Skip to main content

ခိုင်မြဲတဲ့မူဝါဒ၊ နွေးထွေးတဲ့စိတ်ဓာတ်နဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

ဝင်းဇေယျာထွန်း

ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတွေအချင်းချင်း ဒေသအလိုက်သော်လည်းကောင်း၊ မူဝါဒအရသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များစွာဟာ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု (Multilateralism) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတွေဟာ ဘာဖြစ်လို့ အခုလို အစုအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်ကြတာလဲဆိုတာ သိသင့်တဲ့မေးခွန်း တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတွေနဲ့ လူသားတွေရဲ့ သဘောသဘာဝဟာ နေရာတော်တော်များများ ဆင်တူမှုရှိပါတယ်။ လူဟာတစ်ဦးတည်း တစ်ယောက်တည်းနေလို့မရဘဲ အသိုင်းအဝိုင်းနဲ့နေမှ အဆင်ပြေသလို နိုင်ငံတွေ ဟာလည်း တစ်နိုင်ငံတည်းနေလို့မရပါဘူး။ အသိုင်းအဝိုင်းဆိုတာ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်တည်း အရာအားလုံး မတတ်ကျွမ်းနိုင်ပါဘူး။ အခြားသူတွေရဲ့ အကူအညီလိုပါတယ်။ နိုင်ငံတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်သူတွေအတွက် အေးချမ်း ဖွံ့ဖြိုးစည်ပင်တဲ့ လူ့ဘောင်ပတ်ဝန်းကျင်တစ်ခုကို တည်ထောင်ပေးဖို့ဆိုရင် အရင်းအမြစ်များစွာ လိုအပ်ပါတယ်။ အချို့ အရင်းအမြစ်တွေကို နိုင်ငံအတွင်းမှာ ထုတ်ယူသုံးစွဲလို့ရပေမယ့် နိုင်ငံအတွင်း မှာမရှိတဲ့ အရင်းအမြစ်တွေ၊ အကူအညီတွေ၊ နည်းပညာတွေကိုတော့ အခြားနိုင်ငံတွေဆီကရယူဖို့ လိုလာပါတယ်။ ဒါ့အပြင် အချို့သောကိစ္စရပ်တွေ၊ အခက်အခဲတွေဟာ နိုင်ငံတစ်နိုင်ငံတည်းဖြေရှင်းလို့ မရပါဘူး။ နိုင်ငံအများက အစုအဖွဲ့နဲ့ ဖြေရှင်းမှအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်း၊ နယ်စပ် ဖြတ်ကျော် မှုခင်းနှိမ်နင်းရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး နှိမ်နင်းမှုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်း အစရှိသည်ဖြင့် ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့် အခုလိုနိုင်ငံအစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ မဲခေါင်ဒေသတွင်းမှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များစွာထဲက တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် မဲခေါင်မြစ်ဝှမ်း နိုင်ငံများဖြစ်တဲ့ ကမ္ဘာဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ အခုနှစ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှု သက်တမ်းခြောက်နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ အခြားသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ သက်တမ်း အနုငယ်ဆုံး လုပ်ငန်းစဉ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ လျင်မြန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်ကို ရရှိခဲ့ပြီး ဒေသတွင်း ပြည်သူများအတွက် လက်တွေ့ အကျိုးရှိစေတဲ့ အောင်မြင်မှုတွေကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ် ဆိုတာကိုတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှုများ

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များရဲ့ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေနဲ့ တိုင်းတာလေ့ရှိပါတယ်။ မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဟာ ဖွဲ့စည်းမှုပိုင်း မှာဆိုရင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၊ လုပ်ငန်းအဖွဲ့ အစည်းအဝေး အစရှိတဲ့ အဆင့်ဆင့်သော လုပ်ငန်းစဉ်များ၊ ဘာသာရပ်ဆိုင်ရာ စင်တာများ ထူထောင်နိုင်ခဲ့တဲ့အပြင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှာလည်း လုပ်ငန်းများ အနီးကပ် အကောင်အထည်ဖော်မယ့် အတွင်းရေးမှူးရုံး/ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် အခုလိုလုပ်ငန်းအကောင်အထည်ဖော်မှုများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေတစ်ရပ်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ တည်ထောင်ထားရှိပါတယ်။ ဒီရန်ပုံငွေကို တရုတ်နိုင်ငံတစ်နိုင်ငံတည်းက မတည်ထူထောင်ထားတာ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများက တင်ပြလာတဲ့အသေးစားနဲ့ အလတ်စား စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ အသုံးပြုပါတယ်။ ဒီအချက်များဟာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအနေနဲ့ လက်ရှိအချိန်မှာ ရရှိနေတဲ့ အရည်အသွေးပိုင်းဆိုင်ရာ အညွှန်းကိန်း (Qualitative Index) များ ဖြစ်ပါတယ်။

နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ လုပ်ငန်းအောင်မြင်မှုကို တိုင်းတာနိုင်တဲ့ အခြားအချက်က အရေအတွက်ပိုင်းဆိုင်ရာ အညွှန်းကိန်း ဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ ခြောက်နှစ်တာ အချိန်တိုကာလအတွင်း အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံမှာ စီမံကိန်းပေါင်း ၅၄၅ ခုကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ ဘယ်ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ကမှ လိုက်လို့မမီတဲ့အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကစလို့ ယနေ့အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေအောက်က အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း တန်ဖိုးရှိ စီမံကိန်း စုစုပေါင်း ၇၃ ခု ရရှိ အကောင်အထည်ဖော်လျက် ရှိပါတယ်။ ထင်ရှားတဲ့ စီမံကိန်းတစ်ခုပြပါဆိုရင် ၂၀၂၁ ခုနှစ်မှာ ကျန်းမာ ရေးဝန်ကြီးဌာနကရရှိခဲ့တဲ့ “ဇီဝလုံခြုံမှု အဆင့်(၃) ရှိတဲ့ ဓာတ်ခွဲခန်း (Bio safety Level-3 Laboratory project)” တည်ဆောက်ရေးစီမံကိန်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းခန့်တန်ဖိုးရှိတဲ့ ဒီဓာတ်ခွဲခန်းကြီး တည်ဆောက်ပြီးစီးပြီးရင် မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဘာလို့အခုလိုအောင်မြင်ခဲ့သလဲ

အကျိုးတရားတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေရှိပါတယ်။ အောင်မြင်မှုဆိုတာ မှန်ကန်တဲ့ကြိုးပမ်းဆောင်ရွက်မှုမရှိဘဲ မရနိုင်ပါဘူး။ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ အဓိကအချက်ကြီးတွေ ရှိပါတယ်။

မူဝါဒ(၇)ရပ်

ပထမအချက်က လုပ်ငန်းစဉ်အပေါ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ယုံကြည်မှုပါ။ ၂၀၁၆ ခုနှစ် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် စတင် တည်ထောင်စဉ်မှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း တွေမှာ အခြေခံရမယ့် မူဝါဒ(၇) ရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒတွေကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာကျင်းပတဲ့ ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးက ထုတ်ပြန်တဲ့ “စန်းယကြေညာ စာတမ်း” မှာ အတိအလင်း ဖော်ပြသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းမူဝါဒများကတော့ တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု (Mutual consultation and coordination)၊ မိမိ ဆန္ဒအလျောက်ပါဝင်မှု (Voluntarism)၊ စုပေါင်းပါဝင်ဆောင်ရွက်မှု (Common contribution)၊ အကျိုးအမြတ်များ မျှဝေခံစားမှု (Shared benefits)၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု (Respect for the United Nations Charter and international laws)တို့ပဲ ဖြစ်ကြပါတယ်။ ဒီမူဝါဒတွေဟာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောင်မြင်မှုအတွက် အလွန်အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ယုံကြည်မှုရရှိအောင် ဒီမူဝါဒတွေက ထိန်းကျောင်းဆောင်ရွက်ပေးနေလို့ ဖြစ်ပါတယ်။

