ကိုဗစ်ကာလ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ပေး
နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို
ဖော်ဆောင်ရာတွင် တိုင်းပြည်ဝင်ငွေ(National Income)သည် အရေးပါလျက်ရှိသည်။ တိုင်းပြည်ဝင်ငွေသည် ပြည်တွင်းမှရရှိသော ဝင်ငွေနှင့် ပြည်ပမှ ဝင်ရောက်သော ဝင်ငွေဟူ၍ရှိရာ ခရီးသွားလုပ်ငန်းသည် ပြည်တွင်း၊ ပြည်ပ နှစ်ရပ်မှရရှိသောကြောင့် ကမ္ဘာ့နိုင်ငံတို့တွင် ထိုနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင် အလှအပနှင့် တီထွင်ဆန်းသစ်မှုတို့ကို ထုတ်ဖော်ပြသမှုမှ နိုင်ငံခြားဝင်ငွေရရှိခဲ့မှုအား ခရီးသွား လုပ်ငန်းဖော်ဆောင်ခဲ့သော ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရမည် ဖြစ်သည်။ အထူးသဖြင့် အရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ မီးခိုးတိတ်ငွေဝင်အဖြစ် ခရီးသွားလုပ်ငန်းမှရရှိမှုသည် နိုင်ငံအသီးသီး နှစ်သက်သော National Income ကို အထောက်အပံ့ဖြစ်စေသော ကြောင့်ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကာလ တွင် ခရီးသွားကဏ္ဍကို အကန့်အသတ်ဖြင့် ဆန်းသစ်သော ဆွဲဆောင်မှုတို့ကို ဖော်ဆောင်နိုင်သော နိုင်ငံတို့မှာ နိုင်ငံခြားဝင်ငွေ ရရှိကာ ဒေသခံပြည်သူတို့မှာလည်း အလုပ်အကိုင် အခွင့်အလမ်းနှင့်အတူ ဒေသတွင်းဝင်ငွေကို ရရှိစေ ပါသည်။
အားရဂုဏ်ယူဖွယ်လင်းရောင်ခြည်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ခရီးသွားလုပ်ငန်းများကျဆင်းခဲ့ပြီး ကပ်ရောဂါအသွင်ကြုံတွေ့နေရသော ကိုဗစ် -၁၉ ရောဂါ ကင်းစင်ပပျောက်ရန် ဝိုင်းဝန်းကြိုးပမ်း လျက်ရှိသည်။ ဥရောပနိုင်ငံအချို့နှင့်အာရှနိုင်ငံ အချို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ယှဉ်တွဲ၍ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် ကြိုးပမ်းနေကြသည့်နည်းတူ ခရီးသွားများနှစ်သက် ပျော်ရွှင်စေမည့် ဆွဲဆောင်မှုမျိုးဖြင့်လည်း ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများ ပြန်လည်ရှင်သန်ရန် ကြိုးစားလျက်ရှိသည်။ အားရဖွယ်အချက်တစ်ချက်မှာ ကမ္ဘာ့ကပ် ရောဂါကြီး ကင်းစင်ကြောင်းကြေညာပြီး မကြာမီကာလ၌ ကိုဗစ်နှင့်ယှဉ်တွဲ၍ ခရီးသွား ကဏ္ဍဖော်ဆောင်ခဲ့သော နိုင်ငံများနှင့် ယခင်က ခရီးသွားများ နှစ်ခြိုက်ခဲ့သော အပန်းဖြေ အနားယူရာနေရာတို့တွင် ကမ္ဘာလှည့်ခရီးသွားတို့ဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက် နိုင်ငံခြားဝင်ငွေနှင့် ဒေသတွင်းဝင်ငွေများ တဖွဲဖွဲရရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြ၊ကျေးလက်တို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်လိုသော နိုင်ငံတော်အစိုးရက “အမျိုးသားခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ”ကို ဖွဲ့စည်း၍ မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ကာ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မှုသည် အနာဂတ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် အားရဂုဏ်ယူ ဖွယ်လင်းရောင်ခြည်ပင်ဖြစ်သည်။ ။
