Skip to main content

ရေလိုက်လွဲမှာ စိုးမိပါရဲ့

တစ်ခါတုန်းက ညမှောင်မှောင်မှာ လှေကလေးတစ်စင်းနဲ့ မြစ်မင်းသလ္လာကို အလျားလိုက် စုန်ဆင်းခဲ့ဖူးတယ်။ ညကလည်း အတော်မှောင်နေပြီ။ လက်နှိပ်ဓာတ်မီး ကလေးက မှိတ်တုတ်၊ စက်သံကလေးတဒုတ်ဒုတ်နဲ့၊ ကုပ်ကုပ်ကလေး စုန်ခဲ့ကြတယ် ဆိုပါတော့။ 
စက်လှေဆရာက သူ့ကျွမ်းကျင်မှုနဲ့သူ မောင်းလို့သာ မောင်းနေရတာ ရှေ့ကိုတော့ ကောင်းကောင်း မမြင်ရတော့ဘူး။ ကမ်းနဖူးမှာ ဆိုက်ထားတဲ့ မော်တော်တွေဆီက မီးရောင်တွေရယ်၊ ကမ်းတစ်လျှောက်မှာရှိနေတဲ့ ရွာတွေဆီကမီးရောင်တွေ ရယ်၊ သူတို့ကိုပဲ အားပြုသွားနေရတာ။ ကြယ်ရောင်လည်းမဖြာ၊ သော်တာလည်း မလင်းတဲ့အချိန်။ ပြန် လာရာမြို့ကလေးဆီရောက်ဖို့က အတော်ကို လိုနေ သေးတယ်ဆိုပါတော့။ နွေရာသီဆိုတော့ ရေကြောင်းကလည်း ပါးနေတဲ့အချိန်။ ကုန်တင်ရေယာဉ်ကြီးတွေဆိုရင် ရှေ့ကနေ ဝါးကလေး ထောက်ထောက်ပြီး နက်ရာရေကြောင်း ရှာမောင်းနေရတဲ့အချိန်ပေါ့။

ညမှောင်မှောင် ရေလမ်းခရီး

ညမှောင်မှောင် ရေလမ်းခရီးဆိုတာ မြစ်မနီး ချောင်းမနီး ကြည်းတောနေသူတို့အတွက် စိတ်စက်တွေ ပူပန်ရတဲ့အချိန်ပါပဲ။ အကြောင်းမတော်လို့ မှောက်ခဲ့နစ်ခဲ့ရင် ကျောက်ခဲရေထဲချသလိုနေမှာလေ။ တစ်ခါက နေ့ခင်းကြောင်တောင်ကြီးမှာတောင် မိုးသက်လေပြင်းရုတ်တရက်ကျလာလို့ ကိုယ်စီးနေ တဲ့လှေကလေး မြုပ်သွားခဲ့ဖူးသေးတာ။ ကမ်းကပ်ပြီး မောင်းနေချိန်မို့သာ ဒုက္ခမများ ကြတာ။ အခုဟာက ညကြီးမိုးချုပ်လေ။ အမြန်ကလည်း ရောက်ချင်နေပြီ၊ ခရီးကလည်း တွင်ချင်လှပြီ။ ခက်တာက ရှေ့ကိုသဲသဲကွဲကွဲ မမြင်ရတဲ့ကိစ္စပဲ။ ရှေ့ကလူတွေကလည်း ဘယ်ကွေ့ညာလှည့်နဲ့ အဆင်သင့်သလိုသာ မှန်းပြီးအော်နေရတာ၊ ရေလမ်းကြောင်း ကိုက ကောင်းကောင်းကျွမ်းကျင်ကြတာမဟုတ်။ နောက် က ပဲ့ကိုင်ရှင်ကရော၊ ပိုဆိုးပြီပေါ့လေ၊ ရှေ့ကလူတွေ တောင်ခပ်ရေးရေးမြင်ရတဲ့မြင်ကွင်းကို သူလည်းဘယ်အလင်းနဲ့ ရှင်းအောင် မြင်နိုင်ပါမတဲ့တုံး။ ဒီတော့ရှေ့ကလူတွေက ညာကပ်ဆို ကပ်လိုက်ရ ပြန်ရော။ ဘယ်ဘက်ကို ဦးထိုးလိုက်ဆိုပြန်တော့ လည်း ဦးတည်ရာ ပြောင်းရပြန်ရော။ ဒီလိုဒီလိုနဲ့ ညမှောင်မှောင် ရေလယ်ခရီးမှာ လှေငယ်လေးစီးခဲ့ဖူး တယ်ဆိုပါတော့။

ရေခရီးမှာ လှေစီးတာ ဘာများခက်တာရှိလို့လဲလို့ မေးစရာရှိပြန်ရော။ ခက်ပါပြီကော။ ရေခရီး ဆိုတာ မြေပြန့်လွင်ပြင်မှာ ခရီးနှင်ရသလိုမျိုးနဲ့ လားလားမှမတူ တမူကွဲနေတာပါ။ ရေစီးကို ကြည့်ရုံနဲ့ စည်း၊ သောင်ရှိ မရှိ သိနိုင်နေမှ။ တံစုန်း၊ သစ်ငုတ်၊ ဆူးခလုတ်၊ ကျောက်ဆောင် မြုပ်နေတာတွေကိုတောင် သိအောင်မြင်အောင် အမှတ်သညာမြဲရတာမျိုး။

သက်ဆိုင်ရာကချိတ်ဆွဲ စိုက်ထူထားတဲ့ ရေလမ်းပြအမှတ်အသားတွေကို နားလည်မှ ဖြစ်တာ မျိုး။ လှိုင်းရဲ့အမြင့်၊ လှိုင်းရဲ့အပြန့်၊ လှိုင်းရဲ့အဝန်းကိုကြည့်ပြီး အောက်မှာ ဘယ်လောက်နက် တယ်ဆိုတာကို အကဲခတ်နိုင်ရတာမျိုး။ လှိုင်းရဲ့သဘော၊ လေရဲ့သဘောကိုသာမက ရေစီးကြောင်းရဲ့ သဘောကိုပါ နောကျေနေဖို့ လိုတာမျိုး။ ရေကြောင်းခရီးဆိုတာမျိုးက နေ့လယ် နေ့ခင်း ဘက်သွားရတာတောင်မှ မမြင်နိုင်တဲ့ ရေအောက် အနေအထားကို ဆဝါးကြည့် ရသေးတာ။ ညဘက် မှောင်ချိန်ဆိုတော့ ဒီခရီးကိုနှင်ဖို့ ခက်သည်ထက် ခက်ပြီပေါ့လေ။ ကမ်းဘယ်မလဲ၊ လမ်းဘယ်မလဲ။

စမ်းတဝါးဝါးနဲ့ ခရီးဆက်

အဲဒီညက လှေကလေးရဲ့ ပဲ့ကိုင်ရှင်ကလည်း သူ့ကျွမ်းကျင်မှုနဲ့သူတော့ ရှိနေခဲ့တာပါပဲ။ ဒါပေမယ့် စောစောကပြောသလို ကြယ်ရောင်ကမဖြာ၊ သော်တာကမလင်း၊ မြစ်အတွင်းက မှောင်တီ မှောင်ဝေဆိုတော့ သူလည်း ဘုရားတရင်းမောင်းနေခဲ့ လေသလားမပြောတတ်ပါဘူး။ နေ့ခင်းမှာမောင်းသလို ဘယ်နေရာက ရေကြောင်းကောင်းတယ်၊ ဘယ်နေရာက စည်းသောင်တွေခံ နေတယ်ဆိုတာမျိုးကို အသေအချာမြင်ရတော့တာ မဟုတ်ဘူးလေ။ ဒီတော့ စမ်းတဝါးဝါးနဲ့ ခရီးဆက်ခဲ့ကြတာပေါ့။ ဟိုဘက်ကွေ့ရကောင်းနိုးနိုး၊ ဒီဘက်လှည့်ရကောင်း နိုးနိုး၊ ဟိုဘက်ကမ်းကပ် မောင်းရကောင်းနိုးနိုး၊ ဒီဘက်ကမ်းကပ်မောင်းရ ကောင်းနိုးနိုး။ 
“ဟိုးထား၊ ဟိုးထား၊ အရှိန်လျှော့ဦး၊ ကမ်းကို တအားကပ်နေပြီ”။ ​အတူစီးလာတဲ့သူအားလုံး သံပြိုင်အော်လိုက်မှ စက်ကိုအရှိန်လျှော့လိုက်ရတာ မကြာခဏ။ တစ်နေရာမှာတော့ အန္တရာယ်လွယ် မထားနိုင်သူတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်အရ လှေကိုစက်သတ်လိုက်ကြ တယ်။ “ကိုင်း၊ ဒီမှာ ဆင်း”။ “မဟုတ်သေးဘူးထင်တယ်နော်၊ ကြည့်ရတာ ရေနက်မယ်ထင် တယ်” လို့ ပြောလိုက်တော့ “အောင်မယ်၊ ကုန်းတောသား ဘာနားလည်လိမ့်မတုံး၊ ဆင်းသာ ဆင်း၊ နှစ်တောင်ထက်မပိုဘူး” တဲ့။ ယုံမှတ် လို့ပုံအပ်လိုက်တဲ့သဘောနဲ့ လှေပေါ်ကခုန်အချ၊ ဗလုတ်ခနဲ လည်ပင်းအထိမြုပ်သွားလို့ မီရာလှေနံ လှမ်းဆွဲလိုက်ရရှာလေရဲ့။ ရေမနက်ပါဘူးလို့ ပြောသူကိုလည်း အပြစ်မဆိုသာပြန်ဘူး။ ညမှောင်မှောင်မှာ သူလည်း သိပ်မြင်ရတာ မဟုတ်ဘူး လေ။ ဪ၊ မှားတဲ့အခါလည်း မှားပေမပေါ့။