ဒီမူဝါဒတွေကို သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားတဲ့အပြင် အဖွဲ့ဝင်နိုင်ငံတွေကို အချုပ်အခြာ အာဏာပိုင် နိုင်ငံပီသစွာ လွတ်လပ် စွာဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

နောက်အချက်တစ်ခုက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံ လုံးရဲ့ တူညီဆန္ဒ (consensus) မပါဘဲ ဘယ်လို ဆုံးဖြတ်ချက်ကိုမှ မချပါဘူး။ ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ သိပ်ကိုအရေးကြီးပြီး အလွန် လက်တွေ့ကျတဲ့မူဝါဒဖြစ်ပါတယ်။ ဥပမာ ပြောရရင် လုပ်ငန်းတစ်ခုဟာ အချို့သော နိုင်ငံတွေ အတွက် အဆင်ပြေပြီး အချို့သောနိုင်ငံတွေအတွက် အဆင်မပြေတဲ့အခြေအနေမျိုးဟာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အနေနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်လဲဆိုတာ ဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ အဖွဲ့ဝင် နိုင်ငံ ခြောက်နိုင်ငံအနက် တစ်နိုင်ငံသဘောမတူရင် အဲဒီလုပ်ငန်းကိုမဆောင်ရွက်ပါဘူး၊ အဲဒီဆုံးဖြတ်ချက်ကို မချမှတ်ပါဘူး။ သဘောမတူတဲ့ နိုင်ငံကိုလည်း အုပ်စုဖွဲ့ အနိုင်ကျင့်တာ၊ ဖိအားပေးတာတွေ မရှိပါဘူး။ ဒီလိုမဖြစ်အောင် အထက်မှာ တင်ပြခဲ့တဲ့ မူဝါဒ(၇)ရပ်က ထိန်းသိမ်းထားပါတယ်။

ဒါ့အပြင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်း ဥပဒေတွေကို လေးစားလိုက်နာရမယ် ဆိုတဲ့အချက်ကိုလည်း အလေးထား ထည့်သွင်း ဆောင်ရွက်လာခဲ့ပါတယ်။ ဒီအချက်ဟာ မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာစေတဲ့ အချက်လည်းဖြစ်ပါတယ်။

