မျက်မှောက်ခေတ်နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအမြင်
နိဒါန်း
မြန်မာနိုင်ငံ၏တည်နေရာ၊ အကျယ်အဝန်း၊ လူဦးရေနှင့် လူနေအစိပ်အကျဲအခြေအနေကို အာရှတိုက်ရှိ အခြား ၁၁ နိုင်ငံနှင့် နှိုင်းယှဉ်သိမြင်ထား ပါက ပထဝီနိုင်ငံရေးနောက်ခံကားကို တွေးဆနိုင်ကြ ပါလိမ့်မည်။
အချက်အလက်အခြေခံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းကျော်ရှိလေသည်။ နယ်မြေအကျယ် အဝန်းမှာ စတုရန်းမိုင် ၂.၆ သိန်းကျော် ရှိပေသည်။ ထို့ကြောင့် ပျမ်းမျှအလျား ၁ မိုင် x အနံ ၁ မိုင် (တစ်စတုရန်းမိုင်အကျယ်) ဧရိယာအတွင်း လူဦးရေ၂၀၀ နှုန်း နေထိုင် ကြသည်ဆိုရမည်။ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းတို့တွင် လူဦးရေသိပ်သည်းသဖြင့် ပြည်နယ်နှင့် နယ်စပ်ဒေသ များ၌မူ အမှန် တကယ် လူဦးရေသည် တစ်မိုင်အတွင်း လူ ၁၀၀ ပင် မရှိကြပါ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လာအိုနှင့် ဘရူနိုင်းလို နယ်မြေကျဉ်းပြီး လူဦးရေနည်းသော နိုင်ငံလေး(၂)နိုင်ငံမှ အပ လူဦးရေ ကျဲပါးလှကြောင်း တွေ့ရမည်။
လူဦးရေသန်း ၂၀၀ ကျော်လည်း မြေနေရာ၊ အစားအစာ လုံလောက် ပါသေးသည်။တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသောနယ်နိမိတ်ချင်း ဆက်စပ်နေသည့် အိမ်နီးချင်း တိုင်းပြည်များသည် လူဦးရေ အလွန် ထူထပ်သည်။ မြန်မာနိုင်ငံသားများထက် အဆများစွာ များပြားသည်။
အိမ်နီးချင်း
တရုတ်ပြည်သည် အဏုမြူလက်နက်ပိုင်ဆိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်ကောင်းနေသည့် တိုင်းပြည်တစ်ခုဖြစ်၏။ အိန္ဒိယ သည်လည်း အဏုမြူလက်နက်ပိုင်ဆိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော တိုင်းပြည်ပင်ဖြစ်၏။ ထိုနိုင်ငံကြီးများသည် ရှေးနှစ်ပေါင်း ၃၀၀၀ ကျော် ကပင် ယဉ်ကျေးမှု ထွန်းကားခဲ့ကြသဖြင့် သြဇာလည်း ရှိကြ၏။
မြန်မာလူမျိုးများသည် မြန်မာနိုင်ငံကို ထိုပတ်ဝန်းကျင်အနေ အထား၌ နှစ်ပေါင်းထောင်နှင့်ချီ၍ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဟုရပ်တည် ခိုင်မာနေနိုင်လာခြင်းသည် သာမန်မျှသော အရည်အချင်းမဟုတ်။ သွေးထဲမှာရှိသော ဇာတိမာန်ကြောင့်လည်း မှန်သည်။ သတ္တိရဲရဲနီသော အမျိုးကိုချစ်သည့်စိတ်နှင့်အတူ စစ်ပညာကို သူ့ခေတ်သူ့အခါနှင့်လျော်ညီစွာ တတ်မြောက်ကျွမ်းကျင်ခဲ့ကြသဖြင့်လည်း ဖြစ်ပြန်၏။
ကိုယ့်နိုင်ငံကိုယ့်လူမျိုး
