အာဆီယံစီးပွားရေးရာ ဆွေးနွေးအဖြေရှာ
မမိုးပြာ(ရင်းနှီး/စီးပွား)
အာဆီယံစီးပွားရေးရာ ဆွေးနွေးအဖြေရှာဖို့
အာဆီယံစီးပွားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို မေ ၁၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံဒေသတွင်း စိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်း၊ အာဆီယံ အေ စီ တီ (ASEAN A.C.T) ( Addressing Challenges Together ) ဆိုတဲ့ Theme နဲ့ ကျင်းပဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တဲ့အချိန်ကစပြီး online အစည်းအဝေးမှာသာ ဆုံတွေ့ခဲ့ကြတဲ့ စီးပွားရေးဝန်ကြီးများဟာ အခုလို မျက်နှာချင်းဆိုင် ဆုံဖြစ်ခဲ့ကြတော့ လန်းဆန်းတက်ကြွနေခဲ့ကြတယ်။ အဆီးအတားနဲ့စိန်ခေါ်မှုများကို အရွှန်းဖောက် ဆွေးနွေးနိုင်ခဲ့ကြတယ်။ စိန်ခေါ်မှုများနဲ့ အကျွမ်းတဝင်ရှိနေကြတဲ့ အလားပါပဲ။
အစည်းအဝေးကိုတော့ ကမ္ဘောဒီးယားနိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျန်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများက တက်ကြွစွာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ အချို့ကိစ္စရပ်တွေကတော့ အဖြေထွက်စရာမလိုဘဲ မိမိနိုင်ငံရဲ့ အခြေအနေနဲ့ ရပ်တည်ချက်များအတိုင်း ဆွေးနွေးဖြစ်ကြတာပဲ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများ
အားလုံးသိရှိကြတဲ့အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် ကမ္ဘာ့စီးပွားရေးကို ပြန်လည်နိုးထ ဦးမော့စေဖို့ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့လည်း သက်ဆိုင်ရာအစီအမံတွေ ရှိကြသလို အာဆီယံဒေသတွင်းမှာလည်း အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework -ACRF) ကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ပြီး ကမ္ဘာ့စိန်ခေါ်မှုများကို အဖြေရှာရန်၊ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ဒေသတစ်ခုဖြစ်ရန် လိုအပ်လာပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့်လည်း ဒေသတွင်းမှာ နှစ်ထပ်ကွမ်း စီးပွားရေးရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
မည်သို့ဆိုစေ အာဆီယံဒေသတွင်း ဂျီဒီပီ တိုးတက်မှုဟာ ၂၀၂၂ ခုနှစ်အတွင်း ၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်အတွင်းတွင် ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကပ်ရောဂါမတိုင်မီ ကာလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်။ သို့သော် ဒီခန့်မှန်းချက်က အာဆီယံဒေသတွင်း ပျမ်းမျှ တိုးတက်မှုနှုန်းသာဖြစ်ပြီး အာဆီယံနိုင်ငံများအကြားမှာ ဒေသတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှုဟာ စုစုပေါင်းလူဦးရေရဲ့ ၆၄ ဒသမ ၄ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကျန်းမာရေးစည်းကမ်းများနဲ့အညီ ပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
အာဆီယံ၏ ဒေသတွင်းစီးပွားရေး အရှိန်အဟုန်နဲ့ ပြန်လည်ဦးမော့လာမှု တိုးတက်လာစေဖို့ဆိုတာ-
• လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေ ကောင်းမွန်ခြင်း ၊
• ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု မဖြစ်စေရေး၊
• အဓိကကုန်စည်များ ပြတ်တောက်မှုမရှိစေရေး၊
• ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများ လျှော့ချနိုင်ရေးနဲ့
• နိုင်ငံများအကြား နားလည်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့အပေါ် မူတည်မှာ ဖြစ်ပါတယ်။
