အများပြည်သူ နှောင့်ယှက်မှုများ
ဦးဟန်ညွန့် (ဥပဒေ)
▲တရားဥပဒေ ▲
“တရားဥပဒေအကြောင်း အနှစ်သာရ” ဆွေးနွေးမှု ကို ကျွန်တော်၏ ရုံးခန်း၌ ကျင်းပပါသည်။ အမှုလိုက်တာဝန်သာမက ဥပဒေအကြံပေးကိစ္စ၊ အများပြည်သူကိစ္စ၊ ဥပဒေအထောက်အကူ ကိစ္စများကိုလည်း အလုပ်သင်ရှေ့နေများအား ဆွေးနွေးပို့ချပါသည်။ ရှေ့နေတစ်ယောက်သည် အမှုလိုက်တတ်ရုံနှင့် ပြည့်စုံမှုမရှိသေး။ ဘက်စုံ ထူးချွန်ဖို့လိုသည်။ တရားဥပဒေ၏ သဘော သဘာဝ၊ အနှစ်သာရကို သိဖို့လိုသည်။ သိရုံနှင့် မပြီးသေး။ ထပ်ဆင့်ဖြန့်ဝေဖို့၊ မျှဝေဖို့၊ အသိပေးဖို့၊ ပညာပေးဖို့လိုသေးသည်ဟု ကျွန်တော်ခံယူသည်။ အလုပ်သင်ရှေ့နေများကို ဤသို့သင်ကြားပေးပါ သည်။
▲ မေးခွန်း ▲
အလုပ်သင်ရှေ့နေမောင်ပျင်းရိက နာမည်နှင့် လိုက်အောင် ပျင်းရိပါသည်။ သို့သော် မေးခွန်းမေး သည့်နေရာမှာတော့ မညံ့ပါ။ မပျင်းပါ။ ထိထိမိမိရှိပါ သည်။ ယခုလည်း “အများပြည်သူနှောင့်ယှက် မှုဆိုတာ ဘာလဲဆရာကြီး။ ဘယ်သူတွေကို လုပ်ပိုင် ခွင့်ပေးထားပါသလဲ။ ဘယ်လိုအကြောင်း ကိစ္စမျိုး တွေပါလဲ ဆရာကြီး” ဟု အစချီကာ မောင်ပျင်းရိ က မေးလာပါသည်။
▲ ရာဇဝတ်ကျင့်ထုံး ▲
ရာဇဝတ်ကျင့်ထုံး၊ အခန်း(၁၀)တွင် အများ ပြည်သူနှောင့်ယှက်မှုများ (Public Nuisances) ဖော်ပြထားပါသည်။ ပုဒ်မ ၁၃၃ က အစချီသည်။ ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ် တရားသူကြီး သို့မဟုတ် ပထမတန်းအာဏာရ တရားသူကြီးတစ်ဦးဦး၏ လုပ်ပိုင်ခွင့်ဖြစ်ပါသည်။
▲ ရဲတိုင်တန်းချက် ▲
(က) ရဲတိုင်တန်းချက်အရဖြစ်စေ သို့မဟုတ် တစ်ဦးတစ်ယောက်၏ တိုင်လျှောက်ချက်အရ ဖြစ်စေ ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ် တရားသူကြီး သို့မဟုတ် ပထမ တန်းအာဏာရ ရာဇဝတ်တရားသူကြီးသည် ကျင့်ထုံးဥပဒေပုဒ်မ ၁၃၃ အရ အောက်ဖော်ပြပါအကြောင်းကိစ္စများကို လိုအပ်သောစစ်ဆေးချက် များ ပြုလုပ်နိုင်ပါသည်-
(၁) အများပြည်သူတို့ တရားသဖြင့် အသုံးပြုသော မြစ်ချောင်း၊ တူး မြောင်း၊ လမ်းခရီး သို့မဟုတ် အများပြည်သူတို့နှင့် သက်ဆိုင်သည့် နေရာတွင် နှောင့်ယှက်ခြင်း၊ ပိတ်ဆို့ ခြင်းများ
