နှစ်တစ်ရာတိုင်၊ သစ္စာခိုင်မြဲ၊ သမဝါယမအောင်လံမလဲ၊ ပန်းပန်လျက်ပဲ
စစ်လွမ်းနောင်(မန်းမြေသား)
နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ရောက်ရှိလာပြီဆိုတော့ ကျွန်တော့်ရဲ့အတွေးထဲ ဆရာဇော်ဂျီ ခံစားရေးဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ကို သွားပြီးသတိရလိုက်မိပါတယ်။ နှုတ်ကလည်း သူ့အလိုလို ကဗျာစာသားတစ်ပိုဒ်ကို ရွတ်ဆိုမိလိုက်ပါတယ်၊ “ အယက်အကန်ခံလို့ ၊ ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျက်ပဲ ” ဆိုပြီးတော့လေ။
အဲဒီ “ပန်းပန်လျက်ပဲ” ကဗျာထဲက ဗေဒါပင်လေးဟာ လှိုင်းတံပိုးတွေအောက် ရောက်သွားလိုက်၊ ရေထဲမျောပါလာတဲ့ အုန်းလက်ကြွေတွေက သူ့နံဘေး ဝင်ဆောင့်လိုက်၊ လှိုင်းအကြွမှာ ပြန်ပေါ်လာလိုက်၊ ပြန်ပေါ်လာတော့ လည်းချောင်းအဆွယ်ဆွယ် မြောင်းငယ်အသွယ်သွယ်ထဲက ဘဲအုပ်တစ်ရာနှစ်ရာက ထိုးမယ်ဆိတ်မယ်၊ စားမယ်ဝါးမယ်တကဲကဲ။ အဲဒီလိုနဲ့ ဗေဒါပင်လေးခမျာ အန္တရာယ်တွေကြားထဲကနေ လောကဓံရဲ့ရိုက်ခတ်မှုဒဏ်ကို ယက်ကန်ယက်ကန်နဲ့ ကြိုးစားကာ ကြံ့ကြံ့ခံလို့ အထက်ဆီသို့ပျံတက်ဖို့ အံကိုကြိတ်ပြီး အားခဲရုန်းကန်ခဲ့တဲ့အတွက် ကိုယ့်ရေစီးကြောင်းမှာ ကိုယ်တိုင်ပွင့်တဲ့ပန်းကို ကိုယ်တိုင်ပန်ဆင်ပြီး ရပ်တည်နိုင်ခဲ့သလိုမျိုး ကျွန်တော်တို့ သမဝါယမရဲ့ ခေတ်အဆက်ဆက် ရပ်တည်ခဲ့ရပုံကို နှိုင်းယှဉ် ဆက်စပ်တွေးမိလိုက်လို့ပါ။
မြန်မာ့သမဝါယမအစ မြင်းမူက
ကျွန်တော်က ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့သမဝါယမရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တစ်ချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်အစိုးရလက်အောက် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်နေခဲ့ရတဲ့ အချိန်တုန်းက အိန္ဒိယနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတော့ အိန္ဒိယဗဟိုအစိုးရက ဆာအက်ဒဝပ်လောဆိုသူ ခေါင်းဆောင်တဲ့ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ၁၉၀၄ ခုနှစ် ငွေစုငွေချေးသမဝါယမအသင်းများဆိုင်ရာ ဥပဒေကို ရေးဆွဲစေခဲ့ပြီး သမဝါယမအသင်းတွေဖွဲ့စည်းဖို့ ၁၉၀၄ ခုနှစ် မတ်လမှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေဟာ အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်အားလုံးကို အကျိုးသက်ရောက်ခဲ့သလို သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေရတဲ့ မြန်မာနိုင်ငံဟာလည်း အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒါကြောင့် အဲဒီဥပဒေအရ မြန်မာနိုင်ငံဟာ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ“ မြင်းမူငွေစုငွေချေး သမဝါယမအသင်း”ကို ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က အသင်းသား ၉၀ နဲ့ ပထမဦးဆုံး သမဝါယမအသင်းအဖြစ် စတင်မှတ်ပုံတင်ဖွဲ့စည်းခဲ့ကြတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ခုနစ်နှစ်ကျော်ကာလအတွင်း သမဝါယမအသင်းတွေ အမြောက်အမြားဖွဲ့စည်းခဲ့ကြတယ်။