နောက်တစ်ချက်က ညီတူညီမျှရှိမှု (Equality) ပါ။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကြည့်လိုက်ရင် တစ်နိုင်ငံချင်းစီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားတွေ ကွဲပြားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မဲခေါင်လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက တန်းတူပါပဲ။ များသောအားဖြင့် ဒီလို နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာ ရန်ပုံငွေထောက်ပံ့ တဲ့နိုင်ငံက သူတို့ဆန္ဒကိုပဲ ဦးစားပေးပြီး ဆောင်ရွက်တာ၊ ရန်ပုံငွေထောက်ပံ့တဲ့ နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အသားပေးတဲ့ စည်းမျဉ်းတွေရေးဆွဲတာဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အသိုင်းအဝိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ ဒီလို မရှိပါဘူး။ ရန်ပုံငွေအဓိကထောက်ပံ့တဲ့ တရုတ်နိုင်ငံက လုပ်ငန်းတစ်ခု လုပ်ချင်တယ်ဆိုရင် အဖွဲ့ဝင် နိုင်ငံတွေကို ဦးစွာတိုင်ပင်ပါတယ်၊ သဘောထား မှတ်ချက်တောင်းခံပါတယ်။ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံလုံးရဲ့ တူညီဆန္ဒ(Consensus)ရမှ၊ တစ်နည်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူမှ လုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ဒီနေရာမှာ တင်ပြလိုတာက စည်းမျဉ်းတွေ ဘယ်လောက်ပဲရှိရှိ လိုက်နာလိုတဲ့စိတ်ရှိမှ၊ အလေးထားမှ ဒီစည်းမျဉ်းတွေဟာ တန်ဖိုးရှိတာပါ။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံတွေ သဘောထားကွဲလွဲတာ ရှောင်လွှဲလို့မရတဲ့ သဘာဝတစ်ခုဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အထူးသဖြင့် အချို့သောအင်အား ကြီးတဲ့ နိုင်ငံကြီးတွေက သူတို့လုပ်လိုတဲ့ ကိစ္စကို သဘောမတူတဲ့ နိုင်ငံငယ်တွေကို ပညာသားပါပါ နောက်ကွယ်က ဖိအားပေးတာ၊ အခြားနိုင်ငံတွေကို စည်းရုံးအုပ်စုဖွဲ့စေပြီး ဖိအားပေးအကျပ်ကိုင်တာတွေကလည်း နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်မှာ မဆန်းတဲ့ဖြစ်ရပ်များ ဖြစ်ပါတယ်။ ဒါပေမယ့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ ဒီလိုဖြစ်စဉ်မျိုးမရှိပါဘူး။ နိုင်ငံကြီးဖြစ်လို့ အဖွဲ့ဝင် နိုင်ငံတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ရှိပေမယ့်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက သဘောမတူတဲ့ကိစ္စကို ဆက်မလုပ်ဘဲ သဘောထားကြီးစွာ အလျှော့ပေး ဆောင်ရွက်ခဲ့တဲ့သာဓက များစွာရှိခဲ့ပါတယ်။ ဒါဟာ လူကြီးလူကောင်းပီသမှု (Gentlemanship) ဖြစ်ပါတယ်။ လူကြီးလူကောင်း ပီသမှုဆိုတဲ့အချက်ဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ တရားဝင် စည်းမျဉ်းတွေထဲမှာမပါပါဘူး။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုရဲ့ အဆင့်တိုင်းမှာ လူကြီးလူကောင်း ပီသမှု (Gentlemanship) ရှိနေတယ်ဆိုတာ အဖွဲ့ဝင် နိုင်ငံတွေအားလုံးက သိနေပါတယ်၊ ယုံကြည်နေကြပါတယ်။ ဒီယုံကြည်ချက်ဟာ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ များစွာ အရေးပါတာကိုတွေ့ရှိရပါတယ်။ ဒီလိုယုံကြည်ချက်တွေနဲ့ ဆောင်ရွက်ခဲ့ကြလို့လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ ဒီနေ့ဒီအချိန်မှာ အောင်မြင်မှု အရှိန်အဟုန်အမြင့်မားဆုံး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိဂုံး

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ စတင်တည်ထောင်ခဲ့တဲ့ ခြောက်နှစ်ကျော်ကာလအတွင်း အခြေခံအုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု ဧရိယာများကို အရှိန်အဟုန်နဲ့ တိုးချဲ့နိုင်ခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ အဖွဲ့ဝင်နိုင်ငံများရဲ့ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို တိုးမြှင့်ထိန်းသိမ်း နိုင်ရေးအတွက် အရင်းအမြစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးတို့အတွက် တူညီဆန္ဒ ပေါင်းစပ်နိုင်ခဲ့ခြင်း၊ အိမ်နီးချင်းကောင်း စိတ်ဓာတ်ကို မြှင့်တင်ထိန်းသိမ်း လိုက်နာခြင်း၊ ယဉ်ကျေးမှုနဲ့ ပြည်သူအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုတွေ တိုးမြှင့်နိုင်ခဲ့ခြင်း၊ အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်ခဲ့ခြင်း တို့ဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ခြောက်နှစ်တာကာလအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့ ရလဒ်ကောင်းများပဲ ဖြစ်ပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဟာ စန်းယကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံမူတွေနဲ့ ထိန်းသိမ်းထားတဲ့ စည်းလုံးညီညွတ်မှု၊ ပြင်းပြတဲ့ မဲခေါင်-လန်ချန်း စိတ်ဓာတ်တွေကို အခြေခံပြီး မဲခေါင်-လန်ချန်းဒေသကို ငြိမ်းချမ်းသာယာဝပြောပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ပိုင်ဆိုင်စေဖို့ စုပေါင်းအင်အားနဲ့ ဆက်လက် ပုံဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ယုံကြည်ပါကြောင်း တင်ပြရင်း ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်နေ့မှာ ကျရောက်တဲ့ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုအပ်ပါတယ်။ ။