Skip to main content

NUG ရဲ့ တော်လှန်ရေး ... ဘာလဲ၊ ဘယ်လဲ

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကိုတော်လှန်ရေးနေ့ (D-Day) နေ့အဖြစ် စတင်ကြောင်း NUG အဖွဲ့မှ ယာယီသမ္မတဆိုသူ ဒူဝါလရှီလကကြေညာလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရိုးသားပြည်သူ အများစုသည် စိုးရိမ်တကြီး ရိက္ခာ၊ ဆေးဝါးများကို ဝယ်ယူစုဆောင်းကြသည်။ စူပါမားကက်များ၊ ဈေးဆိုင်များ၊ ဆေးဆိုင်များတွင် လူများပယောဂ ကြောင့် ကုန်ဈေးနှုန်းတို့က တက်ပြန်သည်။

တစ်ဖက်ပိတ်များ

နိုင်ငံရေး၊ စစ်ရေးတို့တွင် ဗဟုသုတနည်းပါးသူ တစ်ဖက်ပိတ်များက လူမှုကွန်ရက်စာမျက်နှာထက်တွင် အားရဝမ်းသာ ခေါင်းထောင်ထလာကြသည်။ စစ်ကိုကြိုကြသည်။ အကယ်၍များ အီရတ်၊ ဆီးရီးယား၊ လစ်ဗျားနိုင်ငံတို့လို မြို့ပြစစ်ပွဲများ ပေါ်ပေါက်လာပါက စစ်တလင်းကြားဝယ် အသက်ကိုဖက်ဖြင့်ထုပ်ပြီး ပြေးရလွှားရမည်ကို မစဉ်းစားမိကြ။ ပြေးလို့လွှားလို့ရသည့်တိုင် ဘယ်ကိုပြေးရပါ။ မြို့ပြများကို စွန့်ခွာပြီး ကျေးလက်တောရွာတွေ ဆီလား၊ အိမ်နီးချင်းနိုင်ငံတွေက နယ်နိမိတ်အထိလား။

တကယ်တမ်းဖြစ်လာပြီဆိုလျှင် မည်သူမျှ မကယ်နိုင်ပါ။ အိမ်နီးချင်းနိုင်ငံများက သွေးမတော် သားမစပ်၊ တစ်စိမ်းတစ်ရံ သင်တို့ကို သူ့နိုင်ငံအတွင်းသို့ ဝန်ထုပ်ဝန်ပိုးအဖြစ်ခံပြီး မည်သူမျှ အဝင်ခံမည်မဟုတ်ပါ။ နယ်စပ်တွင် စစ်တပ်ကြီးများချ၍ ပိတ်ဆို့ထားပါလိမ့်မည်။ ကျေးလက်တောရွာများဆီ ခြေဦးလှည့်မလို့လား။ တောမီးလောင်နေစဉ် တောကြောင်တွေက လမ်းမှာလက်ခမောင်းခတ်၍ မိတ်ဆွေတို့ကို စောင့်ကြိုနေပါလိမ့်မည်။ ထိုအခါကျမှ မိတ်ဆွေသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအရိပ်အာဝါသကို ပြန်လည်တမ်းတမိလာပါလိမ့်မည်။ သို့သော် ထိုနောင်တသည် နောင်တ၏နိဂုံးမျှသာ ဖြစ်သွားပါလိမ့်မည်။

သို့ရာတွင် မိတ်ဆွေအားမငယ်ပါနှင့်။ မိတ်ဆွေထက် စုံလုံးကန်းသူများ ရှိနေကြပါသေးသည်။ အကြမ်းဖက် NUG အဖွဲ့ ၏တော်လှန်ရေးနေ့ (D-Day) နေ့အဖြစ် ကြေညာလိုက်သည်နှင့် မန္တလေး၊ စစ်ကိုင်း၊ ကယားနှင့် ရှမ်းပြည်နယ်များ အတွင်းက ဆက်သွယ်ရေးတာဝါတိုင်အချို့ကို PDF အကြမ်းဖက်သမားများက မိုင်းခွဲကြ၊ ဖျက်ဆီးကြသည်။ ရဲစခန်းအချို့ကို ဝိုင်းကြသည်။ အများ ပြည်သူသွားလာနေသည့် လမ်းများ၊ အဆောက်အအုံများကို ဗုံးခွဲကြသည်။ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ကြသည်။

NUGအဖွဲ့မှ ယာယီသမ္မတဆိုသူ ဒူဝါလရှီးလက ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင်တိုက်ခိုက်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြရန် လှုံ့ဆော်သည်။

