Skip to main content

မေတ္တာလည်းခြုံ မေတ္တာလည်းပို့

 

ယနေ့ကမ္ဘာ့ဒေသအချို့တွင် အကြမ်းဖက်မှု၊ စစ်မက်၊ စစ်ဘေးကြံမှုတွေဟာ ထိန်းရခက်အောင် ကျယ်ပြန့်နေပါတယ်။ ဒီလိုကာလမှာ ဒါတွေကို လျော့ပါးသွားအောင်မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဒီဒေသတွေဟာ ငရဲပြည်အလားဖြစ်ကာ ဒုက္ခပင်လယ်သွားပါလိမ့်မယ်။

 

လူ့အသိုင်းအဝိုင်းအတွင်း ပေါင်းသင်းဆက်ဆံကြရာတွင် လည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင်လည်းကောင်း မေတ္တာ၊ အကြင်နာ၊ ကရုဏာထားနိုင်ကြမယ်ဆိုရင် ဒေါသ၊ အမုန်းတရားနဲ့ အခဲမကျေလက်စား ချေလိုမှု၊ မတရားမှုတွေအပေါ် ခါးခါးသီးသီး ဒေါသထွက်တာ စတဲ့မလိုလားအပ်တဲ့ ရလဒ်တွေကို ရှောင်ခွာဖယ်ရှားနိုင်ပါလိမ့်မယ်။

 

ရှုလော့…စဉ်းစားလော့…သင်ယူလော့… အလုပ်လုပ်ကြလော့။

 

ကျွန်တော်တို့ကူညီနိုင်တာကတော့ မေတ္တာ၊ အကြင်နာ၊ ကရုဏာထားကြဖို့၊ ပွားကြဖို့ဖြစ်ပါတယ်။ အားလုံးအတွက်ကောင်းမွန်တာမို့ မေတ္တာ၊ ကရုဏာ၊ အကြင်နာတရား များများ ပွားဖို့ကိစ္စဟာ ရှေးယခင်ထက်ပို၍ လိုအပ်တာကို တွေ့ရပါတယ်ဆိုတဲ့ အချက်တွေနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။

 

မေတ္တာသည် ကိုယ်ကျိုးအတွက်မဟုတ်။ အများကောင်းကျိုးကိုရှေးရှုတဲ့အတွက် မေတ္တာ၊ ကရုဏာပါဝင်ပြီး လောကကိုကြည့်ရင် ချစ်စရာကိုသာ မြင်၏။ လောက၌ ချစ်စရာနဲ့ ကြင် နာစရာကို ချည်း မြင်ရလေသောအခါ မိမိကြင်နာရသော၊ ချစ်ရသောလောကအတွက် အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်လာကြ၏။ ငြိမ်းချမ်းမှု၊ တိုးတက်မှုတွေကို ရရှိလာကြ၏။

 

ကျွန်တော်တို့တစ်တွေဟာ သံသရာတစ်ကွေ့မှာ အခုလိုဆုံတွေ့ရတဲ့ဘဝကို ချစ်မြတ်နိုးကြပါတယ်။ တစ်ခုတည်းသော ကောင်းကင် အောက်မှာနေ၊ လေကိုရှူရင်း ဘုရားဖူးသွားတဲ့ ခရီးသည်တွေပဲ။ သို့သော် အချို့သောသူတွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားကို ကျင့်သုံးကြလို့ ပို၍ချောမွေ့သာယာဝ ပြောတဲ့လမ်းပြမြေပုံကိုကြည့်ပြီးသွားနိုင်ကြတယ်။

 

ယနေ့ဖြစ်ပေါ်နေတဲ့ဖြစ်ရပ်တွေ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ တစ်ဦးကိုတစ်ဦး ခွင့်မလွှတ်နိုင်တာ၊ အမုန်းတရားနဲ့ အကြမ်းဖက်လက်စားချေလိုတာ၊ စစ်မက်ဖြစ်လိုတာတွေဟာ လူ့လောကကြီးကို ပျက်စီးရာပျက်စီးကြောင်းဖြစ်စေပါတယ်။ ဖူကာယကံမှုနဲ့ ပတ်သက်လာရင် ဗုဒ္ဓက “အကြမ်းမဖက် ငြိမ်းချမ်းသာယာဖို့ ရှေးရှုကြရလိမ့်မယ်။ အမုန်းတရားကိုအမုန်းတရားနဲ့ ဖြေရှင်းတာဟာ ဘယ်အခါမှ ငြိမ်းချမ်းနိုင်မှာမဟုတ်”လို့ ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။

