Skip to main content

ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း

ယမန်နေ့မှအဆက်


နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထု လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်စွမ်းပေးခြင်း၊ အင်အားသုံးမှု အနည်းဆုံးထား ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ၏ လူမှု နေသားတကျ ရှိမှုကို ဖန်တီး တည်ဆောက် ထိန်းသိမ်းရသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ဟူသည်မှာ ပြည်သူလူထု၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဘုံအကျိုး ကျေးဇူး သို့မဟုတ် စုပေါင်း အကျိုးခံစား ခွင့်များကို အစိုးရက ဖန်တီးဖြည့်ဆည်းပေးရခြင်း ဖြစ်သည်။  နိုင်ငံတော်၏ ခွန်အားကို အဆိုပါ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုများအား ဖန်တီး ဖြည့်ဆည်းပေးခြင်းမှ ရရှိသည်။ ဤနေရာတွင်  နိုင်ငံတော်ဟူသည်မှာ ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အချုပ်အခြာ အာဏာနှင့် အစိုးရဟူသည့် အစိတ်အပိုင်း ၄  ခုဖြင့် ဖွဲ့စည်းထားသည့် အင်စတီကျူးရှင်းနှင့် နယ်နိမိတ်ဆိုင်ရာ အပေါင်းအစုတစ်ခုဖြစ်သည်။  အစိုးရတစ်ရပ်က ၎င်း၏ ပြည်သူအား အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတားဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အား မတည်မငြိမ်ဖြစ်စေရန်နှင့် အားနည်းစေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

အစွန်းရောက်များ၏   သွေးထိုး လှုံ့ဆော်မှု

NLD ၊ NUG နှင့် CRPH တို့မှ ယနေ့ ဆောင်ရွက်လျက်ရှိသော   အတိုက်အခံ နိုင်ငံရေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်စွမ်းနှင့် လူမှုနေသားတကျရှိမှု တည်ဆောက်နိုင်စွမ်းကို အလုံးစု ဆန့်ကျင်ဟန့်တားလျက်ရှိသည်။  NLD ပါတီနှင့် ယင်း၏ထောက်ခံသူ များ၊ အစွန်းရောက်များ၏ သွေးထိုး လှုံ့ဆော်မှုနှင့် မီဒီယာများ၏ မြှောက်ပင့် ပုံဖော်မှုတို့ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများသည် ထိပ်တိုက်တွေ့မှုနှင့်  ဆူပူအကြမ်းဖက်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ပြည်သူလူထု အထူးသဖြင့်  Generation-Z ဟုဆိုသော ငယ်ရွယ်သည့် လူငယ်များကို ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဟောင်း ကျော်မိုးထွန်းအနေဖြင့် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကြောင့် လူမှုဘဝခပ်ခွာခွာနေထိုင်မှု စည်းမျဉ်းကိုလိုက်နာ၍ လူစုလူဝေး ဖြစ်မှုတို့အား ရှောင်ရှားရမည့်အချိန်တွင် လမ်းပေါ်ထွက် ဆူပူမငြိမ်သက်မှုများ ဆောင်ရွက်ခြင်းကို အားပေးထောက်ခံခဲ့သည်။ လုံခြုံရေးအင်အားစုများသည် အဓိကရုဏ်း ထိန်းချုပ်ရေး  လုပ်ထုံးလုပ်နည်းများကို  လိုက်နာကျင့်သုံး၍ အင်အားသုံးစွဲမှု အနည်းဆုံးဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို သတိထား၍ ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် လူမှုကွန်ရက်နှင့် သတင်းမီဒီယာများ၌မူ ထိုသို့မငြိမ်သက်မှု များအား ဖြိုခွင်း ထိန်းချုပ်သည့် ပုံရိပ်များအနက် အချို့ကို လိုသလို ရွေးထုတ်၍   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းအပေါ် ဆန့်ကျင်ဝေဖန်မှုများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိခဲ့ကြသည်။ သို့ရာတွင် ဆူပူအကြမ်းဖက် လုပ်ဆောင်မှုများ၏ နောက်ကွယ်တွင် ဖြစ်ပေါ်နေသည့် အမှန်တရားနှင့်  စပ်လျဉ်း၍ နှုတ်ဆိတ်နေခဲ့ကြသည်။ 