ဒီလိုနဲ့ ရှေ့ကိုဆက်အလာ၊ ကမ်းဘယ်မှာရှိ၊ လမ်းဘယ်မှာရှိ ငါမသိဆိုတဲ့အခြေအနေမှာ စီးခဲ့တဲ့ လှေကလေး။ စည်းတိမ်သောင်တိမ်မှာ ထိုးဝပ်သွားမှ စက်သတ်ပြီး သေချာကြည့်လိုက်တော့ အလို၊ ရေလိုက်လွဲခဲ့ကြပါပေါ့လား။ ရှေ့တိုးမရ၊ နောက်ဆုတ်မရတော့တဲ့ အခြေအနေ၊ စက်လှေငယ်လေးဆိုတော့ ဘက်ဂီယာလည်းပါတာ မဟုတ်ဘူးလေ။ “ကိုင်း၊ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်လူတွေဆင်း၊ တွန်း၊ ကျား၊ ရွေ့ပဟေ့”။ ရေစီးကြောင်းလေးက ဒူးဆစ်မမြုပ်တမြုပ်၊ တွန်းလိုက်ရတဲ့လှေက မလှုပ်တလှုပ်၊ ညကမိုးချုပ်။ အစုန်မို့လို့ စည်းပါးတစ်လျှောက် စက်အရှိန်နဲ့ မျောလာခဲ့တာ၊ စည်းပါး ကို လွတ်အောင်ပြန်တွန်းရတာကျတော့ အကြာ သား။ မိုင်ဝက်လောက်တော့ ဆန်တွန်းလိုက်ရတယ်။ စီးနေခဲ့တုန်းကသာ မသိသာတာ၊ ကိုယ်တွန်းရတဲ့ အလှည့်ကျတော့လည်း စည်းလွတ်ရာကို ရောက်နိုင် ခဲပါဘိ။ ကိုင်း၊ ကိုယ့်အဖြစ်နဲ့ကိုယ်၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ၊ တွန်းကြရုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာ လဲတဲ့လေ။ အိုလေ့ ဖြစ်ပုံရယ်တဲ့မှ ပျက်ပုံ။

“အသွားမတော် တစ်လှမ်း”တဲ့။ ရေလိုက်လွဲလို့ လှေကလေးဆင်းတွန်းရတာက ဘာဟုတ်သေး လိမ့်မတုံး။ ဒီမြစ်ထဲမှာပဲ ခရီးသည်တင်အမြန်ရေယာဉ်နစ်လို့ လူရာဂဏန်း အသက်ဆုံးခဲ့ကြပြီးပြီ။ ဒီမြစ်ထဲမှာပဲ ရေလိုက်လွဲလို့ ဝဲစလုတ်မှာ မြုပ်ခဲ့ဖူးပေါင်းများ ကြလှပြီ။

