အသုံးတည့်ခြင်း၊ မတည့်ခြင်း
လက်ပ်တော့ပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းပဲဖြစ်ဖြစ်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် မော်ဒယ်လ်သစ် တစ်ခုပေါ် လာတိုင်း အရအမိဖမ်းဝယ်သူတွေရှိကြတယ်။ မော်ဒယ်လ်သစ်တွေမှာ အားသာချက်တွေ ကတော့ အများကြီးပါလာမှာပေါ့။ ဖုန်းဆိုရင် ကင်မရာပိုကောင်းလာတာ၊ မျက်နှာ ပြင်ပိုကြီးလာတာ၊ ဘက်ထရီပိုကောင်းလာတာ၊ ရုပ်ထွက်ပိုကြည်လင်တာ၊ အသံစနစ်တွေ ပိုကောင်းလာတာ၊ လုပ်ဆောင်ချက် တွေသွက်လာတာ စသည်အားဖြင့် ပိုကောင်း၊ ပိုမြင့်လာတာတွေရှိမှာပေါ့။ မော်ဒယ်လ် ပိုမြင့်လာသလို ဈေးကလည်း သိသိသာသာ မြင့်လာတာပါပဲ။
တကယ်အသုံးတည့်ရဲ့လား
မော်ဒယ်လ်မြင့်ဖုန်းတွေ၊ မော်ဒယ်လ်မြင့်ဖုန်းတွေကို အသစ်ထွက်တိုင်း ဝယ်နိုင်လို့ဝယ် လိုက်ပေမယ့် ကိုယ့်အတွက် တကယ်အသုံးတည့်တာဟုတ်ရဲ့လားဆိုတာကိုလည်း ပြန်စဉ်းစား စရာကောင်းပါတယ်။ ကိုယ်သုံးမှာက စာစီစာရိုက်အတွက် Microsoft Word သုံးမယ်၊ Excel သုံးမယ်၊ PowerPoint သုံးမယ်၊ ဒီလောက်ပဲ။ ကိုင်ထားတာက Programmer တွေ၊ Gamer တွေ၊ Graphic Designer တွေနဲ့ ပိုသင့်တော်တဲ့ စက်မျိုး။ မော်ဒယ်မြင့် စက်ကိုကိုင်ရတော့ ပိုသွက်လာတာတို့၊ ရုပ်ထွက်ပိုကြည်လာတာတို့ဆိုတဲ့ ပိုကောင်းတဲ့အချက်တွေရှိလာတာတော့ မှန်တယ်။ ဒါပေမဲ့ ပိုပေးလိုက်ရတဲ့တန်ဖိုးက မနည်းတာကိုလည်း သတိပြုရမှာပါ။ တစ်ချို့ဟာတွေက မျောက်အုန်းသီးရဆိုသလိုပါပဲ၊ လက်ထဲရောက်နေတာကို ဘယ်လို အသုံးချရမှန်းမသိဖြစ်လာတယ်။ ကြာလာတော့ “ဈေးကြီးကြီးသာပေးထားရ၊ သိပ်မထူး ပေါင်ကွယ်” ဆိုတာမျိုးဖြစ်ရော။ တကယ်တော့ စက်ပစ္စည်းက ပိုမကောင်း တာမဟုတ် ဘူး၊ သူကောင်းလာတဲ့ function တွေကို ကိုယ်ကအသုံးမချနိုင်တာ၊ ကိုယ့်အတွက် အသုံးမတည့်တာ။
ကိုယ်အသုံးမချနိုင်တာ၊ ကိုယ့်အတွက်အသုံးမတည့်တာနဲ့ပဲ၊ ဘာတွေပိုကောင်းတယ်ဆိုတာ ရေရေရာရာ မသိတာနဲ့ပဲ “သိပ်မထူးပေါင်ကွယ်”ဖြစ်ကရော။ ပစ္စည်းပစ္စယမှ မဟုတ်ပါဘူး။ လူအချင်းချင်း မှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ တစ်ဘက်လူရဲ့အရည်အချင်းကို ကိုယ်မသိဘူး။ သူ့အရည်အချင်း ကလည်း ကိုယ့်ကို တိုက်ရိုက်အကျိုးမပြုဘူး။ ဒါနဲ့ပဲ “သိပ်မထူးပါဘူး”ဖြစ်ကရော။