သို့တစေ နောက်တစ်နေ့ စက်တင်ဘာလ ၈ရက်နေ့တွင် ရန်ကုန်မြို့လယ်အပါအဝင် မြို့ကြီးများတွင် လူများက အသွားအလာမပျက်၊ ပြကတေ့အတိုင်း ပိုနေမြဲကျားနေမြဲ စည်ကားလျက်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အကြမ်းဖက် NUG က ထုတ်ပြန်သည့် ကြေညာချက်သည် မိမိတို့နှင့်မဆိုင်၊ မိမိတို့ သဘောမတူ၊ မဟာမိတ်အဖြစ်လက်မှတ်လည်း မထိုးထားဟု ဖြေရှင်းကြသည်။ ကန့်ကွက်ကြသည်။ အမေရိကန်နှင့် ဗြိတိန်အပါအဝင် ကမ္ဘာကလည်း အကြမ်းမဖက်ရန်၊ စေ့စပ်ဆွေးနွေးကြရန်သာဆိုသည်။ ဘုန်းကြီးအမှု ရွာမပတ်ချင်သည့် သဘောထားကိုပြသည်။

NUG၏ တော်လှန်ရေးသည် မူလဘူတကိုက သန္ဓေမမှန် မျိုးစေ့မမှန်၍ အကောင်အထည် မပေါ်ခင်မှာပင် ပဋိသန္ဓေ လျှောရလေသည်။ နိုင်ငံရေးအားဖြင့်လည်း အမြတ်မရ၊ စစ်ရေးအားဖြင့်လည်း အသာစီးမရ ဖြစ်ရလေသည်။

နားလည်သူက ခပ်ရှားရှား

မြန်မာနိုင်ငံတွင် “တော်လှန်ရေး” ဟူသည့် စကားလုံးသည် မျိုးဆက်အလိုက် ရင်းနှီးယဉ်ပါးသော အသုံးအနှုန်း တစ်ရပ်ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးသမားများက တော်လှန်ရေးဆို၍ အများစုက တော်လှန်ရေးဟု ဆိုကြခြင်း ဖြစ်သည်။ တော်လှန်ရေး၏ သဘောတရားကို နားလည်သူက ခပ်ရှားရှား။

“Revolution” ဟု ဆိုသည့် စကားရပ်သည် “လုံးလုံးလျားလျား ပြောင်းလဲပစ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကမ္ဘာ့သမိုင်းတွင် ၁၇၈၉ ခုနှစ်က ဖြစ်ပွားခဲ့သော ပြင်သစ်တော်လှန်ရေး၊ နောက်တော့ စက်မှုတော်လှန်ရေး၊ ပြီးတော့ ၁၉၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရုရှားတော်လှန်ရေး၊ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးတို့က ထင်ရှားသည်။ မြန်မာနိုင်ငံတွင်မူ  လွတ်လပ်ရေးကြိုးပမ်းမှုကာလက ဖက်ဆစ်တော်လှန်ရေး၊ ထို့နောက် စနစ်တစ်ခုကို ပြောင်းလဲခဲ့ သည့် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးတို့က ထင်ရှားသည်။

မည်သို့ဆိုစေ တော်လှန်ရေးဟူသည်နှင့် လက်ရှိအခြေအနေတစ်ရပ်ကို လုံးလုံးလျားလျား ပြောင်းလဲပစ်ရပါမည်။ ထိုသို့ လုံးလုံးလျားလျား ပြောင်းလဲရေးအတွက် ကာလ၊ ဒေသ၊ ပယောဂယှဉ်ရပါမည်။ စိတ်ကူးပေါက်တိုင်း၊ စိတ်ထဲရှိတိုင်း လုပ်နိုင်သည့် အရာမဟုတ်ပေ။ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဟူသည့် ချစ်၍၊ မုန်း၍၊ ကြောက်၍၊ တွေဝေမိုက်မဲ၍သော်လည်းကောင်း ထလုပ်ရသည့် အရာမဟုတ်ပေ။

တော်လှန်ရေးနှင့်ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ၏လက်တွဲဖော် ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်များကို မေးခွန်းထုတ်ဖူးသည်။

“မင်းတို့ကောင်တွေ အလကား စာအုပ်လေး နှစ်အုပ်၊ သုံးအုပ်ဖတ်ပြီး စကားများနေကြတယ်။ ကဲငါမေးပါ့မယ်၊ What is Revolution? ကဲ- ကြစမ်း”

“ရဲဘော်တွေမေးရင် တစ်မျိုးရမယ်၊ ဆိုရှယ်လစ်ကိုမေးရင် အဖြေတစ်မျိုးရမယ်၊ အဲဒီတော့ တော်လှန်ရေး”ရဲ့ အယူအဆကိုတောင် တစ်ဦးနဲ့တစ်ဦး တူညီအောင် မညှိနိုင်သေး၊ မစုစည်းနိုင်သေးဘဲနဲ့ ဘာလို့ ဖင်ခေါင်းကျယ်ချင် ရတာလဲ၊ အချင်းချင်းလည်းတည့်အောင် ဘယ်တော့မှ မနေကြဘူး။ မင်းတို့မညီညွတ်ရင် အားလုံး --င်စုတ်သွားမယ်၊ သိရဲ့လား” ဟုပြောဖူးသည်။

