မေတ္တာလည်းခြုံ မေတ္တာလည်းပို့
ဒေါက်တာမောင်ကျော် ၊ ပါမေက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှအဆက်)
ITသာလျှင် သူတို့ကမ္ဘာလို့ထင်ကာမြင်ကာဖြစ် တော့ သူတို့အလုပ်ခွင်ဝင်ကြတဲ့အခါ သူတို့ရဲ့ ဆက်သွယ် ပြော ဆိုမှုအရည်အသွေးတွေဟာအံမဝင် ခွင်မကျဖြစ်တာ တွေ့ရတတ်ပါတယ်။ တစ်ဖက်က ကြည့်ပြန် ရင်လည်း ဒီနေ့ကမ္ဘာကြီးမှာ အနိဋ္ဌာရုံ တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ပွဲ တွေ၊ လူရမ်းကား ဇာတ်လမ်းတွေ မြင်တွေ့နေကြ ပြန်တော့ လူငယ်တွေရဲ့ အနာဂတ်ဟာ မရေမရာ မလုံခြုံတဲ့ အခြေအနေကို သူတို့မြင်ကြတော့ သူတို့ ကို အပြစ်မဆိုသာဘူး။
လေကဲ့သို့ပဲ သူပါမှ အသက်ရှင်
ကမ္ဘာအရပ်ရပ် အင်အားပြိုင်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး အဂတိလိုက်စားမှုတွေ ရာသီဥတု ဖောက်ပြန်မှု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ စီးပွား ရေးအနုတ်လက္ခဏာသတင်းတွေဟာ လူငယ် လူရွယ်တွေကို ပို၍ချောက်ချားစေပါတယ်။ သူတို့ ဟာ အဘယ်သို့သောကမ္ဘာကြီးထဲရေရောက်နေပါလိမ့် လို့တောင် တွေးတောပူပန်တတ်ကြပါတယ်။ အဘယ်သို့သောကမ္ဘာကြီးထဲသို့ ရောက်လာပါ သလဲဆိုပြီး တွေးတော မေးမြန်း စူးစမ်းလာကြတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် မိသားစုတန်ဖိုး အလေးထားသူ မိဘမောင်ဖား ဆွေမျိုးတွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားနိုင်တဲ့ သားသမီး မြေးမြစ်တွေဖြစ်ဖို့ ယဉ်ကျေးသိမ်မွေ့ ဖွယ်ရာတို့ကို သွန်သင်လမ်းပြကြခြင်းဖြင့် လူကြီးဘ၀ရောက်လို့ ကြီးပြင်းလာကြမယ့်အခါ လုံခြုံမှုရှိတဲ့ ဘဝ။ ယုံကြည်မှုရှိတဲ့ဘဝကိုရကြမယ်၊ လန်းဆန်းရှင်သန် တဲ့ဘဝကို ရကြမှာဖြစ်ပါတယ်။ အနှစ်ချုပ် ကတော့ မေတ္တာတရားပဲ။ မေတ္တာခြုံရင်လုံခြုံတယ်၊ မေတ္တာ တရားလက်ကိုင်ထား၊ မေတ္တာကိုရယူ၊ ပေးကမ်း ခြင်း မျှဝေခြင်းသည်သာ အခရာ။ လေကဲ့သို့ပဲ သူပါမှ အသက်ရှင်ပါမယ်။