သူ့တန်ဖိုးနဲ့သူ
တကယ်တော့ စက်ပစ္စည်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် သူ့တန်ဖိုးနဲ့သူ၊ သူ့အသုံးဝင်မှုနဲ့သူတော့ ရှိကြတာပါပဲ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်သွားတဲ့အခါ အသုံးတည့်တယ်ပေါ့။ မကိုက်တဲ့အခါ ကျတော့ အသုံးမတည့်ဘူးပေါ့။ ကိုယ့်အတွက်အသုံးအတည့်တာနဲ့ပဲ တစ်ဘက်လူကို အသုံးမဝင် ဘူးလို့ မပြောသင့် ပါဘူး။ တစ်ခုခု လွဲချော်နေ သလားဆိုတာကိုသာ ပြန်ကြည့်ရမှာပါ။ တစ်ဘက် ကပြန်ကြည့်ရင်လည်း မြင်မြင်သမျှ သက်ရှိ၊ သက်မဲ့တွေကို ကိုယ့်အတွက်ဘယ်လို အသုံးချနိုင် မလဲဆိုတာကိုသာကြည့်ပြီး အသုံးတည့်ရင်တန်ဖိုးရှိတယ်၊ အသုံးမတည့်ရင်တန်ဖိုး မရှိဘူးလို့ ပြောတာမျိုးကတော့ အတ္တကြီးလွန်းရာ ကျပါတယ်။ သူ့ရဲ့မူလပကတိတန်ဖိုးကို မြင်နိုင် ကြည့်နိုင်ရမှာပါ။
လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ့်အတွက်အသုံးတည့်ခြင်း၊ မတည့်ခြင်းအပေါ်မူတည်ပြီး အလေး ထားခြင်း၊ မထားခြင်းတွေခွဲလာကြတယ်။ “ဒီလူကို ငါသုံးလို့ရတယ်၊ သေချာ ဂရုစိုက်ဦးမှ။ ဒီလူကတော့ ငါ့အတွက်သိပ်အသုံးမတည့်ဘူး၊ သိပ်အလေးထားနေလို့မဖြစ်ဘူး”ဆိုတာမျိုးတွေ။ အပေးအယူသဘောကို ရှေ့တန်းတင်သူတွေ များလာတယ်။ အရောင်း အဝယ်သဘောဆန်လာကြတယ်။ အသုံးတည့် သလား၊ လာထား။ အသုံးမတည့်ဘူးလား၊ သွား။ ဒီလိုသဘောထားမျိုးက လူမှုပတ်ဝန်းကျင်မှာ အပေါင်း လက္ခဏာဆောင်တဲ့သဘောထား မဟုတ်ပေမယ့် ဒီသဘောထားရှိသူတွေကို ရှောင်ကွင်းနေဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုသဘောထားရှိနေလို့ဆိုပြီး အပြစ်ဆိုနေလို့လည်း အကျိုးမထူးနိုင်ပါဘူး။
ရှင်သန်ရပ်တည်နိုင်ဖို့
လူမှုဆက်ဆံရေးနယ်ပယ်မှာ အရောင်းအဝယ်သဘော၊ အပေးအယူသဘောတွေကိုချည်း ဦးစားပေးသူ တွေနဲ့ဖြစ်ဖြစ်၊ တစ်ခြားသူတွေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေအောင်နေရမှာပါပဲ။ ကိုယ်သဘောကျတဲ့ ပတ်ဝန်းကျင်ကောင်းမှာရောက်နေရင် ဒါမှမဟုတ် ကိုယ်သဘောမကျပေမဲ့ ဒီပတ်ဝန်းကျင်ကို မစွန့်ခွာ နိုင်သေးဘူးရင်တော့ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားရမှာပါပဲ။ ဒီပတ်ဝန်းကျင်မှာ ကိုယ်က အသုံးတည့်သူ တစ်ယောက်အဖြစ် ရပ်တည်လိုသလား၊ ဒါဆိုရင် အသုံးတည့်သူတစ်ယောက်ဖြစ်အောင် ကြိုးစား ရမှာပါပဲ။