တော်လှန်ရေး၏ သရုပ်သကန်ကိုပေါ်လွင်စေ

တော်လှန်ရေးနှင့်ပတ်သက်၍ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမြင်နှင့်အယူအဆက ရှင်းသည်။ ပြတ်သားသည်။ တော်လှန်ရေး၏ သရုပ်သကန်ကို ပေါ်လွင်စေသည်။ ထင်ဟပ်စေသည်။

“တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်အကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇဝင်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူး စီမံကိန်းမျိုးတော့  မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလိုရမ်းလို့မဖြစ်ဘူး။ တစ်ဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှုဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန် ရေးဆိုတာ အကြီးအကျယ်ဆုံး ပြုပြင်ဖန်တီးတဲ့ သတ္တိရှိပါတယ်။

သို့သော်လည်း ကြမ်းရမယ်ဆိုတာတော့ ကျွန်တော်နားလည်သလောက် တကယ့်တော်လှန်ရေး သဘောတရား မဟုတ်ဘူး။ အမိဝမ်းက ဖွားမြင်လာသောကလေးဟာ မမွေးခင် ပဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်းသေမယ်။ လျှောရင်လည်းလျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန် ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာ ရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူကျင်လည်မှု အစရှိတဲ့  အခြေအနေတွေအရ ဖြစ်တာပဲ။ အခုလည်း အဲဒီအတိုင်း တော်လှန်ရေးကို စဉ်းစားမယ်ဆိုရင် တချို့လူတွေက ကြမ်းမှ အာဏာသိမ်းရမယ်ဆိုပြီး ပြောကြတယ်။ ကိုင်း၊ ရုရှားပြည်မှာ တော်လှန်ရေးဖြစ်တုန်းက အာဏာသိမ်းယူတဲ့အခါ ကြမ်းခဲ့ရသလား။ ခြုံကြည့်ရင် မကြမ်းခဲ့ရဘူး။ တော်လှန်ရေးရဲ့  နောက်ဆုံးအဆင့်ဟာ အာဏာလက်ရသိမ်းပိုက်မှုပဲ။ စတာလင်က တော်လှန်ရေးဆိုတာ အလိုအလျောက်မဖြစ်ဘူး။ ပြင်ဆင်ပြီးလုပ်မှ အောင်မြင်နိုင်မယ်လို့ ဆိုတယ်”

“လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမယ့်  လမ်းကြောင်းသာဖြစ်တယ်။ တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ အခုရုရှားပြည်သစ်တည်ခါစလို၊  အခုဘိလပ်မှာဖြစ်နေသလို လူတွေဟာ အင်မတန်ခြိုးခြံသည်းခံပြီး ဇွဲနပဲနဲ့ စိစစ်ဆောင်ရွက် လုပ်ကိုင်နိုင်မှ လောင်စာကျပြီး ပြာပုံအတိဖြစ်နေတဲ့ မြန်မာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်း ကျုပ်တို့လုပ်ရလိမ့်မယ်ဆိုတာကို ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေ ဆိုလို့ရှိရင် လူထုနားလည်အောင် ရှေ့ဆောင် ဟောပြောညွှန်ပြပြီး သတ္တိရှိရှိလုပ်ပြရလိမ့်မယ်”

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ထိုထိုသောတော်လှန်ရေးဉာဏ်၊ တော်လှန်ရေးမာန်၊ တော်လှန်ရေးအမြင်၊ တော်လှန်ရေးအတွေး၊ တော်လှန်ရေး၏သဘာဝ၊ တော်လှန်ရေး၏ဒဿနတို့နှင့် ဦးဆောင်မှုဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးအပြီး သုံးနှစ်မျှ မပြည့်မီမှာပင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးအောင်ပန်းကို ရယူဆွတ်ခူးနိုင်ခဲ့ပေသည်။

တော်လှန်ရေးဒဿန

ဆရာကြီးမောင်ထင်၏ တော်လှန်ရေးဒဿနကမူ တိုင်းပြုပြည်ပြု နိုင်ငံတော်သစ် တည်ဆောက်ရေးခေတ်ကာလတွင် တန်ဖိုးရှိလှပေသည်။