အဲဒီ ၁၉၀၄ ခုနှစ် ငွေစုငွေချေးသမဝါယမအသင်း များဆိုင်ရာဥပဒေရဲ့ ရည်ရွယ်ချက်က လယ်ယာစိုက်ပျိုးသူတွေ၊ လက်မှုပညာသည်တွေ၊ ငွေအရင်းအနှီးချို့တဲ့သူတွေ ချွေတာစုဆောင်းတတ်တဲ့ အလေ့အထ၊ ကိုယ့်ထူးကိုယ်ချွန်လုပ်ကိုင်လိုစိတ်နဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ဖြစ်ပေါ်လာစေဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သမဝါယမအသင်းတွေဟာ အဲဒီဥပဒေရဲ့ရည်ရွယ်ချက်တွေဖြစ်တဲ့ ချွေတာစုဆောင်းတတ်တဲ့ အလေ့အထလည်းဖြစ်မလာ၊ ကိုယ်ထူးကိုယ်ချွန် လုပ်ကိုင်လိုတဲ့ စိတ်ဓာတ်လည်းမပေါ်ပေါက်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်လိုတဲ့ အလေ့အကျင့်ဖြစ်ပေါ်အောင်လည်း မကြိုးပမ်းခဲ့ကြဘူး။ အဲဒီတုန်းက သမဝါယမအသင်းတွေဟာ အစိုးရဆီကနေ စိုက်ပျိုးစရိတ်ချေးငွေ၊ အတိုးနှုန်းသက်သက် သာသာနဲ့ရမယ့် ဘဏ်ချေး ငွေတွေ ချေးယူသုံးစွဲရဖို့ကိုပဲ အာရုံထားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ကြဘူးလေ။
အဲဒါကြောင့် ၁၉၀၄ ခုနှစ် ငွေစုငွေချေး သမဝါယမအသင်းများဆိုင်ရာဥပဒေကို ဖျက်သိမ်းပြီး ဒုတိယမြောက်ဥပဒေဖြစ်တဲ့ ၁၉၁၂ ခုနှစ် သမဝါယမအသင်းများဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အခါ မြန်မာတစ်နိုင်ငံလုံးမှာ ကျေးလက်ငွေစုငွေ ချေးသမဝါယမအသင်း ၄၀၉၇ သင်းနဲ့ အခြားအသင်း ၁၄၆၆ သင်း စုစုပေါင်း ၅၅၆၃ သင်း၊ အသင်းသားဦးရေစုစုပေါင်း ၁၅၆၀၀၃ ဦးအထိ ရှိလာခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သမဝါယမအသင်းတွေဟာ ကိုလိုနီအစိုးရရဲ့ပယောဂကြောင့် ဖွဲ့စည်းခဲ့ရတာ ဖြစ်ပြီး သမဝါယမရဲ့အခြေခံ သဘောတရားတွေကို သိရှိနားလည်ခြင်းမရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်ထင်ရာ ကိုယ်လုပ်ခဲ့ကြတဲ့အတွက် ၁၉၂၅ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့တဲ့ သမဝါယမအသင်းပေါင်း ၅၅၆၃ သင်းရှိရာကနေ သုံးပုံတစ်ပုံလောက်သာကျန်တဲ့အထိ လျော့နည်းကျဆင်းသွားခဲ့ရပြန်ပါတယ်။
၁၉၃၅ ခုနှစ် သမဝါယမအသင်းများ ပြန်လည်ပြုပြင်ရေး စီမံကိန်း
ဒီလိုနဲ့ ၁၉၁၂ ခုနှစ် သမဝါယမအသင်းများ ဆိုင်ရာအက်ဥပဒေဟာ မပြည့်စုံမလုံလောက်တဲ့အတွက် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အရ ဥပဒေပြုပိုင်ခွင့် ရရှိထားပြီးဖြစ်တဲ့ မြန်မာအစိုးရက တတိယ မြောက်ဥပဒေအဖြစ် ၁၉၂၇ ခုနှစ် သမဝါယမအက်ဥပဒေကို အသစ်ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီ ဥပဒေအရအသင်းတွေကို ဒလကြမ်းစာရင်း ရှင်းလင်းဖျက်သိမ်းတဲ့အခါ အကြွေးရှိတဲ့ အသင်းသား မှန်သမျှ လယ်ယာမြေတွေ၊ လှည်းတွေ၊ နွားတွေ၊ နောက်ဆုံး အိမ်ပါမကျန် ဝရမ်းထုတ်ဖမ်းဆီး လေလံ ပစ်တာကိုခံခဲ့ကြရပါတယ်။ အဲဒီလို လယ်ယာမြေနဲ့ ပစ္စည်းတွေသိမ်းဆည်းခဲ့ပေမဲ့ သမဝါယမချေးငွေနဲ့ အစိုးရဘဏ်ချေးငွေတွေကတော့ ပြန်မရခဲ့ပါဘူး။ ဒါ့ကြောင့် ဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကို ပြန်လည်ပြုပြင်ဖို့ အစိုးရကကြေးတိုင်နှင့် မြေစာရင်းမင်းကြီး ဦးတင်ကြီးကို သမဝါယမမင်းကြီး အဖြစ်ခန့်အပ်ကာ ၁၉၃၅ ခုနှစ် သမဝါယမအသင်းများ ပြန်လည်ပြုပြင်ရေးစီမံကိန်းကို ရေးဆွဲစေခဲ့ပြီး အဲဒီစီမံကိန်းအရ သိမ်းယူခံထားရတဲ့လယ်ယာမြေတွေကို မူလသမဝါယမအသင်းသားတွေဒါမှမဟုတ် အမွေစားအမွေခံတွေကို ငါးနှစ်မှ၁၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ပြန်လည် ဝယ်ယူခွင့်ပြုခဲ့ပါတယ်။ ကြွေးဟောင်းတွေကိုလည်း အရစ်ကျစနစ်နဲ့ပြန်ဆပ် ခွင့်ပြုခဲ့ပါတယ်။ သမဝါယမဌာနက စိုက်ပျိုးစရိတ် ချေးငွေတွေကို ထုတ်ချေးပေးခဲ့ပါတယ်။ မြေဖိုးအရစ်ကျပေးဆပ်ငွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ အရင်း၊ အတိုးငွေတွေကို ငွေသားနဲ့မဆပ်စေဘဲမိမိတို့ စိုက်ပျိုးတဲ့သီးနှံနဲ့ပေးဆပ်ဖို့ စာချုပ်ချုပ်ဆိုပြီး သီးနှံကိုသာ ပေးဆပ်ခဲ့ကြရပါတယ်။ အဲဒီလို ပေးသွင်းတဲ့သီးနှံတွေကို အသင်းကစုပေါင်းရောင်းချတဲ့အတွက် ဦးတင်ကြီးရဲ့စီမံကိန်းအရ သမဝါယမ စုပေါင်းရောင်းချရေးလုပ်ငန်းဟာ ရုပ်လုံးပေါ်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးတင်ကြီးရဲ့စီမံကိန်းအရ သမဝါယမအသင်းပေါင်း ၁၄၆၀ ကို ပြုပြင် ဖွဲ့စည်းပြီးတဲ့အခါမှာပဲ မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်မီး ကူးစက်လာတဲ့အတွက် သမဝါယမ လုပ်ငန်းတွေအားလုံး ရပ်တန့်သွားခဲ့ရပါတယ်။
ဂျပန်ခေတ် မြန်မာ့သမဝါယမ
မြန်မာပြည်ထဲကို ဂျပန်စစ်တပ်တွေဝင်လာပြီးတဲ့နောက်ပိုင်း ဂျပန်ခေတ် ဒေါက်တာဘမော်ရဲ့ အဓိပတိအစိုးရ ဖွဲ့စည်းပြီးတဲ့အခါ သမဝါယမဌာနကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ စစ်အတွင်းမြန်မာနိုင်ငံဟာ နိုင်ငံခြားနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး မြန်မာတွေရဲ့ဆန်ဟာ နိုင်ငံခြားစျေးကွက်မရှိတဲ့အတွက် ဆန်စပါးတွေဟာ တောင်သူလယ်သမားတွေရဲ့ လက်တွင်းမှာပဲ စုပုံနေခဲ့ပါတယ်။ လယ်သမားတွေမှာ သုံးစရာငွေမရှိတော့တဲ့အတွက် အစိုးရက လယ်သမားတွေရဲ့စပါးကို မှန်းပေါင်ယူပြီး သမဝါယမဌာနက ငွေထုတ်ချေးဖို့ ဆန်စပါးစုပေါင်းရောင်းချရေးအသင်းတွေ ဖွဲ့စေခဲ့ပါတယ်။ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အစရှိတဲ့ တိရစ္ဆာန်တွေမျိုးမတုန်းစေဖို့ တိရစ္ဆာန်မွေးမြူရေးအသင်းတွေကို ဖွဲ့စည်းစေခဲ့ပြီး သမဝါယမဌာနကို ချေးငွေတွေ ထုတ်ချေး ပေးစေခဲ့တယ်။ အဲဒီ စုပေါင်းရောင်းချရေးအသင်းတွေနဲ့ တိရစ္ဆာန်မွေးမြူရေးအသင်းတွေ စုစုပေါင်း ၂၅၀ လောက်ကို ဖွဲ့စည်းမှတ် ပုံတင်နိုင်ခဲ့ပေမဲ့စစ်ကြီး ပြီးဆုံးသွားတဲ့အခါ အဲဒီအသင်းတွေရဲ့စာရင်းတွေ၊ မှတ်တမ်းတွေ၊ စာအုပ်တွေသာမက အသင်းသားတွေ မွေးထားတဲ့ တိရစ္ဆာန်တွေပါ အားလုံးအစပျောက်သွားခဲ့ပါတယ်။