 

မေတ္တာတရားနဲ့သာ အကြမ်းဖက်မှုတွေ၊ မင်းမဲ့စရိုက်တွေကိုတားဆီးဟန့်တားနိုင်မယ်။

မေတ္တာတရား ပွားများကျင့်သုံးတာဟာ အကောင်းဆုံးသော ဓမ္မလက်ဆောင်ဖြစ်တယ်။

အကြမ်းမဖက် ငြိမ်းချမ်းမှုကိုရှေးရှုသော လူ့အဖွဲ့အစည်းသည်သာ အေးချမ်းမယ်။ တည်ငြိမ်မယ်၊ သာယာဝပြောပါလိမ့်မယ်။

 

“ကျွန်တော်တို့ဟာ ဗုဒ္ဓရဲ့ အခြေခံကျလှတဲ့ တရားတော်တွေအရ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုကို ရှောင်ရှားဖို့ စိတ်ကူးနိုင်မှ၊ စဉ်းစားနိုင်မှ ပြဿနာရဲ့ အဖြေဆီ နီးကပ်စွာရေက်သွားနိုင်ပါလိမ့်မယ်။ အမုန်းတရားတွေကို မေတ္တာနဲ့၊ ကြမ်းတမ်းခက်ထန် တာတွေကို ငြိမ်းချမ်းရေးနဲ့၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ အစားထိုးကြ ရပါလိမ့်မယ်” လို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလာနေရူး (Jawaharlal Nehru) က ဗုဒ္ဓတရားတော်ကို အခြေပြုပြီး အကြံပြုချက်ဟာ လွန်စွာမှ ကောင်းလှပါတယ်။

 

“တကယ်မလုပ်မဖြစ်တဲ့” အလုပ်တစ်ခုက လူတိုင်း ကိုယ့်အကြောင်းကိုသိဖို့ဝစီကံ၊ မနောကံမှုကို ပိုမို၍သိဖို့ ဖြစ်ပါတယ်။

 

စိတ်ရွှင်လန်းရဲ့လား၊ စိတ်ချမ်းသာရဲ့လား။

ကျေနပ်မှုရှိရဲ့ လား၊ စိတ်တိုနေလား၊ ဒေါသတွေ ဖြစ်နေလား၊ လောဘဇောတိုက်နေလား။

မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်နဲ့ ဥပေက္ခာစိတ်တွေ ပွားများနိုင်ရဲ့လားဆိုတာ ဖြစ်ပါတယ်။ လုံးဝစီကံမှုနဲ့ ပတ်သက်လာရင် ဗုဒ္ဓက သမ္မာဝါစာကောင်းသောစကားကို ပြောဆိုရမယ်။ မှန်စွာ ပြောဆိုရမယ်လို့ မိန့်တော်မူခဲ့ပါတယ်။

 

စင်ကြယ်သောစကား ဆိုသည်

အမှန်တရားပြောဆိုခြင်း၊

အမှန်တရားအပေါ် ခိုင်မာစွာရပ်တည်ခြင်း၊

ယုံကြည်ရသောစကား၊ အားကိုးမှီငြမ်းနိုင်သောစကားကို ပြောဆိုကြခြင်း၊

ပေါင်းစည်းညီညွတ်နိုင်သောစကား၊ သဟဇာတဖြစ်သော စကားကို ပြောကြခြင်း၊

 သာယာနာပျော်ဖွယ်စကား၊ နှလုံးသား နွေးထွေးစေသောစကား၊ မှတ်သားဖွယ်စကား၊ ယဉ်ကျေးပြေပြစ်သောစကားတို့ကို ပြောကြားခြင်း၊