ကိုယ်က သုံးမယ့်ဘက်ကလား၊ အသုံးချခံမယ့်ဘက်ကလား။ အသုံးချခံဆိုတဲ့စကားလုံးက နည်းနည်းတော့ အကောက်အယူလွဲစေနိုင်ပါတယ်။ တကယ်တော့ သုံးပေးမယ့် သူရှိရင် အသုံးခံမယ့်သူ လည်း ရှိရမှာပေါ့။ “ကျွန်တော်များ အသုံးတော်ခံ တင်ဆက်လို့ပေးမှာကတော့”ဆိုတဲ့စကားလုံးရှိသလို “ဒီကလေးကို လူသိပ်မသုံးပါ ဘူးကွာ”ဆိုတာမျိုးလည်း ပြောကြပါ တယ်။ သူ့ကိုမသုံးဘူးဆိုတဲ့စကားမှာ ရည်ညွှန်းခံရသူက အပယ်ခံသဘော ဒါမှမဟုတ် ဆိုင်ရာအရည်အချင်း နိမ့်ပါးနေတဲ့သဘောကို ဆိုလိုပါတယ်။
အသုံးတည့်ကြောင်း ကြော်ငြာ
ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေက ကိုယ့်ပစ္စည်းကိုလူတွေသုံးဖို့အတွက် ဒီပစ္စည်းရဲ့ ကောင်းချက်၊ အားသာချက်တွေကိုကြော်ငြာပေးကြတယ်။ ဝန်ဆောင်မှုပေး တဲ့သူတွေလည်း ဒီလိုပါပဲ၊ ကိုယ့်ဝန်ဆောင်မှုကို လူများများသုံးလာဖို့ ကြော်ငြာပေးကြတယ်။ ဒီလိုပါပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ကြော်ငြာနေကြရတယ်။
အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍအတွက်ကြော်ငြာတွေမှာကြည့်လိုက်ရင် သိသာပါတယ်။ ဟိုအရင်ကတော့ အလုပ်ပေးချင်တဲ့အဖွဲ့အစည်းကပဲ ကြော်ငြာခေါ်ယူကြရတာ၊ ဘယ်အလုပ်၊ ဘယ်ရာထူးအတွက် ဘာအရည်အချင်းတွေပြည့်စုံတဲ့သူတွေ အဆိုပြုလျှောက်ထား နိုင်ပ်တယ် ပေါ့။ နောက်ပိုင်းမှာတော့ အလုပ်လိုချင်တဲ့သူကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်ကြော်ငြာ တဲ့ပုံစံတွေ ရှိလာကြတယ်။ ကိုယ့်မှာ ဘာအရည်အချင်းတွေရှိထားပါတယ်၊ ဘယ်ဘိုအလုပ်မျိုး ရချင်တယ်ဆိုတာမျိုး ပေါ့။ သူ့ကိုသုံးချင်တဲ့ ကုမ္ပဏီတွေက သူ့ကိုဆက်သွယ်ပေတော့ပေါ့။
ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက အလုပ်အကိုင်အခွင့်အလမ်းအတွက် ကြော်ငြာခေါ်လို့ လျှောက်လွှာ တင်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ကြော်ငြာရပြန်တာပါပဲ။ ဘာဘွဲ့တွေရ ထားပါတယ်၊ ဘယ်သင်တန်းတွေတက်ထားပါတယ်၊ ဘာတွေလည်းလုပ်တတ်ပါတယ်ဆိုပြီး အလုပ်ခန့်မယ့်သူ သဘောကျသွားအောင် စာရွက်စာတမ်း အထောက်အထားတွေနဲ့ ကြော်ငြာရ တာ။ တစ်ဆင့်တက်ပြီး အင်တာဗျူးအဆင့်ကိုရောက်ပြန်ပြီဆိုရင်လည်း မျက်နှာချင်း ဆိုင်တွေ့ပြီး ကိုယ့်ကိုယ်ကိုယ်ကြော်ငြာရ သေးတာပါပဲ။ ဒီအလုပ်မှာ ကိုယ်ကအသုံး တည့်မယ့်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပေါ့။
အလုပ်ရဖို့ကြိုးစားနေတုန်းမှာသာ ကြော်ငြာရတာမဟုတ်သေးပါဘူး။ လုပ်ငန်းခွင်ကို ရောက်ပြီးတဲ့ နောက်မှာလည်း ကြော်ငြာနေရသေးတာပါပဲ။ သူ့အလုပ်မှာ အသုံးမတည့်ဘူး ထင်ရင် အလုပ်ရှင်က အလုပ်ဖြုတ် ပစ်လိုက်မှာစိုးရသေးတာကိုး။ အလုပ်ဆက်လုပ် နေကြတဲ့သူချင်းအတူတူ ကိုယ်က ပိုအသုံးတည့်ကြောင်း ဆက်ပြီးကြော်ငြာနေရသေးတယ် ဆိုပါတော့။
အသုံးတော်ခံမယ့်သူက သုံးတဲ့သူမျက်စိကျအောင် ကြော်ငြာနေရတာ။ သုံးတဲ့သူဘက်က လိုအပ်တဲ့အရည်အချင်းတွေ ကိုယ့်မှာမရှိသေးဘူးဆိုရင်လည်း ရှိအောင်ကြိုးစားရသေးတာ။ ဘာသင်တန်းတက်ထားသူဖြစ်ရမယ်ဆိုပြန်တော့ တက်လိုက်ရသေးတာ။
အံမဝင်တဲ့နေရာ
အချိန်အခါ၊ နေရာဒေသအပေါ်မူတည်ပြီး ကိုယ့်ရဲ့အသုံးတည့်ခြင်း၊ မတည့်ခြင်းအနေအထားက ကွာနိုင်သေးတာကို သတိပြုရမှာပါ။ အထိုင်လွဲနေပြီလား၊ နေရာမှားနေပြီလား၊ ကိုယ်နဲ့ အံမဝင်တဲ့ နေရာတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်သုံးဖို့ကြိုးစားနေမိပြီလားဆိုတာကို ပြန်သုံး သပ်ကြည့်ဖို့ လိုပါတယ်။ အချိန်အခါ၊ နေရာဒေသအပေါ်မူတည်ပြီး ကိုယ့်တန်ဖိုး ကွာသွားနိုင်တာကို သတိပြုရမှာပါ။ ခေါင်းမှာအမြတ်တနိုး ယုယထားတဲ့ဆံပင်တွေထဲက ဆံခြည်လေးတစ်မျှင် ဟင်းခွက်ထဲရောက်လာတော့ ရွံစရာဖြစ်သွားတယ်။ တစ်ခါတစ်လေများ နေရာ အကြီးအကျယ်လွဲတာမဟုတ်ဘဲနဲ့ အချိန်လေးနည်းနည်း လွဲသွားတာနဲ့ တန်ဖိုးတွေကွာ သွားတတ်တာမျိုး။ ဥပမာအားဖြင့် ထမင်းစားတဲ့အခါ ဟင်းနဲ့ ရောစားရတာ ပါပဲ။ ဒါပေမဲ့ ကိုယ်သားမယ့်ထမင်းပွဲမှာ ဟင်းပန်းကန်ထဲ ထမင်းလုံးတွေကျနေတာတွေ့တော့ ရွံသတဲ့၊ ထမင်းပန်းကန်ထဲ ဟင်းတွေဖိတ်ကျနေတော့လည်း မစားချင်ပြန်ဘူး။ ဒီသဘော တရားကို ကျေညက်ဖို့လိုပါတယ်။ ထမင်းနဲ့ဟင်းက ထမင်းစားရာမှာ အသုံးတည့်ပေမယ့် အချိန်မကျခင် နေရာမှားပြီး ရောက်လာတော့ ထမင်းဝိုင်းလေးရဲ့ သန့်ရှင်းသပ်ရပ်မှုတန်ဖိုးလေး၊ စားချင်စ ဖွယ်ဖြစ်မှုလေး ပျက်သွားရော။ဘဒါတွေက အသုံးတော်ခံသူတွေအတွက် ဖွင့်ဆိုတင်ပြချက်တွေ။
လိုလားချက်နဲ့ ကိုက်ညီရဲ့လား
ကိုယ်က အသုံးတော်ခံမယ့်သူမဟုတ်ဘဲ အသုံးပြုမယ့်သူဆိုရင်လည်း အကဲခတ်မလွဲဖို့လိုမှာပါ။ ကိုယ်သုံးလိုတဲ့ သက်ရှိ၊ သက်မဲ့ဟာ ကိုယ့်လိုလားချက်နဲ့ကိုက်ညီရဲ့လား ဒါမှမဟုတ် သူ့အရည် အချင်းတွေ၊ တန်ဖိုးတွေကို ကိုယ်သိရဲ့လား၊ အသုံးချနိုင်ရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန် မေးရမှာပါ။ နွားလေး တစ်ရှဉ်း သဘောကျလို့ဝယ်လာတယ်၊ လယ်ယာလုပ်ငန်းခွင်မှာ သုံးရုံပေါ့။ မြင်းလေးတစ်စီးကျတော့ ဝယ်ရတာလွယ်ပေမယ့် သူ့ကိုသုံးဖို့ဆိုရင်တော့ ကိုယ့်မှာ မြင်းစီးအတတ် ပညာလိုလာပြီ။ ကားလေးတစ်စီး မောင်းကြည့်ဖို့က သင်ရတာသိပ်မခက်ပေမယ့် လေယာဉ်ပျံကျတော့ ခက်သွားပြီ။ ကိုယ်လေယာဉ် မမောင်းတတ်လို့ လေယာဉ်က ကိုယ့်အတွက် အသုံးမတည့်ဘဲဖြစ်နေတာလား၊ လေယာဉ်ကိုယ်၌က ညံ့နေတာလားဆိုတာကို ခွဲခြားနိုင်ဖို့လိုပါတယ်။ အသုံးမတည့်တာလား၊ ကိုယ်ကအသုံးမချတတ်တာလား ဆိုတာကို ခွဲခြားနိုင်ဖို့လိုပါတယ်။
သစ်ပင်ကြီးတစ်ပင်ကို လူတွေကမြင်တယ်။ ပန်းပုဆရာကမြင်တော့ ပန်းပုထုလိုက်ရရင် ကောင်းမှာပဲလို့တွေးတယ်။ ခုံဖိနပ်လုပ်တဲ့သူကျတော့လည်း ဒီအပင်ကြီးလှဲပြီး ခုံဖိနပ်တွေခုတ် လိုက်ရရင် အရံတွေတော်တော်များများရမှာပဲလို့ တွေးနေတယ်။ အုတ်ဖုတ်တဲ့သူကမြင်ပြန်တော့ ဒီအပင်ပြီးသာလှဲလိုက်ရင် အုတ်ထင်းတွေလှည်းဘယ်နှစီးတိုက်လောက် ထွက်လာမယ် ဆိုတာမျိုး တွေးနေတာ။ အသုံးပြုမယ့်သူအပေါ်မူတည်ပြီး အသုံးတည့်မတည့်ဆိုတာနဲ့ အသုံးခံ တန်ဖိုးက ကွာသွားတတ်သေးတာပါ။
ကျွန်းပင်ကြီးတစ်ပင်၊ ပရိဘောဂလား၊ ပန်းပုလား၊ ကျွန်းမီးသွေးလား၊ သဘာဝပတ်ဝန်းကျင် အတွက် ဒီအတိုင်း ထိန်းသိမ်းထားမလား။
အသုံးတည့်ခြင်း၊ မတည့်ခြင်းဆိုတာတွေနဲ့ပတ်သက်လို့ စဉ်းစားစရာလေးတွေပါခင်ဗျာ။
သိုက်စိုးထွန်း(နတ်ရွာ)