မက်မန်းပင်များ တိုးချဲ့စိုက်ပျိုး၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းအားဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေမည့် အခွင့်အလမ်းများ
ဖြူလူသစ် - ခရိုင်(ပြန်/ဆက်)
မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝအရ စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါးဖြစ်သော်လည်း အခြားသော သစ်သီးဝလံပန်းမန်များ စိုက်ပျိုးခြင်းဖြင့်လည်း နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင်အရ စိုက်ပျိုးဖြစ်ထွန်းသော မြေဆီများစွာရှိပြီး စိုက်ပျိုးဖြစ်ထွန်းမြေ ပေါများသည့်အတွက် သီးနှံစိုက်ပျိုးမှုကို များစွာအထောက်အကူပြုလျက်ရှိသည်။
မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သည် သဘာဝကပေးအပ်ထားသည့် အဖိုးတန်မြေဆီဩဇာကောင်းမွန်မှုနှင့် အေးချမ်းသည့် ရာသီဥတုပိုင်ဆိုင်ထားသောကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖို့ ရတနာမြေအလားအထွက်နှုန်းကောင်းမွန်စေသော မြို့တစ်မြို့ ဖြစ်သည်။ ယင်းသို့ သစ်သီးဝလံပန်းမန်များ စိုက်ပျိုးမှုပိုမိုကောင်းမွန်ဖြစ်ထွန်းသည့် မြို့မှတစ်ဆင့် တန်ဖိုးမြှင့်ဒေသထွက်ကုန်များ တိုးတက်များပြားစွာ ထုတ်လုပ်နိုင်သည့်အဆင့်အထိ ရောက်အောင် လက်ရှိတွင် ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒေသထွက်သီးနှံကုန်ကြမ်းများကို အခြေခံသည့် ဒေသထွက်ကုန်များအား ထုတ်လုပ်ရာတွင် ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရေးနှင့် ထုပ်ပိုးမှုစနစ် ကောင်းမွန်စေရေးမှာလည်း အရေးကြီးသည့်အတွက် ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်နေသေးသည်။
One Region – One Product ဖြစ်စေရေး
လက်ရှိတွင် နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များကို အားပေးမြှင့်တင်လျက်ရှိပြီး တစ်ဖက်တွင်လည်း One Region – One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်များကို ထုပ်ပိုးမှုမှအစ ကုန်ပစ္စည်းအရည်အသွေး တိုးတက်ကောင်းမွန်စေရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး အဘက်ဘက်မှပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ပြင်ဦးလွင်မြို့၏ အဓိကထွက်ကုန်များဖြစ်သော ကော်ဖီ၊ စတော်ဘယ်ရီ၊ မက်မန်း၊ နေကြာ၊ မလိုင်မုန့်၊ ဆွယ်တာ၊ ဒေသထွက်ရာသီအလိုက် ပန်းမန်များသည် လက်ရှိတွင်နိုင်ငံတွင်း၌ ဈေးကွက်များ ခိုင်မာစွာရရှိထားဆဲဖြစ်သည်။ ထိုမှတစ်ဆင့် ဈေးကွက်ဝင်ဒေသထွက်ကုန်များကို အခြေခံကာတန်ဖိုးမြှင့်ထုတ်ကုန်များ ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အလျင်အမြန်အထောက်အကူပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။
ပြင်ဦးလွင်ဒေသထွက်ကုန်မက်မန်း
