Skip to main content

အဋ္ဌဂံစွယ်တော်တိုက်စေတီနှင့် မြန်မာမီဒီယာအဖွဲ့

မြင့်မောင်စိုး

မြတ်ဗုဒ္ဓရဲ့စွယ်တော်မြတ်အစစ်ကို ဖူးမြော်ခွင့်ရတော့မှာဖြစ်လို့ ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ ပီတိသောမနဿဝေဒနာကို ခံစားနေကြရတာ အမှန်ပင်ဖြစ်ပါတယ်။ စွယ်တော်တိုက်ရဲ့အခြေအနေ၊ ပုံစံအနေအထား၊ တည်ထားကိုးကွယ်ပုံ၊ သမိုင်းကြောင်းစတဲ့ အကြောင်းအရာမျိုးစုံက စိတ်အစဉ်ကို လွှမ်းမိုးလို့နေပါတယ်။ ကြည်ညိုသဒ္ဓါစိတ်၊ လေ့လာစူးစမ်းလိုစိတ်၊ သိလိုမြင်လိုစိတ်တွေကလည်း တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပါတယ်။ ကမ္ဘာမှာပွင့်တော်မူပြီးတဲ့ ဂေါတမဘုရားရှင်ရဲ့ စွယ်တော်လေးဆူအနက် တစ်ဆူဖြစ်နေတာကြောင့်လည်း ဖူးမြော်ခွင့်ရချင်နေကြတာပါ။

စွယ်တော်တိုက်စေတီသို့

တကယ်တော့ ဒီနေရာဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့အနောက်ဘက် တောင်ကုန်းတစ်ခုမှာ တည်ရှိနေပါတယ်။ ပေကျင်းမြို့ကို အပေါ်စီးက တွေ့မြင်နိုင်ပါတယ်။ ဒီတောင်ကုန်းမှာရှိတဲ့ အထပ် ၁၃ ခုရှိ အဋ္ဌဂံပုံစံစွယ်တော်တိုက်စေတီကို ဒေသခံတွေက လင်ကွမ်းဘုရားကျောင်းလို့ ဆိုပါတယ်။ တချို့ကလည်း ကျုံးရှင်းစေတီတော်လို့ ဆိုကြပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စိတ်ထဲမှာတော့ ဗုဒ္ဓစွယ်တော်တိုက်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ကျွန်တော်တို့မီဒီယာအဖွဲ့ စွယ်တော်တိုက်တည်ထားကိုးကွယ်ရာ တောင်ခြေရောက်တော့ ရာသီဥတုက သာသောင့်သာယာ။ မပူလွန်းမအေးလွန်း။ ဂေါယာကျွန်းသို့ ယွန်းတော့မယ့် သူရိယနေမင်းက စေတီတော်ပရိဝုဏ်တစ်ခုလုံးကို ရွှေရောင်များ ဖျန်းပက်ထားသည့်နှယ်။

စေတီတော်တောင်ခြေရင်းကို ရောက်တယ်ဆိုရင်ပဲ ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်သွားသူက ဘုရားဂေါပကလူကြီးတွေနဲ့အတူ တရုတ်သံရုံးကသံတမန်လည်းဟုတ် စကားပြန်လည်းလုပ်တဲ့ မသဇင်ဖွေး။ သွက်လက်ချက်ချာတဲ့ သူ့ရဲ့ဦးဆောင်မှုနဲ့အတူ စွယ်တော်တိုက်တည်ရှိရာ တောင်ကုန်းဆီကို ဦးတည်တက်ခဲ့ကြပါတယ်။

တွေ့ရပါပြီ။ အဋ္ဌဂံစွယ်တော်တိုက်စေတီ။ ရှေးတရုတ်ဘုံကျောင်းဆန်ဆန် အဋ္ဌဂံပုံစံထောင့်ချိုးတွေနဲ့ အထပ် ၁၃ ထပ်ရှိတဲ့ စေတီရဲ့အထွတ်မှာတော့ ရွှေရောင်တောက်နေတဲ့ စေတီငယ်လေးကို တွေ့ရပါတယ်။ စေတီရဲ့ရင်ပြင်မှာတော့ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူကြသူတွေ၊ အမွှေးနံ့သာပူဇော်ကြသူတွေ၊ ဝတ်ပြုဆုတောင်းကြသူတွေ၊ အမှတ်တရ ဓာတ်ပုံရိုက်ကြသူတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