သို့မဟုတ်ပါက စီးပွားရေးတိုးတက်မှုကို အားလျော့နိုင်မှာ ဖြစ်ပါတယ်။ ဒေသတွင်းစျေးကွက် ဖွင့်လှစ်ခြင်းနဲ့ စျေးကွက်ချဲ့ထွင်ခြင်းတို့ဟာ အလုပ်အကိုင်ဖန်တီးမှုတွေနဲ့အတူ ဒေသတွင်း ပြည်သူတွေရဲ့ဝင်ငွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ အာဆီယံဒေသတွင်းမှာ နေထိုင်တဲ့လူဦးရေ သန်း ၆၀၀ ကျော်ရဲ့ ဝယ်နိုင်စွမ်းအားကိုလှုပ်နှိုးပြီး စီးပွားရေးအဆောက်အအုံကို ပြန်လည်နိုးကြွအောင် လှုံ့ဆော်ဆောင်ရွက်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ ဒီနေရာမှာ အင်တာနက်ရှိနေရင် လူတိုင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ရေးနဲ့ အရောင်းအဝယ်များ ဖြစ်ပေါ်စေရေးအတွက် ဒေသတွင်းမှာ ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေး လိုအပ်လျက် ရှိပါတယ်။ E Commerce, On Line ဘဏ်စနစ်နဲ့ငွေပေးချေမှုတို့နဲ့အတူ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်အဖွဲ့အစည်းဌာနတွေဟာ Digital Platform ပေါ်မှာ ရောက်ရှိပြီး ဝန်ဆောင်မှုတွေ ပေးနေကြဖို့ လိုအပ်လာပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှု အစီအစဉ်တစ်ရပ်ဖြစ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု (Sustainable Development) တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်ဖို့ လိုအပ်လာပါတယ်။
ဒါ့ကြောင့် အာဆီယံဝန်ကြီးများက စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ဖို့၊ လက်ရှိဖြစ်ပေါ်နေသော ရုရှား-ယူကရိန်း အရေးကြောင့် စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်စည်စျေးနှုန်းများ မြင့်တက်လာခြင်းအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မှု၊ မရှိမဖြစ်အရေးကြီး အခြေခံကုန်စည်များအား ဒေသတွင်းနိုင်ငံတွေအကြား ခွဲဝေသုံးစွဲမှုနဲ့ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်နေမှုများကို လျှော့ချနိုင်ရန်အတွက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ တင်ပို့၊ ရောင်းချမှုနဲ့ စပ်လျဉ်းတဲ့ ထောက်ပံ့မှုကွင်းဆက်များ (Supply Chain) ပိုမိုကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုနဲ့ ဒစ်ဂျစ်တယ် စီးပွားရေး အားကောင်းစေရေး ဆောင်ရွက်ရန်၊ အနာဂတ်တွင် ဖြစ်ပေါ်နိုင်တဲ့ ကပ်ရောဂါကြောင့် ထိခိုက်မှုများမှ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ အာဆီယံအနေဖြင့် ဒေသပြင်ပနိုင်ငံတွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ အာဆီယံရဲ့ အချက်အချာကျမှုနှင့် အာဆီယံဗဟိုပြု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အာဆီယံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များအား တာဝန်ပေးအပ်ရန်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ၏ အင်ဒို-ပစိဖိတ် စီးပွားရေး မဟာဗျူဟာနှင့် ဥရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အာဆီယံ၏အမြင်
အင်ဒို-ပစိဖိတ်ဒေသဟာ မကြာသေးမီနှစ်များအတွင်း မဟာဗျူဟာအရ အရေးကြီးတဲ့ ဒေသတစ်ခု ဖြစ်လာပါတယ်။ ယခင်ကတော့ ဒီသဘောတရားတွေ၊ မဟာဗျူဟာတွေကို နိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများအကြား ဆွေးနွေးခဲ့တာ ဖြစ်ပေမယ့် ဒီခေါင်းစဉ်က စီးပွားရေးစကားဝိုင်းကိုလည်း ရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ သဘောကတော့ ပထဝီနိုင်ငံရေး (Geo-politics) တင်သာမက ပထဝီ စီးပွားရေး (Geo-economy) ကလည်း အရေးပါလာပြီ ဖြစ်ပါတယ်။