ပြင်ဦးလွင်ဒေသထွက်ကုန် မက်မန်းသည် ရှေးယခင်နှစ်ပေါင်းများစွာကပင် ဈေးကွက်ဝင်သီးနှံတစ်မျိုးအဖြစ် ၁၂ ရာသီပတ်လုံး ထုတ်လုပ်ရောင်းချနေရသော စီးပွားဖြစ်သီးနှံတစ်မျိုးဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်၌ မက်မန်းသီးပင်များ စိုက်ပျိုးလျက်ရှိသော ကျေးရွာအုပ်စုများမှာ နောင်ပိန်၊ မဲတော၊ ပန်းဦးတောင်၊ မျှော့တော၊ ကျွဲနွားထောက်၊ ရွှေသင်းတို့ဖြစ်ပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ၉၅၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ကျေးရွာအုပ်စုအသီးသီးရှိ မက်မန်းစိုက်ဧက ၉၅၃ ဧကမှ ထွက်ရှိသော မက်မန်းသီးများကို လက်ရှိတွင် မက်မန်းဝိုင်ပြုလုပ်ခြင်း၊ မက်မန်းအချဉ်ပေါင်း၊ မက်မန်းပျားရည်စိမ်၊ မက်မန်းသီးပြား၊ မက်မန်းတော်ဖီ၊ မက်မန်းယိုထိုးခြင်းနှင့် မက်မန်းဂျယ်လီပြုလုပ်ခြင်းစသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲကာ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
မက်မန်းပင်စတင်ခဲ့ပုံသမိုင်းနှင့် မက်မန်းပင်မျိုးစိတ်များ
မက်မန်းသီးပင် (Damson Plant) သည် Family Name အားဖြင့် Rosaceae၊ Genus မှာ Prunus ဖြစ်ပြီး Scientific Name မှာ Prunus Domestica ဖြစ်သည်။ မက်မန်းသီးပင် သမိုင်းကြောင်းကို လေ့လာကြည့်ရာတွင် မက်မန်းသီးပင်သည် ရောမခေတ်ဗြိတိန်နိုင်ငံတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ယင်းမှတစ်ဆင့် ဥရောပနိုင်ငံများသို့ ပျံ့နှံ့ခဲ့ပြီး ၁၈ ရာစု၊ ၁၉ ရာစုပိုင်းတွင် ဗြိတိန် နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် သီးနှံတစ်ခုဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်းတွင် မက်မန်းသီးမျိုးစိတ် ရှစ်မျိုး၊ ကိုးမျိုးခန့်ရှိခဲ့ပြီး ယင်းနောက် အာရှနိုင်ငံများသို့ ပျံ့နှံ့စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ လက်ရှိပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနေသော မက်မန်းသီး ပင်မျိုးများမှာ ပြင်ဦးလွင်မြို့သို့ ကိုလိုနီအစိုးရယူခဲ့သော မျိုးစိတ်ပျိုးပင်များဖြစ်သည်ဟုလည်း သိရသည်။ ပြင်ဦးလွင်မြို့တွင် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိသည့် မက်မန်းသီးမျိုးများမှာ မက်မန်းသီး အဝါမျိုး၊ မက်မန်းသီးအနီမျိုး၊ မက်မန်းသီး အစိမ်းမျိုး စသည့်သုံးမျိုး စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး လားရှိုး၊ ကွတ်ခိုင် အလုံးကြီးမက်မန်းမျိုး (Table Type)လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မက်မန်းသီးပင်စိုက်ပျိုးရန် မြေပြုပြင်ခြင်းကဏ္ဍ
မက်မန်းသီးပင်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမည့်မြေနေရာအား သမားရိုးကျနည်းထက် တောင်သူများက မြေပြုပြင်စိုက်ပျိုးရန်လည်းလိုအပ်သည်။ ထိုသို့စနစ်တကျ စိုက်ပျိုးမည်ဆိုပါက နှစ်ရှည် သီးထွက်ကောင်းသော မက်မန်းသီးပင်မျိုးအဖြစ် ရရှိနိုင်မည်ဖြစ်သည်။ မက်မန်းသီးပင် စိုက်ပျိုးမည်ဆိုပါက ဦးစွာ တောခုတ်၊ ကျွန်းခွေခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်ရန်လိုအပ်သည်။ ထို့နောက် ထယ်နှစ်စပ်၊ ထွန်တစ်စပ် မြေပြုပြင်ပေးရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြေပြင်ကိုပန္နက်ရိုက်ခြင်း (၁၅ x ၁၅) ပေ၊ ကျင်းတူးခြင်း၊ ကျင်းအတွင်းသို့ သဘာဝမြေဩဇာ၊ နွားချေးမြေဩဇာနှင့် ဓာတ်မြေ ဩဇာများသမအောင် ရောမွှေထည့်သွင်း၍ ကျင်းဖုံးပေးထားရန် လိုအပ်သည်။ ယင်းအဆင့်များ လုပ်ဆောင်ပြီးပါက မက်မန်းသီးပင်များကို စီးပွားဖြစ် စတင်စိုက်ပျိုးနိုင်ပြီဖြစ်သည်။
မက်မန်းသီးပင် စိုက်နည်းစနစ်နှင့် မျိုးစုဆောင်းခြင်း
မက်မန်းသီးပင် တစ်ဧကလျှင် စိုက်ပျိုးနိုင်မှု နှုန်းမှာ ၁၉၃ ပင်ဖြစ်ပြီး တစ်ပင်နှင့်တစ်ပင် ၁၅ ပေ ခြား၊ တစ်ကျင်းလျှင် နှစ်ပေပတ်လည်ကျင်းများတူး၍ နှစ်လခန့် နှပ်ထားရန်လိုအပ်သည်။ မက်မန်းသီးပင်၏ မျိုးများရယူရာတွင် ပင်ခြေ Sucker(သားတက်)များမှ ရယူခြင်းနည်းနှင့် မက်မန်းသီးအစေ့မှ မျိုးပင်ရယူခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် မျိုးစုဆောင်းရယူနိုင်သည်။ မက်မန်းသီးပင်မျိုး စုဆောင်းမည်ဆိုပါက မေလအတွင်း Sucker အပင်ပေါက်များကို တူးယူကာ အမြစ်ထွက်စေသော ဟော်မုန်းဆေးများ အသုံးပြု၍ မျိုးစုဆောင်းနိုင်သည်။
စိုက်ချိန်၊ မြေအမျိုးအစားနှင့် ရာသီဥတု
မက်မန်းသီးပင်စိုက်ပျိုးချိန်မှာ ရေရရှိလျှင် ဧပြီလနှင့် ဇွန်လအတွင်း စိုက်ပျိုးပါက အသင့်လျော်ဆုံးအချိန်ဖြစ်ပြီး မက်မန်းသီးအထွက်နှုန်း အကောင်းဆုံးဟု သိရသည်။ စိုက်ပျိုးရာတွင် မြေချဉ်ငန်ဓာတ် pH (4.5 မှ 5.5) အထိရှိသော မြေနီသဲဝန်းတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းနိုင်သည်ဟု ဆိုသည်။ မက်မန်းသီးပင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရာသီဥတုမှာအေးမြ၍ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ မှ ၄၅၀၀ အကြားရှိသည့် ခြောက်သွေ့သောဒေသများတွင် စိုက်ပျိုးနိုင်ကာ မိုးရေချိန်အားဖြင့် ၁၀ နှစ် ပျမ်းမျှမိုးရွာရက် ၉၄ ရက်၊ မိုးရေချိန်လက်မ ၆၉ ဒသမ ၀၈ ဖြစ်သည်။ မက်မန်းသီးပင်စိုက်ပျိုးရာတွင် မက်မန်းပျိုးပင်များ ကို အသင့်ပြင်ထားသောကျင်းများ၌ ပျိုးအိတ်ဖြင့်လည်းကောင်း၊ အပင်လွတ် တိုက်ရိုက်စနစ်ဖြင့်လည်းကောင်း စနစ်တကျချ၍ စိုက်ပျိုးရမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးပါက အထွက်နှုန်းပိုမိုတိုးတက်နိုင်မည်ဖြစ်ပြီး မက်မန်းစိုက်တောင်သူများအဖို့ ဝင်ငွေများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်သည်။
အပင်ပြုစုခြင်းကဏ္ဍ
မက်မန်းသီးပင်စိုက်ပျိုးထားသော ဧကများ၌ ဖေဖော်ဝါရီလအတွင်း မြေဆီလွှာအစိုဓာတ် လုံလောက်စွာရရှိရေးအတွက် အပင်ခြေတွင် ပင်ခြေဖုံးခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ မက်မန်း သီးတစ်ပင်လျှင် ငယ်စဉ်အရွယ်၌ ရေနှစ်ဂါလန် တစ်ပတ်နှစ်ကြိမ်ခန့် လောင်းပေးရမည်ဖြစ်ပြီး အပင်ငယ်စဉ်တွင် ပိုးမွှားရောဂါကျရောက်မှု ရှိ၊ မရှိ စနစ်တကျ ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို အသုံးပြု၍ နှိမ်နင်းပေးရမည်ဖြစ်သည်။ ထို့နောက် အပင်သက်တမ်းရလာသည်နှင့်အမျှ မက်မန်းသီးပင်၏ ပင်စည်အရင်းမှ ပင်ပွားများ၊ ကိုင်းပွားများ သန့်ရှင်းပုံသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးပြီးချိန်မှစ၍ သုံးနှစ်မှ ငါးနှစ်အတွင်းပန်းစပွင့်၍ အသီးစသီးမည်ဖြစ်သည်။