၎င်းကိုယ်ကိုယ် NUG နှင့် CRPH များအတွင်း  အုပ်ချုပ်ရေးနှင့်  ဥပဒေ ပြုရေးအာဏာပိုင်အဖြစ် အသွင်ယူထားသည့် NLD သည် ၎င်း၏  နိုင်ငံရေး လုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများကြောင့်  ဖြစ်ပေါ် လာသည့် အကျိုးဆက်များအတွက် လူထုကို ဓားစာခံအဖြစ် ဆက်လက်အသုံးချခဲ့သည်။ အရပ်ဘက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် အယူ အဆပိုင်းအရ မှားယွင်းနေသကဲ့သို့ ကျင့်ဝတ်၊ လူ့အခွင့်အရေးနှင့် ဥပဒေပိုင်း အရပါလွဲမှားသောလှုပ်ရှားမှုဖြစ်သည်။ အယူအဆပိုင်းအရ အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အစိုးရကို ပြုတ်ကျစေလိုခြင်းထက် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကျဆုံးစေရန်  ရည်ရွယ်ခြင်းဖြစ်သည်။ ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းက ပေးအပ်ရသည်။ နိုင်ငံ့ဝန်ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်းသည် တာဝန်ကင်းမဲ့လှပြီး သက်ဆိုင်ရာ ကျင့်ဝတ်အသီးသီးအား လုံးဝအလေးမထားခြင်းကို ပြသနေသည်။ CDM ကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးခန်းများသို့ ဆရာဝန်၊ သူနာပြုနှင့်  အခြားကျန်းမာရေး လုပ်သားများ မလာရောက်ကြတော့သဖြင့် သက်ကြီးရွယ်အိုများ၊  ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ၊ မတော်တဆမှုဖြစ်ပွားသူများနှင့်   အခြားအတွင်းလူနာ၊  အပြင် လူနာများစွာတို့အတွက် ဆေးကုသခွင့် ဆုံးရှုံးခဲ့ကြရသည်။ ဝင်ငွေ နည်းပါးပြီး အရေးပေါ် သို့မဟုတ် ဆက်တိုက်  ဆေးကုသမှုလိုအပ်သည့် နှလုံးရောဂါ ခံစားနေရသူများ၊ ကျောက်ကပ် မကောင်း၍ ကျောက်ကပ်ဆေးနေရသူများနှင့် ကင်ဆာအတွက် ဓာတုကုထုံး ခံယူနေရသူများအနေဖြင့် ကျန်းမာရေး စနစ် ယိမ်းယိုင် အားနည်းသွားခြင်းကြောင့်  အသက်ဆုံးရှုံးခဲ့ကြရသည်။ 

ယခုကဲ့သို့ ကိုဗစ်- ၁၉ ကပ်ရောဂါ  တတိယလှိုင်း ရိုက်ခတ်နေချိန်တွင် ကျန်းမာရေးဝန်ထမ်းများ ကျန်းမာရေး စနစ်အား ပြိုလဲစေခြင်းသည် ကျင့်ဝတ်နှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေပေသည်။ ကျန်းမာရေးကဏ္ဍ၌ CDM လုပ်ဆောင်ခြင်းသည်  ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်နေ ခြင်းဖြစ်သကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရှုထောင့်မှကြည့် ပါကလည်း မှားယွင်းလှပေသည်။ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများကို အလုပ်မသွား ရန်နှင့် ကျောင်းသားများအား ကျောင်းမတက်ရန် တိုက်တွန်း ခြိမ်းခြောက်ခြင်းသည်လည်း  ပြည်သူလူထု၏ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု ရရှိခံစားပိုင်ခွင့် လူ့အခွင့်အရေးကို ချိုးဖောက်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သည့်အစိုးရတက် သည်ဖြစ်စေ တည်ဆဲဥပဒေနှင့် နည်းဥပဒေများက ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများကို လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည်။ ယင်းမှာ ဗျူရိုကရေစီ စနစ်၏  ရည်ရွယ်ချက်ပင်ဖြစ်ပြီး အခြားသော ဒီမိုကရေစီနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများကို ၎င်းတို့၏ တာဝန်၊ ဝတ္တရားများအား  ထမ်းဆောင်နိုင်ခြင်း မရှိစေရန် ရန်စ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ထိပါးနှောင့်ယှက်ခြင်းနှင့် တာဝန်သိ  နိုင်ငံ့ဝန်ထမ်းများအပေါ် social  punishments ဟု ဆိုသော “လူမှုရေးပြစ်ဒဏ် ခတ်မှု”များ  ပြုလုပ်ခြင်းသည် ဒီမိုကရေစီ စနစ်၏   အကြမ်းမဖက်ရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ စံနှုန်းများအား ချိုးဖောက်ခြင်းပင် ဖြစ်သည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား လွှဲပြောင်းရယူစဉ် ကတည်းက တည်ဆဲဥပဒေနှင့် နည်းဥပဒေ စည်းမျဉ်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်ခဲ့သည်။ NLD၊ NUG နှင့် CRPH တို့သည် ပြည်သူများကို ဥပဒေ အားလိုက်နာရန်/ မလိုက်နာရန်   အမိန့် ပေးညွှန်ကြားနိုင်သည့် ဥပဒေ၏ အထက် တွင် ရှိနေသည့်အလား စည်းရုံးလှုံ့ဆော် ခဲ့ကြပြီး ဥပဒေအား လေးစားလိုက်နာ ခဲ့ကြသည့် ပြည်သူလူထုအကြား ဥပဒေစိုးမိုးမှုကင်းမဲ့ကာ မငြိမ်မသက်ဖြစ်စေခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများစွာသည် အလုပ်နေရာဆုံးရှုံးရသော ဝန်ထမ်းများကို လစာပေးမည်ဟူသော တလွဲကတိများကို ယုံကြည်ကာ “ရုံး မတက်နဲ့ ရုန်းထွက်” ဟူသော လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ထိုသို့ ပါဝင်ခဲ့သူများသည် ဆန္ဒ အလျောက်  အခက်အခဲဒုက္ခများစွာနှင့်    ရင်ဆိုင်ခဲ့ကြရသည်။ NLD ၊ NUG နှင့် CRPH တို့သည် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့်  အသိပညာများစွာဖြင့် အချိန်ယူတည်ဆောက် ထားရသည့် နိုင်ငံ၏ ဗျူရိုကရေစီယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဖျက်ဆီးနေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအား လုံးဝအားနည်း သွားစေရန် ဖြိုချဖျက်ဆီးလိုသော ၎င်းတို့၏ ရည်ရွယ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးများသည် ပြည်သူလူထုအပေါ်သို့သာ ကျရောက်လာသည်။ 

ကျင့်ဝတ်နှင့်ဆန့်ကျင်
မည်သို့ပင်ဆိုစေကာမူ NLD ၊ NUG နှင့် CRPH ကို ကိုယ်စားပြုလျက်ရှိသည့် ကျော်မိုးထွန်းနှင့် NUG ၏ “ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး” နှင့် “ပညာရေးဝန်ကြီး” ဆိုသူ ဒေါက်တာဇော်ဝေစိုး ကဲ့သို့ ပုဂ္ဂိုလ်များသည် CDM လှုပ်ရှားမှုကို မြင့်မြတ်သော တာဝန်တစ်ခုသဖွယ် အထင်အမြင် လွဲမှားစေရန် လှုံ့ဆော်လျက်ရှိကြသည်။ ဒေါက်တာဇော်ဝေစိုး သည် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်နှင့် ဆန့်ကျင်စွာပင် တော်လှန်ပုန်ကန်ရာတွင် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုရေးနှင့် အဆိပ်ခတ်ထားသည့် အစားအစာများ အသုံးပြုရေးကဲ့သို့သော မကောင်းကျင့် မကောင်းကြံများကိုပင် ပြောကြားခဲ့ သည်။ စင်စစ်တွင် ထိုလှုပ်ရှားမှုများသည် ၎င်းတို့၏ နိုင်ငံရေးအရ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ဆောင်ရွက်နေသော လူသားမဆန်၊ ယုတ္တိမရှိသည့် လုပ်ရပ်များသာဖြစ်သည်။ ဘဏ်လုပ်ငန်းကဏ္ဍမှ ဝန်ထမ်းများ CDM ပြုလုပ်ခြင်းသည်  ပြည်တွင်းပြည်ပ ငွေလွှဲပေးပို့မှုများ အပါအဝင် ဘဏ် လုပ်ငန်းဝန်ဆောင်မှုများကို အကျပ်အတည်းဖြစ်စေခဲ့ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေးကို ထိခိုက်စေခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  အထိနာနှင့်ပြီး သော    နိုင်ငံ့စီးပွားရေးကို    အဆုံးထိ ဆွဲချရန် ရည်ရွယ်ချက်မှာ ရက်စက်လွန်း လှသည်။ ပို၍ရက်စက်ပုံရသည်မှာ လစဉ်စားဝတ်နေရေး အတွက် ငွေသားထုတ်ရန် လာရောက်ရသော သက်ကြီး ရွယ်အိုများ၊ ပင်စင်စားများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များကို ပူပြင်းသော  နေရောင် အောက်၌ လူတန်းရှည်ကြီးအဖြစ် တန်းစီရသည့်အနေအထားသို့ ဆိုက် ရောက်စေခြင်းဖြစ်သည်။ ထိုသက်ကြီး ရွယ်အိုများနေရာတွင် မိမိတို့၏ အသက် အရွယ်ကြီးရင့်နေပြီဖြစ်သော မိဘ ဘိုးဘွားများသာ ဖြစ်လျှင်ဟူသော အတွေးကို ထည့်သွင်း စဉ်းစားသင့်သည်။ CDM သည် အကြမ်းမဖက်သော နည်းလမ်း ပုံစံပေါ်သော်လည်း ပြည်သူလူထုအပေါ် ယင်း၏  နောက်ဆက်တွဲ သက်ရောက်မှု များမှာမူ လူသားမဆန်မှုနှင့်အတူ အကြမ်းဖက် လုပ်ရပ်များထက်ပင် ပိုမို ဆိုးရွားလျက်ရှိသည်။

အားပေးအားမြှောက်
NLD ၊ NUG ၊ CRPH နှင့် ၎င်းတို့၏ ထောက်ခံသူများ၊ အစွန်းရောက်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ် များစွာကို ကျူးလွန်လျက် ရှိကြသည်။ အဆိုပါ  လုပ်ရပ်များတွင်    ကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ အား သတ်ဖြတ်ခြင်း၊ လုံခြုံရေး အင်အား စုများအား ပစ္စတိုများ၊ ရိုင်ဖယ်များ၊ ဗုံး၊ လောက်လေးခွ၊ သံချိတ်၊ လောင်စာ ပုလင်း၊ တုတ်၊ ကျောက်ခဲ၊ ဓား၊ လှံနှင့် မှိန်း စသည့် လက်နက်များဖြင့် တိုက်ခိုက် ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ USDP ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုများအား ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် အပြစ်မဲ့ အရပ်သားများနှင့် စစ်မှုထမ်းဟောင်းများကို သတင်းပေး/ ဒလန်အဖြစ် စွပ်စွဲကာ ဥပဒေမဲ့သတ်ဖြတ်ခြင်း စသည်တို့ ပါဝင်သည်။ NUG ၏ “ကာကွယ်ရေးဝန်ကြီး”နှင့် “ဒုတိယကာကွယ်ရေးဝန်ကြီး” ဟုဆိုသူ ဦးရည်မွန်နှင့် ဒေါ်ခင်မမမျိုးတို့သည် တပ်မတော်အား ဆန့်ကျင်ပုန်ကန်ရန် လူသိရှင်ကြား အားပေးအားမြှောက်ပြုခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် တပ်မတော်အား ဆန့်ကျင်ပုန်ကန်ရေးအတွက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး အင်အားစု (PDF) ဟုဆိုသော  အဖွဲ့ကို သင်တန်းများပေးရာတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူများဖြစ်သည်။
အဖျက်အမှောင့်လုပ်ငန်းများ