အာဆီယံ၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ အီးယူနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်စိန်ခေါ်မှုတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းစေမယ့် စည်းမျဉ်းအခြေခံ နိုင်ငံတကာအစီအစဉ်တစ်ရပ်ကို ပုံဖော်နိုင်ဖို့အတွက် ပထဝီဗျူဟာနဲ့ ပထဝီစီးပွားရေး အစီအစဉ်များ၊ အကျိုးစီးပွားတွေနဲ့ ဦးစားပေးတွေကို မြှင့်တင်ဖို့ မဟာဗျူဟာတစ်ခုစီကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အီးယူရဲ့ မဟာဗျူဟာကို ၂၀၂၁ ခုနှစ် စက်တင် ဘာလမှာ အီးယူကော်မရှင်က ကြေညာခဲ့ပြီး အီးယူရဲ့ မျှော်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဆောင်ရွက်မယ့် ဦးစားပေးနယ်ပယ် ခုနစ်ခုကို သတ်မှတ်ခဲ့ပါတယ်။ အဲဒီနယ်ပယ်တွေကတော့ စဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (Sustain- able and Inclusive Prosperity)၊ အစိမ်းရောင် ကူးပြောင်းရေး (Green Transition)၊ သမုဒ္ဒရာအုပ်ချုပ်ရေး (Ocean Governance)၊ ဒစ်ဂျစ်တယ် အုပ်ချုပ်ရေးနှင့် မိတ်ဖက်ဆက်ဆံရေး (Digital Governance and Partnerships)၊ ပေါင်းစည်းဆက်သွယ်ရေး (Connectivity)၊ လုံခြုံရေးနှင့် ကာကွယ်ရေး (Security and Defense )နှင့် လူသားများ၏လုံခြုံရေး (Human Security)တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာကိုတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာအရ လွတ်လပ်သော၊ ပွင့်လင်းသော၊ အချင်းချင်း ချိတ်ဆက်ထားသော၊ ကြွယ်ဝချမ်းသာသော၊ လုံခြုံမှုရှိသော၊ ကြံ့ကြံ့ခံနိုင်သော ဒေသဖြစ်စေဖို့ ရည်မှန်းချက်ထားရှိကြောင်း ဖော်ပြပါဝင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ အတွက် အောက်ဖော်ပြပါ Action Plan ၁၀ ခုအား ဆောင်ရွက်ရန်ဖြစ်ပါတယ်။ အဲဒါတွေကတော့-
• အင်ဒို-ပစိဖိတ်ဒေသသို့ အရင်းအမြစ်အသစ်များ ရောက်ရှိစေခြင်း၊
• အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်တစ်ခုကို ဦးဆောင်ခြင်း၊
• အဟန့်အတားတွေကို ထိုးဖောက်နိုင်မယ့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း၊
• စွမ်းအားမြင့်မားပြီး ပိုမိုစည်းလုံးညီညွတ်တဲ့ အာဆီယံဖြစ်ပေါ်စေခြင်း၊
• အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုနဲ့ ဒေသဆိုင်ရာ ဦးဆောင်မှုကို အထောက်အကူပြုခြင်း၊
• Quad အတွက် လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ခြင်း၊
• အမေရိကန်-ဂျပန်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုကို ချဲ့ထွင်ခြင်း၊
• ပစိဖိတ်ကျွန်းများရှိ ကြံ့ကြံ့ခံနိုင်စွမ်းအား တည်ဆောက်ရန် မိတ်ဖက်ပြုခြင်း၊
• ကောင်းမွန်သော အုပ်ချုပ်မှုနဲ့တာဝန်ယူမှုတို့ကို ပံ့ပိုးခြင်းနဲ့
• ပွင့်လင်း၍ ကြံ့ကြံ့ခံနိုင်ပြီး လုံခြုံမှုနဲ့ ယုံကြည်ရတဲ့ နည်းပညာများပံ့ပိုးခြင်း စတဲ့ လုပ်ငန်းစဉ် ၁၀ ခုကို လာမယ့် ၁၂ လမှ ၂၄ လအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာမှာ အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ ၎င်း၏မိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်း၊ အဆိုပါ အင်ဒို-ပစိဖိတ် မဟာဗျူဟာလုပ်ငန်းစဉ်တွေနဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံနဲ့ လက်ရှိဆောင်ရွက်နေတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်နိုင်မှာ ဖြစ်ကြောင်း၊ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တွေမှာ အာဆီယံအနေနဲ့ ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင် မယ့်အပြင် အာဆီယံရဲ့ ဦးစားပေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်မယ့် အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ကြောင်း၊ အာဆီယံရဲ့ အချက်အချာကျမှုကို ပိုမိုဆောင်ရွက်နိုင်ကြောင်း စတာတွေလည်း ဖော်ပြပါဝင်ပါသေးတယ်။ အာဆီယံ အင်ဒို-ပစိဖိတ် အမြင်ဖြင့် အာဆီယံရဲ့ အချက်အချာကျမှုနဲ့ မျှတမှု ကို အလေးပေးဆောင်ရွက်ဖို့ တိုက်တွန်းရေးသားထားတာ တွေ့ရှိရပါတယ်။ စီးပွားရေးအင်အားကြီး နိုင်ငံများအနေနဲ့ အင်ဒို-ပစိဖိတ် ဒေသတွင်းအားပြိုင်မှုများ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို အလေးထားစဉ်းစားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အာဆီယံရဲ့ ပေါင်းစည်းညီညွတ်မှုနဲ့ အားလုံးပါဝင်နိုင်ပြီး အကျိုးကျေးဇူးရှိစေမယ့် နည်းလမ်းများဖြင့် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်လိုအပ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား “ဖွံ့ဖြိုးမှုကွာဟချက်”ကို ထည့်သွင်းစဉ်းစားပြီး အာဆီယံရဲ့ပေါင်းစည်းမှုကို မြှင့်တင်နိုင်မယ့် လုပ်ငန်းစဉ်တွေကိုသာ ဦးစားပေးဆောင်ရွက်ကြဖို့လိုကြောင်း သုံးသပ်မိပါတယ်။
ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်ခြင်း
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်ကို အခြားသော အာဆီယံနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံများနဲ့အတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဩစတြေးလျ၊ ဘရူနိုင်းဒါရူဆလမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ လာအို၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံက လည်းကောင်း၊ ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မလေးရှားနိုင်ငံက လည်းကောင်း အသက်ဝင်ပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ စာချုပ်အသက်ဝင်ရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ RCEP သဘောတူစာချုပ် အသက်ဝင်ရေးလုပ်ငန်းစဉ်များကို အပြီးသတ်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှလွဲ၍ ကျန်အာဆီယံနိုင်ငံများနဲ့က ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့က စာချုပ်အသက်ဝင်ပြီး ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တို့ကတော့ အသက်ဝင်ရေးအတွက် ၎င်းနိုင်ငံတွေရဲ့ ပြည်တွင်းလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အာဆီယံမဟုတ်တဲ့ စာချုပ်ဝင်နိုင်ငံများထဲက တရုတ်နိုင်ငံနဲ့ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ စာချုပ်အသက်ဝင်ပြီး ဖြစ်ပါတယ်။ ကျန်နိုင်ငံများနဲ့လည်း နှစ်နိုင်ငံချင်း ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ရုရှား-ယူကရိန်း အရေးကြောင့် ငွေကြေးဖောင်းပွမှုနဲ့ စက်သုံးဆီ၊ စားသုံးဆီစျေးနှုန်းများ မြင့်တက်မှုကိုလည်း ခံစားနေရတဲ့အတွက် RCEP သဘောတူစာချုပ် အသက်ဝင်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍတွေအတွက် စီးပွားရေးထိခိုက်မှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှု၊ အားလုံးအကျုံးဝင်မှုနဲ့ အာဆီယံရဲ့ အချက်အချာကျမှုတို့ကို RCEP သဘောတူစာချုပ် အကောင်အထည်ဖော်မှုမှာ ပြသဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အတွက် အာဆီယံမိသားစုဝင်အနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကိစ္စရပ်တွေကို ပူးပေါင်းဖြေရှင်းဆောင်ရွက် သွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဘက်က ရပ်တည်သွားမှာဖြစ်ကြောင်း ဆွေးနွေးမှုတွေကို အားတက်ဖွယ် တွေ့ကြုံခဲ့ရပါတယ်။