ကျွန်တော်တို့တစ်တွေဟာ ၂၁ ရ၁စုမှာပင် သိပ္ပံပညာဆိုတာ ဘာလဲဆိုတာကို ကောင်း ကောင်း နားမလည်ခြင်းပဲဖြစ်တယ်လို့ ပြောကြ ပါတယ်။ လူထုအတွင်း ကိစ္စကြီးငယ်ဆောင်ရွက် ဖွယ်တို့ကို ဆောင်ရွက်ကြရာမှာဖြစ်ဖြစ်၊ အစည်း အဝေးပွဲတွေမှာ ဆွေးနွေးတင်ပြကြား နာကြရာမှာ ဖြစ်ဖြစ် သိပ္ပံပညာရဲ့ ပင်ကိုလက္ခဏာကို ကောင်း ကောင်း နားမလည်သေး သူတွေရှိတယ်ဆိုတာ အထင်အရှား တွေ့ရပါတယ်။
သိပ္ပံဆိုတာ သိပ္ပံပညာရှင်တို့ လုပ်တဲ့အလုပ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ သာမန်အဖြေတစ်ခုပဲ။ ဇဝေဇဝါ မတိမကျနဲ့ စိတ်ကူးပေါ်ရာအတစ်ခုပဲ ဖြစ်ပါတယ်။ သိပ္ပံပညာကို သင်ဖူးသူတွေဟာ သိပ္ပံ အသိဉာဏ်ရှိသူတွေဖြစ်ပေါ်နိုင်ပါတယ်။ သိပ္ပံပညာကို သင်ဖူးကြပေမယ့် သိပ္ပံအသိ ပြည့်ပြည့်၀၀ ပါမလာသူတွေလည်းရှိနိုင်ပါတယ်။ မည်သို့ဆိုစေ သိပ္ပံပညာဆို တာဘာလဲဆိုတာလူအများစုတီးခေါက် မိဖို့လိုပါတယ်။ ဥပမာ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် တာကိုသိတယ်။ ခြေတစ်လှမ်း ပုဆိန်တစ်လွှဲဆိုတဲ့ ခြေတစ်လှမ်းရဲ့ အားကို မှန်းဆနိုင်တာမျိုး။
ကျွန်တော်တို့တစ်တွေသိပ္ပံဓာတ်ခွဲခန်းတစ်ခုကို စိတ်ကူးနဲ့ စဉ်းစားကြည့်တဲ့အခါ ထိန်လင်းနေတဲ့ အခန်းကြီးထဲမှာ အဖြူရောင်ဆတ်ခွဲခန်းဝတ်ရုံကို ဇတ်၊ စမ်းသပ်ဖန်ပြွန်ထဲက ရောင်စုံဖြစ်ပေါ်နေတာ တွေကိုကြည့်၊ မိုက်ခရိုစကုပ်ရှေ့မှာ ထိုင်ပြီးကြည့် လိုက်၊ တန်ဖိုးကြီးမားလှတဲ့ စက်ကိရိယာကြီးတွေ ရှေ့မှာထိုင်သဲကြီးမဲကြီး တိုင်းတာတွက်ချက် အလုပ် လုပ်နေတဲ့လူသားတစ်ယောက်လို့ မြင်လေ့ရှိပါ တယ်။ ဒါပေမယ့် အမြဲတမ်း ဒီလိုမဟုတ်ပါဘူး၊ ဒါဆို ရင် သိပ္ပံပညာရှင်တွေ ဘာလုပ်ကြတာလဲ၊ ဒီအဖြေရဖို့ သိပ္ပံပညာရှင်တွေရဲ့ ဘ၀၊ သူတို့ရဲ့ အလုပ်လုပ်ပုံ တွေးခေါ်ပုံတွေကို လေ့လာရပါလိမ့်မယ်။
စူးစမ်းဆောင်ရွက်လိုစိတ်ပြင်းပြ
သိပ္ပံဟာ အရာခပ်သိမ်းဆုံစည်းရာ အဆက် အစပ် အကျိုးအကြောင်းရှိတဲ့ကိစ္စတွေကို လေ့လာ တာဖြစ်ပါ တယ်။ သိပ္ပံပညာရှင်တွေဟာ သမားရိုးကျ အပေါ်ယံရှပ်ပြီး ရှင်းလင်းလေ့မရှိ၊ အဖြေတွေကို သံသယရှိကြ တယ်။ လွယ်လွယ်ကူကူယုံကြည်လေ့ မရှိကြတာကို တွေ့ရပါမယ်။ ဒီမှာတင် သာမန် လူတွေနဲ့ သိပ္ပံသဘောနားလည်သူတို့ ကွာခြားသွား ပါပြီ။ သူတို့ဟာ စူးစမ်းဆောင်ရွက်လိုစိတ် ပြင်းပြ ကြပါတယ်။ သူတို့ရဲ့ ဦးနှောက်ကိုသုံးကြပါတယ်။ စဉ်းစားလေ့ရှိတယ်။ အထောက်အထား အချက် အလက်တွေစု ဆောင်းပြီး ခွဲခြမ်းစိတ်ဖြာလေ့ရှိပါ တယ်။ ဘက်ပေါင်းစုံရှုထောင့်စုံက ဂရုတစိုက် စိစစ် လေ့ရှိပါတယ်။
