Skip to main content

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

(ယမန်နေ့မှ အဆက်)

(၂၇)ကြိမ်မြောက်အာဆီယံပို့ဆောင် ရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ နိုဝင်ဘာ ၁၁ ရက်က ကျင်းပရာ အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီး များအစည်းအဝေးနှင့် US-ASEAN Business Council (US-ABC) ဆွေးနွေးပွဲ တို့ကိုလည်း တစ်ဆက်တည်း ကျင်းပသည်။ ထို့အတူ နိုဝင်ဘာ ၁၂ ရက်က အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေးဝန်ကြီး အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

နိုဝင်ဘာလအတွင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲ (4th World Media Summit) အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် ညီလာခံ၊ ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲ နှင့်ဖိုရမ်၊ PATA Destination Marketing Forum-2021၊ အာရှပစိဖိတ် အင်ဂျင်နီယာအသင်းများ၏အသင်းချုပ်၊ Federation of Engineering Institutions of Asia and Pacific (FEIAP)၏ (၁၃)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးများသို့လည်း သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်းဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆက်ဆံမှုများ ဆောင်ရွက်ခဲ့သည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ အထူးကိုယ်စား လှယ်နှင့်အဖွဲ့ဝင်များ သည် အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းနှင့် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်စခန်းတို့၌ ယာယီနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် သက္ကယ်ပြင်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ နေထိုင်လျက်ရှိသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံခဲ့ပြီး အထူးကိုယ်စားလှယ်က  သတင်းမီဒီယာများသို့လည်း မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ဖြေကြားခဲ့သည်ကိုလည်း မြင်တွေ့ရသည်။

အခြေအမြစ်မရှိသည့် စွပ်စွဲမှုများအပေါ် ပြန်လည်တုံ့ပြန်

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂ  အထွေထွေညီလာခံ တတိယကော်မတီ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ နိုဝင်ဘာ ၁၇ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်း (Situation of Human Rights of Rohingya Muslims and other minorities in Myanmar) ကို မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းအပေါ် ပြန်လည်တုံ့ပြန်သည့် ကြေညာချက်တစ်စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုဝင်ဘာ ၂၇ရက် သတင်းထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ရာတွင် တပ်မတော်က အစိုးရဆန့်ကျင်သူများကို အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး  ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု ပါရှိထားပါကြောင်းနှင့် ယင်းဖော်ပြချက် များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားသောကြောင့် မှန်ကန်မှုမရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၀/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် အာဆီယံ၏ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့် အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့်လည်း ဆန့်ကျင်နေသည့်အတွက် မြန်မာနိုင်ငံ ဘက်မှကန့်ကွက်ကြောင်း သတင်းထုတ်ပြန်မှု၊ အာဆီယံနှင့်ဆက်ဆံမှု သမိုင်းကြောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကိစ္စနှင့် NUG  CRPH အမည်ခံ အကြမ်းဖက်အဖွဲ့၏  အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းမှု၊ ဖမ်းဆီးရမိတရားခံ NLD ပါတီဝင် ဖြိုးဇေယျာသော်၏ ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အခြေအနေများနှင့် ၎င်းနှင့် ဆက်စပ်တရားခံများကို လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုများကို သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများ ကို စစ်ဆေးဆောင်ရွက်မှုအခြေအနေများ၊ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့မှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့ကြသူများအပေါ် အရေးယူဆောင်ရွက်မှုအခြေအနေများနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေများ သုံးသပ်ပြင်ဆင်ခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

ရွေးကောက်ပွဲစနစ်အတွက် စတင်ဆွေးနွေး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူ များပါဝင်သော ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို နိုဝင်ဘာ ရက်က ကျင်းပသည်။ PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်း အလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ် လည်းဖြစ်သည်။ ယင်းစနစ်အရတစ်သီး ပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်တင်မြှောက်ခံနိုင်ပါကြောင်း သိရှိရသည်။ ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (National Development and Peace Party) မှ နိုင်ငံရေးပါတီကို ဖျက်သိမ်းကြောင်း တင်ပြချက်နှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။  

ဝန်ကြီးဌာနများ၏ ကြိုးပမ်းမှု

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး စက်မှု ဇုန်စွန့်ပစ္စည်းများ သိမ်းဆည်းစုဆောင်း စွန့်ပစ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် TYTC Services Co., Ltd. 2832.cpos ကြည့်ရှု၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး နောက်ပိုင်း လုပ်ငန်းစတင်ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး ကလိုအပ်သည်များကို အကြံပြုဆွေးနွေး ပေးခဲ့သည်။ ထို့အတူ Colgate Palmolive (Myanmar) Limited စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု၊ ကုန်ပစ္စည်း  ထုတ်လုပ်မှု၊ ခရီးသည်တင်ယာဉ်များအား  CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် SC Auto (Myanmar) Co., Ltd. တို့ကို သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းအခြေအနေများအပေါ် ဆွေးနွေးမှာကြားခဲ့သည်။