အအေးပိုင်းသီးနှံမက်မန်း
မက်မန်းပင်များသည် အမြဲစိမ်းအပင်မျိုး မဟုတ်ဘဲ အအေးပိုင်းသီးနှံမျိုးဖြစ်သည့်အတွက် နိုဝင်ဘာလအတွင်း ယင်းအပင်ပေါ်ရှိအရွက်များ အားလုံးကြွေကျသွားပြီး ရိုးတံများသာရှိကြသည်။ ထို့နောက် မတ်လလယ်လောက်တွင် ပန်းပွင့်များစတင်ပွင့်လာပြီး ယင်းပန်းပွင့်များစုံပါက အရွက်နုများ စတင်ထွက်ရှိလာကြသည်။
ယင်းအချိန်တွင် အသီးကင်းများလည်း စတင်ထွက်ရှိလာပြီး သီးထွက်ကောင်းသည့် မက်မန်းမျိုးပင် တစ်ပင်ဖြစ်လာမည်ဖြစ်သည်။ ထိုသို့စတင်ထွက်ရှိချိန်တွင် ပန်းပွင့်များ ဦးစွာမပွင့်ဘဲ အရွက်နုများသာ စတင်ထွက်ရှိလာပါက ယင်းအပင်သည် မက်မန်းသီးထွက်ကောင်းသည့် မျိုးပင်မဖြစ်နိုင်တော့ကြောင်း တောင်သူများက သတိပြုရမည်ဖြစ်သည်။ ပန်းပွင့်များ၊ သီးကင်းများဖြင့် အဆင့်ဆင့်ထွက်ရှိသော မက်မန်းသီးပင်သည် မတ်လလယ်မှစ၍ လေးလတာကြာမြင့်ချိန်တွင် ရင့်မှည့်ချိန်ရောက်ရှိသဖြင့် စတင်ဆွတ်ခူးနိုင်ပြီဖြစ်သည်။
မက်မန်းသီးထွက်နှုန်း
မက်မန်းသီးပင်တစ်ပင်လျှင် မက်မန်းသီးထွက်ရှိမှုအားဖြင့် ပထမသီးသောမက်မန်းသီးပင်သည် အပင်သေးငယ်သောကြောင့် တစ်ပင်လျှင် တစ်ပြည်ခန့်ရရှိမည်ဖြစ်ပြီး ဒုတိယသီးသော ခြောက်နှစ်သားပင် ရောက်သည့်အခါ တစ်ပင်လျှင် မက်မန်းသီးနှစ်ပြည်ခန့်ရရှိမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် မက်မန်းသီးပင် သက်တမ်းရင့်လာသည်နှင့်အမျှ ပြုစုထိန်းသိမ်းမှုအပေါ်မူတည်ပြီး သီးနှံထွက်နှုန်းများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ မက်မန်းသီးပင် အမြင့်ဆုံးအသီးထွက်ရှိသည့် အချိန်မှာ ၁၅ နှစ်သားအရွယ်ဖြစ်ပြီး တစ်ပင်လျှင် မက်မန်းသီး ငါးတင်းနှုန်းခန့်ထွက်ရှိနိုင်ပြီးဝင်ငွေကောင်းသော စိုက်ပျိုးသီးနှံတစ်ခုအဖြစ် တောင်သူများအတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။
မက်မန်းသီးပင်၏ သက်တမ်းနှင့် ဝင်ငွေရရှိမှု
ပင်ခြေသားတက်များမှ ရယူစိုက်ပျိုးထားသော မက်မန်းသီးပင်၏ သက်တမ်းမှာ နှစ် ၃၀ လောက်သာ ရှင်သန်ကြီးထွားနိုင်ကြောင်းနှင့် မက်မန်းသီးပင်တစ်ပင်သည် အပင်သက်တမ်းအလျောက် အမြင့်ပေ ၁၅ ပေအထိမြင့်မားနိုင်ကြောင်း သိရသည်။ ပုံမှန်စိုက်ပျိုးထားသော မက်မန်းသီးပင်သည် စတင်စိုက်ပျိုးသည့်အချိန်မှ (၁၈)နှစ်(၁၉)နှစ်အထိ သီးထွက်နှုန်းများတိုးသော်လည်း အနှစ်(၂၀)နောက်ပိုင်းအကြာတွင် သီးထွက်နှုန်းများ ကျဆင်းတတ်သည်ကို တွေ့ရှိရသည်။ ထိုသို့ သီးနှံထွက်နှုန်းများ မကျဆင်းစေရေးနှင့် နှစ်ရှည်သီးနှံတစ်ခုအဖြစ် ဝင်ငွေပိုမိုတိုးတက်စေရေးအတွက် တောင်သူများအနေဖြင့် မက်မန်းသီးပင်၏ ရင့်မှည့်သောအသီးမှ အစေ့ကို