(၂) မည်သည့် ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ကုန်သိုလှောင်ရေးကိုမဆို အများပြည်သူတို့ ကျန်းမာရေးနှင့် နှစ်သိမ့်ရေးတို့ကို ထိခိုက်နစ်နာစေ မှုများ
(၃) မည်သည့်အဆောက်အအုံ သို့မဟုတ် အရာဝတ္ထုမဆို မီးလောင်ကျွမ်းမှုဖြစ် စေတတ်သော အမှုများ
(၄) မည်သည့်အဆောက်အအုံ၊ မိုးကာ တဲ၊ သစ်ပင်မဆိုပြိုလဲ၍ လူထုအများ အား သေဘေးဒဏ်ရာ အနာတရ ဖြစ်စေတတ်သောအမှုများ
(၅) မည်သည့်ရေတွင်း၊ ရေကန်နှင့် တူးဖော်ထားသည့် နေရာမဆို အများ ပြည်သူအား ဘေးအန္တရာယ်မဖြစ် စေရန် ဝင်းခတ်ကာရန်သင့်သည့် အမှုများ
(၆) မည်သည့် စိုးရိမ်ကြောက်မက်ဖွယ် ကောင်းသော တိရစ္ဆာန်ကိုမဆို သတ် ဖြတ်ခြင်း၊ ချုပ်နှောင်ထားခြင်း ပြုသင့် သည့် အမှုများ
(ခ) အထက်ဖော်ပြပါ အများပြည်သူတို့အား နှောင့်ယှက်မှုဖြစ်သည်ဟု ထင်မြင် ယူဆလျှင် အနှောင့်အယှက်ပြုသူအား ယင်းနှောင့်ယှက်မှုကို ဖယ်ရှားရန်၊ တားဆီးရန် သို့မဟုတ် ရပ်တန့်ရန် အတည်မဖြစ်သေးသော အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
(ဂ) ရာဇဝတ်သေးမှုဖွင့်လှစ်၍ နှောင့်ယှက် မှုပြုသူ (လျှောက်ထားခံရသူ) ထံမှ ထုချေလွှာ တောင်းခံရပါမည်။
(ဃ) အနှောင့်အယှက်ပြုသူသည် တရားသူ ကြီး ရှေ့သို့လာရောက်မထုချေလျှင် ၎င်း၏ မျက်ကွယ်တွင် အမှုကိုတစ်ဖက်သတ် ကြားနာ စစ်ဆေးပြီး အမိန့်ချမှတ်နိုင်ပါသည်။ (ကျင့်ထုံး ပုဒ်မ ၁၃၆)
(င) လျှောက်ထားခံရသူသည် လာရောက် ထုချေလျှင် သမ္မန်မှု (ထောင်ဒဏ် ၆ လ အထိသာ အပြစ်ပေးနိုင်သော အမှုစစ်ဆေးနည်း) ကဲ့သို့ စစ်ဆေးရမည်။ (ကျင့်ထုံးပုဒ်မ ၁၃၇)
(စ) ကျေနပ်လောက်အောင် ထုချေနိုင်လျှင် ရာဇဝတ်တရားသူကြီးသည် ဆက်လက်အရေးယူ ခြင်း မပြုရပါ။ (ကျင့်ထုံးပုဒ်မ ၁၃၇)
(ဆ) ကျေနပ်လောက်အောင် ထုချေနိုင်ခြင်း မရှိလျှင် အမိန့်မှာ ပြီးပြတ်သော အမိန့်ဖြစ်သည်။ (ကျင့်ထုံး ၁၃၇)
(ဇ) အများပြည်သူတို့ အခွင့်အရေး ရှိ၊ မရှိ အငြင်းပွားလာလျှင်၊ တရားသူကြီးသည် စုံစမ်းမှု တစ်ရပ်ပြုလုပ်ပြီး လျှောက်ထား ခံရသူတွင် ဆိုင်ရာ ဆိုင်ခွင့်ရှိကြောင်း ခိုင်လုံလျှင် တရားမရုံးက ဆုံးဖြတ်ရန်ထားရှိရမည်။ လျှောက်ထားခံရသူတွင် ဆိုင်ရာ ဆိုင်ခွင့်ရှိကြောင်း ဆက်လက် ဆောင်ရွက် သွားရမည်။ (ကျင့်ထုံးပုဒ်မ ၁၃၉-က)