စစ်ပြီးခေတ် မြန်မာ့သမဝါယမ
ဒီလိုနဲ့ စစ်ပြီးခေတ် ၁၉၄၅ ခုနှစ် ဗြိတိသျှတွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ အစိုးရရိက္ခာ ဖြန့်ဖြူးရေးဌာနတွေဖွင့်လှစ်ပြီး ပြည်သူလူထုကို ကုန်ပစ္စည်းတွေရောင်းချပေးခဲ့ရာ လက်လီလက်ကား ကိုယ်စားလှယ်တွေက မှောင်ခိုစျေးကွက်သို့ ရောင်းချပြီး အမြတ်ထုတ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ မှောင်ခိုစျေးကွက်ပေါ်ပေါက်လာတဲ့အတွက် ၁၉၄၇ ခုနှစ်ဇွန်လမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆိုရန်တို ဗီလာ(sorrento Villa) အဆောက်အဦတွင် နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ စီးပွား ရေးနှစ်နှစ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ အဲဒီဆိုရန်တိုဗီလာ ကွန်ဖရင့်အစည်းအဝေးက ကွန်ကိုး (CONCO)စီမံကိန်းလို့ အမည်တွင်တဲ့ စားသုံးသူသမဝါယမလုပ်ငန်းကို ဆောင်ရွက်ဖို့ဆုံးဖြတ်ချက်အရ ပြည်သူ့ရိက္ခာဖြန့်ဖြူးရေးဌာနရဲ့ လက်လီလက်ကားကိုယ်စားလှယ်တွေအားလုံးကို ရုပ်သိမ်းပြီး မြို့ပေါ်ရပ်ကွက်တိုင်း/ ကျေးရွာအုပ်စုတိုင်းမှာ စုဝယ်ဝေငှသုံးစွဲရေး သမဝါယမအသင်းများကို တစ်ပြည်လုံးမှာ ဖွဲ့စည်းစေခဲ့ပါတယ်။ အဲဒီအသင်းတွေအနေနဲ့ ပြည်သူ့ရိက္ခာထောက်ပံ့ရေးဌာနက နိုင်ငံခြားမှ မှာယူတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ပြည်သူလူထုထံသို့ ရောင်းချဖြန့်ဖြူးပေးဖို့ပဲဖြစ်ပါ တယ်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ မြို့ပေါ်နဲ့ ကျေးလက်တွေမှာ ကွန်ကိုးခေါ် စုဝယ်ဝေငှသုံးစွဲ ရေးသမဝါယမအသင်းပေါင်း ၇၀၅၇ သင်း၊ အသင်းသားပေါင်း ၃ ဒသမ၂ သန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၄၉ ခုနှစ်အစမှာပဲ ပြည်တွင်းသောင်းကျန်းမှုတွေ ပေါ်ပေါက်လာတဲ့အတွက် သမဝါယမအသင်းတွေဟာ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ ရပြန်ပါတယ်။
တစ်ခါပြန်ပြီး ၁၉၅၁ ခုနှစ် ဇန်နဝါရီလမှာ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပကာ စစ်ပြီးခေတ် သမဝါယမ ငါးနှစ်စီမံကိန်းကို တင်သွင်းအတည်ပြုခဲ့ကြပြန်ပါတယ်။ ၁၉၅၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနဆိုပြီးဝန်ကြီးဌာနအသစ်တစ်ခု ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ သမဝါယမငါးနှစ် စီမံကိန်းအရ (၁) သမဝါယမကောင်စီများ (ဗဟို၊ ခရိုင်၊ မြို့နယ်)၊ (၂) လက်ကားသမဝါယမအသင်းများ (ဗဟို၊ ခရိုင်၊ မြို့နယ်)၊ (၃) ကုန်ထုတ်လုပ်သူများ၏ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းများ၊ (၄) စားသုံးသူသမဝါယမအသင်းများ၊ (၅) စက်မှုလက်မှုသမဝါယမအသင်းများ၊ (၆) အင်း(ရေလုပ်ငန်း)သမဝါယမအသင်းများ၊ (၇) အထွေထွေ သမဝါယမအသင်းများဆိုပြီး အဓိကသမဝါယမ အသင်းအမျိုးအစား ခုနစ်မျိုးကို ဖွဲ့စည်းခဲ့ကြပြန်ပါတယ်။