၎င်းတို့၏ အဖျက်အမှောင့်လုပ်ငန်းများတွင်  တိုင်းရင်းသားလက်နက်ကိုင် များ၏ နယ်မြေစခန်းများ၌ အခြေခံ စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ တက်ရောက်ခြင်း၊ လမ်း များ ပိတ်ဆို့ခြင်း၊ ပြည်သူပိုင်အဆောက် အအုံနှင့်    တံတားများ  ဖျက်ဆီးခြင်း၊  နိုင်ငံခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်သည့် စက်ရုံများအား မီးရှို့ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများနှင့် USDP ရုံးများအား လက်လုပ်ဗုံးများ၊ ချိန်ကိုက် ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ ဘဏ်များအား လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ခြင်း၊ ဆေးရုံ၊ ကျောင်း၊ မြို့နယ်ပညာရေးရုံး၊ တက္ကသိုလ်၊ မြို့နယ်စည်ပင်သာယာရေး ရုံး၊    မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရုံး၊ မြို့နယ်ခန်းမ၊ မြို့နယ် တရားရုံး၊ ရဲစခန်းများနှင့် အခြားကျေးရွာ၊ ရပ်ကွက်နှင့် မြို့နယ်အဆင့် အစိုးရရုံးများ၊  ဆက်သွယ်ရေးရုံးများ၊ အစိုးရ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ကြော အချက်ပြ ထိန်းချုပ်ရေးအဆောက်အအုံများနှင့် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရုံးများအား မီးရှို့တိုက်ခိုက်ခြင်း သို့မဟုတ် လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများနှင့် တိုက်ခိုက်ခြင်း စသည့် မြောက်မြားစွာ သောလုပ်ရပ်များ ပါဝင်လျက် ရှိသည်။ ထိုအကြမ်းဖက် လုပ်ရပ်များ၏  အမျိုးအစားနှင့် သဘောသဘာဝ၊ ပစ်မှတ်နှင့် တိုက်ခိုက်ခံရသူ များကို လေ့လာဆန်းစစ် ကြည့်ပါက NLD ၊ NUG ၊ CRPH နှင့် ၎င်းတို့၏  ထောက်ခံသူများ၊  အစွန်းရောက်များသည် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဘဝအဆင်ပြေရေး တို့အတွက် ကောင်းစွာ လုပ်ဆောင် လည်ပတ်နိုင်ရန်  မရှိမဖြစ် လိုအပ်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံနှင့် လူ့အဖွဲ့အစည်း မငြိမ်မသက် ဖြစ်စေရေးအတွက် စနစ်တကျ ဖျက်ဆီး လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။ NLD ပါတီနှင့် ယင်း၏ နောက်လိုက်များသည် ၎င်းတို့၏   နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်စေရေးအတွက် နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ဆန့်ကျင်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အဖွဲ့လိုက် တိုက်ခိုက်မှုများအား အားပေးအားမြှောက်ပြုလျက်ရှိသည်။ ယင်းက အသက်ဘဝ၊ လွတ်လပ်ခွင့်နှင့် ပိုင်ဆိုင်မှု ဆိုင်ရာ ဒီမိုကရေစီ စံနှုန်းများနှင့် မတူကွဲပြားမှုများအား သည်းခံခြင်းနှင့် စပ်လျဉ်းသော ဒီမိုကရေစီစံနှုန်းတို့ကို ချိုးဖောက်လျက်ရှိသည်။ ထိုသို့  ရန်လို အကြမ်းဖက်ပြီး တရားဥပဒေနှင့် မညီ ညွတ်သော လုပ်ရပ်များသည် အစိုးရတစ်ရပ် ပြုမူဆောင်ရွက်ရမည့်ပုံစံနှင့် လုံးဝဆန့်ကျင်ကွဲပြားလျက် ရှိသည်။
ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် မူဝါဒ ရေးဆွဲခြင်း တို့တွင်  ဒီမိုကရေစီနှင့် သွေဖည်ခဲ့သည့် NLD ၏ လုပ်ရပ်များသည် ယခုအခါ တစ်ဖက်သက် ထင်ရာမြင်ရာ ဆောင်ရွက်ချက်များ ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင်  NLD ၏ လက်အောက်ခံအဖွဲ့ဖြစ်သော NUG က ရခိုင်ပြည်နယ်မှ လူအုပ်စုတစ်စုနှင့် စပ်လျဉ်း၍ မူဝါဒစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ရာတွင် ၎င်းတို့၏ မူဝါဒရေးဆွဲမှု၌ အားလုံးပါဝင်မှု