(ဈ) တရားသူကြီးအမိန့်မှာ အပြီးသတ်ဖြစ် သည့်အခါ သတ်မှတ်ထားသော အချိန် ကာလ အတွင်း အမိန့်အတိုင်း လိုက်နာရန် ခိုင်းစေရမည်။ အမိန့်အတိုင်း မလိုက်နာ မဆောင်ရွက်လျှင် ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ တရားစွဲဆိုနိုင်သည် (ကျင့်ထုံးပုဒ်မ ၁၄၀)
(ည) ရာဇဝတ်တရားသူကြီးသည် ကျင့်ထုံး ပုဒ်မ ၁၃၃ အရ အမိန့်ချမှတ်ရန်ပြုရာတွင် ကြီးလေး သော နစ်နာမှု သို့မဟုတ် ဘေးအန္တရာယ် သင့်ရောက်မည့်ဆဲဆဲ ဖြစ်နေသည်ဟု ယူဆလျှင် တရားသူကြီးသည် အနှောင့်အယှက်ပြုသူ ထိုသူ အပေါ် တားဝရမ်းထုတ်နိုင်သည်။ (ကျင့်ထုံးပုဒ်မ ၁၄၂)
▲ အများပြည်သူဆိုင်ရာ နေရာ ▲
“အများပြည်သူဆိုင်ရာ နေရာ၏ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါ” ဟု မောင်ပျင်းရိက ထမေးသဖြင့် “အများပြည်သူဆိုင်ရာနေရာဆို သည်မှာ အစိုးရပိုင်မြေ၊ စခန်းချသည့်မြေယာ၊ မြေကွက်မှစ၍ ကျန်းမာမှု သို့မဟုတ် အပန်းဖြေမှု များအတွက် ချန်လှပ်ထားသည့် မြေယာမြေကွက် များလည်း ပါဝင်ကြောင်း” ဖြေဆိုခဲ့ပါသည်။
▲ အနှစ်သာရ ▲
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၃၃ ၏ အနှစ်သာရမှာ အများပြည်သူစိတ်ငြိုငြင်စေမှု ဖြစ်စေနိုင်ကြောင်း ရဲအစီရင်ခံစာအရ ဖြစ်စေ၊ သတင်းအချက်အလက် နှင့် သက်သေခံချက်အရဖြစ်စေ သိရှိရသည့်အခါ ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ် တရားသူကြီး သို့မဟုတ် ပထမတန်းအာဏာရ တရားသူကြီးတို့က အဆောတလျင် တားဆီးဖယ် ရှား၊ ဖျက်သိမ်းနိုင်ရန်အတွက် ပြဋ္ဌာန်းချက်ဖြစ်ပါ သည်။
▲ သိကောင်းစရာစီရင်ထုံး ▲
ရာဇဝတ်ကျင့်ထုံး ၁၃၃ နှင့် စပ်လျဉ်းပြီး သိကောင်းစရာ စီရင်ထုံးအချို့ရှိပါသည်-
(၁) နွေရာသီတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရန်အတွက် ရပ်ရွာအတွင်း နေထိုင်သူများက မီးချိတ်၊ မီးကပ်များ ထားရန်၊ ရေအိုးများ ဖြည့်ထားရန်နှင့် ချက်ပြုတ်ရာ၌ မီးသတိပြုရန် ကြေညာ သည့်အခါ သူတစ်ဦးဦးအား ညွှန်ကြား ခြင်းမဟုတ်သည့်အပြင် ထိုသူအား ကန့် ကွက်ပြောဆိုရန် အခွင့်အရေးမပေးခဲ့ သဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးမယူနိုင်ကြောင်း စီရင်ထုံး