ရယူစိုက်ပျိုးထားသော မက်မန်းသီးပင်အား တစ်နှစ်သားခန့်အရွယ်တွင် ကိုင်းဆက်ခြင်းနည်းပညာဖြင့် မျိုးပွားထားနိုင်ကြောင်း သိရသည်။ ထိုသို့ ကိုင်းဆက်နည်းပညာဖြင့် စိုက်ပျိုးထားသော မက်မန်းသီးပင်တစ်ပင်၏ သက်တမ်းမှာ နှစ် ၅၀ ခန့်အထိ ကြာမြင့်နိုင်ကြောင်း လေ့လာသိရှိရသည်။ ထိုသို့ဖြင့် မက်မန်းစိုက် တောင်သူများသည် မက်မန်းသီးပင် စတင်စိုက်ပျိုးသည့် သုံးနှစ်မှ ငါးနှစ်အတွင်း အသီးစတင်ရရှိနိုင်ပြီး အပင်ခုနစ်နှစ်သားအရွယ်မှစ၍ အပင်သက်တမ်းပေါ်မူတည်၍ မက်မန်းစိုက်တောင်သူများအဖို့ နှစ်စဉ်စီးပွားဖြစ် ဝင်ငွေအကျိုးအမြတ်များ တိုးတက်ရရှိမည်ဖြစ်သည်။
မက်မန်းစိုက်တောင်သူများ ဆောင်ရွက်သင့်သည့်အချက်များ
စီးပွားဖြစ် မက်မန်းစိုက်ပျိုးရာတွင် သီးထွက်နှုန်း ပိုမိုကောင်းမွန်စေရေး တောင်သူများ မဖြစ်မနေဆောင်ရွက်ရမည့် အချက်များလည်းရှိသည်။ ယင်းတို့မှာ မက်မန်းစိုက်ပျိုးထုတ်လုပ်မှုအတွက် ရေပေးစနစ်မှန်ကန်စေရေး၊ အပင်အာဟာရရရှိစေရေးအတွက် အစာကျွေးစနစ်မှန်ကန်စေရေး၊ ထိုသို့ အစာကျွေးရာတွင်လည်း အချိန်မှန်/အချိုးကျကျွေးနိုင်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေး ဂရုစိုက်ဆောင်ရွက်သင့်သည်။ ထို့ပြင် ပိုးရောဂါ၊ မှိုရောဂါ နှိမ်နင်းခြင်းလုပ်ငန်းများ၊ ကိုင်းပြင်ခြင်းလုပ်ငန်းများနှင့် ကိုင်းညှပ်ခြင်းနည်းကို အသုံးပြုကာဆောင်ရွက်စိုက်ပျိုးပါက သီးထွက်နှုန်းပိုမိုရရှိပြီး တောင်သူများအဖို့ နှစ်စဉ်ဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး
မက်မန်းသီးပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်မှုမှသည် မက်မန်းသီးပင်အား စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ကျေးရွာအုပ်စုများတွင် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော်အစိုးရက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိစေရေး စနစ်တကျ စိုက်ပျိုးရန်လိုအပ်သည်။ ထို့ပြင် မက်မန်းသီး အစိုအဆင့်မှ ကုန်ချောအဆင့်အထိ ထုတ်လုပ်နိုင်မှုအတွက် စနစ်တကျစီမံခန့်ခွဲမှု၊ ဈေးကွက်စသည့် ကုန်ထုတ်လုပ်မှုအဆင့်ဆင့်အတွက် ကျွမ်းကျင် လုပ်သားရရှိရန်မှာလည်း အရေးကြီးသောကြောင့် မက်မန်းသီးပင်များကို စနစ်ကျသော စိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးထိန်းသိမ်းပါက တောင်သူများအနေဖြင့် သီးထွက်ကောင်းသော နှစ်ရှည်မက်မန်း သီးပင်များပိုင်ဆိုင်နိုင်ပြီး နှစ်စဉ်ဝင်ငွေများ ပိုမိုရရှိစေနိုင်မည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ စိုက်ပျိုး ရေးနည်းစနစ်များဖြင့် စနစ်တကျစိုက်ပျိုးပါက One Region – One Product ဆိုသည့်အတိုင်း ပြင်ဦးလွင်ဒေသထွက် မက်မန်းသီးများသည် ဒေသတွင်းဈေးကွက်များ၌ နာမည်ပိုမိုရရှိလာမည် ဖြစ်သည်။
ထိုမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုစေမည့် မက်မန်းပို့ကုန်တစ်မျိုး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။