အာဆီယံ စီးပွားရေးဦးမော့လာစေဖို့ စက်မှုအခြေခံစီမံချက်များ
အာဆီယံစက်မှု ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို ၁၉၇၆ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ်၊ ၁၉၈၁ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့မှာ လုပ်ငန်းစီမံချက်များနဲ့ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပြီး အဆိုပါစီမံချက်တွေဟာ စိန်ခေါ်မှုများရှိခဲ့ပေမယ့် အောင်မြင်မှုအဆင့် တစ်ခုသို့ ရောက်ရှိခဲ့ကြပါတယ်။ ကပ်ရောဂါအလွန် အရေးကြီးကုန်စည်များ ထုတ်လုပ်မှုကွင်းဆက်များ မပြတ်စေရေးအတွက် အာဆီယံ စက်မှုပူးပေါင်း ဆောင်ရွက်မှုစီမံချက်ကို ပြန်လည်အကောင်အထည် ဖော်သင့်တယ်လို့ ဆွေးနွေးကြပါတယ်။ ယခုဆောင်ရွက်ဆဲစီမံချက်တွေမှာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ RCEP နှင့် အာဆီယံအပေါင်း လွတ်လပ်သော ကုန်သွယ်မှုဒေသအသစ်များ အောက်ရှိ ဒေသတွင်းဗိသုကာ နယ်ပယ်အသစ်များ ကိုလည်း စီမံချက်မှာထည့်သွင်းပါဝင်ရန် ဖြစ်ပါတယ်။
အာဆီယံစက်မှု ပူးပေါင်းဆောင်ရွက်မှုစီမံချက်ဟာ အာဆီယံအတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်ပေးသွားဖို့၊ ထုတ်လုပ်မှုမှာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ဖို့၊ ပုဂ္ဂလိကပါဝင်မှုကို အားပေးဖို့၊ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိစေဖို့နဲ့ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုများကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒီစက်မှုပူးပေါင်းဆောင် ရွက်ရေးစီမံချက်တွေကို ပုဂ္ဂလိကကဏ္ဍက ဦးဆောင်ပြီး ဆောင်ရွက်ရန်နဲ့ ဒေသတွင်းအရေးကြီးကုန်စည်များ (Essential Goods) ကွင်းဆက်မပြတ်စေဖို့အတွက် အစားအစာ၊ ကာကွယ်ဆေးနဲ့ဆေးပစ္စည်းများ ထုတ်လုပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းတို့ကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ်-၁၉ အလွန် အာဆီယံစီးပွားရေးပြန်လည် ဦးမော့စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာမှာ ကြိုတင်မျှော်မှန်းမထားတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများရဲ့ စီးပွားရေး တုံ့နှေးလာမှုဟာ အာဆီယံနိုင်ငံအားလုံးအပေါ် စီးပွားရေးအရ သက်ရောက်မှုများရှိခဲ့ကြတာကြောင့် အာဆီယံဒေသတွင်း နိုင်ငံများအနေနဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို အာဆီယံရဲ့ ပေါင်းစည်းညီညွတ်မှုနဲ့ ဘယ်လိုဖြေရှင်းကြမလဲ၊ အာဆီယံရဲ့ အချက်အချာကျမှုကို ဘယ်လိုအသုံးချမလဲ၊ ဦးစားပေးမှုတွေကို ဘယ်လိုကိုက်ညီအောင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ ကိစ္စရပ်တွေဟာ အလွန်အရေးပါပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ရုရှား-ယူကရိန်း အရေးကြောင့် စက်သုံးဆီ၊ စားသုံးဆီနဲ့ ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာခြင်းအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မှု၊ မရှိမဖြစ် အရေးကြီးအခြေခံကုန်စည်တွေကို ဒေသတွင်း နိုင်ငံတွေအကြား ခွဲဝေသုံးစွဲမှုနဲ့ ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်နေတာတွေကို လျှော့ချနိုင်ဖို့အတွက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ တင်ပို့၊ ရောင်းချမှုနဲ့ စပ်လျဉ်းတဲ့ ထောက်ပံ့မှုကွင်းဆက်များ (Supply Chain)များ ပိုမိုကောင်းမွန်ရေး ဘယ်လိုထိန်းသိမ်း ဆောင်ရွက်ကြမလဲဆိုတာ အာဆီယံစီးပွားရေးရာအနေနဲ့ ဆွေးနွေးအဖြေရှာခဲ့ကြပါကြောင်း မျှဝေလိုက်ရပါတယ်။