အသီးအပွင့်ကိုကြိုတင်ခံစား
မြန်မာနိုင်ငံမှ ပြည်တွင်းခရီးသွားတို့အနေဖြင့် ပင်လယ်ကမ်းခြေအပန်းဖြေခြင်းကို နှစ်သက်ကြသည့်နည်းတူ တောင်ပေါ်သဘာဝရှုခင်းအလှ၊ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာအစားအစာတို့ကို အထူးနှစ်သက်လေ့ရှိသည်။ နိုင်ငံခြား ခရီးသွားတို့အနေဖြင့် ရိုးသားပွင့်လင်းပြီး စေတနာ ဖြူစင်သော မြန်မာနိုင်ငံသားတို့ကို လေးစားချစ်ခင်မှုကြောင့် ပန်းသတင်း လေညင်းဆောင်သည့်ပမာ မြန်မာနိုင်ငံ၏ သဘာဝအလှတရားနှင့် တိုင်းရင်းသား တို့၏ဖော်ရွေလှိုက်လှဲမှုကို လက်ဆင့်ကမ်းပျံ့လွင့်မှုဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ တဖွဲဖွဲ့ ဝင်ရောက်ခဲ့သည်ကို ကိုဗစ်-၁၉ရောဂါမဖြစ်ပွား မီကာလအထိ တွေ့မြင်ကြရမည် ဖြစ်သည်။ ကိုဗစ် ၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုတွင် နိုင်ငံ တစ်ဝန်း ဟန်ချက်ညီညီလက်တွဲဆောင်ရွက်မှုဖြင့် ရောဂါဖြစ်ပွားမှုကျဆင်းလာမှုသည်ခရီးသွားလုပ်ငန်း ကိုဖော်ဆောင်နိုင်မှုဖြင့် ပြည်တွင်း၊ ပြည်ပခရီး သွားကဏ္ဍတွင် ဒေသတွင်းနိုင်ငံတို့ထက် နိုင်ငံခြား ခရီးသွားလာရောက်လည်ပတ်မှု၏ အသီးအပွင့်ကို ကြိုတင်ခံစားရရှိစေမည်ဖြစ်သည်။
ရှမ်းပြည်နယ်လည်းတစ်ခုအပါအဝင်
အာဆီယံခရီးသွားလုပ်ငန်းများ ပြန်လည်ပွင့်လန်းလာစေရန် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖိုရမ်များ ကျင်းပ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်း ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကဏ္ဍကို ဖော်ဆောင် လျက်ရှိရာ ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့၌ ကျေးလက်ကိုအခြေခံသော “ခရီးသွားကျေးရွာ ဖော်ဆောင်ရေးစီမံကိန်း”ကို ဖော်ဆောင်လျက်ရှိသည်။ အဆိုပါ စီမံကိန်းသည် ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားခရီးသွားများ နှစ်သက်စေမည့် ကျေးလက်ကို အခြေခံသော တောင်ပေါ်ဒေသခရီးသွား လုပ်ငန်းများလည်း ပါဝင်သည်။ ထိုစီမံကိန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့ရှိ ခရီးသွားများကို ဆွဲဆောင်စေမည့် ကျေးလက်ခရီးသွား ကဏ္ဍကို ဖော်ဆောင်ခြင်းဖြစ်ရာ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
စီမံကိန်းကိုဖော်ဆောင်