စေတီအတွင်းမှာရှိတဲ့ စွယ်တော်ကိုတော့ လူတိုင်းဖူးခွင့်ရပုံမပေါ်ပါဘူး။ အထူးဧည့်သည်တွေနဲ့ နေ့ကြီးရက်ကြီးအခါလောက်သာ ဖူးခွင့်ရရှိကြတယ်လို့ သိရပါတယ်။ စွယ်တော်တိုက်အတွင်း ဝင်ရောက်ရာမှာလည်း အလွန်စနစ်ကျပါတယ်။ လူတစ်ယောက်ချင်းစီ တန်းစီဝင်ရပါတယ်။ ခြေထောက်တွေကိုဝတ်ဆင်ဖို့ အစွပ်တွေပေးပါတယ်။ ဖိနပ်ချွတ်စရာမလိုပါ။ ပေးတဲ့အစွပ်ကို ဖိနပ်ပါရောစွပ်ပြီး တန်းစီတက်သွားရပါတယ်။ အထဲရောက်တော့ အနက်ရောင်ဝတ်ဆင်ထားတဲ့ ဘုရား အစောင့်အကြပ်တွေက လူတိုင်းကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ အထဲမှာ ဓာတ်ပုံရိုက်ခွင့် လုံးဝမပေးပါဘူး။

စေတီတော်တည်ထားကိုးကွယ်မှုသမိုင်း

ကြေးဆင်းတုတော် ဘုရားသုံးဆူရှေ့မှာ စွယ်တော်ဖန်ကြုတ်ကို ဖူးတွေ့ရပါတယ်။ စွယ်တော်ကြုတ်ရဲ့ရှေ့မှာတော့ သစ်သီးမျိုးစုံကို ဆက်ကပ်ထားတာ တွေ့ရပါတယ်။ ဒူးတုပ်ရှိခိုးရတာဖြစ်လို့ ဘုရားဖူးတဲ့သူတွေ ရှိခိုးနိုင်အောင် ဖော့တုံး‌တွေချ ထားတာတွေ့ရပါတယ်။ အဲဒီဖော့တုံးပေါ်ကို ဒူးထောက်ချလိုက်ပြီး ရှိခိုးရတာဖြစ်ပါတယ်။ ရှိခိုးပြီးတာနဲ့ ထွက်ပေါက်ကနေ အောက်ကိုဆင်းရပါတယ်။ အဆင်းအပေါက်မှာ သဒ္ဓါတတ်အားသရွေ့ လှူဒါန်းနိုင်ဖို့ အလှူခံဌာနကိုလည်း ဖွင့်လှစ်ထားတာတွေ့ရပါတယ်။ စွယ်တော်တိုက်စေတီအတွင်း ဝင်ရောက်ဖူးမြော်ပြီးနောက် ဂေါပကတာဝန်ရှိသူတွေက စေတီတော်တည်ထားကိုးကွယ်မှုသမိုင်း အချို့ကို ရှင်းပြပါတယ်။

“ဒီစေတီဟာ တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်းက အခမ်းအနားနဲ့ ဖွင့်လှစ်တည်ဆောက် ခဲ့တာဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ တည်ဆောက်ပြီး ၁၉၆၁ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ စေတီတော်ထဲမှာ ရွှေအစစ်နဲ့တည်ဆောက်တဲ့ စေတီကတော့ အင်ပါယာချန်းလုံရဲ့ မွေးနေ့လက်ဆောင်ဖြစ်ပါတယ်။ ဒီစွယ်တော်ဟာ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ကြွဖူးပါတယ်။ အခုစေတီအထဲမှာ မြတ်ဗုဒ္ဓရဲ့ စွယ်တော်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ စွယ်တော်စစ် နှစ်ဆူပဲရှိပါတယ်။ တစ်ဆူက သီရိလင်္ကာနိုင်ငံမှာ ရှိပါတယ်။ နောက်တစ်ဆူက ဒီမှာရှိပါတယ်။ ဒီစွယ်တော်ကိုတော့ တရုတ်ရှေးခေတ် ဘုရားသားတော်တစ်ပါးက အိန္ဒိယနိုင်ငံမှာ ရှာတွေ့ပြီး ပင့်ဆောင်လာခဲ့တယ်”လို့ ဂေါပကတာဝန်ရှိသူတွေက ဆိုပါတယ်။