လက်ခံသဘောတူနိုင်ဖွယ်စကား၊ အချက်အလက်၊ အထောက်အထား၊ အခြေအမြစ်ရှိသောစကား၊ အကျိုးအကြောင်း ဆင်ခြင် သုံးသပ်ထားသောစကား၊ အချေအတင် ညှိနှိုင်းထားသောစကားတို့ကို ပြောဆိုခြင်းသည် စိတ်အေးချမ်းမှု တည်ငြိမ်အေးချမ်းသောဘ၀ကို တည်ဆောက်နိုင်ကြမည်သာဖြစ်၏။

တစ်ဦးချင်းမှသည် မိသားစု၊ ထိုမှတစ်ဆင့် မိသားစုပေါင်းများစွာရှိတဲ့ လူ့အဖွဲ့အစည်းအတွင်း သမ္မာဝါစာ ကောင်းသောစကားကို ပြောဆိုနိုင်လ သာယာဝပြောငြိမ်းချမ်းလေ ဖြစ်ပါလိမ့်မယ်။

 

သမ္မာဝါစာနဲ့ ဆန့်ကျင်ဘက်စကားမျိုးကတော့ သန့်စင်၊ မဖြူစင်သောစကားတွေ ဖြစ်ပါတယ်။

 

သန့်စင်၊ မဖြူစင်သော စကားဆိုသည်-

လိမ်လည်ပြောဆို သာသာထိုးထိုး လိုတိုး ပိုလျှော့ လိုသလိုဆွဲပြောသောစကား၊ . မိတ်ဆွေအပေါင်းအသင်းသာမက အခြားသူတို့အတွက် နှစ်လိုဖွယ်မရှိ၊ စိတ်ကသိကအောက်၊ မခံချိမခံသာသောစကား။

 

ကုန်းချောကုန်းတိုက်သောစကား၊

အမနာပရှုတ်ချပြစ်တင်သောစကား၊

ရုန့်ရင်းကြမ်းတမ်းသော၊ ဆဲရေးတိုင်းထွာသောစကား၊

နားရှက်ဖွယ်စကား၊ အဓိပ္ပာယ်မဲ့ အကျိုးမဲ့ အတင်းအဖျင်း စိတ်ညစ်စေသောစကား၊ အခြားသူ၏ အချိန်ကိုပါ ဖြုန်းတီးရာရောက်စေသော စကားတို့ ဖြစ်ပါတယ်။

 

ဒီလိုမသန့်စင်၊ မဖြူစင်သောစကားတွေဟာ စိတ်အေးချမ်းပျော်ရွှင်မှုကို နောက်ကျိစေတာမို့ ရှောင်ကြရမယ်။ စုံ ဝစီကံမှု၊ ကာယကံမှုတွေဟာ မနောကံမှုကို အခြေခံတယ်လို့ နားလည်ကြပြီးဖြစ်ရာ မနောကံမှုကောင်းမှသာ ဝစီကံမှုနဲ့ ကာယကံ မှု ကောင်းမှာဖြစ်တယ်။ အရာရာကို စိတ်က လုပ်တယ်လို့ မြတ်ဗုဒ္ဓက လာခဲ့ပါတယ်။

 

မနောကံမှုနဲ့ ပတ်သက်ပြီး စိတ်တို့ဟာ မကောင်းမှု၊ မလျော်ကန်မှု နည်းလမ်းတွေမှာ မွေ့လျော်လေ့ရှိတတ်တယ်။

 

စိတ်ဟာ စိတ်တိုင်းမကျဖြစ်တတ်ပါတယ်။ ကိုယ်သာလျှင်အဓိက၊ တစ်ကိုယ်ကောင်း ဆန်တာတွေ၊ မုန်းတီးမှု၊ မနာလိုဝန်တိုမှု၊ လိုချင်တပ်မက်မှုတွေဟာ တရားလွန် ကြီးမားတတ်ပါတယ်။ သူတစ်ပါးကိုသေးသိမ်အောင် စေ့ဆော်တဲ့စိတ်၊ မကောင်းကြံစည်မှုပြုလိုတဲ့ စိတ်တွေ ကိန်းအောင်းနေတတ်ပါတယ်။

 

အရာရာကို ယုံကြည်နေသူ၊ အရာရာကို သံသယဖြစ်နေသူဆိုတာဟာ စဉ်းစားလို ခြင်းမရှိတဲ့အတွက် စိတ်ခွန်အားတွေဟာ အဟောသိကံဖြစ်တတ်ပါတယ်။