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (/၂၀၂၁) ကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပရာ မြန်မာနိုင်ငံအနေဖြင့် ပုပ္ပါးဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဘူမိနယ်မြေ (Geosite) (၁၅) နေရာ အဆိုပြုသွားမည် ဖြစ်ကြောင်း၊ ဘူမိနယ်မြေ (Geosite) များသည် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ပညာရှင်များ စနစ်တကျ ကွင်းဆင်းလေ့လာ ဖော်ထုတ်ပြီး ရွေးချယ်ထားသော နေရာများဖြစ်ပြီး စိန်ခေါ်မှုများလည်း ရှိနေသည့်အတွက် Geosite များ၏ ဧရိယာ၊ မြေ အသုံးချမှု၊ မြေစီမံခန့်ခွဲမှုများကို သေချာလေ့လာပြီး သက်ဆိုင်သော ဒေသခံများ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အမျိုးသားအဆင့်နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးတွင် ဘိုကလေးမြို့နှင့် မအူပင်မြို့တို့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့ တို့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း တစ်ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှုပညာ သင်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း ငါးကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံလူငယ်လူရွယ် အမျိုးသမီးငယ်များကို အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ များကို သင်ကြားလေ့ကျင့်ပေးခဲ့သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)နှင့် (အောက်မြန်မာပြည်) တို့တွင် ဝန်ထမ်းများအား စီမံခန့်ခွဲမှု သင်တန်းနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း စသည်တို့ကို ဖွင့်လှစ်ခြင်း၊ ဝန်ကြီးဌာန အသီးသီးရှိ လစ်လပ်နေရာများအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဝန်ထမ်း တာဝန်ထမ်းဆောင်လိုသော အရည်အချင်းကိုက်ညီသူများကို ရွေးချယ်ခန့်ထားနိုင်ရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့တွင် လည်း အဆင့်မြင့်ပညာရေးနှင့် အခြေခံ ပညာတို့တွင် သင်ကြားပြသကြမည့် နည်းပြ၊ သရုပ်ပြ၊ အခြေခံပညာ ဆရာ ဆရာမများကို ခန့်အပ်ခြင်း၊ သစ်လွင် ဆရာ ဆရာမများအား လိုအပ်သည့်သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ခန့်အပ်တာဝန်ပေးခြင်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယင်းနေ့နံနက်ပိုင်းတွင် တောင်ငူတက္ကသိုလ်နှင့် တောင်ငူပညာရေး ဒီဂရီကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမသစ်လွင်များနှင့် တွေ့ဆုံခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး) နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မန္တလေးကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ပြင်ဦးလွင်)သို့ နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်ကြားသင်ယူမှုကိစ္စရပ်များ၊ အိုင်စီတီအသုံးပြု၍ သင်ကြားသင်ယူမှုအခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများအပါအဝင် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း၍ သင်ကြားမှုမြှင့်တင် ခြင်းအစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း လျှောက်ထားရမည် ဖြစ်ပြီး ပြင်ပဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့် လျှောက်လွှာဝယ်ယူ၍ အချိန်မီ တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ( ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို နိုဝင် ဘာ ၁၂ရက်ကကျင်းပခဲ့ပြီး အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များအား ( ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှုရှိရန်နှင့် ပြန်လည်စေလွှတ်ခွင့်ပြုပါက အလုပ်ရှင်၊  အလုပ်သမားပြဿနာများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့  အမရပူရမြို့နယ်တွင် တောင်သမန်သစ္စာ ကျေးလက်အပန်းဖြေ စီမံကိန်း အကောင်အထည်ဖော်ရာတွင် MIC ဥပဒေများကို အလေးထားလိုက်နာရန်နှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသည့် ဥပဒေ၊  နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာလတတိယပတ်တွင် လမ်းညွှန်မှာကြားခဲ့သည်။ ထို့အတူ ခေတ်မီ စံပြကျေးရွာ (Smartvillage) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းခြင်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ နိုဝင်ဘာလဒုတိယပတ်အတွင်း ဆောင်ရွက်နေပြီဖြစ်သည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်သွားရန်လျာထားပြီး စီမံကိန်းကို Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်။ လယ်ဝေးမြို့ နယ်နှင့် တပ်ကုန်းမြို့နယ် တို့ရှိ ကျေးရွာသုံးရွာတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးနေ သည့် ကိစ္စရပ်များကို နိုဝင်ဘာ ၂၂ ရက်မှစ၍ မြေစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု  ကိစ္စများကို ပြည်သူများ ပိုမိုအဆင်ပြေစေရေးအတွက် ခရိုင်မြို့နယ်များအားလုံး ရုံးဖွင့်ရက်များတွင် နေ့စဉ် ပြန်လည်လက်ခံနေပြီဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့တွင် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက လိုအပ်ချက် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ဒေသ ဟင်းသီးဟင်းရွက်မျိုးများနှင့် ခေတ်မီနည်းစနစ်များ ဖြန့်ဖြူးပေးရန်၊ မိသားစုစိုက်ခင်းများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် နည်းလမ်းများကို လိုအပ်နေသူ များ လက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းကျွမ်းကျင်မှုမြှင့်တင်ပေးသော သင်တန်းများ ဖွင့်လှစ်ပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ရက်က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ လူ့စွမ်းအားအရင်းအမြစ် တိုးပွားရေးအတွက် သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုး ရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား) ပုသိမ်ကြီးနှင့် ဟဲဟိုးတို့တွင် ရှေ့ပြေး ဖွင့်လှစ်မည့် အစီအမံများအား စတင်ဆောင်ရွက်နေပြီး မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိသော သုတေသနလုပ်ငန်းများဖြစ်စေရေးနှင့် လက်တွေ့အသုံးချ  သုတေသနလုပ်ဆောင်ရေး၊ မွေးမြူရေး ကို အခြေခံသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (National Seed-Related Committee, NSC) အကြိမ် (၂၀) မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်ပြီး သဘောထားမှတ်ချက်များဖြင့် တင်ပြထားသော စမ်းသပ်စိုက်ပျိုးသီးနှံ မျိုးကွဲမျိုးသစ်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair,  2021) ဖွင့်ပွဲကို နိုဝင်ဘာလ ၂၇ ရက်က နေပြည်တော် ရေဆင်းစိုက်ပျိုးရေး  သုတေသနဦးစီးဌာန၌ ကျင်းပခဲ့သည်။  ရှောက်၊ လိမ္မော်၊ သံပရာ မျိုးရင်းဝင်  အပင်များကို နိုင်ငံတစ်ဝန်း၌ စိုက်ဧကတစ်သန်းခန့်ရှိသော်လည်း ပြည်တွင်း လိုအပ်ချက် ပြည့်မီစေရေးအတွက် တိုးတက်ထုတ်လုပ်နိုင်စေရေး၊ သွင်းကုန် ထိန်းချုပ်နိုင်စေရေးအတွက် ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားအတွင်း ပြိုင်ပွဲများ ကျင်းပခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာရပ်များနှင့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများကို ကျင်းပခြင်းများတွင် တောင်သူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင် များ ပါဝင်ဆွေးနွေးခဲ့သည်ကို မြင်တွေ့ရသည်။

တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသော လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) အဆောက်အအုံ တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို နိုဝင်ဘာ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ လူထုအခြေပြုဗဟိုဌာန (Community Centre) များသည် ပြည်သူလူထု၏ အသိပညာမြင့်မားရေး လုပ်ငန်းများသာမက ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူ့အဖွဲ့အစည်းများနှင့်  တိုက်ရိုက်သက်ဆိုင်သည့် အရေးကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရန်ရည်ရွယ်ဖွင့်လှစ်ထားပြီး ပြီးစီးပါက လူထုအခြေပြု ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့ နှင့်အတူ နိုဝင်ဘာ ၂၈ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဒေသရှိ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများအတွက် စတူဒီယိုများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။ ယင်းဒေသတွင် ရုပ်မြင်သံကြား ရိုက်ကူး ထုတ်လုပ်မှုလုပ်ငန်းများအတွက် မြေဧက ၈၀၀ ကျော်တွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်နေခြင်း ဖြစ်သည်။

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်တူယှဉ်နွှဲပျော် ဂီတ ပွဲတော်သီချင်းဆို ပြိုင်ပွဲ အုပ်စုပထမ ပွဲစဉ်ကို နိုဝင်ဘာ၂၆ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားပြိုင်ပွဲဝင်များက ယှဉ်ပြိုင်သီဆိုကြသည့်တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲကို အဖွဲ့ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ် နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ တွင်လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ  အပတ်စဉ် သောကြာနေ့ညများတွင် သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေးရည်ရွယ် ချက်ဖြင့် အာရှနှင့် ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (ACCU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့မှ  ကလေးလူငယ်စာစဉ်များကို ထုတ်ဝေခဲ့ရာ “Meet My Friends!" စာအုပ်ကို စာပေဗိမာန်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများအမည်ဖြင့် ထုတ်ဝေလိုက်သည်။ နိုင်ငံ ၁၄ နိုင်ငံမှ လူပုဂ္ဂိုလ်များ၏ မတူညီသည့် ယဉ်ကျေးမှုအမျိုးမျိုး၊ လူနေမှုဘဝ၊ စားသောက်နေထိုင်မှုပုံစံ၊ ကစားနည်း အမျိုးမျိုးနှင့် ပွဲတော်သဘင်များကို ရှာဖွေလေ့လာနိုင်မည့်၊ မျှဝေခံစားနိုင် မည့်အခွင့်အရေးကို ကလေးလူငယ်များ ရရှိနိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က သိရှိရသည်။

(ဆက်လက်ဖော်ပြပါမည်)

ကနောင်