ရှည်လျားထွေပြားတဲ့ ပြဿနာတွေကို ဖြေရှင်း ရာမှာ ရံဖန်ရံခါဆိုသလို သိပ္ပံပညာရှင်တွေဟာ အရေးပါ အခရာကျတဲ့ဇာစ်မြစ်ကိုမြင်တွေ့ကြသူတွေ ဖြစ်ပါတယ်။ အကိုက်အောင်၊ ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်လေ့ရှိတယ်။ သူတို့ရဲ့ စူးရှတဲ့အမြင် (Insight)၊ ဖြစ်နိုင်ခြေ (Hypothesis) ရှိတာတွေကို စမ်းသပ်စစ်ဆေးလေ့ရှိပါတယ်။ လက်တွေ့ကျကျအဆောက်အထားကို ဇွဲကြီးကြီးနဲ့ ရှာဖွေလေ့ရှိတယ်။ သူတို့ရဲ့ ခန့်မှန်းချက်တွေ အလုပ်မဖြစ်ကြောင်း တွေ့ရပါက အကျိုးအကြောင်း ဆီလျော်တဲ့ ခန့်မှန်းချက် တွေကို ထပ်မံစမ်းသပ်ဖို့ ကြိုးစားလေ့ရှိပါတယ်။ သူတို့ရဲ့ စိတ်ကူးအတွေး အခေါ်ကို တရားသေဆုပ် ကိုင်လေ့မရှိ။ စိတ်ကူး သစ်နဲ့ မှန်ကန်တဲ့အချက်အလက် အထောက် အသားတွေတွေ့ရှိပါကသူတို့ရဲ့ မူလအတွေးအခေါ် အယူအဆကိုပြောင်းလဲရန် ဝန်လေးလေ့မရှိ။ သူတို့ပွင့်လင်းလေ့ရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာ ပို၍ပို၍ တိကျမှန်ကန် ခိုင်လုံတဲ့ အထောက်အထား အချက်အလက်တွေနဲ့ မိမိဝန်းကျင်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအဖြစ် သနစ်တွေကို ပုံဖော်ပြီး ရှင်းလင်းပြတတ်ကြတယ်။ ဒါကြောင့် သိပ္ပံပညာဟာ ကြီးထွားလာခြင်းဖြစ် ပါတယ်။
လူငယ်တွေ သိပ္ပံပညာအမြင်ရှိမှ၊ ဘက်စုံ အရည်အချင်းတွေရှိမှ၊ ပညာအမြော်အမြင်ရှိမှ၊ အကျိုး အကြောင်း၊ အကောင်းအဆိုး၊ အမှန်အမှား ခွဲခြားတတ်မှ၊ ဆင်ခြင်တုံတရားရှိမှ သူတို့ရဲ့ အနာဂတ်ဟာရှင်သန်မယ်။ စိတ်ထားမြင့်မြတ် ထူးချွန်ထက်မြက်ပြီဆိုရင်တော့ သူတို့ရဲ့ အနာဂတ် ကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်ပါ လိမ့်မယ်။
ကျွန်တော်တို့ အတူတကွ လက်တွဲညီညာ စည်းစည်းလုံးလုံးဖွံ့ဖြိုးဖို့၊ အေးအတူပူအမျှ အတူတကွ လူ့လောကကိုဖြတ်သန်းကြတဲ့အခါ အငြိုးအတေး၊ ရန်ငြိုးကင်းဖို့၊ စစ်မက်ကင်းဖို့ ဘေးဒုက္ခတွေနဲ့ မကြုံကြိုက်ဖို့ ကြိုတင်တွက်ဆ နိုင်တဲ့ အသိဉာဏ်ဟာ အလိုအပ်ဆုံးဖြစ်ပါတယ်။
