သတင်းတုနှင့် လုပ်ကြံသတင်းများ၏ သားကောင်
သတင်း
သတင်းဆိုတဲ့ စကားရပ်ဟာ အများပြည်သူကိုကောင်းကျိုးပြုပြီး မှန်ကန်ကြောင်း တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အချက်အလက်လို့ အဓိပ္ပာယ်ရကြောင်း ယူနက်စကိုက ဆိုထားပါတယ်။ ဒါပေမယ့် သတင်းတွေကို အန္တရာယ်ဖြစ်စေလိုတဲ့ ရည်ရွယ် ချက်၊ ကိုယ်ကျိုးစီးပွား ရည်ရွယ် ချက်အတွက် အသုံးပြုလာတဲ့အခါ သတင်းရဲ့ အဓိပ္ပာယ်၊ ရည်ရွယ်ချက်နဲ့ အကျိုးဆက် များလည်း ပြောင်းလဲလာပါတယ်။ အဲဒီလိုပြောင်းလဲလာတဲ့သတင်းတွေထဲမှာ သတင်း တုနဲ့ လုပ်ကြံသတင်း (Misinformation and Disinformation) တွေ ပါဝင်ပါတယ်။ သတင်းတုနဲ့ လုပ်ကြံသတင်းတွေဟာ အများကောင်းကျိုးကို မရည်ရွယ်ဘဲ အကျိုးစီးပွား တစ်ခုခုအတွက် ရည်ရွယ်ပြီး မသမာတဲ့နည်းလမ်းနဲ့ သတင်းတွေကို ထိန်းချုပ်ဖန်တီးဖြန့်ဝေကြတာပဲ ဖြစ်ပါ တယ်။
လုပ်ကြံသတင်းတွေဟာ လူထုရဲ့ အမြင်၊ သဘောထား၊ စိတ်ခံစားမှုကို ထိန်းချုပ်လွှမ်းမိုးပြီး လူတွေရဲ့ ကြောင်းကျိုးဆီလျော် စဉ်းစားနိုင်စွမ်း အားနည်းအောင်ပြုလုပ်ခြင်း၊ လူထုရဲ့ စိတ်ခံစား ချက်ကို နှိုးဆွပေးခြင်းဖြင့် လုပ်ကြံဖန်တီးသူတို့ လိုလားတဲ့လမ်းကြောင်းအတွင်းသို့ ရောက်ရှိစေ ပါတယ်။ အထူးသဖြင့် လူထုရဲ့ စိတ်ခံစားချက် မြင့်မားနေတဲ့ အခြေအနေ၊ ခွဲခြားဆုံး ဖြတ်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေမှာ သတင်းတုနဲ့ လုပ်ကြံ သတင်းများရဲ့ အန္တရာယ်ဟာ ပိုမိုကြီးမားကျယ်ပြန့် စေပါတယ်။
အခွင့်ကောင်းယူလာ
သတင်းတုနဲ့ လုပ်ကြံသတင်းတွေဟာ အခုမှ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ရှေးယခင်ကလည်း အလားတူတွေ ရှိခဲ့ပါတယ်။ အတင်းအဖျင်း၊ ကောလာဟလ၊ လူပြော သူပြော၊ ဝါဒဖြန့်ခြင်းဆိုတာတွေပါပဲ။ ဒါပေမယ့် ဒီကနေ့ ဖြစ်နေတဲ့သတင်းတုနဲ့ လုပ်ကြံသတင်း တွေကတော့ အသွင်ပုံစံပြောင်းလဲလာသလို အကျိုးသက်ရောက် မှုကလည်း ယခင်ကနဲ့မတူ တော့ပါဘူး။ဒစ်ဂျစ်တယ် သတင်းအချက်အလက် ဂေဟစနစ် တိုးတက် ပြောင်းလဲလာမှု၊ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာမှုနဲ့ ကိုင်တွယ်အသုံးချတဲ့နည်းလမ်းတွေကြောင့် လုပ်ကြံ သတင်းနဲ့ သတင်းမှားတွေရဲ့ ကျယ်ပြန့်မှု ပမာဏ၊ လျင်မြန်မှုနဲ့ အကျိုးသက်ရောက်မှု ပမာဏ ဟာ ယခင်ကနဲ့ များစွာကွာခြားသွားပါပြီ။ အထူးသဖြင့် လူမှုမီဒီယာတွေဟာ လူထုအတွင်း သတင်းနဲ့အချက်အလက်တွေ လျင်လျင်မြန်မြန် ရောက်ရှိစေဖို့နဲ့ တစ်ဦးချင်း အကြိုက်အလိုက် ဖြစ်စေဖို့ ဦးတည် ဒီဇိုင်းရေးဆွဲထားတာကြောင့် ပျံ့နှံ့မှု ပိုမိုမြန်ဆန်လာပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတိုင်းဟာ သတင်း စားသုံးသူများဖြစ်သလို တစ်ချိန်တည်းမှာပဲ ကိုယ်တိုင်က သတင်းဖြန် ဝေသူတွေ ဖြစ်လာနေ ပါတယ်။ သတင်းတင်ပြမှု၊ လက်ခံမှုနဲ့ ဖြန့်ဝေမှုတွေ မှာ သတင်းဌာနတွေ၊ သတင်းသမားတွေတင်မကတော့ဘဲ လူတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါနေပါပြီ။ ဒီလိုပြောင်းလဲလာတဲ့ အခြေ အနေမှာ လုပ်ကြံသတင်း ဖြန့်လိုသူတွေဟာ တစ်ဦးချင်းရဲ့ အရေးပါမှုနဲ့ နည်းပညာရဲ့ ထိရောက် မှုကို အခွင့်ကောင်းယူပြီး လုပ်ကြံသတင်းတွေ လူထုထဲ မြန်မြန်နဲ့ များများရောက်ဖို့ အသုံးချ ကြပါတယ်။
ပျံ့နှံ့ပုံ
လုပ်ကြံသတင်းနဲ့ သတင်းတုတွေကို ကိုယ်နဲ့ အနီးဆုံးရှိတဲ့ သူတွေဆီကို ဖြန့်ဝေနိုင်ခြေပိုများ ကြောင်း စိတ်ပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အများစုကတော့ သိလျက်နဲ့ သတင်းတုနဲ့ လုပ်ကြံသတင်းတွေကို ဖြန့်ဝေခြင်း မဟုတ်ပါဘူး။ အများအားဖြင့်တော့ နိုင်ငံရေးသမားတွေနဲ့ သူတို့ ကို ထောက်ခံသူတွေဟာ သူတို့အာဏာရရှိဖို့နဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေဟာ ငွေရရှိဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုတတ် ကြပါတယ်။ ဒီနည်းလမ်းလိုပဲ ခေတ်မီနည်းပညာတွေ၊ သတင်းအတတ်ပညာတွေမထွန်းကားသေးတဲ့ ရှေးဟောင်းရောမခေတ်ကတည်းကသတင်းအချက် အလက်တွေကို ဆော်ဩရယူခြင်းနဲ့ ခြယ် လှယ် ပြုပြင်ခြင်းတွေ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီနေ့ခေတ် မှာတော့ သတင်းအချက် အလက် တွေကို လက်နက် အဖြစ်အသုံးပြုလာတာဟာ ယခင်ကမရှိဖူးခဲ့တဲ့ ပမာဏနဲ့ မြင့်မား လာနေပါ တယ်။ အထူးသဖြင့် တိုးတက်လာတဲ့ နည်းပညာတွေကို အသုံးပြု လာသောကြောင့် လျင်မြန်မှု၊ ထိရောက်မှုနှင့် ကျယ်ပြန့်မှုလည်း ကြီးမားလာပါတယ်။
ယူနက်စကိုကထုတ်ဝေတဲ့ သတင်းအတတ် ပညာဆိုင်ရာ ပညာပေးနှင့် လေ့ကျင့်သင်ကြားရေး လက်စွဲစာအုပ်ပါ ဆန်းစစ်အကဲဖြတ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံစွမ်းရည် သုံးချက်အနက် ဒုတိယအချက်ဖြစ်တဲ့ လုပ်ကြံ သတင်းဆိုသည်မှာ အခြားအရာများနှင့် ချိတ်ဆက် မှုမရှိသော ဘေးပွဲတစ်ခုမဟုတ်ကြောင်းနှင့် လုပ်ကြံ သတင်းကို တိုက်ဖျက်ခြင်းမှာ သတင်းမီဒီယာ အနေနှင့် အထူးဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိနားလည်မှုလို့ ဆိုထားပေမယ့် သတင်းတုနဲ့ လုပ်ကြံသတင်း ပျံ့နှံ့မှု၊ ထိုးဖောက်မှုနဲ့ အန္တရာယ ်ပေးနိုင်စွမ်းကတော့ တစ်နေ့တခြား မြင့်မားလာနေပါတယ်။