သင်ကြားပေးလိုက်သည့် ဓားသိုင်း၊ တုတ်သိုင်း၊ လက်ဝှေ့အတတ် ပညာများကို မြို့သားရော၊ တောသူတောင်သားပါငယ်စဉ်အခါကပင် တတ်မြောက်ကြသည်။ ဗေဒင်၊ ဆေးဝါး၊ မန္တရား၊ ဆန်း၊ အလင်္ကာ၊ နှုတ်မှုပညာ စသည်တို့အပြင်သေနင်္ဂဗျူဟာ စစ်အတတ်ပညာကိုလည်း သာမန်အားဖြင့် လေ့လာလိုက်စားတတ်ကြသည်။ ရှေးအခါက မြန်မာနိုင်ငံတွင် အမြဲတမ်း တပ်မတော်ဟူ၍မရှိ၊ စိုက်ပျိုးရေး အဓိက လုပ်ကိုင်ကြသဖြင့် တောင်သူယာသမား ကျေးလက်နေပြည်သူများသာ ဖြစ်၏။ လူဦးရေကလည်း နည်းပါး၏။ နိုင်ငံ၏ ဓနငွေကြေးကလည်း မကြွယ်ဝ။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ဂျာမနီထက်လည်း ကျယ်၏။ ပြင်သစ်ထက်လည်း ပို၍ကြီး၏။ အင်္ဂလန်၏ နှစ်ဆနီးပါးရှိ၏။ ဂျပန် နိုင်ငံထက်လည်း ပိုမိုကျယ်ဝန်းပါသေးသည်။
သို့သော် လူဦးရေက နည်းသည်။ ဤသည်။ လယ်သမား၊ ယာသမားများသည်။ ထို့ကြောင့် ကျယ်ဝန်းသောနိုင်ငံတော်ကို အနည်းငယ်သော ပြည်သူတို့က “ပြည်သူ့စစ်မဟာဗျူဟာ” ဖြင့် မိမိတို့အခြေအနေနှင့် လိုက်လျောညီထွေစွာ ကာကွယ်ခဲ့ကြရလေ၏။ အမြဲတမ်း စစ်တပ်ကြီး မထားရှိ။
ယိုးဒယားစသော နိုင်ငံများက မခန့်လေးစားစော်ကားရန်စလာခဲ့ လျှင် ရာပြုမြို့၊ ထောင်ပြုမြို့က အရပ်သားများသည် စစ်သားဝင်လုပ် ကြ၏။ သောက္ကတဲ၊ ဇင်းမယ်၊ အယုဒ္ဓယစသည့် ဒေသသို့ အကြိမ်ကြိမ် စစ်ချီခဲ့ကြ၏။ သျှောင်ထုံးနှင့် ပေါင်မှာထိုးကွင်းနှင့် ညိုညိုထွားထွား မြန်မာစစ်သည်တော် ကြီးများသည် တောင်သူယာသမားများဖြစ်ကြ သည်နှင့်အညီ ရန်သူနှင့်တိုက်ရင်းခိုက်ရင်း စပါးစိုက်ကာ ယာထွန် ကာဖြင့် ထိုဒေသမှာ ကိုယ့်ရိက္ခာကို ကိုယ်ရှာ၍ စားတတ်ကြလေ၏။
အင်အားခိုင်မာ
မြောက်ဘက်က မွန်ဂိုတပ်တွေ ဝင်လာသည်။ တာတာတပ်တွေ ကျူးကျော်လာသည်ဆိုပါကလည်း ပြည်သူပြည်သားများထဲက လူငယ်လူရွယ်အားလုံး “စစ်သား” အဖြစ် စာရင်းသွင်းကာ မြင်းစီး၊ ဆင်ကိုစီးလျက် နယ်စပ်အထိ နိုင်ငံ၏တပ်တော်ကြီးနှင့် ဓားလှံထမ်း ကာ ပျော်ပျော်ရွှင်ရွှင် လိုက်ပါကြ၏။ ကာကွယ်တိုက်ခိုက်ကြ၏။ မြန်မာကို လာမထိနှင့်။ ဒါမျိုးဟေ့ - ကြည့်။
သမိုင်းအစဉ်အလာတွင် မြန်မာနှင့် စစ်ပညာ၊ စစ်ပညာနှင့် မြန်မာ ပြည်သား၊ ခွဲခြား၍ မရနိုင်ချေ။ ဗြိတိသျှနယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်ကို ပြည်သူလူထုညီညာမှုဖြင့် တွန်းလှန်နိုင်ခဲ့ခြင်းက ပြည်သူတို့၏ နိုင်ငံရေးအမြင် အဓိကအရေးကြီးကြောင်း သင်ခန်းစာရခဲ့လေသည်။
သို့သော် - ၁၈၂၄ မှ ၁၈၈၅ကာလ (ဆယ့်ကိုးရာစု) အချိန်တွင်ကား စစ်ရေးအင်အား သာလွန်ရုံမျှမက စက်မှုစွမ်းပကားကြောင့် စီးပွားရေး အင်အားပါ အဆများစွာသာလွန်သော နယ်ချဲ့တို့၏ အကြိမ်ကြိမ် ကျူးကျော်သိမ်းပိုက်တိုက်ခိုက်ခြင်းကို ခံကြရ၏။ ၁၈၈၅ မှ ၁၉၄၈ အထိဗြိတိသျှကိုလိုနီ၏ လက်အောက်သို့ ရောက်ခဲ့ရ၏။ ထီးနန်းပျောက် ခဲ့၏။ လက်နက်စွမ်းပကားနှင့် စက်မှုအတတ်ပညာတို့တွင် ခေတ် နောက်ကျခဲ့သဖြင့် မယှဉ်နိုင်ခဲ့။
သမိုင်းသင်ခန်းစာ
လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀ သည်လည်း အမျိုးသားနိုင်ငံ တော်ကို ကိုယ့်မင်းကိုယ့်ချင်း ထူထောင်နိုင်ပါသော်လည်း နိုင်ငံရေး ခေါင်းဆောင်ချင်း စည်းလုံးညီညွတ်မှုပြိုကွဲကာ လက်နက်ကိုင် တိုက်ပွဲ များ၏ စစ်မီးလျှံအတွင်း၌ ထိရောက်စွာ မတိုးတက်လာနိုင်။
မကြာမီသော ဆယ်စုနှစ်မှာမှ နိုင်ငံတော်သည် စစ်ဘေးစစ်ဒဏ် ဆူပူမှုများကင်းဝေး၍ အေးချမ်းတည်ငြိမ်မှုကို ရခဲ့၏။ ငြိမ်းချမ်းရေး ကာလ၌ တည်ဆောက်ရေးတွေ ဇောက်ချလုပ်ကြ၏။ ဖွံ့ဖြိုးရေးကို အလေးပေးဆောင်ရွက်နေကြ၏။ သို့ရာတွင် ကမ္ဘာ့နိုင်ငံတကာ မိုးရိပ်လေရိပ်မှာ သတိပြု စရာတွေ မြင်ရသည်။ ပြည်သူလူထုအများစု၏ အမျိုးသားနိုင်ငံရေးအမြင် ခေါင်းပါးနိမ့်ကျနေ၍ မဖြစ်ပေ။ စစ်တွေ ဝေးပြီဟု သွေးမအေးသင့်ချေ။ အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖျက်ဆီးခံနေ ခဲ့ရပြီ။
နှစ်ပေါင်းထောင်နှင့်ချီ၍ စစ်ပညာ စစ်အတတ်ကို အလေးထား ဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့ မြန်မာများသည် အနီးမှ ဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီး သိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲ တတ်သော “ပြည်သူ့စစ်မဟာဗျူဟာ” ကို အစဉ်တစိုက် ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေး သတိရှိအပ်လှပါသည်။ ဒေါ်လာ၊ လက်နက်၊ သင်တန်း၊ အတွေးအယူ အမှားများ သွတ်သွင်းကာ ငါးအရိုးနှင့် ငါးကိုထိုးနေပေပြီ။ ငါးကြင်းဆီ နှင့် ငါးကြင်းကိုရန် ပြောင်းပြန်လှန်၍ နယ်ချဲ့က အိမ်ရှင်ကို ဒုက္ခပေးချင်နေတော့သည်။ မြင်ကွင်းကျယ် ရှုမြင်တတ်ပါစေ။
အန္တရာယ်
- စီးပွားရေးအရ ပိတ်ဆို့ခြင်း
- သံတမန်ရေးအရ ဝိုင်းပယ်ခြင်း
- နိုင်ငံရေးအရ ဖိအားပေးခြင်း
- အဖျက်လုပ်ငန်းများ အားပေးခြင်း
- လုပ်ကြံဝါဒဖြန့် သိက္ခာချစော်ကား ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန် အမှားရောမွှေ၍ စိတ်လှုပ်ရှားအောင် ဆွဲခြင်း
- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများ ထိုးဖောက် လုပ်ဆောင်ရန် ကြိုးစားခြင်း
- စစ်ရေးအရ အနှောင့်အယှက်ပေးခြင်း
- ကုန်သွယ်ရေးအရ တားမြစ်ပိတ်ပင်ခြင်း
အစရှိသဖြင့် မိမိနိုင်ငံတော်၏ အကျိုးစီးပွားကို ပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူ မှန်သမျှကို ထိထိမိမိ ပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်း ရှိရပါလိမ့်မည်။ အဆိပ်မရှိသော ယုန်၊ သမင် စသည်တို့ကို အလွယ်တကူ ဖမ်းဆီးသတ်ဖြတ်စားသောက်ကြသော် လည်း အဆိပ်ရှိသော မြွေပွေး၊ မြွေဟောက်ကိုမူ လူတွေကကြောက်ကြသည်။ ချက်စားရင် ကောင်းမှာပဲဟု သွားရည်ကျ ချင်သော်လည်း သူ၏အဆိပ်ကိုမူ ကြောက်လန့်သည်။ ဝေးဝေးက ရှောင်ကြသည်။
လက်ရှိအခြေအနေ