အဲဒီ ငါးနှစ်စီမံကိန်းအရ သမဝါယမအသင်းတွေဟာ အရှိန်အဟုန်နဲ့ ပြန်လည်တိုးတက်လာခဲ့ရာ သမဝါယမအသင်းတွေမှာ ရိုးသားဖြောင့်မတ်ခြင်းမရှိသူများ၊ သိက္ခာစောင့်ထိန်းခြင်း မရှိသူများ၊ အဂတိလိုက်စားသူများ၊ ကိုယ်ကျိုးရှာသူများစသဖြင့် လူပေါင်းစုံအုတ်ရောရော၊ ကျောက်ရောရော ပါဝင်လာကြပြီး သမဝါယမအသင်းတွေဟာ ဘာနဲ့အလားသဏ္ဌာန်တူနေလဲဆိုတော့ ထန်းလျက်အိုးတွေလို တစ်မျိုး၊ ခြကိုက်တဲ့ ထင်းရှူးသေတ္တာတွေလို တစ်ဖုံဖြစ်ခဲ့ရပါတယ်။ သမဝါယမမင်းကြီးနဲ့ သမဝါယမဌာန ဟာအသင်းတွေကို အမိန့်စာ၊ ညွှန်ကြားစာတွေနဲ့ ကြီးကြပ်ကွပ်ကဲလို့မရတော့တဲ့အတွက် အစိုးရထံတင်ပြီးတော့ သမဝါယမမင်းကြီးကို အာဏာကိုးမျိုးတိုးပေးတဲ့ ၁၉၅၆ ခုနှစ် သမဝါယမအက်ဥပဒေကို ပါလီမန်သို့ တင်သွင်းပြဋ္ဌာန်းခဲ့ရ ပြန်ပါတော့တယ်။
၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်း
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တော်လှန်ရေး အစိုးရတက်လာတဲ့အခါ သမဝါယမအသင်းတွေမှာ အရင်းရှင်တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ သမဝါယမ အသင်းတွေရှိနေတဲ့အတွက် တော်လှန်ရေးအစိုးရဟာ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီတွေကို သုံးဦးကော်မတီတွေဖွဲ့စည်းစေပြီး ပြုပြင်ဖွဲ့စည်း လို့ရတဲ့အသင်းတွေကို ပြုပြင်ဖွဲ့စည်းပြီး ပြုပြင်ဖွဲ့စည်းလို့ မရနိုင်လောက်အောင် ယိုယွင်းပျက်စီးနေ တဲ့အသင်းတွေကို စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ရပါတယ်။ တော်လှန်ရေးအစိုးရဟာ ၁၉၇၀ ပြည့်နှစ် သမဝါယမစီမံကိန်းကိုချမှတ်ပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေကို ပြဋ္ဌာန်းကာ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံသမဝါယမအသင်းတွေ၊ မြို့မစားသုံးသူသမဝါယမအသင်းတွေ၊ ရက်ကန်း သမဝါယမအသင်းတွေ၊ ငါးဖမ်းသမဝါယမအသင်း၊ စျေး၊ ကုန်စိမ်းသမဝါယမအသင်းတွေ၊ အလုပ်သမား တွေရဲ့ ချွေတာစုဆောင်းရေးနဲ့ ငွေစုငွေချေး သမဝါယမအသင်းတွေ၊ တပ်တွင်းလုပ်ငန်းပေါင်းစုံ သမဝါယမအသင်းတွေကို တိုးချဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ ကျေးရွာအုပ်စုတိုင်းမှာလည်း လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်း တစ်သင်းကျစီဖွဲ့စည်းစေပြီး အသင်းတိုင်းမှာ အနည်းဆုံးအသင်း ဆိုင်တစ်ဆိုင် ဖွင့်လှစ်စေခဲ့ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမဖြစ်လာ