ဤသို့မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ လောက ဝတ်တာဝန်တွေ ဆောင်ရွက်ရာမှာ
ကိုယ်ကျင့်တရားကောင်းခြင်း၊
အမှန်အတိုင်းသိခြင်း၊
ဇွဲလုံ့လရှိခြင်း၊
မှန်ကန်ခြင်း၊
ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း၊
သည်းခံခွင့်လွှတ်တတ်ခြင်း၊
မေတ္တာတရားပွားများနိုင်ခြင်း၊
ဥပေက္ခာပြုနိုင်ခြင်းတို့ကို ဦးထိပ်ထားလေ့ ရှိကြပါတယ်။
ဤသို့ မြင့်မြတ်သူတို့ဟာ လောကကို မိမိ အတွက်အသုံးမချဘဲ မိမိဘဝကိုသာ လောက အတွက် အသုံးချလေ့ရှိပါတယ်။ အတ္တနဲ့ပရမျှတတဲ့ တူရူများဆီသို့လျှောက်လှမ်း ကြသူတွေဖြစ်ပါတယ်။ ပရကောင်းစား တာကိုလည်း မြတ်နိုးတတ်မှ မြင့်မြတ်သူစာရင်းမှာ ပါဝင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့တစ်တွေရဲ့ ကောင်းခြင်းကြန်အင် လက္ခဏာတွေကို အများကသိပါစေ၊ မားမား မတ်မတ်ခန့်ခန့်ညားညားရပ်တည်ပါ။ တည်တည် ကြည်ကြည်ပြောဆိုပါ။ ထူးထူးခြားခြား ဖြစ်စရာ အကြောင်းတွေရှိတယ်။ ကျွန်တော်တို့ ကျွမ်းကျင် အားသန်တဲ့အပေါ်မှာ ပို၍ကောင်းအောင်လုပ်ဖို့ လိုတယ်။ ပန်းတိုင်ရောက်ဖို့အတွက် အများနဲ့ ဆက် သွယ်ပြီး အလုပ်လုပ်ကြမှဖြစ်မယ်။ အသင်းအဖွဲ့ ချဉ်းကပ်နည်းကိုသုံးရမယ်။ အစုအဖွဲ့ထဲက တစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေ စိတ်ကူး စိတ်သန်းတွေကို အစည်းအဝေး ပွဲမှာယူလာ ကြရင် ကြိုဆိုရမယ်၊ အားပေးရမယ်။ မှားတာရှိရင် ဝိုင်းပြင်ကြရမယ်။ ဒီလိုစုစုစည်းစည်း တပေါင်း တစည်းတည်း လုပ်ခြင်းဟာ တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း တစ်သီးတ ခြားလုပ်ခြင်းထက် အောင်မြင်မှုကို ပိုပြီးရနိုင်တယ်ဆိုတာ အမြဲသတိ ချပ်ပါ။ အကောင်းဆုံးလုပ်ပါ၊ ဒါပေမဲ့ မမျှော်လင့် ပါနဲ့၊ ကျွန်တော်တို့ဘဝဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်းရတာပါ။ ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေဟာ ကိုယ်တိုင်ဖန်တီးခဲ့ တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်လိုက်ပါ။
ဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်း ကျိုးဆိုးပြစ်တွေဟာ ဒီနေ့လုပ်တဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတွေကြောင့်ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ။ ကိုယ်လုပ်တဲ့ အကောင်းအဆိုး အကြောင်း အကျိုးအားလုံးကို ကိုယ်တိုင်ခံစားရမှာ သေချာပါတယ်။
ကျွန်ုပ်တို့လူအများစုဟာ နာယကဂုဏ် (Leadership) ခြောက်ပါး ဖြစ်တဲ့-
သည်းခံခြင်း
ထကြွနိုးကြားခြင်း
လုံ့လရှိခြင်း
ဝေဖန်ပိုင်းခြားတတ်ခြင်း
ကရုဏာသနားကြင်နာတတ်ခြင်း
အမြော်အမြင်ကြီးခြင်းတို့နဲ့ နေထိုင်ကျင့်သုံး ကြရပေလိမ့်မယ်။
ကောင်းပါပြီ
ကျွန်တော်တို့တစ်တွေရဲ့ ရှေ့ခရီးဟာရှည်လျား ပါလိမ့်မယ်။
ကိုယ်ချင်းစာစိတ်တွေ မွေးမြူကြရလိမ့်မယ်။
ကောင်းခြင်းမင်္ဂလာအဖြာဖြာတွေကို မျှဝေ
ကြရလိမ့်မယ်။
ပူးပေါင်းဆောင်ရွက်တဲ့စိတ်၊ ကူညီရိုင်းပင်းတဲ့ စိတ်တွေကို ဆောင်ရပါမယ်။
ရင်ဆိုင်ထိပ်တိုက် အကြမ်းဖက်မှုတွေကို ရှောင်ရလိမ့်မယ်။
ကိုယ်တိုင်လည်းမေတ္တာတွေခြုံ၊ အရပ်ဆယ် မျက်နှာကိုလည်း မေတ္တာပို့ကြရလိမ့်မယ်။ သဟဇာတ မျှမျှတတ ဟန်ချက်ညီတဲ့ အလှ အပတွေ၊ အမှန်တရားနဲ့ သမာသမတ်ရှိမှု တွေကို မြတ်နိုးကြရမယ်၊ ထွန်းကားအောင် လည်းလုပ်ဖို့လိုလိမ့်မယ်။
မိမိကိုယ်ကို သိအောင်လုပ်၊မိတ်ဆွေ၊ ရန်သူ ခွဲခြားသိအောင်လုပ်ပါ။
အနုတ်လက္ခဏာ သဘောဆောင်သူတွေကိုရှောင်ပါ။
လုပ်ငန်းခွင်တာဝန်တွေ ကျေပြွန်အောင် လုပ်ပါ။
ကိုယ့်ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း ရပ်ရွာနယ်မြေအကြောင်း သိအောင်လုပ်ပါ။
သမိုင်းအကြောင်း နားလည်အောင် လေ့လာဆည်းပူးမှတ်သားပါ၊ လိုတဲ့အခါ သုံးပါ။
ဗြဟ္မစိုရ်တရားပွားများအောင်၊ စိတ်ကိုကြည်လင်အောင် ဘာဝနာပွားပါ။
စိတ်ရောကိုရော ချမ်းသာစေတာမို့ သံသယကင်းကင်းနဲ့ ယုံကြည်စွာ ကျင့်သုံးလိုက်ပါ။
ဒါတွေကို မမေ့မလျော့သိရှိပြုကျင့်၊ တိုးတက် ပွားများအောင် ဆောင်ကြဉ်းပေးခြင်းအားဖြင့် အေးချမ်း သာယာတဲ့လူမှုဘဝကို တည်ဆောက်နိုင် မှာဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါ တယ်။ ။