သတင်းတုနဲ့ လုပ်ကြံသတင်းတွေပျံ့နှံ့ဖို့ စနစ် တကျ အကွက်ချတွက်ချက်ဖြန့်ဝေတဲ့ ဝါဒဖြန့်မှု၊ အကောင့်တုတွေ၊ ထရိုး (Troll) တွေနှင့် အယောင် ဆောင်အသုံးပြုသူတွေဟာ သတင်းတုတွေနဲ့ လုပ်ကြံသတင်းတွေ ဖြန့်ဝေဖို့ အကောင်းဆုံးရေခံ မြေခံများ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်တဲ့အချိန်မှာ လုပ်ကြံသတင်းတွေကို သတင်းဌာနတွေ၊ သတင်း သမားတွေသာမကဘဲတစ်ဦးချင်းအလိုက်ကလည်း သတင်းတင်လာကြ၊ ဖြန့်ဝေလာ ကြပါတယ်။ အချို့က ကိုယ့်ရဲ့ ကျော်ကြားမှုကို အသုံးပြုပြီး သတင်းတုတွေ ဖန်တီးဖြန့်ဝေမှု ကလည်း လူထု ဆီကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်စေတာ တွေ့ရ ပါတယ်။ နည်းပညာဘက် မှာဆိုရင် အွန်လိုင်းတွေမှာ အယ်ဂိုရစ်သန် Algorithm တွေကြောင့် တစ်ဦး ချင်းစီရဲ့ အကြိုက် အလိုက် သတင်းတွေ၊ ပို့စ်တွေ၊ကြော်ငြာတွေ ဖော်ပြပေးတာကြောင့် လုပ်ကြံ သတင်းပျံ့နှံ့မှုကို လွယ်ကူစေပါတယ်။
ရည်ရွယ်ချက်အမျိုးမျိုး
သတင်းတုနဲ့ လုပ်ကြံသတင်းတွေကို ရည်ရွယ် ချက်အမျိုးမျိုးနဲ့ အသုံးပြုတတ်ကြပြီး ဖြစ်လာ နိုင်တဲ့အကျိုးဆက်ကလည်း ကဏ္ဍအလိုက် များပြားပါတယ်။ အထူးသဖြင့် နိုင်ငံရေး ဆိုင်ရာ တွေ၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှု တွေဟာ ဆူပူအုံကြွမှုတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အလွဲသုံးစားမှုတွေ၊ အချင်းချင်းသွေးကွဲမှု တွေဆီကို ဦးတည် စေပါတယ်။ သတင်းတုနဲ့ လုပ်ကြံသတင်းတွေကို လူတွေစိတ်ပြင်းထန်နေတဲ့ အချိန်၊ စိုးရိမ်ပူပန်မှု များနေချိန်နဲ့ မသေချာမရေရာ မှုတွေများနေချိန်မှာ အများဆုံး ဖြန့်ဝေအသုံး ချလေ့ရှိတာကြောင့် ပျံ့နှံ့မှုပမာဏနဲ့ အကျိုး သက်ရောက်မှုပမာဏလည်း များပြားပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေနဲ့ ချိန်ထိုးကြည့်ရင် ပိုမိုသိသာနိုင်ပါတယ်။ ။
နေ့စဉ်လိုလို အွန်လိုင်းတွေမှာ လူတွေရဲ့ စိတ်ခံစားချက်အလိုက် လုပ်ကြံသတင်းတွေ တင်ပေး နေတာ ဟာလူထုဆီ သတင်းအချက်အလက် ပေးလိုတာထက် ကိုယ်လုပ်စေချင်တဲ့အတိုင်း လူထု ကို ဆွဲဆောင်လိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
ဆိုးကျိုးဆီဦးတည်နေ
သတင်းဌာနကြီးတွေအနေနဲ့ သတင်းပိုင်း ဆိုင်ရာ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ တာဝန်ယူမှု တာဝန်ခံမှုတွေကို လိုက်နာကြပေမယ့် မလိုက်နာတဲ့သတင်းဌာနတွေ၊ ပုဂ္ဂိုလ်တွေ လည်း ရှိနေပါတယ်။ အဲဒီလို သတင်းဌာနတွေ၊ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး၊ စီးပွားရေး စတဲ့ဆိုင် ရာဆိုင်ရာ ကိုယ်ကျိုးစီးပွားအတွက် သတင်းတုနဲ့ လုပ်ကြံ သတင်းတွေကို ဖြန့်ဝေကြပါတယ်။ ။