 

လူမှာအဆိုးဆုံးတရားများဖြစ်တဲ့- မောဟ (မသိခြင်း)၊ ဒိဋ္ဌိ (မှားယွင်းစွာ နားလည်ခြင်း) တွေဟာ ၀စီကံမှု ကာယကံမှုထိ တိမ်းစောင်းစေပါတယ်။ မာန (ထောင်လွှားခြင်း၊ ဣသာ မနာလိုခြင်း)။ မစ္ဆရိယ (၀န်တိုခြင်း)တွေကလည်း အလားတူပါပဲ။ စိတ်ဟာ ဒါတွေနဲ့ ညစ်ညမ်းလာပြီဆိုရင် မကြည် မလင်ဖြစ်လာတတ်တာမို့မနောကံမှုမှာ အမှန်နည်း၊ အမှားများဖို့သာဖြစ်ပေလိမ့်မယ်။ မာန၊ ဒိဋ္ဌိ၊ ဣဿာ၊ မစ္ဆရိယဆိုတဲ့ ကောင်းတဲ့အကုသိုလ် စိတ်အညစ်အကြေးတွေကို ၁ဝ၁နဲ့ ဆေးကြော နိုင်လေ စိတ်ချမ်းသာမှု ရရှိကြလိမ့်မယ်။ မကောင်းမှုအကုသိုလ်စိတ်တွေကို လျော့ပါးသွားအောင် လုပ်ဆောင်ရာမှာ အချိန်ပေးကြရလိမ့်မယ်။ တိုတောင်းလှတဲ့ဘဝမှာပင် စိတ်ကောင်း စိတ်မြတ်၊ သီလသမာဓိ၊ ဝီရိယ၊ ပညာ၊ သတိတို့နဲ့ သွားကြရမယ့်ခရီးဖြစ်ပါတယ်။ ကုသိုလ်စိတ် ဖြစ်အောင် ဘာဝနာပွားကြရလိမ့်မယ်။

 

စိတ်မှာပေါ်လာသမျှဆန္ဒတွေ မလွန်ကဲအောင် ဘာသာအသီးသီးဟာ ထိန်းရာမှာ ကိုယ်ကျင့်တရားရဲ့ အရေးကြီးပုံကို နှစ်ပေါင်း များစွာကတည်းက ယနေ့ထိသွန်သင်နေပါတယ်။ လူ့ယဉ်ကျေးမှုကြီး မယိမ်းမယိုင် မပြိုလဲအောင် ဘာသာတရားကြီးတွေရဲ့ လမ်းပြမှုနဲ့ လူ့ဘဝရဲ့ ခရီးရှည်ကြီးကို သွားကြရမယ်လို့ ယုံကြည်ပါတယ်။

 

လူတွေ ဥပဒေကိုလေးစားလိုက်နာရခြင်း အကြောင်းတရားနှစ်ခုအနက် တစ်ခုကတော့ ဘုရားသခင်ကို မြတ်နိုးယုံကြည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ကြောက်လို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းတရားနှစ်ခု ချိုးဖောက်ပြီဆိုရင် ရလဒ်က အကြမ်းဖက်မှုတွေ၊ မင်းမဲ့စရိုက်တွေနဲ့ ဆင်းရဲမွဲတေမှုတွေကို မိမိပတ်ဝန်းကျင်မှာ တွေ့ရပါလိမ့်မယ်လို့ Jack Kemp က ၁၉၉၅ ခုနှစ် ဇူလိုင်လထုတ် Reader's Digest မှာ ရေးထားတာကို ဖတ်ရှုမှတ်သားရပါတယ်။ စိတ်ကိုစင်ကြယ်အောင်၊ စိတ်ကိုအေးချမ်းအောင်၊ တည်ငြိမ်အောင်၊ လေလွင့်မျောပါသွားတဲ့ စိတ်နောက် တကောက်ကောက်လိုက်ပါမသွားမိဖို့ ဉာဏ်အမြော်အမြင်လိုပါတယ်။

 