ရှမ်းပြည်နယ်သည် ခရီးသွားအရင်းအမြစ်များ ပေါများပြီး ကိုဗစ်-၁၉ ရောဂါမတိုင်မီက နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက် လည်ပတ်ရာ ပြည်နယ်တစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကျဆင်းခဲ့မှုကို ပြန်လည် ကုစားသည့်အနေဖြင့် “ရှမ်းပြည်နယ် ခရီးသွားကျေးရွာ ဖော်ဆောင်ရေး စီမံကိန်း”ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကနဦးအနေဖြင့် တောင်ပေါ်သဘာဝ အလှများစုဝေးရာ တိုင်းရင်းသားကျေးရွာ ၁၀ ရွာကို စတင်ဖော်ဆောင် လျက်ရှိသည်။ တောင်ကြီးမြို့ လူရိုးတောင်ကျေးရွာတွင် ရှိသော နောင်ဘိုကြာကန်၊ ဟိုပုံးမြို့ ကျောက္ကချားကျေးရွာတွင်ရှိသည့် ရှေးဟောင်းဘုန်းတော်ကြီး ကက္ကူဘုရားမှ ရေလမ်းအတိုင်း သွားရသည့် ရှမ်းဆန်စိုက်ပျိုးမှုနှင့် ရှမ်းရိုးရာမုန့် ထုတ်လုပ်ရာနေရာ၊ ပင်းတယမြို့ တောကျယ် ကျေးရွာတွင် ရှိသော ရေပြာအိုင်နှင့်ရေတံခွန်၊ နောင်ချိုမြို့ ကျောက်တောကျေးရွာတွင်ရှိသော တိမ်ပင်လယ် ကျိုင်းတုံမြို့ ဟိုကျင်းရွာတွင်ရှိသော အာခါ တိုင်းရင်းသားကျေးရွာ၊ တာချီလိတ်မြို့ ဟေရုန်း ကျေးရွာတွင်ရှိသော အာခါတိုင်းရင်းသားကျေးရွာ၊ နမ့်စန်မြို့ ကုန်းလမ်းကျေးရွာ တွင်ရှိသော ယင်းတိုင်းရင်းသားကျေးရွာ၊ မိုးနဲမြို့ လွိုင်လင်ကျေးရွာတွင်ရှိသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းနှင့် ကွန်ဟိန်းမြို့ ဆိုင်းမွန်းကျေးရွာတွင်ရှိသည့် ပလောင်တိုင်းရင်းသား ကျေးရွာတို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၈၀၀ သုံးစွဲ၍ စီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
အဆိုပါ ခရီးသွားကျေးရွာ ဖော်ဆောင်ရေးတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနများက အခြေခံအဆောက်အအုံ တည်ဆောက် ခြင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ် ဟိုတည်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းနှင့် ခရီးသွားလုပ်ငန်း သင်တန်းပို့ချခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းတွင် ကျေးရွာအလိုက် ခရီးသွားအခြေခံ လိုအပ်ချက်များဖြစ်သော ကျေးရွာရေရရှိရေး၊ ကျေးလက်လမ်းပြုပြင်ခြင်း၊ သန့်စင်ခန်းများ တည်ဆောက်ခြင်း၊ စက်လှေဆိပ်နှင့် ယာဉ်ရပ်နား ရန် နေရာများတည်ဆောက်ခြင်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ တည်ဆောက်ခြင်း၊ သတင်းပြန်ကြားရေးနေရာများ တည်ဆောက်ခြင်း၊ ရိုးရာလက်မှုပညာများနှင့် ဒေသအစားအစာ များ လက်တွေ့ပြသမည့် ပြခန်းများပြင်ဆင်ခြင်း၊ ရှုခင်းကြည့်ရှုမည့် View pointနေရာများ တည်ဆောက်ခြင်း၊ စွန့်ပစ်အမှိုက်နေရာများ ဆောင်ရွက်ခြင်း၊ ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ကဏ္ဍများ ဖော်ဆောင်ခြင်းတို့ ကိုလည်းကောင်း၊ ခရီးသွားလုပ်ငန်းသင်တန်းများ ပို့ချမှုတွင် လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်း၊ ကျေးရွာလူထုအတွက် ခရီးသွားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းများဖြစ်သည့် ခရီးသွားလုပ်ငန်းအခြေခံသင်တန်းများ၊ ရှေးဦးသူနာပြုစုနည်းသင်တန်းများ၊ ကျေးရွာလူငယ်များ အတွက် အခြေခံဓာတ်ပုံသင်တန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းများ၊ ရိုးရာ အစားအစာထုတ်လုပ်ရေး သင်တန်းများနှင့်စနစ်တကျ အမှိုက်စွန့်ပစ်နည်း သင်တန်းတို့ကို လည်းကောင်း၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သော ကြော်ငြာ၊ ဓာတ်ပုံနှင့်ဗီဒီယို ရိုက်ကူးခြင်း၊ 3D photo များ ရိုက်ကူးခြင်း၊ မြေပုံနှင့် လက်ကမ်းစာစောင်များထုတ်ဝေခြင်း၊ ခရီးသွား ကုမ္ပဏီများကိုဖိတ်ခေါ်၍ FAM Trip ဆောင်ရွက်ခြင်း တို့ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အကျိုးကျေးဇူးတို့ရရှိ
ပြည်တွင်းခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရန် ကျေးလက်ကိုအခြေခံသည့် ခရီးသွား ကျေးရွာများ ဖော်ဆောင်မှုသည် ကိုဗစ်လွန်ကာလ၌နိုင်ငံ၏ ခရီးသွားလုပ်ငန်း အရှိန်အဟုန် မပြတ်လည်ပတ်မှုကို အထောက်အပံ့ဖြစ်စေခြင်း၊ နိုင်ငံတော်နှင့်ဒေသခံ ပြည်သူတို့ဝင်ငွေ မပြတ်ရရှိစေခြင်း၊ ကျေးလက်နေ ပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသိပညာ ဗဟုသုတများရရှိလာခြင်း၊ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာခြင်း၊ မိမိတို့ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလိုသောစိတ်များ တိုးပွားလာခြင်းနှင့် မြို့ပြမှကျေးလက်သို့ ခရီးသွား လုပ်ငန်းပျံ့နှံ့၍ ခရီးသွားအရင်းအမြစ်များကို အသုံး ချကာ ကျေးလက်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း စသောအကျိုးကျေးဇူးတို့ကို ရရှိစေမည်ဖြစ် သည်။
ဝမ်းမြောက်အတုယူဖွယ်
ကမ္ဘာ့ကပ်ရောဂါအသွင် ကြုံတွေ့နေရချိန်တွင် ကမ္ဘာ့နိုင်ငံအချို့၌ ခရီးသွားကဏ္ဍကိုဖော်ဆောင်လျက်ရှိရာ ရှေးဟောင်းအမွေအနှစ်များစွာရှိသော အီတလီနိုင်ငံ၏ တောင်ဝိုင်း စံမော်လီဆယ်ဒေသ စံကျော်ဗားနီးအင်ဂါဒိုမြို့၌ ကိုဗစ်ကာလ ထူးခြားသော ခရီးသွားအစီအစဉ်တစ်ရပ်အဖြစ် ဖော်ဆောင် လျက်ရှိသည်။ အဆိုပါ မြို့ခံတို့၏နေအိမ်များတွင် အခမဲ့တည်းခိုနေထိုင်နိုင်ပြီး မြို့ သမိုင်းကြောင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေတို့ကို မြို့ခံတို့က ရှင်းလင်းပြကာ တောင်ပေါ်ဒေသနှင့် ပင်လယ်ပြင်၏သဘာဝ ရှုခင်းအကိုကြည့်ရှု ခံစားနိုင်မည့်ခရီးစဉ်ကို အွန်လိုင်းမှ လူဦးရေ အကန့်အသတ်ဖြင့် ဇူလိုင် ၄ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့အထိ ပထမအကြိမ် ခရီးသွား များကို ဖိတ်ခေါ်ခဲ့သည်။ အာရှအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခရီးသွားအပန်းဖြေမှုကို နှစ်သက်သော ခရီးသွား ၈၀၀၀ ကျော်ကလျှောက်ထားခဲ့ပြီး ပထမအကြိမ်အဖြစ် ပြည်ပ နိုင်ငံများမှ ခရီးသွား၂၅၀ ကို