သတင်းတု၊ လုပ်ကြံသတင်းတွေနဲ့ ဖြစ်နေဆဲ အခြေအနေကို မီးလောင်ရာလေပင့်ပြီး အမြတ် ထုတ်ဖို့ စာ၊ အသံ၊ အရုပ်နှင့် ရုပ်သံတွေကို နည်းပညာအကူအညီနဲ့ လုပ်ကြံသတင်းတွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။ လုပ်ကြံသတင်း ပြဿနာဟာ ကမ္ဘာအဝန်းဖြစ်နေပေမယ့် နိုင်ငံတွေ အလိုက် အကျိုးသက်ရောက်မှုကတော့ မတူညီကြ ပါဘူး။ နိုင်ငံတိုင်းက ကိုယ့်အခြေ အနေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။ ဒါပေမယ့် လုပ်ကြံ သတင်းတွေနဲ့ သတင်းတု ပြဿနာကို ကမ္ဘာ့နိုင်ငံ ကြီးတွေမှာတောင် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေ ဆဲပါ။ သတင်းတုတွေ၊ လုပ်ကြံသတင်းတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ ကတောင် အွန်လိုင်းမှာ လုပ်ကြံသတင်း ပျံ့နှံ့လာမှုနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းနိုင်ဖို့ အဆင့်မြင့် အဖွဲ့တွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာဘာကိုဖော်ပြသလဲဆိုရင် သတင်းတုနဲ့ လုပ်ကြံသတင်း တွေဟာ ကမ္ဘာမှာ တစ်နေ့ထက်တစ်နေ့ အန္တရာယ် များလာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ။
လုပ်ကြံသတင်းတွေ၊ သတင်းတုတွေရဲ့ ဆိုးကျိုး တွေကို မြန်မာနိုင်ငံမှာ ဒီကနေ့ လက်တွေ့ ရင်ဆိုင်ခံစားနေရတာ မျက်မြင်ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ လုပ်ကြံသတင်းနဲ့ သတင်းတု ပြဿနာဟာ တစ်နေ့တခြား ပိုမိုများပြားလာနေတာကြောင့် အဲဒီရဲ့ အကျိုးဆက်ကို လူထုရဲ့ နေ့စဉ်ဘဝတွေကို ထိခိုက်နေတာ တွေ့ရပါတယ်။ လုပ်ကြံ သတင်းတွေကို ဖတ်လိုက်ရချိန်၊ ကြားလိုက်ရချိန်၊ သိလိုက်ရချိန်မှာ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ အမုန်း တရားတွေခံ စားရ ပေမယ့် လုပ်ကြံသတင်းမှန်း သိလိုက်ရတဲ့အချိန်မှာ အချိန်နှောင်းသွားခဲ့ပါပြီ။ လုပ်ကြံသတင်းရဲ့ သတင်းသဘောကိုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလုပ်ဆောင်တာဖြစ်တဲ့အတွက် ကောင်းတဲ့ ရည်ရွယ်ချက် မပါသလို ကောင်းတဲ့ အကျိုးဆက်လည်း မမျှော်မှန်းနိုင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သတင်းတုတွေ၊ လုပ်ကြံသတင်းတွေဆိုတာ လူထုအတွက် ကောင်းကျိုး ထက် ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။ လုပ်ကြံ သတင်းတွေ ကျယ်ပြန့်လာတာနဲ့အမျှ လူထု အတွင်းမှာ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ သံသယ၊ အမုန်းတရားတွေကို ပွားများစေပါတယ်။ လတ်တ လော အကျိုးစီးပွားအတွက် လုပ်ကြံသတင်းတွေ၊ သတင်းတုတွေ ဖြန့်ဝေကြပေမယ့်ဖြစ် လာမယ့် အကျိုးဆက်ကတော့နောင်ရေရှည်အတွက်ပါ မကောင်းနိုင်ပါဘူး။ ပဋိပက္ခများပြား နေတဲ့ လူမှုဝန်းကျင်ကို ပိုလို့ဆိုးရွား စေမှာပါ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးတွေကို အကွဲအပြဲဖြစ် အောင် ခွဲဖို့လွယ်သလောက် ပြေငြိမ်းအောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အကွဲအပြဲတွေ၊ ပဋိပက္ခ တွေရှိနေတဲ့လူမှုအသိုက်အဝန်းဟာ လုပ်ကြံ သတင်းတွေကြောင့် အခုချိန်မှာ မငြိမ်းချမ်းသလို ရေရှည် ငြိမ်းချမ်းဖို့လည်း ခက်ခဲပါတယ်။