အားလုံးကောင်းမွန်ဖို့ မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားတွေ ပွားများဖို့အတွက် မိသားစု တွေက စကြရလိမ့်မယ်၊ ကျောင်းတွေက စကြရလိမ့်မယ်။ လူ့ရပ် လူ့ရွာ လူ့အသိုင်းအဝိုင်းမှာ မိသားစု တစ်စုဟာ အသေးငယ်ဆုံးဖြစ်ပါတယ်။ ကလေးတွေကို လူကောင်းလူတော်တွေဖြစ်ဖို့ အရည် အသွေးပြည့်ဝတဲ့ သူတို့တွေရဲ့ ဘဝ တည်ဆောက်ရာမှာ အင်အားအလွန်ကြီးမားပါတယ်။ ဒါကြောင့် “ပင်ပန်းနွမ်းနယ်နေ ကြပေမယ့် မိဘတွေဟာ ကလေးတွေကို ညတိုင်းညတိုင်းမှာ -

ပုံပြင်တွေပြောပြလေ့ရှိတယ်။

အချိန်ပေးပြီးစာဖတ်ပြတယ်။

သူတို့လိုအပ်တဲ့ လေ့ကျင့်မှုတွေရအောင် ကူညီပေးကြရတယ်။

 

လမ်းသွားရာမှာ အန္တရာယ်ကင်းဖို့၊ လူ့ပတ်ဝန်းကျင်ထဲ ရောက်သွားရင် သဟဇာတ ဖြစ်အောင်၊ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးအောင် သွန်သင်ဆုံးမ ပြောဆိုပေးလေ့ ရှိကြတယ်။

 

ကလေးတွေဟာ အလွန်လှပတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြရဖို့ လိုလိမ့်မယ်။

အိမ်နဲ့အလုပ်ခွင်မှာ စည်းနဲ့ကမ်းနဲ့ နေထိုင်ကြဖို့လိုတယ်။

အရည်အချင်းပြည့်ဝတဲ့ ရှေ့ခရီးကိုဆက်ဖို့ဆိုရင် စစ်ဆေးအကဲဖြတ်ရေးမှာ တင်းကျပ်တဲ့ စာမေးပွဲတွေနဲ့ မကြာခဏ စိစစ်ကြရလိမ့်မယ်။

သူတို့ပတ်ဝန်းကျင်ကို တာဝန်ယူနိုင်တဲ့သူတွေဖြစ်ဖို့ လူတိုင်းက တာဝန်ရှိစွာ တွန်းအား ပေးဆောင်ရွက်ကြရလိမ့်မယ်” လို့ သမ္မတဟောင်း ဘီလ်ကလင်တန်က ပြည်သူတို့အား မှာကြားခဲ့ပါတယ်။

 

မိသားစုအတွင်း ကောင်းမွန်တဲ့ အလေ့အထ စံနမူနာတွေကို အချင်းချင်းသိအောင်ပြကြရမယ်။ ချိုသာတဲ့ကိုယ်နှုတ်အမူအရာအပြုအမူတွေကိုလည်း သွန်သင်ပြသရမယ်။ ဒါဆိုရင် သားသမီးမြေးမြစ် တွေရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ စဉ်းစားပုံတွေဟာလည်း မှန်ကန်ပြီး မြင့်မားလာလိမ့်မယ်။ မိဘဘိုးဘွား တွေရဲ့ အမြော်အမြင်နဲ့ အလေ့အကျင့်ကောင်းတွေကြောင့် သားသမီးမြေးမြစ်တွေရဲ့ ဘဝခရီးဟာ ဖြောင့်ဖြူးလိမ့်မယ်။ လူမှုအသိုင်းအဝိုင်းအတွင်း သူတို့တွေရဲ့ အခန်းကဏ္ဍဟာလည်း ပို၍ပီပြင်လာလိမ့်မယ်။ ဒါကပင် ရပ်ရွာမြို့ရွာနဲ့ နိုင်ငံအတွက် စုစည်းတဲ့ အား၊ လူမှုစီးပွားဘဝဟာလည်း ခိုင်မာတောင့်တင်းလာမှာဖြစ်ပါတယ်။ ။

 