ကျွန်တော်တို့ မြန်မာ့သမဝါယမသမိုင်း တစ်လျှောက် လွတ်လပ်ရေးမရမီကာလမှာ ဗြိတိသျှဥပဒေအရ အစိုးရက ၁၉၁၂ ခုနှစ်နဲ့ ၁၉၂၇ ခုနှစ်တွေ မှာ သမဝါယမအသင်းအက်ဥပဒေ နှစ်ရပ်ကိုပြဋ္ဌာန်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးကာလ မြန်မာနိုင်ငံအစိုးရလက်ထက် ၁၉၅၆ ခုနှစ် နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ သမဝါယမအသင်းဥပဒေနှစ်ရပ်တို့ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီလို ဥပဒေတွေပြဋ္ဌာန်းပြီး သမဝါယမကို အောင်မြင်အောင်ဆောင်ရွက်ခဲ့ကြပေမယ့် အောင်မြင်လိုက်၊ ရှုံးနိမ့်လိုက်၊ မြုပ်သွားလိုက်၊ ပေါ်လာလိုက်နဲ့ ခေတ်ရေစီးကြောင်းပြောင်းလဲတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်းလျှောက်လှမ်းလာလိုက်တာ ၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်ရောက်တော့ ခေတ်နဲ့အညီ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်စေဖို့ ၁၉၇၀ ပြည့်နှစ် သမဝါယမအသင်းဥပဒေပါ ခေတ်မမီတော့တဲ့ ပြဋ္ဌာန်းချက်တွေကို စျေးကွက်စီးပွားရေးစနစ်နဲ့အညီ လိုက်လျောညီထွေကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမအသင်းဥပဒေနဲ့ နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အသင်းဥပဒေကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က အမိန့်ကြော်ငြာစာအမှတ်(၁၁/၈၈)ဖြင့် ထုတ်ပြန်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဥပဒေအမှတ်(၉/၉၂)ဖြင့် ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ သမဝါယမဟာ ပြန်လည်ရှင်သန်လာလိုက်တာ မြန်မာနိုင်ငံကဗဟိုသမဝါယမအသင်းဟာ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အဖွဲ့ဝင်အသင်းအဖြစ် ပါဝင်နိုင်ခဲ့တဲ့အထိ မြန်မာ့သမဝါယမကို နိုင်ငံတကာကအသိအမှတ်ပြု လက်ခံ ပူးပေါင်းဆောင်ရွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေ၊ အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ သမဝါယမလုပ်ငန်းများ နှီးနှောဖလှယ်ပွဲ၊ လူမှုရေး၊ စီးပွားရေးပတ်ဝန်းကျင် သမဝါယမ လုပ်ငန်းဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ကျင်းပခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇူလိုင်လရဲ့ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ပြည်သူများ ယုံကြည်မှုရရှိအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာလိုက်တာ နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ သမဝါယမက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သမဝါယမလှုပ်ရှားမှုတွေ၊ မူဝါဒတွေ၊ သဘောတရားတွေကို ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့စေရန်၊ လက်ရှိအစိုးရလက်ထက်မှာ သမဝါယမကဏ္ဍ ပိုမိုကျယ်ပြန့်စွာ ပါဝင်နေတာကို ပြည်သူအများသိရှိစေရန်၊ ကမ္ဘာမှာ သမဝါယမစနစ်က သက်တမ်းအရှည် ဆုံးနဲ့ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ပြည်သူအများ သိရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါ တယ်။
ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ချက်ဖြစ်တဲ့ စုပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လူမှုစီးပွားဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ခြင်းသည် သမဝါယမလုပ်ငန်းများ၏ အနှစ်သာရဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုသည် သမဝါယမ၏ အသက်ဖြစ်ကြောင်း၊ သမဝါယမလုပ်ငန်းစုများမှ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုရရှိလာအောင်ဆောင်ရွက်ရန်နှင့် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ပိုမိုကောင်းမွန်အောင် အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်သွားကြရန်ဆိုသည့် လမ်းညွှန်ချက်တွေနဲ့အညီ ပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနရဲ့ ထိန်းကျောင်းပေးမှု၊ ဗဟိုသမဝါယမအသင်းရဲ့ ကူညီပံ့ပိုးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမအသင်းစုချုပ်တွေ၊ မြို့နယ်သမဝါယမအသင်းစုတွေရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ဖြင့် ၂၀၂၂ ခုနှစ် မေလအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မြို့နယ် ၁၉၇ မြို့နယ်ရှိ အသေးစားချေးငွေလုပ်ငန်း သမဝါယမအသင်းပေါင်း ၁၂၂၇ သင်းမှ အသင်းသားပေါင်း ၁၁၈၀၃၀ ထံသို့ချေးငွေကျပ် ၂၇၉၄၉ ဒသမ ၃၇၇ သန်းကိုလည်းကောင်း၊ မြို့နယ် ၂၆၁ မြို့နယ်ရှိ စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းပေါင်း ၂၂၉၆၀ မှ အသင်းသားပေါင်း ၁၅၀၅၅၂၉ ဦးထံသို့ ချေးငွေကျပ် ၁၉၉၈၄၈ ဒသမ ၃၃၅ သန်းကိုလည်းကောင်း၊ မြို့နယ် ၁၉၆ မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းသမဝါယမ အသင်းပေါင်း ၃၅၈၈ သင်းမှအသင်းသားပေါင်း ၂၈၂၇၆၁ ဦးထံသို့ ချေးငွေကျပ် ၂၄၈၄၃ ဒသမ ၃၈၅ သန်းကိုလည်းကောင်း၊ မြို့နယ် ၁၁၃ မြို့နယ်ရှိ ရောင်းဝယ်ရေးလုပ်ငန်း သမဝါယမအသင်းပေါင်း ၃၃၃ သင်းမှ အသင်းသားပေါင်း ၇၈၉၈၄ ဦးထံသို့ ချေးငွေကျပ် ၁၄၀၉၁ ဒသမ ၃၀၈ သန်းကိုလည်းကောင်း၊ မြို့နယ် ၃၉ မြို့နယ်ရှိ စက်မှုလက်မှုလုပ်ငန်းသမဝါယမ အသင်းပေါင်း ၈၀ မှ အသင်းသားပေါင်း ၅၄၅၃ ဦးထံသို့ ချေးငွေ ကျပ် ၉၇၀ ဒသမ ၄၃၀ သန်းကို လည်းကောင်း၊ မြို့နယ် ၂၃၁ မြို့နယ်ရှိ ဈေးသမဝါယမအသင်းပေါင်း ၃၀၄ သင်းမှ အသင်းသားပေါင်း ၃၆၆၄၈ ဦး ထံသို့ ချေးငွေကျပ် ၁၈၁၉၂ ဒသမ ၇၈၅ သန်းကိုလည်းကောင်း၊ မြို့နယ် ၃၀၃ မြို့နယ်ရှိ ဌာနဆိုင်ရာ သမဝါယမအသင်းပေါင်း ၁၁၄၂ သင်းမှ အသင်းသားပေါင်း ၃၁၇၂၉၉ ဦးထံသို့ ချေးငွေကျပ် ၉၉၆၆၉ ဒသမ ၀၇၄ သန်းကို လည်းကောင်း ချေးငွေများအသီးသီးထုတ်ချေးပေးခဲ့ရာ စုစုပေါင်း သမဝါယမအသင်းအမျိုးအစား ခုနစ်မျိုး၊ အသင်းပေါင်း ၂၉၆၃၄ သင်းမှ အသင်းသားပေါင်း ၂၃၄၄၇၁၂ ဦးထံသို့ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် အရင်းအနှီးအဖြစ် အသုံးပြုနိုင်အောင် ချေးငွေပေါင်း ငွေကျပ် ၃၈၅၅၆၄ ဒသမ ၆၉၄ သန်းအား ထုတ်ချေးပေးထားပြီးဖြစ်ပါတယ်။