ရှိသယောင်ဖြင့် “ရခိုင်ပြည်နယ်ရှိ stakeholders များစွာနှင့် တိုင်ပင် ဆွေးနွေးပြီးနောက်” ဟူသော  စာစုကို ထည့်သွင်းဖော်ပြခဲ့သည်။  ပထမဆုံး အနေဖြင့် NUG နှင့် CRPH တို့သည် တရားမဝင်သော  အဖွဲ့အစည်းများဖြစ်ကြသည်။ ဒုတိယအနေဖြင့် NLD က ခန့်အပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်နေရာ အများစုတွင် ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ဥပဒေပြုရေးနှင့် အချို့မူဝါဒများ အတည်ပြုရေးတွင် ရခိုင်တိုင်းရင်းသားများအား  အလုံအလောက် ရွေးကောက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် NLD ၏ မူဝါဒစာတမ်း သည်လည်းကောင်း၊      CRPH  သည် လည်းကောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်း သားပြည်သူလူထုကို  ကိုယ်စားပြုခြင်း မရှိပေ။ ၎င်းတို့ အနေဖြင့် အလွတ်သဘော ထင်မြင်ယူဆချက်များကို ကောက်ယူရရှိ ခဲ့သည်ဆိုလျှင်ပင် ယင်းမှာ ရခိုင်တိုင်းရင်းသားပြည်သူလူထု၏ မူဝါဒရေးရာအရ သဘောတူလိုလားမှုဟု  မဆိုနိုင်ပေ။ NLD၊ NUG နှင့် CRPH အနေဖြင့် ကိုယ်စားပြုမှု၏ အဓိပ္ပာယ်ကိုပင် နားမလည်ခြင်းကြောင့်ဖြစ်နိုင်သကဲ့သို့ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် အတွက် နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားနေခြင်းလည်း ဖြစ်နိုင်သည်ကို အဆိုပါ စာတမ်းက ဖော်ပြနေသည်။ ယင်းမှာ အံ့အားသင့်ဖွယ်မရှိပေ။

သံသယဖြစ်ဖွယ်ရှိ
NLD၊ NUG နှင့် CRPH ၏ မူဝါဒ၊ ဆုံးဖြတ်ချက်များသည် ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်စရာဖြစ်နေ သကဲ့သို့ ကျိုးကြောင်းပေါင်းစည်းညီညွတ် မှုနှင့်  ရှေ့နောက်ညီညွတ်မှုတို့နှင့် စပ်လျဉ်း၍လည်း သံသယဖြစ်ဖွယ်ရှိ သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က နိုင်ငံတော်အပေါ် သစ္စာဖောက် သွားခဲ့သော ကျော်မိုးထွန်းက ၎င်းသည် “ရွေးချယ်တင်မြှောက်ခံထားပြီး တရား ဝင်သည့်” NLD အစိုးရကိုသာ ကိုယ်စား ပြုသည်ဟု ထိုနေ့က ပြောကြားခဲ့သည်။ ၎င်း၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်းသော သဘောထားသည် အခြေခံအားဖြင့် မှားယွင်းလျက်ရှိသည်။ အမြဲတမ်း ကိုယ်စားလှယ်များနှင့် အခြားသံတမန်ရေးအရ ကိုယ်စားပြုသူများ၏ အဓိက တာဝန်မှာ အစိုးရတစ်ရပ်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ နိုင်ငံကိုသာ ကိုယ်စား ပြုရန်ဖြစ်သည်။ အစိုးရဟူသည်မှာ နိုင်ငံတော်၏ အစိတ်အပိုင်း ၄ ခုအနက် တစ်ခုမျှသာ ဖြစ်သည်။ NLD နှင့် ၎င်း၏ အသုံးတော်ခံ အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့အား ကိုယ်စားပြုမှု အဆင့်အတန်း သတ်မှတ်၍   မရချေ။ ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံကို မဆိုထား နှင့်၊ အစိုးရ တစ်ရပ်ကိုပင် ကိုယ်စားပြုခြင်း မရှိသူများဖြစ်သည်။ ထို့ပြင် CRPH နှင့် NUG တို့သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသော တရားမဝင်  အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။ ထို့ကြောင့် NLD ၊  CRPH နှင့် NUG တို့တွင် ဆုံးဖြတ်ချက် ချမှတ်နိုင်/ မူဝါဒ ရေးဆွဲနိုင်သည့် အခွင့်အာဏာလည်း မရှိပေ။ ၎င်းတို့တွင် အွန်လိုင်း မျက်နှာစာမှလွဲလျှင် လုပ်ပိုင်ခွင့်အာဏာရော၊ အကောင်အထည်ဖော်ပေးမည့် အင်စတီ ကျူးရှင်းနှင့် ယန္တရားများလည်း မရှိပေ။ 