အလုံးစုံသော သေနင်္ဂဗျူဟာ အတတ်ပညာဟူသမျှ အားလုံး တို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရား နှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့ နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင် ဖျက်ဆီးနေ၏။ နိမ့်ကျအောင် ဖိနှိပ်နေကြ၏။
ကြောက်လန့်အောင် ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူ အချို့တို့က မသိ။ အငိုက်မိကာ ရန်သူ့အလိုအကြိုက်သို့ လိုက်ပါမိတတ်၏။ စစ်ပရိယာယ်ကို နားလည်အပ်ပါသည်။ ငါးကြင်း ဆီနှင့် ငါးကြင်းအကြော်ခံမလား။လှည့်စားမခံရအောင် သတိပြုပါလေ။
မြန်မာနိုင်ငံသား လူငယ်များသည် လူဦးရေနည်းပါးပြီး အတန် အသင့်ကျယ်ဝန်းကာ သယံဇာတကြွယ် ဝသည့် အမိနိုင်ငံတော်ကို အဓွန့်ရှည်စွာ ခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသော မြန်မာလူငယ် များကဲ့သို့ပင် သေနင်္ဂဗျူဟာ အတတ်ပညာကို စိတ်ပါဝင်စားသင့် ပါကြောင်း တိုက်တွန်းအကြံပြုလို ပေသည်။
လက်ရှိနိုင်ငံတကာအခြေအနေတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အင်အားအကြီးမားဆုံးသော အနောက်နိုင်ငံကြီးတစ်ခု၏ ဩဇာလျော့ကျချိန်၊ မိမိတို့ အိမ်နီးနားချင်းနိုင်ငံကြီးတစ်ခု၏ အရှိန် အဟုန်ဖြင့် နိုင်ငံတကာကို ကျယ်ပြန့်စွာဖြန့်ကြက်ဆက်သွယ်ကာ ကုန်းလမ်း၊ ရေလမ်းများ တိုးချဲ့ လမ်းဖွင့်နေချိန်၊ မြန်မာနိုင်ငံသည် သမုဒ္ဒရာ ထွက်ပေါက်၊ သူအလိုအပ်ဆုံးလမ်းကြောင်းတည့်တည့် (အနောက် ဘက် ထွက်ပေါက်) မဟာဗျူဟာမြောက်နိုင်ငံဖြစ်နေသည်။ ကံကောင်းသည်လည်း ဖြစ်နိုင်၏။ ကံဆိုးသည်လည်း ဖြစ်နိုင်၏။ ရွှေနိုင်ငံလည်း ဖြစ်နိုင်၏။ သွေးပင်လယ်ဝေ၊ အရိုးတောင် လိုပုံကာ ပြာပုံဖြစ်မည့် အခြေအနေ အထိလည်း ဖြစ်နိုင်၏။ ဘယ်အရာအပေါ်မူတည်သနည်း။ အမျိုးသားရေးအကျိုးစီးပွားကို ဦးစားပေး စဉ်းစားတတ်ရမည်။
နိဂုံး
နိုင်ငံသူ နိုင်ငံသားတစ်ဦးချင်းစီ၏ ပထဝီနိုင်ငံရေးမြင်ကွင်းကျယ် မြင်နိုင်စွမ်းနှင့် မိမိတို့လူမျိုး၊ မိမိတို့ နိုင်ငံကောင်းကျိုးကိုသာ ကိုယ်ကျိုး စွန့်လွှတ်ကာ အကျိုးရှိအောင် ဖော်ဆောင်နိုင်သော လက်ရုံးရည် နှလုံးရည်ရှိသူများ ဖြစ်ကြစေလိုသည်။ အမြော်အမြင်နည်းပါးစွာ ကိုယ်ကျိုးကြည့်ကာ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ ငါ့တစ်ကိုယ်စာကောင်းစားလျှင် အခွင့်သာခိုက်နှိုက်မှာပဲ၊ လုမှာပဲ၊ အုပ်မယ်ခုပ်မယ်ဆိုပါက အဆိုးဘက်သို့ ရွေ့လျော ဖရိုဖရဲ ပြိုကွဲနိုင်သည့် အခြေအနေအထိ အန္တရာယ် မျိုးတွေ ရှိနေပါပြီ။ အမြင်ကျယ်စွာ မြင်ကွင်းကျယ် ရှုမြင်သုံးသပ်နိုင်စွမ်းရှိပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ဖော်ဆောင်နိုင်ကြပါစေ။ နိုင်ငံတော်အတွက် အနာဂတ်ကိုသာ ဖန်တီးတတ်ပါစေ။ အခွင့်ကောင်း ကို ယူတတ်ကြပါစေ။
ချစ်နိုင်(စိတ်ပညာ)