်သည့်အတွက် တောင်သူများသည် မှိုကိုတစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု၊ စီးပွားဖြစ် စိုက်ပျိုးမှု ရှိလာသည်။

“အရင်ကတော့ မှိုဆိုတာ စားသင့်တာနဲ့ မစားသင့်တာ ခွဲခြားသိတဲ့သူရှားတော့ စားမယ်ဆိုရင် တောင် သေချာမေးမြန်းပြီးမှ စားတတ်ကြတယ်။ အခုကတော့ စားသုံးလို့ရတဲ့ စိုက်ပျိုးမှိုတွေက ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူလို့ရပြီးတော့ စားသုံးမှုအားရှိတယ်။ မှိုစိုက်ဖို့က ပဲရိုး၊ ကောက်ရိုး၊ ပဲမှော်၊ မြေပဲခွံတွေ သုံးလို့ရတယ်။ ဒါတွေချည်းပဲ သုံးရတာမဟုတ်ပေမယ့် စနစ်တကျ စိုက်တတ်ရင် စရိတ်နည်းတော့ မှိုစိုက်တဲ့ ကျွန်တော် တို့အတွက် အကျိုးအမြတ်ရှိတဲ့ စိုက်ပျိုးသီးနှံတစ်ခု ဖြစ်လာတယ်။ ဒီလို အကျိုးအမြတ်ရှိအောင် စနစ်တကျ စိုက်ပျိုးနည်းကို စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ - ရာသီသီးနှံဌာနခွဲက ဖွင့်လှစ်တဲ့ သင်တန်းကနေ အသိပညာ၊ နည်းပညာရရှိခဲ့ပါတယ်” ဟု ပဲခူးမြို့မှ မှိုစိုက်ပျိုးသူ ဦးဇော်မျိုးအောင်က ပြောသည်။

နည်းပညာများ ဖြန့်ဝေလျက်ရှိ

စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ - ရာသီသီးနှံဌာနခွဲသည် မြန်မာနိုင်ငံတွင် မှိုစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မှိုစိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူတောင်သူများအား နည်းပညာများ ဖြန့်ဝေလျက်ရှိသည့်အပြင် စိုက်ပျိုးရေးဦးစီးဌာနအောက်တွင် မှိုသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံများ ဖွဲ့စည်းထားရှိကာ သင်တန်းများ၊ လက်တွေ့စိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲများ ပြုလုပ်၍လည်း နည်းပညာဖြန့်ဝေလျက်ရှိသည်။

“ကျွန်တော်တို့ ဦးစီးဌာနက ရန်ကုန် ၉ မိုင်မှာတစ်ခြံ၊ ပြင်ဦးလွင် ဒိုးကွင်မှာတစ်ခြံ၊ တောင်ငူ ကျောက်တိုင်မှာ တစ်ခြံ၊ မှော်ဘီ ညောင်နှစ်ပင်မှာတစ်ခြံ၊ ပဲခူး ၁၀ မိုင်မှာတစ်ခြံ စုစုပေါင်း ခြံပေါင်း ငါးခြံကနေ မှိုစိုက်ပျိုးနည်းပညာကို တောင်သူတွေ ထံ အခမဲ့ဖြန့်ဝေပေးလျက် ရှိပါတယ်။ ရက်တို သင်တန်းတွေ ဖွင့်လှစ်ပါတယ်။ သင်တန်းမှာ စားသောက်စရိတ်ကိုသာ သင်တန်းတက်တဲ့ တောင်သူအနေနဲ့ ကုန်ကျမှုရှိပါတယ်၊ ကျန်တာက အခမဲ့ဖြစ်ပြီးတော့ မှိုစိုက်တောင်သူတွေ အကျိုးဖြစ်ထွန်းအောင် စနစ်တကျ သင်တန်းပေး ဆောင်ရွက်လျက်ရှိပါတယ်။” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်၊ ပြည်သူများ၏ လယ်ယာကဏ္ဍနှင့် ပတ်ဝန်းကျင်ရှိ ဘေးထွက်ပစ္စည်းများကို မှိုစိုက်ပျိုးရေးဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်အဖြစ် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရန်၊ မသန်စွမ်းသူ အမျိုးသမီးများပါ ပါဝင်ဆောင်ရွက် စိုက်ပျိုးနိုင်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အထောက် အကူပြုနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် မှိုစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း ဝင်ငွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

အခမဲ့ဖြန့်ဝေ

တောင်သူများအနေဖြင့် မှိုစိုက်ပျိုးနည်းပညာကို ဖတ်ရှုလေ့လာပြီး လက်တွေ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံသည် မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများ စာအုပ်ကိုပြုစုကာ မှိုစိုက်ပျိုးသူများထံ အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

မှိုသည် နေရောင်ခြည်ဖြင့် အစာချက်လုပ်နိုင်ရန်အတွက် အစိမ်းရောင်အဖွဲ့အစည်း (Chlorophyll) မရှိခြင်းကြောင့် မှိုမျှင်တွယ် ကပ်စားသုံး၍ မှိုမျှင် အဖွဲ့အစည်း(Hyphae) ဖြစ်ပေါ်နိုင်ရန် အောက်ခံ အာဟာရပြင် လိုအပ်သည်။ အာဟာရရရှိမှ မှိုဥ/မှိုပွင့်များ ထွက်လာနိုင်ပြီး မှိုထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် မိခင်မှိုမျိုးသန့်မွေးဖွားခြင်း၊ မိခင်မှိုမျိုးစေ့ ပြုလုပ်ခြင်း၊ မှိုစိုက်ထုပ်ပြုလုပ်ခြင်းနှင့် မှိုစိုက်ပျိုးခြင်းဟူ၍ အဆင့်လေးဆင့်ပါဝင်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