အသိအမှတ်မပြု
ကျော်မိုးထွန်းသည် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲနိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၇ ရက် နံနက်ပိုင်းမှ အစပြု၍ ထုတ်ပယ်ခံခဲ့ရသည်။ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ၌  ကျော်မိုးထွန်း၏ ကိုယ်စားပြုမှုကို     အသိအမှတ်မပြု ကြောင်း ကြိမ်ဖန်တလဲလဲ ထုတ်ဖော် ပြောကြားထားပြီး ဖြစ်သည်။  သို့ရာတွင် ကုလသမဂ္ဂ၌ မြန်မာကိုယ်စားပြုမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများ၌ သတင်းမှားများ၊ တစ်ဖက်သတ် သုံးသပ် ချက်များကို ရှုထောင့်မျိုးစုံမှ  ဖော်ပြ လျက်ရှိသည်ကို  တွေ့ရှိရသည်။ အချို့ သတင်းအေဂျင်စီများအနေဖြင့်  ယခင် အမြဲတမ်းကိုယ်စားလှယ် ကျော်မိုးထွန်း ကုလသမဂ္ဂ အစည်းအဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ဆက်လက် တက်ရောက်ခွင့် ရရှိနေပြီး ထိုသို့ ဆက်လက် တက်ရောက်ခွင့်ရရှိခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်ပွဲပင်ဖြစ်ကြောင်း လွဲမှားစွာ ဖော်ပြခဲ့ကြသည်။ အဆိုပါ ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်နှင့် များစွာ ကွဲလွဲလျက်ရှိသည်။  NUG ကို ကိုယ်စားပြုသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည့်အတွက် ၎င်းသည် အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း ၂၈ အရ အထွေထွေ ညီလာခံဖွင့်ပွဲနေ့တွင် အဖွဲ့ဝင်  ၉ ဦးပါ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Cre- dentials Committee) ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ကော်မတီသည် ယင်း၏ ဝန်ထမ်းများကို ခန့်အပ်၍ ကိုယ်စားလှယ်အဖွဲ့များ၏ ခန့်အပ်လွှာ (Creden-tials) များကို စိစစ်ကာ အထွေထွေ ညီလာခံသို့ အစီရင်ခံတင်ပြရမည် ဖြစ်သည်။  
ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) တွင် သက်ဆိုင်ရာနိုင်ငံများ ၏ ကိုယ်စားပြုတက်ရောက်မှုအတွက် အငြင်းပွားမှုများရှိခဲ့ပါက  ခန့်အပ်လွှာ စိစစ်ရေးကော်မတီက အထွေထွေ ညီလာခံသို့  အစီရင်ခံစာတင်ပြပြီး ဆုံးဖြတ်ချက်မချမီ ကာလအတွင်း လက်ရှိကိုယ်စားလှယ်သည် ယာယီအားဖြင့်  ဆက်လက်တက်ရောက်ခွင့် ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ ရာထူးမှ ထုတ်ပယ်ထားခြင်း ခံရသည့် ယခင် အမြဲတမ်းကိုယ်စားလှယ် ကျော်မိုးထွန်း ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေ ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ကော်မတီအစည်း အဝေးများ  တက်ရောက်ခွင့်ရနေခြင်းသည် ကုလသမဂ္ဂ၏ အထွေထွေစည်းမျဉ်း ၂၉ (Rule 29) အရသာ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ရသည်။ ထို့အပြင် နိုင်ငံတော်အစိုးရကို ကိုယ်စားပြု တက်ရောက်ခြင်းမဟုတ်ကြောင်း အခိုင်အမာဖော်ပြလိုသည်။ 
အဆင့်အတန်းလည်းမရှိ
ကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ သံတမန်နိုင်ငံကူး လက်မှတ်အား ကိုင်ဆောင်သူ  မဟုတ်တော့သကဲ့သို့ သံတမန်တစ်ဦး၏ အဆင့်အတန်းလည်း မရှိတော့သူ     သို့မဟုတ်    မည်သည့် ကိုယ်စားပြု သက်သေခံအထောက်အထားမျှ မရှိတော့သူ ဖြစ်သည်။ ၎င်း၏  အမေရိကန်၌    နေထိုင်ခွင့် သက်တမ်းကုန်ဆုံးပါက ၎င်းတွင် အကျုံးဝင်သည့် နိုင်ငံကူးလက်မှတ်လည်း ရှိတော့မည်မဟုတ်ပေ။ မြန်မာနိုင်ငံ၏ တရားဥပဒေအရ အကျုံးဝင်သည့် သက်သေအထောက်အထားပြ  စာရွက်စာတမ်းနှင့် ယင်းစာရွက်စာတမ်းပေါ်တွင် အကျုံးဝင်သည့် ဗီဇာမရှိပါက ၎င်းသည် အမေရိကန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံမှုပြုနေသူတစ်ဦးမျှသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ ၎င်း၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်ရန်ပင် မလိုအပ်ချေ။ ထို့အပြင် ၎င်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ တရားစွဲဆိုထား ခြင်းခံရသော၊ အလိုရှိသော တရားခံပြေး တစ်ဦးသာလျှင် ဖြစ်ပေသည်။ 
မြန်မာပြည်သူလူထုသည် ၎င်းတို့၏ မျှော်မှန်းချက်များ  အကောင်အထည် ပေါ်လာနိုင်ရေးအတွက် NLD ပါတီထံတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ NLD သည် ၎င်း၏ ၂၀၁၆  ခုနှစ်မှ  ၂၀၂၁  ခုနှစ် သက်တမ်းအတွင်း  ဒီမိုကရေစီနှင့် သွေဖည်သောလုပ်ရပ်များကို ဆောင်ရွက် ခဲ့ပြီး ထောက်ခံသူများအပေါ် တာဝန် မကျေ  ဖြစ်ခဲ့သည်။ လွှတ်တော်တွင်း အများစုမှ အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို အကောင်းဆုံး အသုံးချရမည့်အစား နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ သို့မဟုတ် အမျိုးသားအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် ဆန့်ကျင်သော ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ အတားအဆီး အခက်အခဲအဖြစ် ပြောင်းလဲပျက်စီးစေခဲ့သည်။ ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲ၏ မသမာ မှုများ  ထွက်ပေါ်လာသည့်နောက်တွင်လည်း ၎င်း၏ နိုင်ငံရေးလုပ်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများအတွက် ပြည်သူကို ဓားစာခံဖြစ်စေပြီး တရားဥပဒေစိုးမိုးမှုကို နှောင့်ယှက် ဖျက်ဆီးမှုပြုကာ နိုင်ငံတော်၊ လူ့အဖွဲ့အစည်းနှင့် ၎င်း၏ အစွန်းရောက် ထောက်ခံသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။ NLD သည် ၎င်းအပေါ် အများစု၏ ထောက်ခံမှုကိုလည်း တလွဲမျှော်လင့် ချက်အဖြစ်သို့ အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ NLD သည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်အတွင်းသို့ ခေါ်ဆောင်နေ ခြင်း   မဟုတ်ဘဲ    ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေခြင်းဖြစ်သည်။
တစ်ပါတီ၊ လူတစ်စုတစ်ဖွဲ့၏ အာဏာရရှိရေး အကျိုးစီးပွားအတွက် မျိုးဆက်သစ်လူငယ်များအား သေတွင်းသို့ ပို့ဆောင်ခဲ့ပြီး  အပြစ်မဲ့ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ကာ စာသင်ကျောင်း၊ ဆေးရုံ စသည့် ပြည်သူ့ဝန်ဆောင်မှု နေရာများကို တိုက်ခိုက် မီးရှို့ဖျက်ဆီးနေသည်မှာ ဒီမိုကရေစီအရေခြုံ၍  မင်းမဲ့စရိုက်ကို ထူထောင်ကာ အစီအစဉ် ရှိရှိ နိုင်ငံကို  ဖျက်ဆီးနေသည့် လုပ်ရပ်များသာ ဖြစ်ကြောင်း ဖော်ထုတ်သုံးသပ်ရပါသတည်း။      ။

လေ့လာသူတစ်ဦး