(၂) A က B ၏ ပုဂ္ဂလိကပိုင်သည်ဆိုသော လမ်းကို အများပြည်သူပိုင်လမ်းအဖြစ် ဖြတ်သန်းသွားလာသည်ကို B က တားဆီးသဖြင့် ပုဒ်မ ၁၃၃ အရ လျှောက် ထားရာ တရားသူကြီးက ဖယ်ရှားမိန့် ထုတ်ဆင့်ခြင်းနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက ပိုင်လမ်း ဟုတ်၊ မဟုတ် အများပိုင်လမ်း ဟုတ်၊ မဟုတ် ပုဒ်မ ၁၃၃ အရ လျှောက် ထားမှုတွင် စီရင်ပိုင်ခွင့်မရှိဘဲ တရားမ ရုံးကသာ ဆုံးဖြတ်ရန်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သော စီရင်ထုံး
(၃) အများနှင့် သက်ဆိုင်သော လမ်းပေါ်တွင် ဖြစ်စေ၊ လမ်းဘေးတွင်ဖြစ်စေ၊ ငါးရောင်း ခြင်းသည် အများပြည်သူကို ငြိုငြင်စေမှု မဟုတ်။ ထိုလမ်းပေါ်တွင် သွားလာနေ သူများနှင့် အနီးအနားတွင် နေထိုင်သူ များ သို့မဟုတ် လူအများကို စိတ်မချမ်း မသာ ဖြစ်စေကြောင်း ငြိုငြင်စေခြင်း သက်သေထင်ရှားရှိရန်လိုသည်ဟု ဆုံး ဖြတ်လမ်းညွှန်ခဲ့သော စီရင်ထုံး
▲ အများပြည်သူ၏ အကျိုးအတွက်▲
ဤခေါင်းစဉ်နှင့် စပ်လျဉ်း၍ ကျွန်တော်၏ရုံး ခန်းတွင် ရှေ့နေများဆွေးနွေးခဲ့ကြရာ ဥပဒေပညာ ရှင်အသီးသီး၏ အများပြည်သူအတွက် ဆောင်ရွက် နိုင်သော အလုပ်၊ စေတနာ၊ မေတ္တာများ များစွာ ရှိကြောင်း ထင်ရှားစေခဲ့ပါသည်။ မိမိတတ်သည့် ဥပဒေပညာဖြင့် အများပြည်သူပိုင်သောလမ်း ဖြောင့်ဖြူးဖို့၊ အများပြည်သူသောက်သုံးသော ရေတွင်းရေကန်၊ မြစ်ချောင်းအင်းအိုင်၊ တူးမြောင်း သန့်ရှင်းပြီး ပြည်သူ့ကျန်းမာရေးအထောက် အကူပေးဖို့၊ ဥပဒေအရ ဆန့်ကျင်မှုမပြုကြဖို့၊ အများပြည်သူ၏ ကျန်းမာရေး သို့မဟုတ် အေးချမ်း သာယာရေး မထိခိုက်စေဖို့၊ အများပြည်သူ ဘေးအန္တရာယ်မဖြစ်စေဖို့၊ အများပြည်သူအား ဘေးရန်ပြုသည့် တိရစ္ဆာန်များကို မမွေးမြူဖို့ အစရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တရားသူကြီးများ ဆောင်ရွက်နိုင်သည်၊ ရဲအရာရှိများ ဆောင်ရွက်နိုင်သည်၊ အများပြည်သူ အကျိုးကို လိုလားသူတိုင်း ကူညီဆောင်ရွက်နိုင် သည် မဟုတ်ပါလား...။
▲ စေတနာ ▲
အများပြည်သူအတွက် ဘယ်နေရာ၊ ဘယ် တာဝန်၊ ဘယ်အချိန်မှာ ဘာလုပ်ပေး နိုင်မည်လဲ ဆိုသည့်အကြောင်းကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၃၃ နှင့် ယှဉ်၍ တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။