လှေလိုက်လွဲခြင်း

ရေလိုက်လွဲတဲ့ကိစ္စအပြင် လှေလိုက်လွဲတာမျိုးလည်း ရှိပါသတဲ့။ တစ်ခါတုန်းက ပေါက်ဖော်ကြီး တစ်ယောက်က လှေပေါက်ကြီးနဲ့ ကူးတို့ကူးနေသတဲ့။ လှေအိုလှေပေါက်ကြီးနဲ့မို့ သူများတွေ တစ်ယောက်တစ်ကျပ် ကူးတို့ခယူနေတဲ့ခရီးကို သူက တစ်မတ်ပဲ ယူသတဲ့။ ဈေးက အတော်သက် သာ နေတာဆိုတော့ “တီယောက်တိကျပ်၊ တီယောက် တိကျပ်”ဆိုတဲ့ အသံကြားတဲ့ဆီ လူတွေကစုလာတယ်။ ကြည့်လိုက်တော့ လှေကသိပ်မဟန်ဘူး။ ဖြစ်ပါ့မလားလို့မေးကြတော့ “ကိတ်ချမစိဘူး၊ ကိတ်ချမစိဘူး၊ ကိတ်ချစိရင် ကျီလော်ပြောမယ်”တဲ့။ ဒီလိုနဲ့လှေကထွက်အလာ၊ တစ်ယက်နှစ်ယက်လှော်လိုက်၊ တစ်ခွက်နှစ်ခွက် ခပ်ထုတ်လိုက်နဲ့ ပေါ့။ လှေကပေါက်၊ လူကများ၊ ဝန်နဲ့အားမမျှတော့ လှေထဲမှာကြာလေ ရေတွေများလာလေလေ ဖြစ်ရောတဲ့။ သူလည်း တတ်နိုင်သလောက်တော့ ခပ်လိုက် လှော် လိုက်လုပ်နေတာပါပဲ။ ဘယ်လိုမှမရတော့တဲ့ အဆုံး “ကိတ်ချစိပြီ၊ ကိတ်ချစိပြီ၊ ဆင်းကြလော့”လို့ အော် ပြောလိုက်သတဲ့။ သူအော်တော့ လှေက မြစ်လယ် ရောက်နေပြီတဲ့။

ရေလိုက်မလွဲဖို့လည်းလိုသလို လှေလိုက်မလွဲဖို့ လည်းလိုတယ်။ အဓိကကတော့ ရေလိုက်မလွဲဖို့။ ရေလိုက် မလွဲဖို့ဆိုတာလည်း အတွေ့အကြုံနဲ့ ဉာဏ်ပညာကို သေသေချာချာအသုံးချနိုင်မှ ဖြစ်တာမျိုး။ ဒီမြစ်ကြောင်းပဲ၊ ဒီခရီးပဲ၊ အတူတူစုန်နေကြတာပဲ၊ အတူတူဆန်နေကြတာပါပဲ၊ အတူစုန်ကြဆန်ကြ တာချင်းအတူတူ တချို့က ရေလိုက်လွဲသွား ကြတယ်။ ဦးတည်ရာချင်း တူနေတာ တောင် ရေလိုက်လွဲသွားရင် ဒုက္ခကြုံရတတ်သေးတယ် ဆိုတာကို သတိပြုစေချင် ပါတယ်။

ကိုယ့်ဘာသာလှေတစ်စင်းနဲ့ စုန်ဆန်သွားလာနေသူလား၊ သတိတော့ထားရမှာပေါ့။ ရေလိုက်လွဲရင် ကိုယ်ပဲဒုက္ခရောက်ရမှာ မဟုတ်လား။ ကိုယ်ကခရီး သယ်တင်ယာဉ်ကြီးတစ်စင်းကို ပဲ့ကိုင်ခုတ်မောင်း သွားလာနေရသူလား။ ဒါဆိုရင်တော့ ပိုပြီးသတိထား ရမှာပါ။ ကိုယ်တစ်ခုခု လွဲလိုက်တာနဲ့ ကိုယ့်ယာဉ်ပေါ်က ခရီးသည်တွေ ဒုက္ခရောက်နိုင်တာမို့ပါ။ ခရီးစဉ် အစအဆုံး ဘေးကင်းလုံခြုံရေးက ကိုယ့်မှာတာဝန် အပြည့်ရှိတယ်ဆိုတာကို အမြဲသတိရှိနေဖို့လိုမှာပါ။ ကိုယ်ကခရီးသည်လား၊ ဒါဆိုရင်လည်း လှေအိုလှေ ပေါက်ကြီးပေါ် တက်မစီးမိဖို့လိုမှာပါ။ ကိုယ်စီးတဲ့ ယာဉ်ကသတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေး ဆိုင်ရာစည်းကမ်း တွေကို လေးစားလိုက်နာဖို့လိုမှာပါ။ ဘေးကင်းအောင်မောင်းနေပါလျက်နဲ့ ကိုယ့်ဘာသာခုန်ချရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ပေါ့လေ။