စေတီတော် ဂေါပကတာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ လက်ရှိစွယ်တော်တိုက်စေတီဟာ ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်းလက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီမတိုင်မီက လက်ရှိစေတီအနီး စေတီတော်ဟောင်းထဲမှာ စွယ်တော်ကို ဌာပနာထားခဲ့တာလို့ ဆိုပါတယ်။ အဲဒီစေတီတော်ဟာ မဟာမိတ်ရှစ်နိုင်ငံက တရုတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လို့ ဗုံးကြဲခံရပြီး ပြိုကျပျက်စီးခဲ့တာ ဘုရားအောက်ခြေပလ္လင်လောက်သာ ကျန်ပါတော့တယ်။ မြတ်စွာဘုရားရဲ့ စွယ်တော်ကို ဗုံးဒဏ်ကြောင့်ပြိုကျသွားတဲ့ ကျုံးရှင်းစေတီတော်ရဲ့ ဌာပနာတိုက်ထဲက တွေ့ခဲ့တာလို့ ဆိုပါတယ်။

စေတီတော်ရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်လို့ အဝင်မုခ်ဦးအနီး ဆိုင်းဘုတ်တစ်ခုမှာလည်း အခုလိုရေးသားမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

“ထန်(Tang) မင်းဆက် ၇၇၆-၇၇၉ တွင် Longquan Temple ဟူသောအမည်ကို စတင်တည်ဆောက်ခဲ့ကြောင်း၊ ယင်းမှ Lingguang အမည်ဖြင့် ဘုရားကျောင်းအား ပြန်လည်မွမ်းမံခဲ့ကြောင်း၊ Jin Ding မင်းဆက်အုပ်ချုပ်မှု ဒုတိယနှစ်တွင် Mount Ming Jue Temple ဟု အမည်ပြောင်းလဲခဲ့ ကြောင်း၊ Ming မင်းဆက် ၁၄၂၈ ခုနှစ်နှင့် Cheng Hua နန်းစံ ဆယ့်လေးနှစ် ၁၄၇၈ ခုနှစ်တွင် Xuan De ၏ နန်းစံသုံးနှစ်၊ နှစ်ခုစလုံးတွင် ၎င်းကို ထပ်ခါတလဲလဲ ပြုပြင်မွမ်းမံခဲ့ကြောင်း သမိုင်းကဆိုသည်။ မဟာမိတ်ရှစ်နိုင်ငံက အမြောက်များနှင့်ဗုံးများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဘုရားကျောင်းကို တရုတ် သမ္မတနိုင်ငံခေတ် ဆယ်နှစ်သက်တမ်းတွင် ပြန်လည် ပြုပြင်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ဇွန်လအထိ ကြီးကျယ်ခမ်းနားသော အနုမောဒနာပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း ပြိုကျပျက်စီးခဲ့သောမဟာ ဗောဓိနေရာတွင် အံတော်ခံစေတီတော် ပေါ်ပေါက်ခဲ့သည်”

ပြိုကျသွားခဲ့တဲ့ စေတီတော်နေရာမှာ ယနေ့တိုင် ရှိနေတာကတော့ ဘုရားအောက်ခြေပိုင်းဖြစ်ပါတယ်။ အဲဒီအောက်ခြေပိုင်းနေရာကိုပဲ သံဆန်ခါနဲ့ခတ်ထားတာ တွေ့ရပါတယ်။ အုတ်ရိုးအုတ်သားတွေကို အကောင်းပတိ တွေ့ရပါတယ်။ ဘုရားဟောင်းနဲ့ လက်ရှိစွယ်တော်တိုက်စေတီကြားမှာ ဘုရားရင်ပြင် အဖြစ်တွေ့ရပြီး ထင်းရှူးပင်အိုကြီးတွေရဲ့အောက်က ထိုင်ခုံလေးတွေမှာ အပန်းဖြေအနားယူကြသူတွေ၊ ပုတီးစိပ်သူတွေ တွေ့ရပါတယ်။ ဒီဘုရားနှစ်ဆူရဲ့ ပရိဝုဏ်အတွင်းမှာ လျောင်းတော်မူဘုရား၊ မြန်မာနိုင်ငံကလှူဒါန်းထားတဲ့ ကျောက်စိမ်းဘုရားနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တို့ကိုလည်း တွေ့ရပါတယ်။