စတင်အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်မှုများ ရရှိလျက် ကျန်သောခရီးသွားများ လည်ပတ်နိုင်ရန် ဆက်လက်အကောင်အထည် ဖော်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့နေရသော်လည်း ကိုဗစ်နှင့်အတူ ခရီးသွားကဏ္ဍကို ပုံစံသစ်အသွင် ဖြင့် ဖော်ဆောင်နိုင်မှုသည် ဒေသခံများလည်း ဝင်ငွေရရှိခဲ့ကြသည်။ ဒေသခံတို့၏လှိုက်လှဲဖော်ရွေ စွာကြိုဆိုမှု၊ သတ်မှတ်နေအိမ်များတွင်အခမဲ့ တည်းခိုနေထိုင်နိုင်မှု၊ တစ်ပတ်တစ်ကြိမ်မြို့ခံတို့ စုပေါင်း၍ ခရီးသွားများကို ထူးခြားသောရိုးရာ ဟင်းလျာဖြင့် ညစာတည်ခင်းဧည့်ခံမှုတို့သည် နိုင်ငံခြားခရီးသွားများနှင့် အိမ်ရှင်နိုင်ငံတို့ နှစ်ဦး နှစ်ဖက် ခရီးသွားကဏ္ဍတွင် ဆန်းသစ်သောခရီး သွားကဏ္ဍအောင်မြင်မှုအဖြစ် တွေ့မြင်ရသည်မှာ ဝမ်းမြောက်အတုယူဖွယ်ပင် ဖြစ်သည်။
ဝိုင်းဝန်းဖော်ဆောင်ကြပါစို့
မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်း၊ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသတို့ဖြင့် သဘာဝအလှတို့ ဖုံးလွှမ်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သယံဇာတ ပေါကြွယ်ဝသည့်အပြင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာနေရာဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ အနေဖြင့်လည်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် အခွင့်အလမ်းများစွာ စောင့်ကြိုလျက် ရှိသည်။ ထိုသို့ခရီးသွားကဏ္ဍကို ဖော်ဆောင်ခြင်းသည် နိုင်ငံတော်နှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိစေပြီး တိုင်းပြည်ဝင်ငွေနှင့်အတူ ခရီးသွားများဝင်ရောက်ရာ ကျေးလက်၊ မြို့ပြများနှင့် ခရီးလမ်းတစ်လျှောက် တွင်ရှိသော ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ များတိုးတက်မှုနှင့် ဟိုတည်နှင့်ခရီးသွားကဏ္ဍ၏ နယ်ပယ်အသီးသီး တွင်ရှိသော ဆက်စပ်လုပ်ငန်းများ အရှိန်မပြတ်လည်ပတ်မှုကို တွန်းအား တစ်ရပ် ရရှိစေမည်ဖြစ်သည်။
ယခုကာလတွင် ကျေးလက်ကို အခြေခံသော ခရီးသွားကဏ္ဍဖော်ဆောင်မှုသည် မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွားလုပ်ငန်းကို အရှိန်ရရှိစေမည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်-၁၉ ရောဂါရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော် က ဖော်ဆောင်ရာ၌ “ခရီးသွားကျေးရွာဖော်ဆောင် ရေးစီမံကိန်း”တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိစေမည့် အခွင့်အလမ်းတစ်ရပ်ကို လက်လွှတ်မခံဘဲ ကိုဗစ်ကာလ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးတွင် လက်တွဲညီညီ ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းဖော် ဆောင်ကြပါစို့ဟု တိုက်တွန်းရေးသား အပ်ပါသည်။
မြင့်မြတ်သစ္စာ