ဒါ့အပြင် သတိပြုရမှာက လုပ်ကြံသတင်းတွေနဲ့ သတင်းတုတွေဟာ ဆန့်ကျင်ဘက် အကျိုး သက်ရောက်နိုင်မှုပါပဲ။ လတ်တလောအားဖြင့် လူထု အတွင်း သွေးခွဲတဲ့လုပ်ကြံသတင်းတွေ၊ သတင်းတု တွေကို နည်းလမ်းတစ်ရပ်အနေနဲ့ဖြစ်ဖြစ်၊ လက်နက်တစ်ခုအနေနဲ့ဖြစ်ဖြစ် ရည်ရွယ် ချက် ရှိရှိအသုံးချနေခြင်းဟာ နောင်တစ်ချိန်မှာ ကိုယ့်လက်နက်နဲ့ကိုယ် ဒုက္ခရောက်နိုင်တယ် ဆိုတာ သတိပြုကြရမှာပါ။ သတင်းဌာနတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဟာ လုပ်ကြံသတင်း တွေ၊ သတင်းတုတွေကို ဖြန့်ဝေတာများလာရင် ယခင်က အဲဒီ သတင်းဌာနအပေါ်၊ လူပုဂ္ဂိုလ်အပေါ်ဘယ်လောက်ပဲ ယုံကြည်ခဲ့ ယုံကြည်ခဲ့ အချိန်ကြာလာတာနဲ့အမျှ လူထုယုံကြည် မှုနဲ့ အားကိုးမှုလျော့ကျစေနိုင်တာကို ဆင်ခြင်ဖို့လိုပါတယ်။
သတင်းတုနှင့် လုပ်ကြံသတင်းများ၏သားကောင်
လုပ်ကြံသတင်းပြဿနာတွေ ကိုင်တွယ်ဖြေရှင်း ရာမှာ နိုင်ငံရေးနဲ့ဆက်စပ်နေသူတွေ၊ သတင်း မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒစ်ဂျစ်တယ် မီဒီယာများဟာ အရေးပါပါတယ်။ ဒါပေမယ့် ဒစ်ဂျစ် တယ်မီဒီယာကို အသုံးပြုရာမှာ မှန်ကန်မှု၊ အမှီ အခိုကင်းလွတ်လပ်မှု၊ တရားမျှတမှု၊ လျှို့ဝှက် ထိန်းသိမ်းမှု၊ လူသားဆန်မှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့လို ကျင့်ဝတ်ဆိုင်ရာ မူဘောင်တွေကို ကျော်လွန်ပြီး လုပ်ကြံသတင်းတွေနဲ့ ဘက်လိုက်မှု၊ငွေကြေး အကျိုးစီးပွားရှာ မှုတွေကြောင့် လူထုဟာ သတင်းတုနဲ့ လုပ်ကြံသတင်းတွေရဲ့ အသုံးချခံ သို့မဟုတ် သားကောင် ဖြစ်လာတာကို တွေ့လာ ရပါတယ်။
လုပ်ကြံသတင်းတွေ၊ သတင်းတုတွေကို ဦးတည်ပစ်မှတ်အတွက် ရည်ရွယ်ဖြန့်ဝေပေမယ့် ဖြစ်လာတဲ့ ဆိုးကျိုးဂယက် ရိုက်ခတ်မှုကတော့ လူမှုပတ်ဝန်းကျင်တစ်ခုလုံးအပေါ် ကျရောက် လာ ပါတယ်။ လူတစ်ဦးချင်းအနေနဲ့ကြည့်မယ်ဆိုရင် လုပ်ကြံသတင်းတွေကိုလက်ခံလိုက်၊ ယုံကြည်လိုက်၊ ပြန်ဝေမျှလိုက်၊ ခံစားလိုက်နဲ့ ကိုယ်ကိုယ်တိုင်ဟာ သတင်းတုတွေ၊ လုပ်ကြံသတင်းတွေရဲ့ သားကောင် အဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီတော့ သတင်းတု တွေ၊ လုပ်ကြံသတင်းတွေရဲ့ သားကောင်မဖြစ်ဖို့ ဆိုရင် ကိုယ်ကိုယ်တိုင်က အဲဒီသတင်းတွေကို လက်မခံသူ၊ ဆီးသူ၊ ကာကွယ်သူဖြစ်မှ ကိုယ်ကိုယ်တိုင်ကို ကာကွယ်နိုင်မှာဖြစ်သလို မိမိဝန်းကျင် ကိုလည်း ကာကွယ်ပေးသူ ဖြစ်ပါ လိမ့်မယ်။
မျိုးငြိမ်းငယ်
ကိုးကား
၁။ 10 THINGS TO KNOW ABOUT MISINFORMATION AND DISINFORMATION
၂။ Journalism, 'Fake News' Disinformation.UNESCO. 2018
၃။ သတင်းအတတ်ပညာ၊ သတင်းတုနှင့် လုပ်ကြံသတင်းများ၊ ယူနက်စကို