ဘဝခရီးကိုနှင်တဲ့အခါ

ခရီးတစ်ခုစာအတွက်အသုံးပြုရတဲ့ ရေလမ်းခရီးမှာ ရေလိုက်မလွဲဖို့လိုသလို ဘဝခရီးကိုနှင်တဲ့ အခါမှာလည်း ရေလိုက်မလွဲမိဖို့ အရေးကြီးပါတယ်။ ဘေးဒုက္ခမကြုံခင်အခြေအနေအထိတော့ သူကလွဲတယ်၊ ကိုယ်ကလွဲတယ်လို့ အငြင်းပွားနေနိုင်သေးတာပါပဲ။ ရေယာဉ်ဆိုတာမျိုးက ကုန်းပေါ်ကယာဉ်လို ချက်ချင်းဘရိတ်အုပ်လို့ရတာမျိုးမဟုတ်တော့ ပိုပြီးသတိ ရှိဖို့လိုပါတယ်။ ဝဲထဲမြုပ်ချိန်၊ ကျောက်စွန်းကျောက် ဆောင်နဲ့တိုက်မိချိန်ကျမှ အသေအချာသိရတာမျိုး။ သိသွားချိန်မှာ ကယ်ဖို့နောက်ကျနေတတ်ပါတယ်။

ရေကြောင်းကျပ်နေချိန်မှာ မော်တော်တစ်စင်း ကန့်လန့်ခံနေလို့ ရေလမ်းပိတ်ပြီး ကျန်တဲ့ရေယာဉ်တွေပါ ရှေ့တိုးမရဖြစ်သွားတာ မျိုးကလည်း နွေရာသီတွေမှာ ဖြစ်လေ့ရှိတတ်ပါတယ်။ ကိုယ်က လမ်းကြောင်းမှန်မှန် ခုတ်မောင်းသွားလာနေပေမယ့် တစ်ဖက်ကမှားပြီး ဝင်တိုက်မိလို့ ကိုယ်ပါဒုက္ခ ရောက်ရတာမျိုးလည်း ရှိလေရဲ့။ သတိတော့လိုမှာပါ။ လှိုင်းရဲ့သဘော၊ လေရဲ့သဘော၊ ရေရဲ့သဘောတွေကို နားလည်ဖို့အပြင် သွားလာခုတ်မောင်းနေကြတဲ့ ယာဉ်တွေရဲ့အနေအထားကိုလည်း သတိပြုဖို့ လိုမှာပါ။ အန္တရာယ်အငွေ့အသက်တွေ တွေ့မြင်နေရရင် အချိန်မီ ကမ်းကိုကပ်လိုက်ဖို့လိုမှာပါ။ ဒါမှမဟုတ် ကျွမ်းကျင် ယာဉ်မောင်းတစ်ယောက်ယောက်ဆီ ရေယာဉ်ကို အမြန်လွှဲလိုက်သင့်တာ။ စမ်းတဝါးဝါးနဲ့ သင်မောင်းဘဝမှာ ဘယ်လိုခရီးသည် တင်ယာဉ် အမျိုးအစားကိုမှ မမောင်းသင့်ပါ။ 
ဘဝခရီးကိုနှင်ရတဲ့အခါ မြစ်မင်းနဒီနဲ့တူတဲ့ အရာတွေ၊ လှိုင်းနဲ့တူတဲ့အရာတွေ၊ လေနဲ့တူတဲ့အရာ တွေ၊ ကျောက်ဆောင်၊ သစ်ငုတ်၊ ဝဲစလုတ်နဲ့တူတဲ့ အရာတွေ၊ ဒါတွေဒါတွေကို သတိပြု နိုင်ဖို့လိုမှာပါ။ ကိုယ်စီးတဲ့ယာဉ်ရဲ့သဘော၊ ကိုယ်နှင်တဲ့ ခရီးရဲ့သဘောကို လည်း နောကျေနေဖို့ လိုမှာပါ။

အစုန်အဆန်မျောရတဲ့ဘဝခရီးမှာ ရေလိုက်မလွဲ ကြစေရေးအတွက် သတိချပ်ကြဖို့ မေတ္တာသဝဏ် ဆက်သွင်းလိုက်ရခြင်းပါ။ ရေလိုက်လွဲမှာကိုတော့စိုးရိမ်မိပါရဲ့။ ။

 

သိုက်စိုးထွန်း(နတ်ရွာ)