“တို့ဗမာအစည်းအရုံးခေတ်က လူငယ်များသည် ဆူပူထကြွမှုတို့ဖြင့် တော်လှန်ရေးစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်ရာ၌ လူစွမ်းကောင်းများ ဖြစ်ကြသည်။ သို့သော် အချို့သောသူတို့၏ အတွေးအခေါ်သည် ဝါးဖတ်ဦးထုပ်ထဲ၌ လည်းကောင်း၊ ပင်နီအင်္ကျီထဲ၌လည်းကောင်း၊ အိမ်တော်ရာထီးထဲ၌လည်းကောင်း၊ ခုံဖိနပ်ထဲ၌လည်းကောင်း ကျန်ရစ်ခဲ့သည်။ ၎င်းတို့ အယူအဆများသည် နိုင်ငံရေးကို အဆိုပါဝါးဖတ်ဦးထုပ် ခုံဖိနပ်နှင့် အရင်းတည်၍ ရာထူးအမြတ်ပေါ်လျှင် ကြိုးပမ်းမှု ပြီးဆုံးဟူသော အယူအဆဖြစ်ဟန်တူလေသည်။

ထို့နောက် တော်လှန်ရေးခေတ်သို့ ရောက်လာကြသည်။ လက်နက်ကိုင်တော်လှန်ရေးဆိုသည့်အတိုင်း လက်နက်ကိုင်၍ အလုပ်လုပ်ကြရသည့်အရာ၌ ကျွန်ုပ်တို့၏ တော်လှန်ရေးသမားများသည်  လူစွမ်းကောင်းများဖြစ်ကြသည်။ သို့သော် လက်နက်ကိုင်ရင်းကိုင်ရင်းနှင့် အဏုမြူခေတ်ထဲသို့ ကျွန်ုပ်တို့ရောက်လာပြီကို ၎င်းတို့ သတိထားမိကြဟန်မတူ။ သိပ္ပံပညာ၏ တိုးတက်မှုကို ၎င်းတို့၏ စတင်းဂန်းနှင့် ဘရင်းဂန်းတို့သည် အမီမလိုက်နိုင်။

ထိုအခါ လက်ရုံးအားကိုးသမားသည် နှလုံးရည်တော်လှန်ရေးကို မည်ကစ၍ လုပ်ရမည် မသိဖြစ်ခဲ့၏။ ထို့ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းပိုင်းသို့ရောက်သောအခါ တစ်ခါက ကျွန်ုပ်တို့ အားကိုးအားထားပြုခဲ့ရသော လူငယ် ခေါင်းဆောင်တို့သည် အမှားတစ်ခုကို နောက်ထပ် အမှားနှစ်ခုနှင့်ပြုပြင်ရန် ကြိုးပမ်းလာကြသည်။

ခေတ်သည် ၎င်းတို့ကိုစောင့်၍မနေ။ ရှေ့သို့တိုး၍တိုး၍သွားသည်။

ကျွန်ုပ်တို့ အားကိုးအားထားပြုခဲ့သော ခေါင်းဆောင်တို့ကား နောက်သို့ဆုတ်ဆုတ်၍ သွားနေကြသည်။

၎င်းတို့သည် ဂျီစီဘီအေခေတ်ထဲသို့ အတင်းတိုး၍ ဝင်နေကြသည်။

လက်ရုံးရည်ဖြင့် ကြိုးပမ်းမှုကို နှလုံးရည်ဖြင့် ကြိုးပမ်းမှုက တော်လှန်လျက်ရှိသည့်အချိန်တွင် အတွေ့အမြင်၊ အကြား၊ ဗဟုသုတ၊ ပညာဉာဏ် အရည်အချင်းရှိသူတို့သည် နိုင်ငံ၏အရေးကို တတ်နိုင်သည့်ဘက်က တာဝန်ယူကြရမည် ဖြစ်သည်” ဟူ၏။

နိုင်ငံတော်သမ္မတကြီး (ငြိမ်း) ဒေါက်တာ မောင်မောင်ကမူ -

“တော်လှန်ရေးဟူသည် -

ဆန္ဒစောခြင်း၊ စိတ်အားထက်သန်ခြင်း၊ အယူမှန်ခြင်း၊ မှားခြင်း မေတ္တာကြီးမားခြင်း၊ ပြင်းထန်စွာမုန်းတီးခြင်း၊ စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ဆောင်ပုဒ်စကားများ၊ ရဲရဲတောက်လုပ်ဆောင်ချက်များ၊ စွန့်စားခြင်းများ စသည်တို့ဖြင့် ရောထွေးပြွမ်းတီး၍သာ နေပေသည်။ နှစ်ပေါင်းများစွာ ကြာပြီးမှသာလျှင် တော်လှန်ရေးတစ်ရပ်၏ အဓိပ္ပာယ် ထင်ရှားစွာ ပေါ်လွင်တတ်သည်” ဟု ၎င်း၏ကိုယ်ရေးမှတ်စုတွင် ရေးသားခဲ့လေသည်။

သို့ဆိုလျှင် NUG ရဲ့ တော်လှန်ရေးဆိုတာ ဘာလဲ၊ ဘယ်လဲ။ ။

ပြည်ထောင်စုသားတစ်ဦး