မြန်မာမီဒီယာအဖွဲ့

မြန်မာမီဒီယာအဖွဲ့အနေနဲ့ တရုတ်ပြည်စွယ်တော်အား ကိုယ်တိုင်ကိုယ်ကျဖူးတွေ့ခဲ့ရပြီး သမိုင်းအချို့ကိုလည်း သိရှိခဲ့ရပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မီဒီယာအဖွဲ့မှာဆိုရင် MRTV ၊ MITV၊ မြန်မာ့အလင်း၊ The Global New Light of Myanmar ၊ One News ၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ စံတော်ချိန်၊ Eleven ၊ Yangon Media Group ၊ Vidya မှ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးဟာ တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုး၊ ရှန်ဟိုင်း မြို့သုံးမြို့ကို သွားရောက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ ခရီးစဉ်မှာ အခုလိုစွယ်တော်တိုက်စေတီကို ဖူးမြော်ခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစွယ်တော်မြတ်စေတီကို ဖူးရလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး။ ထူးခြားတဲ့ကုသိုလ်လို့ အောက်မေ့မိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ကျွန်တော်တို့ကို တရုတ်နိုင်ငံကို သွားရောက်ခွင့်ပေးတဲ့ လူကြီးမင်းများ၊ အစစအရာရာ ဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်လျက်ရှိပါတယ်။

ဗုဒ္ဓစွယ်တော်နဲ့ပတ်သက်လို့ သမိုင်းကြောင်းအရ သိရတာက တရုတ်ပြည်ပေကျင်းမြို့မှာရှိတဲ့ စွယ်တော်က အထက်လက်ဝဲစွယ်တော်ပါ။ အောက်လက်ဝဲစွယ်တော်က သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့စွယ်တော်တိုက်မှာ စံပယ်လျက်ရှိပါတယ်။ အထက်လက်ယာစွယ်တော်ကတော့ တာဝတိံသာနတ်ပြည် စူဠာမဏိစေတီမှာ ဌာပနာထားတယ်လို့ ဆိုပါတယ်။ လက်ယာအောက်စွယ်တော်ကတော့ နဂါးပြည်မှာ စေတီတည်ထား ဌာပနာထားရှိတယ်လို့ သိရပါ တယ်။ ဒီလိုလူပြည်လူ့ရွာ လူ့ဌာနေမှာနှစ်ဆူတည်း သာရှိတော့တဲ့ စွယ်တော်မြတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖူးမြော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အကြောင်းတရားတိုက်ဆိုင်သွားလို့သာ ဖူးခွင့်ရ လိုက်တာဖြစ်ပါတယ်။

အခု တရုတ်ပြည်မှာရှိတဲ့ စွယ်တော်ရော၊ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ စွယ်တော်ပါ မြန်မာနိုင်ငံသို့ သုံးကြိမ်သုံးခါစီ ကြွဖူးတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ဒီစွယ်တော်များကြွချီမှု အထိမ်းအမှတ် တစ်ခုအနေနဲ့ စွယ်တော်ပွားအဖြစ်စွယ်တော် မြတ်စေတီတစ်ဆူကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ တည်ထားကိုးကွယ်လျက် ရှိပါတယ်။ ဗုဒ္ဓစွယ်တော်မြတ်များကို ကိုယ်တိုင်မဖူးတွေ့ရသော်လည်း စွယ်တော်မြတ်စေတီအား သွားရောက်ဖူးမြော်ကြခြင်းဖြင့်လည်း ကုသိုလ်ထူးများ ရရှိနိုင်ကြမှာဖြစ်ပါတယ်။ ။