သမဝါယမအသင်းသားတွေကို ချေးငွေထုတ် ချေးပေးတာအပြင် လယ်ယာသုံးစက်ကိရိယာတွေ ကိုလည်းရောင်းချပေးလျက်ရှိရာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုတွင် မြို့နယ် ၂၁၈ မြို့နယ်ရှိ သမဝါယမအသင်းပေါင်း ၂၀၀၄ သင်းမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်သူ သမဝါယမအသင်းသား ၃၉၄၉ ဦး ထံသို့ ကိုရီးယားသမ္မတနိုင်ငံ Daedong ကုမ္ပဏီမှထုတ်လုပ်တဲ့ လယ်ထွန်စက်မျိုးစုံနဲ့ ရိတ်သိမ်းခြွေလှေ့စက် စုစုပေါင်း အစီး ၄၀၁၀ ကို လည်းကောင်း၊ မြို့နယ် ၂၈၀ ရှိ သမဝါယမအသင်းပေါင်း ၁၂၇၉၄ သင်းမှ အသင်းသားတောင်သူ ၄၈၃၉၃ ဦးထံသို့ ပြည်တွင်းကုမ္ပဏီနှင့် လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်အသီးသီးမှငွေကျပ် ၁၁၀၀၃၅ ဒသမ ၈၄၂ သန်းတန်ဖိုးရှိ စက်ကိရိယာအစီးရေ ၆၄၂၃၀ ကို လည်းကောင်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖျန်းအားဆေးနဲ့ အထွက်နှုန်းကောင်းမွန်တဲ့ မျိုးစေ့တွေကိုလည်း အသင်းသားတောင်သူတွေ စိတ်ကြိုက်ဝယ်ယူအသုံးပြုနိုင်စေဖို့ သီးနှံပေါ်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါတယ်။
ကျွန်တော်တို့ သမဝါယမဟာ ဒီနှစ်အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ရဲ့ “ကမ္ဘာလောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက် ပေး(Cooperatives Build a Better World) ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အသင်းသားပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာလောက ပိုမိုကောင်းမွန်ရေးတို့ကို ယခု နှစ်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မှုမှသည် နောင်အနာဂတ် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ သမဝါယမဟာခေတ်ရေစီးကြောင်းတွေ အဖန်ဖန်ပြောင်းလဲခဲ့လည်း အံကိုခဲပြီး ကြံ့ကြံ့ခံရင်ဆိုင် လျှောက်လှမ်းခဲ့လို့ ယနေ့အချိန်ကာလသို့တိုင်အောင် သမဝါယမအောင်လံကို မယိုင်မလဲခိုင်ခိုင်မြဲမြဲ စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်အစပိုင်းမှာ ပြောခဲ့သလို ဆရာဇော်ဂျီရဲ့ ကဗျာထဲက ဗေဒါပင်လေး “ အယက်အကန်ခံလို့၊ ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” ဆိုပြီး အားမာန်တင်းကာ ကြိုးစားရပ်တည်နိုင်ခဲ့သလို ကျွန်တော်တို့သမဝါယမကလည်း ဘယ်လိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရစေကာမူ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အတူတကွပူးပေါင်းပြီး သမဝါယမအောင်လံမလဲရအောင် သစ္စာခိုင်မြဲစွာဖြင့် ကြိုးစားအားထုတ်သွားကြပါစို့လို့ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရကြောင်းပါခင်ဗျား။
သမဝါယမအောင်လံ ထာဝရစိုက်ထူနိုင်ကြ ပါစေ ... ။ ။