မိသားစုမျက်စိအောက်ကလွန်တဲ့ အချိန် နေ့ရက်တွေမှာ ကျောင်းတွေက ဆရာ ဆရာမတွေ ကလည်း ဒီသဘောတွေဆောင်တဲ့ အလေ့အထတွေ ကို စာပေသင်ကြားရင်း မေတ္တာဟာ ကိုယ်ခန္ဓာနဲ့ နှလုံးသားကို တမြည့်မြည့်တငွေ့ငွေ့နဲ့ လောင်နေတဲ့အပူကို ငြိမ်းသတ်နိုင်တယ်။ အခြားသူတွေ ပျော်ရွှင် ငြိမ်းချမ်းဖို့ဆန္ဒ၊ ကျန်းမာချမ်းသာဖို့၊ အကျိုးဖြစ် ထွန်းလိုတဲ့စိတ်၊ ဒုက္ခအပေါင်းက ကင်းဝေးစေလိုတဲ့ စိတ်တွေ ပေါ်လာပါလိမ့်မယ်။ ။

 

“ကလေးတွေဟာ မိဘတွေအလုပ်သွားကြတဲ့သဘောမတူလို့ ဆိုတဲ့ (POP အရာဖြစ်ပါတာ မြင်တဲ့အခါ ပျော်ကြပါတယ်တဲ့။ ကလေးတွေ ဟာ ပန်းဥယျာဉ်ပန်းခြံထဲမှာ မူးယစ်ဆေးဝါး အန္တရာယ်ကင်းကင်းနဲ့ရှိဖို့ မိဘတွေကထိန်းကြရပါ တယ်” လို့ဆိုတဲ့ ဂျွန်အက်ဖ်ကနေဒီရဲ့ စကား၊ “မျိုးဆက်သစ်မှန်သမျှ ယနေ့သိထိုက်တဲ့ အချက်တစ်ခုမှာ- လွတ်လပ်မှုဆိုတာ လုပ်ချင်ရာလုပ်မယ် ဆိုတဲ့သဘောမဟုတ် လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ဖို့ပဲဖြစ်တယ်” လို့ ဆိုတဲ့(Pope John Paul II) ရဲ့ စကားဟာလည်း သတိရစရာဖြစ်ပါ တယ်။

ဒီနေ့လူငယ်တွေရဲ့ စကား နားထောင်ကြည့်တဲ့အခါ လူ့ဘဝ၊ လူ့အသိုင်းအဝိုင်းအတွက် ရင်လေး စရာတွေ ရံဖန်ရံခါတွေ့ရပါတယ်။ လူငယ်လူရွယ် အများအပြားဟာ စကားရှင်းရှင်းလင်းလင်း မပြောတတ်ကြဘူး၊ ဝါကျတည်ဆောက်တာတွေဟာလည်း ဟန်မကျလှဘူး၊ IT နဲ့ပတ်သက်ရင်လည်း အကောင်းဘက်ကို အပေါ်ယံမျှသာ လေ့လာတာကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ IT ကမ္ဘာဟာ အီးမေးလ်ပို့မယ်၊ စာသားတွေနဲ့ဆက်သွယ်ကြမယ်၊ သတင်း အချက်အလက်တွေကို ကွန်ပျူတာထဲ ခေါင်းမြှုပ်ထားပြီး ရှာဖွေနေတာများတယ်။ IT ဆိုတဲ့ကမ္ဘာထဲမှာ မျောပါသွားကြတာများတယ်။

 

မိသားစုအတွင်း ဝိုင်းဖွဲ့ကာ စိတ်ကူးစိတ်သန်း ကောင်းတွေပေါ်အောင်၊ စာကောင်းပေကောင်းတွေကို မကိုးကားမဖတ်ရှုတော့ဘဲ အင်တာနက်က လွယ်လွယ်ကူကူရတဲ့ မရေရာမသေချာ မခိုင်လုံတဲ့ အကြောင်းအရာကို လိုသလိုဆွဲသုံးကြတယ်။ ထဲထဲဝင်ဝင် ခိုင်မာတဲ့အချက်တွေနဲ့ ကိုးကားလောက်တဲ့ အကြောင်းအရာတွေကို ဈေးပေးမဝယ်ဘဲ ပေါပေါလောလောရတာတွေနဲ့ အဖြေထုတ်ကြတော့ ရလဒ်ဟာ မခိုင်မာတော့ဘူး။

 

(ဆက်လက်ဖော်ပြပါမည်)

 

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)