“အရင်ကတော့ ကျွန်တော်တို့ ဦးစီးဌာနခြံတွေမှာ သင်တန်းတွေဖွင့်လှစ်ပြီး မှိုစိုက်ပျိုး နည်းပညာကို ဖြန့်ဝေတာပါ။ တစ်နှစ်လေးကြိမ် ဖွင့်လှစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ခြံတိုင်းမှာတော့ သင်တန်းတွေ မဖွင့်လှစ်သေးပါဘူး။ ရန်ကုန်က ၉ မိုင်ခြံမှာတော့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သင်တန်းတွေ ဖွင့်လှစ်လျက် ရှိပါတယ်။ ပြီးတော့ ဆက်စပ်ဌာနတွေကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မှိုစိုက်ပျိုးနည်းပညာသင်တန်း ဖွင့်လှစ်ပေးဖို့ ညှိနှိုင်းဖိတ်ခေါ်မှုအရ ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ မှိုစိုက်ပျိုးတောင်သူတွေအနေနဲ့ လိုအပ်တဲ့နည်းပညာအကူအညီ လိုအပ်လို့ ဖုန်းနဲ့ဖြစ်စေ၊ လာရောက်မေးမြန်းရင် ဖြစ်စေ ပြောကြားပေးပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။

စိုက်ပျိုးနည်းများကို သင်ကြားပို့ချ

စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံ ဌာနခွဲမှ ဖွင့်လှစ်သည့် မှိုစိုက်ပျိုးနည်း သင်တန်းများတွင် မှိုစိုက်ပျိုးမှုသမိုင်း၊ မွေးမြူနည်းများ၊ မှိုမျိုးကောင်းမျိုးသန့်ရွေးချယ်ခြင်း၊ မှိုမွေးမြူရန် အာဟာရပြင်ဆင်ခြင်း၊ ဆေးဖက်ဝင်မှို အမျိုးအစားများနှင့်ကောက်ရိုးမှိုများ စီးပွားဖြစ် စိုက်ပျိုးနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်က ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ၁၀ မိုင်မှာ ၂၀၂၂ ခုနှစ် ဇွန် ၈ ရက် ကနေ ၁၄ ရက်အထိ ရက်တိုဖွင့်လှစ်တဲ့ မှိုစိုက်နည်းသင်တန်းကို တက်ရောက်ခဲ့တယ်။ သင်တန်းတက်ပြီးတော့ အခု ငွေနှင်းမှိုအထုပ် ၇၀၀ စတင်စမ်းသပ်စိုက်ပျိုးနေပါပြီ။ မှိုအထွက်က ၂၅ ကျပ်သားခန့် ထွက်ရှိပြီဖြစ်ပါတယ်။ အခုက မရောင်းရသေးတော့ ဝင်ငွေတော့ မရရှိသေးပါဘူး။ ဒါပေမယ့် စနစ်တကျ စိုက်ပျိုးတတ်ပြီ ဖြစ်တဲ့အတွက် ဝင်ငွေရ နည်းလမ်းတစ်ခုရတာပါပဲ” ဟု ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ မှိုစိုက်တောင်သူ ဦးမောင်ရွှေညွန့်က ပြောပြသည်။

မှိုစိုက်ပျိုးတောင်သူများသည် ကောက်ရိုးမှို၊ ငွေနှင်း/ငွေမိုးမှို စသည့်မှိုမျိုးများကို အများဆုံး စိုက်ပျိုးလေ့ရှိသည်။

“စိုက်ပျိုးရေးဦးစီးဌာနကပေးတဲ့ သင်တန်းကရတဲ့ မှိုစိုက်နည်းပညာကို ကိုယ်တိုင်တက်ရောက်ခဲ့ တယ်။ ကိုယ်တိုင်လည်း နည်းပညာရရှိသလို ကိုယ့်အရပ်ကိုယ့်ဒေသက တောင်သူတွေ တစ်ပိုင်တစ်နိုင်ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်နိုင်ဖို့ သင်တန်းပြန်ပေးနိုင်ခဲ့တယ်။ CSO (အရပ်ဘက် လူမှုအဖွဲ့အစည်း) တည်ထောင်ထားပြီး ကိုယ့်ဒေသက မှိုစိုက် တောင်သူ ၁၀ ဦးကို နည်းပညာတွေ ပြန်လည်ဖြန့်ဝေ ပေးခဲ့ပါတယ်။” ဟု သင်တန်းတက်ရောက်ခဲ့ဖူးသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှ တောင်သူ ဦးထိန်လင်းက ပြောပြသည်။

မှိုစိုက်ပျိုးရာတွင် ခန့်မှန်းခြေအားဖြင့် ကောက်ရိုးမှို တစ်ပိဿာရရှိရန် မှိုမျိုးထုပ်တစ်ထုပ်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် မှိုမျိုးထုပ်နှစ်ထုပ် စိုက်ပျိုးရပြီး ကောက်ရိုးမှိုတစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းရရှိကြောင်း၊ ငွေနှင်းမှိုတစ်ပိဿာရရှိရန် မှိုမျိုးထုပ်တစ်ထုပ်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် မှိုမျိုးထုပ်လေးထုပ် စိုက်ပျိုးရပြီး ငွေနှင်းမှို တစ်ပိဿာလျှင်ငွေကျပ် ၄၀၀၀ နှုန်းရရှိကြောင်း မှိုစိုက်တောင်သူများထံမှ သိရသည်။

သို့ဖြစ်ရာ တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ် ဖြစ်စေ မှိုစိုက်ပျိုးရန် စိတ်ပါဝင်စားသူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့်ချိတ်ဆက်၍ သင်တန်းများ ပါဝင်တက်ရောက်ခြင်းဖြင့် မှိုစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။